Chapter 18
Viewers 2k

🥘Chapter 18




“ပလပ် ပလပ် …”


ထူးဆန်းသောအသံများမှ ဘေးဘက်မှထွက်ပေါ်လာသည်။


 သွေးစုပ်ဖုတ်ကောင်မင်းသားတစ်ဦးအနေဖြင့် လန့်စ်၏စားသောက်ပုံမှာ အပြီးပြည့်စုံဆုံးဖြစ်သည်။ သွေးကိုသာသောက်သည်ဟူသည့် အချက်နှင့်အတူ သူသည် အစဉ်အမြဲ အသံတစ်ချက်ပင်မထွက်စေဘဲ ကြော့ရှင်းစွာစားလေ့ရှိသူဖြစ်လေသည်။ ထို့ထက်ပိုသည်မှာ လန့်စ်အဖို့ စားသောက်ခြင်းကျင့်ဝတ်မသိသူ သာမန်ပြည်သူများနှင့် မည်သည့်အခါကမှ ထမင်းတစ်ဝိုင်းတည်း အတူတွဲမစားခဲ့ဖူးသောကြောင့် အဆိုပါ ပလပ် ပလပ် မြည်နေသံများမှာ သူ့အတွက် မရင်းနှီးနေခဲ့ပေ။


သည်ဟာက ဘယ်သံပါလိမ့်…


စိတ်ထဲတွင် သိလိုစိတ်များ ပြည့်လာသောကြောင့် လန့်စ် သူ၏သွေးနီရောင်မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ မျက်ဆန်များမှာမူ အသာအယာရွေ့လျားသွားပြီ အသံထွက်နေသည့် မူလအရင်းအမြစ်ဖြစ်သော လက်ထောက်စီသို့ ရောက်သွားခဲ့သည်။


ထိုအချိန်၌ သူ့လက်ထောက်၏နှုတ်ခမ်းများမှာ နီမြန်းနေပြီး တူများကို ပန်းကန်လုံးကြီးစီသို့ဆန့်ကာ အငွေ့တထောင်းထောင်းထနေသည်ကိုပင် သတိမမူနေတော့ဘဲ ဝက်သွေးခဲတုံးကြီးတစ်တုံးကို ကောက်ယူ၍ ပါးစပ်ထဲသို့ထည့်နေခဲ့သည်။


“ ရှလွတ် ရှလွတ် ရှူး….”


လန့်စ်၏မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားရသည်


 “ အယ်လ်…”


အရှင်မှသူ့ကိုခေါ်လာသောကြောင့် အယ်လ်တစ်ယောက် ဝက်သွေးခဲတစ်တုံးလုံးကို ပါးစပ်ထဲအမြန်သွပ်ထည့်ပြီး အနည်းငယ်ဝါးကာ မြိုချလိုက်ရသည်။ ပူနွေးနေသော ဝက်သွေးခဲမှာ သူ၏အူများအထိ ကျဆင်းသွားပြီး ပါးစပ်ပြန်ဖွင့်လိုက်ချိန်၌ အငွေ့များပင်ထွက်လာသယောင် ရှိနေခဲ့သည်။


“ အဟွတ် အရှင်…. အဟွတ်…”


လန့်စ်မှာ ပဟေဠိဖြစ်နေရဆဲပင်


 “ ဘာဖြစ်နေတာလဲ မင်း…”


အယ်လ်မှ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာခဲ့သည် 


“ အရှင့်ကိုလျှောက်တင်ပါတယ်… အစပ်ဟော့ပေါ့ကိုစားပြီးတာနဲ့ ကျွန်တော့်ပါးစပ်ထဲမှာ ထူးဆန်းသလို ခံစားလိုက်ရတာပါ….စပ်တော့စပ်ပေမယ့် အများကြီးလည်း ဟုတ်မနေပြန်ဘူး…ဆိုင်ရှင်က ဝက်သွေးခဲထဲကို သည်လိုအကျိုးသက်ရောက်မှုရအောင်  ဘာထည့်ခဲ့လဲဆိုတာတော့ မသိရသေးပါဘူး…”


“ အဲ့ဒါက ငရုတ်သီးလေ…” ဘေးဝိုင်းမှ ဖောက်သည်တစ်ဦးက ကြားဖြတ်ပြောလာသည်။


လန့်စ်ရော အယ်လ်ပါ ထိုနေရာသို့ကြည့်၍ တပြိုင်တည်းမေးလိုက်မိကြသည် “ ငရုတ်သီးလား…”


ထိုသူမှာ သုံးထောင်စားတော်ဆက်သို့ အမြဲလာလေ့ရှိသော ဖောက်သည်တစ်ယောက်ဖြစ်ပြီး နေ့စဉ်နေ့တိုင်း လာစားတတ်သည်။ သိသိသာသာပင် စားသုံးသူအသစ်ဖြစ်ဟန်ရှိသူနှစ်ဦးကို တွေ့လိုက်ရသောကြောင့် သူ ဖောက်သည်ချရန် မအောင့်နိုင်တော့ချေ


 “ ဟုတ်တယ် အဲ့သည့်ဟာက ငရုတ်သီးလေ… သားရဲကမ္ဘာမှာတော့ အဆိပ်သီးလို့ခေါ်ကြတယ်… အဆိပ်သီးဆိုပေမယ့် တကယ်ကြီးအဆိပ်ရှိနေတာတော့ မဟုတ်ဘူးရယ်…ငရုတ်သီးက သုံးထောင်စားတော်ဆက်မှာတော့ အဓိကထုတ်ကုန်ပဲ…စပ်တယ်ဆိုပေမယ့် မင်းတို့စားလေလေ ပိုပြီးလန်းဆန်းလာလေလေဖြစ်ကြလိမ့်မယ်… တကယ်လို့ စပ်တာမခံနိုင်ဘူးဆိုရင်တော့ ဆိုင်ရှင်ဆီကနေ နို့ဝယ်သောက်လိုက်ကြပေါ့…အဲ့သည့်အရာက အစပ်ကိုအတော်ကြီးသက်သာစေတယ်လေ…”


ထိုအချက်ကိုကြားလိုက်ရသည်နှင့် အယ်လ်တစ်ယောက် ဆိုင်ရှင်ထံအပြေးသွားကာ ‌နို့တစ်သေတ္တာယူလာခဲ့သည်။ တစ်ငုံနှစ်ငုံခန့်သောက်ပြီးချိန်၌ သူ၏ပါးစပ်ထဲတွင် အမှန်တကယ်အစပ်ပြေသွားသောကြောင့် စိတ်သက်သာရာရစွာ လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး သူ၏အရှင်ထံမျက်နှာချင်းဆိုင်ပြောလိုက်သည်။


“ ကျွန်တော့်ရဲ့အရှင့်…”


လန့်စ်မှ “ သည်ဟာကအရသာရှိလား…” ဟုမေးလာချိန်တွင် အယ်လ်၏မျက်တောင်များ အနည်းငယ်တုန်ယင်သွားရသည်။


အယ်လ် ကမန်းကတန်းဖြေလိုက်မိသည်။


 “ အဆင်ပြေပါတယ် အရှင်…သည်ဟာက သာမန်နို့တွေလိုအရသာရှိပြီး ကျွန်တော်တို့တွေအတွက် စွမ်းအင်မပေးနိုင်ပေမယ့် အစပ်ပြေစေတဲ့နေရာမှာတော့ အကူအညီပေးပါတယ်…”


လန့်စ် လက်ထောက်ဖြစ်သူထံ စိုက်ကြည့်လိုက်သည်


 “ ငါမေးနေတာ အစပ်ဟော့ပေါ့က အရသာရှိလား…”


“ အိုး အိုး..” အယ်လ်၏အကြည့်မှာ အစပ်ဟော့ပေါ့အိုးထံ ကျဆင်းသွားပြီးနောက် ခက်ခက်ခဲခဲအကြည့်လွှဲလိုက်ရသည်။ ဝက်သွေးခဲ၏အရသာမှာ ယခုအထိ သူ၏ပါးစပ်ထဲတွင် အရသာခံနေမိသေးသည် 


“ ဂလု… အရသာရှိပါတယ် အရှင်…ဝက်သွေးခဲမှာ အဝင်ဆိုးတဲ့ညှီနံ့မျိုးမရှိပါဘူး… ပြီးတော့ သူ့ရဲ့အသွင်အပြင်ကလည်း သွေးပူတင်းနဲ့ကွာခြားပါတယ်…တစ်ကိုက်ကိုက်ကြည့်လိုက်ပြီးတော့ ဝက်သွေးခဲကိုစားတာမဟုတ်ဘူးလို့ တွေးမိလုနီးပါးဖြစ်သွားရပေမယ့် ဝါးပြီးတာနဲ့ သွေးစွမ်းအင်ကိုခံစားမိခဲ့ပါတယ်…”


အယ်လ် တစ်နည်းတစ်ဖုံတက်ကြွနေမိသည်။ နှစ်ပေါင်းမြောက်များစွာ အရှင်၏နံဘေးတွင် နေလာခဲ့သောကြောင့် သူ၏စိတ်ထဲရှိ ပူပင်မှုများကို သိနေခဲ့ပြီးပြီဖြစ်သည်။ ဤအစပ်ဟော့ပေါ့မှာ သူ့အရှင်၏ပူပန်‌မှုများအား လျော့ချပေးနိုင်မည်ဟု အယ်လ် ယုံကြည်နေသည်။။


“ အရှင် အစပ်ဟော့ပေါ့က တကယ်ပဲအရသာရှိပါတယ်… သည်ဟာကိုသာ မျိုးနွယ်ထဲမှာ ချပြနိုင်မယ်ဆိုရင်…”


“ ရပြီ…” လန့်စ် အယ်လ်ကိုကြားဖြတ်ပြောလိုက်သည်။


 “ ငါ့ကိုအရင်ပေးမြည်းပါဦး…”


အယ်လ်မှ ချက်ချင်းဆိုသလို အရှင်၏ပန်းကန်လုံးနှင့် တူများကိုယူလိုက်ပြီး အထူးပိုးသတ်ဆေးဖြင့် ဆေးကြောလိုက်ကာ လန့်စ်၏အရှေ့တွင် ချပေးလိုက်သည်။


လန့်စ်၏သွယ်လျသောလက်များမှ တူတစ်စုံကိုယူလိုက်ပြီး ပန်းကန်လုံးထဲမှ ဝက်သွေးခဲတစ်ဖတ်ကို‌လှမ်းယူကာ သူ့ပန်းကန်ထဲထည့်လိုက်သည်။ အငွေ့များကုန်သွားပြီးနောက် ၎င်းကိုအသာအယာကောက်ယူလိုက်ချိန်တွင် လက်သည်းခွံအရွယ် ဝက်သွေးခဲတစ်ဖက်မှာ သူ့ပါးစပ်ထဲသို့မထည့်ခင် တူများကြားတွင် တုန်ခါနေခဲ့သည်။


လန့်စ်၏လှုပ်ရှားမှုများမှာ ကြော့ရှင်းနေပြီး ဝက်သွေးခဲအပိုင်းလေးမှ ရှားပါးသောအရသာကို ဖော်ထုတ်ပေးမည့်ပုံပေါ်နေသောကြောင့် အယ်လ် တံတွေးသာမျိုချထားလိုက်ရသည်။ အစပ်ဟော့ပေါ့၏အရသာမှာ ပို၍ကောင်းလာသယောင်ပင်။


သူ၏အစာအိမ်ထဲတွင် အစပ်ဟော့ပေါ့ကို ပိုပိုတောင့်တနေခဲ့သော်လည်း အယ်လ် သူ့ကိုယ်သူဖြေသိမ့်လိုက်သည်။ အဆင်ပြေပါတယ် သူ့အရှင်က သန့်ရှင်းမှုကိုအစွဲအလမ်းကြီးသူတစ်ယောက်ပဲဟာ။ သည်လိုပတ်ဝန်းကျင်မျိုးမှာ အရသာမြည်းကြည့်နေတာနဲ့တင် သူ့အတွက်ကြီးမားတဲ့ဂုဏ်ဖြစ်နေရပြီ။ အရှင်မြည်းလို့ပြီးတာနဲ့ အစပ်ဟော့ပေါ့တစ်အိုးလုံးက သူ့ဟာဖြစ်လာမှာ။ သူကြိုက်သလောက်စားလို့ရတယ်။


ဤသို့သောအတွေးများနှင့်အတူ သူ့အရှင်၏လှုပ်ရှားမှုများကိုကြည့်ကာ အယ်လ်၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။ သို့သော်လည်း ခဏအကြာ၌ သူ၏အပြုံးမှာ တဖြည်းဖြည်းတောင့်ခဲသွားခဲ့လေသည်။


သည်လို တစ်လုတ်ပြီးတစ်လုတ်စားနေတဲ့လူက ဘယ်သူလဲ…


သည်ဟာက တကယ်ကြီး အရမ်းအစားရွေးပြီး အသန့်ကြိုက်တဲ့ မင်းသားလန့်စ်လား…


သူ့မျက်လုံးများမှ လှည့်စားနေသည်ဟုပင် အယ်လ်ထင်သွားရသည်။ သို့သော်လည်း ၎င်းမှာ ပုံရိပ်‌ယောင်ဖြစ်မနေခဲ့ချေ။


မျက်လုံးများကို မှိတ်ချည်ဖွင့်ချည်လုပ်လိုက်သော်လည်း သူ၏အရှေ့မှမြင်ကွင်းမှာမူ မပြောင်းလဲသွားခဲ့ပေ။ သန့်ရှင်းမှုအား အစွဲအလမ်းကြီးသူမင်းသားလန့်စ်မှာ အစပ်ဟော့ပေါ့ကို ကြော့ရှင်းစွာနှင့် အရှိန်ဟုန်မြင့်စွာ စားနေခဲ့ပြီး သူ၏အရှေ့ရှိ အစပ်ဟော့ပေါ့ပန်းကန်မှာ အမြန်နှုန်းဖြင့် လျော့ပါးလာခဲ့သည်။


မင်းသားလန့်စ်စီသို့ ထပ်ခါထပ်ခါကြည့်လိုက်ရင်းဖြင့် အချိန်မှာ ည ဆယ်နာရီလေးဆယ်ဖြစ်သွားခဲ့လေပြီ။ သွေးစုပ်ဖုတ်ကောင်နှစ်ယောက်မှလွဲ၍ စားသုံးသူများအားလုံးနီးပါး ပြန်သွားခဲ့ပြီဖြစ်သောကြောင့် ပိုင်ရှန်းကျစ် အခြားစားပွဲများကို သန့်ရှင်းရေးလုပ်ပြီးချိန်တွင် ထိုသူများအနားသို့ကပ်သွားကာ စားပွဲပေါ်ရှိ အစပ်ဟော့ပေါ့ပန်းကန်သုံးလုံးကိုကြည့်ပြီး မေးလိုက်မိသည် 


“ လူကြီးမင်းတို့ အဆင်‌မပြေတာများ ရှိခဲ့လားဗျ…”


လန့်စ် ဆိုင်ရှင်ထံကြည့်ကာ သူ၏ပါးလျသောနှုတ်ခမ်းများ ပွင့်ဟလာသည် “ စားဖိုမှုးရဲ့ကျွမ်းကျင်မှုက အံ့မခန်းပါပဲ… ပြီးတော့ သွေးကလည်း သည်လိုဆန်းကြယ်တဲ့အရသာမျိုးကို ထုတ်ပေးနိုင်တယ်…”


ပိုင်ရှန်းကျစ် ကြောင်အသွားရသည် “ သည်လိုဆိုရင် လူကြီးမင်းတို့နှစ်ယောက်က…”


အပြုံးဖျော့ဖျော့လေးမှာ လန့်စ်၏နှုတ်ခမ်းပေါ်တွင် ကော့တက်သွားခဲ့သည် “ ငါဆိုင်ရှင်နဲ့ စီးပွားရေးကိစ္စ ဆွေးနွေးချင်တယ်…”


*****


သွေးကလန်၏ အနောက်ဘက်နယ်မြေ၊ 


ဤသည်မှာ မျိုးရိုးနိမ့်သွေးစုပ်ဖုတ်ကောင်များ စုဝေးနေထိုင်ရာအရပ်ဖြစ်သည်။ အိမ်များမှာ ကြပ်ပိတ်ညပ်နေပြီး ဖောက်ထွင်းမြင်ရသော သွေးအိတ်များနှင့် ညစ်ပတ်နေသည့်ရေအိုင်များကို လမ်းတိုင်းလိုလိုတွေ မြင်တွေ့နေရသည်။


လမ်း၏အဆုံး၌ ပြိုကျလုနီးနီးအိမ်အိုလေးမှာ ပွင့်ဟနေပြီး အကြိမ်ပေါင်းမြောက်များစွာ လျှော်ဖွတ်ထားသော အဝတ်အစားနှင့် မိန်းကလေးတစ်ဦး လမ်းလျှောက်နေသည်။ သူမထံတွင် အနက်ရောင်ဆံပင်ရှည်များရှိပြီး လက်ဖဝါးအရွယ်ခန့် မျက်နှာလေးမှာမူ ဖျော့တော့ကာ သွေးရောင်ကင်းမဲ့နေသည်။ သွေးစုပ်‌ဖုတ်ကောင်များအကြားတွင် အသားအရည်ဖျော့တော့ကြသည်မှာ ပုံမှန်ဖြစ်ကြသော်လည်း သူမ၏ပုံပန်းသွင်ပြင်မှာမူ သာမန်မဖြစ်နေခဲ့ပေ။


သွေးစုပ်ဖုတ်ကောင်များအကြားတွင် အနီရောင်ဆံပင်နှင့်မျက်လုံးရှိသူများမှာ အဆင့်မြင့်တော်ဝင်သွေးမျိုးဆက်ဖြစ်ပြီး အနက်ရောင်ဆံပင်နှင့်အ‌နက်ရောင်မျက်လုံးပိုင်ရှင်များမှာမူ အဆင့်အနိမ့်ဆုံးတည်ရှိမှုဖြစ်သည်။


ဆိုဖီမှာ အနက်ရောင်ဆံပင်နှင့်မျက်လုံးရှိသူ အဆင့်အနိမ့်ဆုံးသွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး မျိုးနွယ်ဝင်များအကြား မမြင်ရသောတည်ရှိမှုတစ်ခုကဲ့သို့ပင်။ သူမကဲ့သို့ အဆင့်နိမ့်တည်ရှိမှုမျိုးကို လူတိုင်းမှလျစ်လျူရှုထားကြသည့်အတွက် ပုံမှန်သွေးထောက်ပံ့မှုမျိုးကို ဆိုဖီမရနိုင်ပေ။ အကယ်၍သာ မင်းသားမှ ဆင်းရဲသားများထံ သွေး‌အလေအလွင့်များပေးကမ်းစွန့်ကြဲခြင်းသာ မရှိခဲ့ပါက ဆိုဖီအဖို့ အသက်ရှင်ရန်ပင် ခက်ခဲရပေလိမ့်မည်။


ယနေ့တွင် ဆိုဖီ မြို့ပြင်မှာ တောကောင်ငယ်လေးများကို အမဲလိုက်ရန် ပြင်ဆင်နေသည်။ ထိုကဲ့သို့ အာရုံခံစားနိုင်စွမ်းမရှိသည့် အကောင်ငယ်များ၏သွေးမှာ သွေးစုပ်ဖုတ်ကောင်များ၏ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည် ဆိုသော်ငြားလည်း ၎င်းမှာ အလွန်ပင်ညစ်ထေးကာ မည်သည့်စွမ်းအင်ကိုမှ မပေးစွမ်းနိုင်ချေ။ သွေးစုပ်ဖုတ်ကောင်များအတွက် အသက်ဆက်ရှင်နေနိုင်သည့် အကျိုးအမြတ်တစ်ခုကိုသာ ပေးနိုင်သောအရာဖြစ်သည်။ သည့်အတွက်ကြောင့် အလုပ်ရှိသည့် မည်သည့်သွေးစုပ်ဖုတ်ကောင်ကမှ ဤကဲ့သို့သော တိရစ္ဆာန်သွေးကို ရွေးချယ်ကြမည်မဟုတ်ပေ။


ခေါင်းငိုက်စိုက်ဖြင့် ဆိုဖီ အနောက်ဘက်နယ်မြေမှ ထွက်လာလိုက်သည်။ သူမ အရှေ့ဘက်နယ်မြေသို့ ဝင်မည်အပြုတွင် လမ်းမပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှ သူမ၏အာရုံကိုဖမ်းစားသွားခဲ့သည်။


“ အစပ်သွေးဟော့ပေါ့လား…”


အနီရောင်စာလုံးကြီးများဖြင့် ရေးထားသည့်ဆိုင်းဘုတ်အောက်တွင် ဝက်သွေးဖြင့်ပြုလုပ်ထားပြီး မည်သည့်အဆင့်ရှိသူမဆိုသုံးဆောင်နိုင်မည် တစ်ပွဲလျှင် အချိန်အာကာသဒင်္ဂါးသုံးပြား ဟူသောစာကြောင်းသေးသေးလေးများရှိသည်။


အချိန်အာကာသဒင်္ဂါးသုံးပြားလား…


အချိန်အာကာသဒင်္ဂါးသုံးပြား….


သွေးအိတ်များလိုက်လံကောက်ယူခြင်းဖြင့် ဆိုဖီ တစ်နေ့လျှင် အချိန်အာကာသဒင်္ဂါးဆယ်ပြားခန့်ရရှိနိုင်သည်။ ထို့အတူ အခြားဆိုင်များမှသွေးမှာ ပုံမှန်အားဖြင့် အချိန်အာကာသဒင်္ဂါးသုံးဆယ်မှ စတင်သောကြောင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ဤနေရာမှာ အလွန်ပင်ဈေးချိုလှသည်။


အကယ်၍ သူမသာ မြို့ထဲတွင်စားနိုင်ပါလျှင် မည်သူကမြို့ပြင်သို့ သွားချင်ပါတော့မည်နည်း။ ထိုမျှသာမက ပိုနေသည့်အချိန်များတွင်လည်း သူမ သွေးအိတ်များကို လိုက်ကောက်နိုင်သေးသည်။


ဤသို့ဖြင့် ဆိုဖီ သတ္တိမွေးကာ ဘဝတစ်လျောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ခြေချလိုက်သည်။ ပြင်ဆင်ထားပုံမှာ သာမန်မျှသာဖြစ်သော်လည်း သူမလျောက်ကြည့်မနေရဲပေ။ အိတ်ကပ်ထဲမှ အချိန်အာကာသဒင်္ဂါးသုံးပြားထုတ်ကာ ကောင်တာပေါ်တင်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်မိသည်


 “ အ အစပ်သွေးဟော့ပေါ့ တစ် တစ်ပွဲပေး ပေးပါ…”


မိနစ်အနည်းငယ်ကြာပြီးနောက် အစပ်သွေးဟော့ပေါ့တစ်ပန်းကန်မှာ သူမ၏အရှေ့တွင်ရောက်လာခဲ့သည်။ ဟင်းရည်မှာ အနီရောင်ဖျော့ဖျော့ရှိပြီး အနီရင့်ရောင်ဝက်သွေးခဲအတုံးကြီးများလည်း ပါဝင်နေခဲ့သည်။ ဆိုဖီအနည်းငယ် ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုဝက်သွေးခဲမှာ သူမ လိုင်းပေါ်တွင်ကြားဖူးခဲ့သည့် သွေးပူတင်းထက် ထူးဆန်းသည့်ပုံပင်။ သွေးခဲမှာရေထဲတွင် ပေါလောပေါ်နေသော်လည်း အံ့ဩစရာကောင်းစွာဖြင့် မနစ်မြုပ်သွားခဲ့ချေ။ သူမ ယခင်ကထိုကဲ့သို့အရာမျိုးကို တစ်ခါမှမစားခဲ့ဖူးသည်ဖြစ်ရာ မည်သို့စားရပါမည်နည်း။


အနီးနားရှိစားပွဲထိုးလေးမှ သူမ ပဟေဠိဖြစ်နေသည်ကို သတိပြုမိသွားသောကြောင့် အနားသို့ကပ်လာကာ တီးတိုးပြောပြလာသည် “ စားသုံးသူ တူနဲ့အထဲက ဝက်သွေးခဲတွေကိုကောက်ယူပြီး စားလို့ရပါတယ်…”


တူတွေလား…


ဆိုဖီ သေးငယ်သော ဝါးချောင်းလေးနှစ်ချောင်းကို ကြည့်လိုက်မိသည်။ သူမ ထိုအရာကို အွန်လိုင်းပေါ်တွင် မြင်ဖူးခဲ့သော်လည်း ၎င်းတို့မှာ အခြားသောလောကများမှဖြစ်ပုံရကာ တစ်ခါမှအသုံးပြုဖူးခြင်းမရှိသေးပေ။


ကိုးရိုးကားယားနိုင်စွာဖြင့် ဆိုဖီ တူများကိုယူကာ ဝက်သွေးခဲတစ်ဖဲ့ကို ခက်ခက်ခဲခဲကောက်ယူလိုက်ရသည်။ သူမ ပါးစပ်ထဲသို့စမ်းထည့်ကြည့်လိုက်ပြီး အနည်းငယ်ဝါးကာ မြိုချလိုက်သည်။ ယခင်က မကြုံဖူးခဲ့သည့် မွှေးရနံ့နှင့်အရသာမှာ သူမ၏ပါးစပ်ထဲတွင် ပေါက်ကွဲထွက်သွားပြီး ဆိုဖီ မသိစိတ်မှပါးစပ်ကိုအုပ်ကိုင်ကာ မျက်ရည်များဝဲလာရသည်။


သည်ဟာက ဘယ်လိုအရသာမျိုးပါလိမ့်… သည်ဟာက ဘယ်‌လိုအထိအတွေ့မျိုးပါလိမ့်…


အနံ့ဆိုးတဲ့တိရစ္ဆာန်ရဲ့သွေးဆိုတာ ဖြစ်နိုင်ပါ့မလား…


သည်လောကမှာ တကယ်ကြီးကို သည်လိုအရသာမျိုးရှိတဲ့ တိရစ္ဆာန်သွေးရှိသေးတယ်လား…


အနည်းငယ်ဝါးလိုက်ပြီးနောက် သူမ ဝက်သွေးခဲကိုမြိုချလိုက်သည်။ ဆိုဖီ၏မျက်လုံးများ နီရဲသွားရကာ အစပ်ကြောင့် သက်ရောက်ခံလိုက်ရသော်လည်း ၎င်း၏အရသာကြောင့် သူမအလွန်ပင် နက်နက်ရှိုင်းရှိုင်းခံစားသွားရသည်။


‌နှင်းသွေးခဲနှင့် အဆင့်မြင့်သွေးများကို အမြဲသောက်နေကြသော အဆင့်မြင့်သွေးစုပ်ဖုတ်ကောင်များအနေဖြင့် ဤအစပ်သွေးဟော့ပေါ့လေးတစ်ပွဲမှာ အံ့ဩစ‌ရာကောင်းမည်ဖြစ်သော်လည်း ၎င်းမှာ သည်အတိုင်း အရသာရှိကာ ထူးခြားသောဟင်းပွဲတစ်ပွဲသာ ဖြစ်ပေလိမ့်မည်။


သို့သော် ဆိုဖီကဲ့သို့ သွေးအလေအလွင့်များကိုပင် မတတ်နိုင်သည့် အဆင့်နိမ့်သွေးစုပ်ဖုတ်ကောင်များအတွက်မှာမူ ဤသည်မှာ ကောင်းကင်မှကျလာသော လက်ဆောင်မွန်ပင်။ ၎င်းကိုစားလိုက်ရသည့်အချိန်တွင် ဆိုဖီ မွေးဖွားလာစဉ်အခါက ပထမဆုံးသွေးကိုမြည်းစမ်းဖူးသကဲ့သို့ ခံစားသွားရကာ ထိုအရာမှာ အလွန်အရသာရှိပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။


အရသာရှိသော ဤဟင်းပွဲ၏ခွန်အားအောက်တွင် အစပ်သွေးဟော့ပေါ့ တစ်ပန်းကန်ကုန်သွားသည်နှင့် ဆိုဖီ ဝက်‌သွေးခဲတုံးကောက်ယူရန် တူများကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်သွားပြီဖြစ်သည်။ တူများကိုပြန်ချလိုက်ပြီးနောက် ထူးထူးခြားခြားကျေနပ်မှုရသွားသော သူမ၏ဝမ်းဗိုက်ကို အသာအယာပွတ်ကာ ဆိုင်ထဲမှပြန်ထွက်လာခဲ့သည်။ ယနေ့တွင် သူမ သွေးအိတ်များကို ဝီရိယရှိရှိလိုက်လံကောက်ယူပေတော့မည်။ သို့မှသာ ဤဆိုင်သို့နေ့စဉ်နေ့တိုင်း အစပ်သွေးဟော့ပေါ့လာစားနိုင်မည်ဖြစ်သည်။


မနက်တစ်ခင်းကုန်ဆုံးသွားသည်နှင့် အနောက်ဘက်နယ်မြေအပြင်ဘက်တွင် အရသာရှိသော အစပ်သွေးဟော့ပေါ့ဆိုင်တစ်ဆိုင်ဖွင့်လာသည့်သတင်းများမှာ တဖြည်းဖြည်းပျံ့နှံ့သွားပြီး မြောက်များစွာသော အဆင့်နိမ့်သွေးစုပ်ဖုတ်ကောင်များမှာ အချိန်အာကာသဒင်္ဂါးသုံးပြားစီ ယူလာကြကာ အရသာရှိသော အစပ်သွေးဟော့ပေါ့ကို လာရောက်မြည်းစမ်းကြည့်ကြသည်။ သို့သော်လည်း အစပ်သွေးဟော့ပေါ့ဆိုင်မှာ အရှေ့ဘက်နယ်မြေနှင့် အနောက်ဘက်နယ်မြေအကြားတွင် ရှိနေသည့်တိုင် ထိုသတင်းမှာတော့


အရှေ့ဘက်အခြမ်းတွင်ရှိသည့် အဆင့်မြင့်သွေးစုပ်ဖုတ်ကောင်များထံ မရောက်သေးပေ။


ထိုနေ့ညနေခင်းအချိန်တွင် အစပ်သွေးဟော့ပေါ့အကြောင်းမှာ အဆင့်မြင့်သွေးစုပ်ဖုတ်ကောင်များအကြား ပေါက်ကွဲလာခဲ့သည်။ သူတို့အားလုံး‌မှာ အသစ်ဖွင့်လှစ်လာသည့် စားသောက်ဆိုင်အကြောင်းကို ဆွေးနွေးနေကြပြီး အကြောင်းရင်းမှာမူ လေးစားစဖွယ်တည်ရှိမှုဖြစ်သည့် အဆင့်အမြင့်ဆုံးသွေးစုပ်ဖုတ်ကောင်မင်းသားလန့်စ်မှ သူ၏ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် ရေးတင်ထားခဲ့သည့်စာကြောင့်မှတပါး အခြားမရှိပေ။


လန့်စ် : [ ပုံ ] [ အစပ်သွေးဟော့ပေါ့ဆိုတဲ့ဟာက စားလို့ကောင်းတယ်… မြည်းကြည့်ရတာ တန်သားပဲ ]


စာမှာတိုတောင်းသော်လည်း လွှမ်းမိုးနိုင်စွမ်းမှာတော့ ကြောက်ခမန်းလိလိပင်။ အဆုံး၌ အနှီလူမှာ မင်းသားလန့်စ်ဖြစ်ပြီး သွေးစုပ်ဖုတ်ကောင်များအကြားတွင် ချစ်ကြောက်အရိုသေရဆုံးသူတစ်ဦးဖြစ်သည်။ သူတို့ထင်သည်သာ မမှားဘူးဆိုပါက သွေးနှင့်ပတ်သက်လာလျှင် ဂျေးများမှုအမြင့်ဆုံးသူတစ်ဦးဖြစ်လေရာ မင်းသားလန့်စ်မှပင် အရသာရှိသည်ဟု ပြောလာခဲ့ရာ ထိုအရာမှမည်မျှပင် ကောင်းမွန်သောကြောင့် ဖြစ်နိုင်မည်နည်း။


အချိန်တစ်ခုခန့် အဆင့်မြင့်နှင့်အဆင့်နိမ့်သွေးစုပ်ဖုတ်ကောင် လူတန်းစားနှစ်ခုစလုံးတွင် စိတ်လှုပ်ရှားမှုများဖြင့် တတွတ်တွတ်ပြောနေကြသည်။ အဆင့်မြင့်သွေးစုပ်ဖုတ်ကောင်များမှာ အဆိုပါ အစပ်သွေးဟော့ပေါ့ကို မြည်းစမ်းကြည့်ချင်စိတ်ဖြင့် ယားယံနေကြရသော်လည်း ဆိုင်မှာပိတ်သွားပြီဖြစ်သည်။ ထိုအချိန်အတွင်း အဆင့်နိမ့်သွေးစုပ်ဖုတ်ကောင်များမှာမူ မင်းသားလန့်စ်ကိုယ်တိုင်သည်ပင် ချီးကျူးခဲ့သော အစပ်သွေးဟော့ပေါ့ကိုစားခဲ့ကြရခြင်းကြောင့် အပျော်လွန်နေကြသည်။


အချိန်တိုအတွင်းမှာပင် အစပ်သွေးဟော့ပေါ့မှာ သွေးစုပ်ဖုတ်ကောင်များအကြား ရေပန်းစားလာခဲ့သည်။


နောက်တစ်နေ့မနက်တွင် အစပ်သွေးဟော့ပေါ့ဆိုင်၌ လူအပြည့်ဖြစ်နေခဲ့လေသည်။ အဆင့်မြင့်နှင့်အဆင့်နိမ့်သွေးစုပ်ဖုတ်ကောင်နှစ်မျိုးစလုံးမှာ ဆိုင်ထဲတွင် တိုးဝှေ့ပြုံစုံနေကြကာ မင်းသားလန့်စ်ချီးကျူးခဲ့သည့် အစပ်သွေးဟော့ပေါ့တစ်ပွဲရနိုင်ရန်အတွက် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြလေသည်။



🥘