Chapter 19
Viewers 2k

🥘Chapter 19




ပိုင်ရှန်းကျစ်တစ်ယောက် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စုများအကြား ဖြစ်ပျက်နေသည်များကို လိုင်းပေါ်တွင် လိုက်ကြည့်နေမိသည်။


 လန့်စ်၏ပို့စ်နှင့် သွေးစုပ်ဖုတ်ကောင်များကြားတွင် ပေါက်ကွဲထွက်လာသော ရူးသွပ်မှုများကို မြင်တွေ့လိုက်ရပြီးနောက် နတ်ဘုရားသဖွယ်ကိုးကွယ်မှု၏ အန္တရာယ်ကို နားလည်သွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ရလဒ်အတွက် သူကျေနပ်နေဆဲပင်။ အဘယ့်ကြောင့်ဆိုသော် ထိုအစပ်သွေးဟော့ပေါ့ဆိုင်မှ အကျိုးအမြတ် နှစ်ဆယ်ရာခိုင်နှုန်းကို သူရနေသောကြောင့်ဖြစ်သည်။


သူ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်နိုင်ခဲ့သည်။ ၎င်းကိုနားလည်သွားခြင်းမှ ပိုင်ရှန်းကျစ်အား စိတ်အေးသွားစေသည်။ ထပ်ပေါင်းရမည်ဆိုလျှင် ထိုအချိန်အတွင်း သားရဲကမ္ဘာမှဖောက်သည်များမှာ အချိန်လဟိုတယ်မှ ဟင်းပွဲအသစ်များကို မြည်းစမ်းခဲ့ပြီးကြပြီး သုံးထောင်စားတော်ဆက်နှင့်ယှဉ်လျှင် ချို့ယွင်းချက်များကို ရှာတွေ့သွားခဲ့ကြသည်။ ရလဒ်အနေဖြင့် ဖောက်သည်ဟောင်းတော်တော်များများ သုံးထောင်စားတော်ဆက်ဆီပြန်လာခဲ့ကြ‌ခြင်းကြောင့် ပိုင်ရှန်းကျစ် ဂျင်တစ်လုံးနှယ် ထပ်မံ၍အလုပ်များသွားရသည်။


ယနေ့တွင် ပိုင်ရှန်းကျစ် ဥထမင်းကြော်ကြော်နေခဲ့ပြီး မီးဖိုချောင်အတွင်းရှိ တရှဲရှဲမြည်သံများအကြားမှ အသံတစ်သံထွက်ပေါ်လာသည်


 “ ရှန်းကျစ်…”


သူလှမ်းကြည့်လိုက်ရာ လျိုချင်းရှန်မှာ မီးဖိုချောင်အဝင်ဝတွင်ရပ်လျက် သူ့အားကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ပိုင်ရှန်းကျစ် ပြုံးကာပြောလိုက်သည် 


“ ချင်းရှန်လား မင်းရောက်လာပြီပဲ…အပြင်ဘက်မှာ ခဏစောင့်ဦး… ငါထမင်းကြော်တစ်ပွဲကြော်ပြီးရင် ပြီးပြီရယ်…”


လျိုချင်းရှန် ခေါင်းညိတ်ပြလိုက်ပြီး စားသောက်ခန်းဆီသို့ ပြန်လျှောက်သွားလိုက်သည်။


မီးဖိုချောင်အတွင်း ပိုင်ရှန်းကျစ် ဥထမင်းကြော် ကြော်ပြီးသွားခဲ့ပြီးနောက် ပန်းကန်ထဲသို့ထည့်ကာ ပြန်ထွက်လာလိုက်သည်။ စားသောက်ခန်းတွင် သားရဲမျိုးနွယ်အချို့ သူတို့၏အမြီးများကို ကျေနပ်စွာယမ်းလျက် စားနေကြသည်ကို မြင်တွေ့နေရသည်။ သို့သော်လည်း အစွန်ဆုံးစားပွဲတွင်ထိုင်နေသည့် လျိုချင်းရှန်မှာမူ ထိုသူများ၏တည်ရှိမှုကို မသိမမူမိသည့်ပုံပင်။


ပိုင်ရှန်းကျစ် ၎င်း၏အကြောင်းရင်းကို သိနေခဲ့သည်။ သားရဲကမ္ဘာတွင် သုံးထောင်စားတော်ဆက် စတင်နာမည်ကျော်ကြားလာစဉ်အခါက သူအမှန်တကယ်ကို စိုးရိမ်မိခဲ့ဖူးလေသည်။ လူနှင့်မတူသော ပုံပန်းသဏ္ဍာန်ရှိသည့် သားရဲလူများမှာ အလွန်ပင်မြင်သာထင်သာရှိလှသောကြောင့် တစ်ဦးစ နှစ်ဦးစကိုသာ မြင်တွေ့ရပါက ဇာတ်ကောင်သဏ္ဍာန်ဝတ်စားကြသည်ဟု ထင်ကြမည်ဖြစ်သော်လည်း အစုအပြုံလိုက်ရှိနေပါလျှင် အထူးသဖြင့် အချင်းချင်းမရင်းနှီးကြသည့် လူအုပ်လိုက်ကြီးဆိုလျှင် သံသယများကို တိုးမြင့်ပေး‌နိုင်သည်။


သားရဲလူများ၏ အဓိကသိသာသောအချက်များမှာ လွတ်လွတ်လပ်လပ်လှုပ်ယမ်းနိုင်သော နားရွက်နှင့်အမြီးများဖြစ်ကြပြီး မကြာခဏဆိုသလို ၎င်းတို့ကို ‌လှုပ်ရှားနေကြကာ ပျော့လွယ်ပြောင်းလွယ်ရှိသောကြောင့် တွေ့မြင်သူများအနေဖြင့် သံသယမဝင်ရန် ခဲယဉ်းလှသည်။


သို့သော်လည်း သူ၏စိုးရိမ်မှုများမှာ လူသားနှင့်သားရဲလူများ ပထမဆုံးအကြိမ် တွေ့ဆုံချိန်၌ အဆုံးသတ်သွားခဲ့သည်။ ၎င်းအဖြစ်အပျက်မှာ မိန်းကလေးတစ်ဦး ဆိုင်သို့ ဝက်သားမွှေနှင့်ဂေါ်ဖီချဉ်စားရန် လာစဉ်အချိန်အတွင်း ဖြစ်ပျက်ခဲ့သည်။ ထိုစဉ်က ဆိုင်အတွင်းတွင် သားရဲလူများအပြည့်ဖြစ်နေခဲ့ပြီး သူတို့ထဲမှတစ်ဦးဆိုလျှင် စားနေစဉ်အတွင်း စိတ်လှုပ်ရှားနေသောကြောင့် ၎င်း၏မူလပုံစံသို့ပင် ပြောင်းကာစားနေခဲ့သည်။


ပိုင်ရှန်းကျစ် သူမအတွက် ကြက်သားတုံးကြော်အစပ်ကို စိတ်လှုပ်ရှားစွာ ထုတ်ပိုးပေးလိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ အဝင်ဝစီလိုက်ပို့ရန် ပြင်လိုက်ရသည်။ သို့သော် မမျှော်လင့်စွာဖြင့် မူလပုံစံပြန်ပြောင်းထားသော ကျားသစ်တစ်ကောင်မှာ ဆိုင်ထဲတွင် မရပ်မနားလျှောက်သွားနေပြီး သူတို့၏လမ်းကိုပိတ်ဆို့ထားခဲ့သည်။ ထိုအခိုက်အတန့်ကလေးတွင် ပိုင်ရှန်းကျစ် ချွေးအေးများရွှဲသွားရသည်ဟုပြောသည်မှာ ချဲ့ကားခြင်းမဟုတ်ပေ။


ဆိုင်ထဲတွင် ကျားသစ်တစ်ကောင်ရှိနေခြင်းမှာ သူတတ်နိုင်သောအရာမဟုတ်ချေ။ ဤသို့သောအခြေအနေမျိုးတွင် သူ၏ဆိုင်လေးမှာ မည်သို့ဆက်လက်ရှင်သန်နိုင်ပါမည်နည်း။


အကြောင်းပြချက်ပေးရန်အလို့ငှာ သူ၏ဦးနှောက်ကို ဆက်တိုက်လည်ပတ်လိုက်စဉ် မိန်းကလေးထံမှအသံထွက်ပေါ်လာသည်။


 “ ဆိုင်ရှင် ကြည့်ရတာဒီသူငယ်ချင်းလေးက စပ်နေတဲ့ပုံပဲ… ရေတစ်ခွက်လောက်ပေးလိုက်ပါဦး…”


ပိုင်ရှန်းကျစ် လှမ်းကြည့်လိုက်ရာ သူတို့အ‌ရှေ့ရှိကျားသစ်မှာ အမှန်တကယ်ပင် ငယ်ရွယ်သူတစ်ဦးဖြစ်နေခဲ့သည်။ သူ မိန်းကလေးကို တံခါးစီသို့လိုက်ပို့လိုက်ချိန်တွင် သူမမှပြုံးလျက်ဆိုလာသည် “ ဆိုင်ရှင် မင်းရဲ့စီးပွားရေးအတွက် ကံကောင်းပါစေနော်…ကြည့်ရတာ မင်းအချက်အပြုတ်က တကယ်ကောင်းတဲ့ပုံပဲ… သူငယ်ချင်းလေးတွေတောင် မငြင်းပယ်နိုင်ဘူးလေ…”


မိန်းကလေးကိုလိုက်ပို့လိုက်ပြီးနောက် ဆိုင်တွင်းသို့ပြန်လာခဲ့ကာ သားရဲလူများအပြည့်ရှိသော စားသောက်ခန်းနှင့် ရေသောက်နေသည့် ကျားသစ်လေးကို ကြည့်ရင်းဖြင့် ပိုင်ရှန်းကျစ်၏နှလုံးသားမှာ သက်သာရာရသွားခဲ့သည်။ မည်သည့်အရာဖြစ်ပျက်နေသည်ကို သူမသိနေသော်လည်း သားရဲလူများ၏ ပုံမှန်မဖြစ်မှုကို အခြားလူများမှ သတိမမူမိကြသည့်ပုံပင်။


အချိန်တစ်ခုခန့်လေ့လာပြီးနောက် သုံးထောင်စားတော်ဆက်တွင် သားရဲလူများ၏တည်ရှိမှုကို ဖုံးကွယ်ပေးနိုင်သည်ဟူသော အချက်ဖြင့်အဆုံးသတ်သွားခဲ့သည်။ တရုတ်လူမျိုးများ၏မျက်လုံးထဲတွင် အဆိုပါသားရဲလူများမှာ မည်သို့မျှမထူးခြားဘဲ သူလိုငါလိုရှိနေခဲ့လေသည်။


ပိုင်ရှန်းကျစ် ဥထမင်းကြော်ပန်းကန်ကို နားရွက်ထောင်ထောင်လေးများရှိသည့် မိန်းကလေးတစ်ဦး၏ရှေ့တွင် ချပေးလိုက်ပြီး လျိုချင်းရှန်၏မျက်နှာခြင်းဆိုင်တွင် ထိုင်ကာမေးလိုက်သည် “ ချင်းရှန် မတွေ့တာကြာပြီ…ဘယ်ကဘယ်လိုပေါက်ချလာတာလဲ…”


လျိုချင်းရှန်မှ သက်ပြင်းချကာ ပြောလာသည် “ ဟိုတလောက ငါ့မိဘတွေနဲ့ မွေးရပ်မြေကိုပြန်သွားရတာလေ…ငါ့အဖွားက ကျန်းမာရေးသိပ်မကောင်းတော့ ငါတို့တွေသူ့စီသွားလည်မယ်ဆိုပြီးပေါ့… ဘယ်သူသိမှာလဲ သူက ချော်လဲပြီးဆုံးပါးသွားရတယ်…”


“ မင်းရဲ့ဆုံးရှုံးမှုထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်… ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းကတော့ တစ်နေ့သည်လမ်းကိုလျှောက်ရမှာပါပဲလေ…” ပိုင်ရှန်းကျစ် လျိုချင်းရှန်ကို နှစ်သိမ့်ပေးလိုက်သည်။


“ ငါတို့သည်လိုပဲတွေးနိုင်တာပေါ့ကွာ…” လျိုချင်းရှန်မှ ခါးသီးစွာပြုံးပြလာသည်။ ထို့နောက် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို သတိရသွားသဖြင့် ထပြောလာသည် “ စကားမစပ် သည်ဟာက ငါတို့မွေးရပ်မြေကနေ ယူလာတဲ့‌သုံးမျိုးမှိုလေ… မင်းမြည်းကြည့်ရအောင် လာပေးတာဟ…”


ဖောက်ထွင်းမြင်ရသော ပလတ်စတစ်အိတ်ထဲတွင် ခဲရောင်ဖျော့ဖျော့ရှိသော မှိုအချို့ရှိနေခဲ့သည်။ ပိုင်ရှန်းကျစ် ၎င်းတို့ကိုလက်ခံယူလိုက်ပြီး ပြန်ပြောလိုက်သည် “ ကျေးဇူးတင်ပါတယ်ကွာ… နေ့လည်လည်းရောက်တော့မယ်ဆိုတော့ ငါဝက်သားပါးပါးလှီးပြီး ဟင်းချိုချက်လိုက်မယ်ကွာ…ဦးလေးနဲ့အဒေါ့်စီ အရသာမြည်းရအောင်ပြန်ယူသွားလေ…”


လျိုချင်းရှန်မှ အလျင်အမြန်ပယ်ချလိုက်သည် “ မဟုတ်တာ … မလိုပါဘူးကွာ သည်မှိုတွေက မင်းအတွက်မြည်းကြည့်ရအောင် အထူးတလည်ယူလာပေးတာကို ငါသာ ဟင်းတစ်ခွက်ပြန်ယူသွားရင် ဘယ်ကောင်းပ့ါမလဲ… ကဲ ကဲ အခုတော့ပြန်လိုက်ဦးမယ်ကွာ…”


ပြောပြီးသည်နှင့် လျိုချန်းရှန် ချက်ချင်းထပြန်သွားသောကြောင့် ပိုင်ရှန်းကျစ် ပြုံးလျက် မှိုများကို မီးဖိုချောင်တွင်းသို့ ယူလာလိုက်သည်။


ဘေဇင်အတွင်းမှ ခဲရောင်‌ဖျော့‌ဖျော့ရှိသောမှိုများမှာ ပွင့်လာတော့မယောင် ရှိနေသည်။ အချို့သောအနားသားများမှာမူ အဖိခံလာရသောကြောင့် ကျိူးကြေနေသော်လည်း ၎င်း၏လတ်ဆတ်မှုအပေါ် မသက်ရောက်နိုင်ပေ။ မှိုများမှာ အလေးချိန်တစ်ပေါင်ခန့်ရှိနိုင်ပြီး ပမာဏမများပါ။ နယ်ဘက်တွေ ပေါက်လေ့ပေါက်ထရှိသော ကြက်သားမှိုအရိုင်းများဖြစ်ပြီး စိုက်ပျိုးထားခြင်းမဟုတ်သောကြောင့် ပမာဏများများမထုတ်နိုင်ချေ။ ၎င်းတို့ကို လတ်လတ်ဆတ်ဆတ်စားရာတွင်သာ ကောင်းပြီး ရောင်းချရန်မှာ မဖြစ်နိုင်ပေ။


အချက်အလက်များအရ အဆိုပါ သုံးမျိုးမှိုမှာ ‌ငွေနှင်းမှိုမျိုးနွယ်ဝင်ဖြစ်ပြီး အရသာကောင်းမွန်ကာ အာဟာရပါဝင်မှုလည်း ကြွယ်ဝသည်။ သုံးမျိုးမှိုဟု အမည်ပေးကြခြင်းမှာမူ နယ်ဘက်တွင် ငွေနှင်းမှိုတစ်အုပ်ကိုတွေ့လိုက်ရသည်နှင့် အခြားမျိုးတူမှိုနှစ်မျိုးကိုပါ အနီးအနားတွင် မြင်တွေ့နိုင်သောကြောင့်ပင်။


နွေရာသီ၏ မိုးရွာသောအချိန်ကာလများအတွင်း ‌ငွေနှင်းမှို၏ အမျိုးအစားသုံးမျိုးကို လယ်ကွင်းများအနီးတွင် အဓိကတွေ့ရလေ့ရှိပြီး ရွာဘက်မှလူများအတွက် အနှစ်ခြိုက်ကြဆုံး မှိုရိုင်းတစ်မျိုးဖြစ်စေခဲ့သည်။


နယ်ဘက်များတွင် သုံးမျိုးမှိုတစ်ခုတည်းသည်သာ မှိုရိုင်းများအတွင်း စားရန်စိတ်အချရဆုံးဖြစ်သည်။ အခြားသောမှိုမျိုးစိတ်များအတွက်မှာမူ ကွဲကွဲပြားပြားသိနိုင်ရန် ခက်ခဲပြီး မှိုခူးလေ့ရှိသူ သက်ကြီးပိုင်းမျိုးဆက်များသည်သာ အခြားစားရန်စိတ်ချနိုင်သော မှိုရိုင်းမျိုးစိတ်များကို သိနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ကျေးရွာဘက်မှ အိမ်တိုင်းလိုလိုတွင် ထိုကဲ့သို့အမြင်ကောင်းသော သက်ကြီးရွက်အိုများမရှိနိုင်ခြင်းကြောင့် အချို့သောမိသားစုများတွင် မှိုရိုင်းများစားမိပြီး သေဆုံးသောအဖြစ်အပျက်များ ရှိခဲ့ကြသည်။


အင်တာနက်၏တိုးတက်လာမှုနှင့်အတူ အဆိုပါဥပမာများမှာ လျင်လျင်မြန်မြန်ပျံ့နှံ့သွားပြီး စိတ်ချရရေးအတွက် နယ်ဘက်များတွင် မည်သည့်မှိုရိုင်းမဆိုကို စားရန်တွန့်ဆုတ်ကုန်ကြသည်။ ယနေ့ခေတ်များတွင် လူများစားရဲသည့် မှိုရိုင်းမျိုးစိတ်အနည်းငယ်ရှိတော့ကာ သုံးမျိုးမှိုမှာလည်း ၎င်းတို့မှတစ်ခုဖြစ်လေသည်။


မှိုများကိုဆေးကြောလိုက်ပြီး အမြစ်ဖယ်ကာ ရေများကိုငြင်သာစွာညှစ်ထုတ်လိုက်သည်။ ထို့နောက် ၎င်းတို့ကို အမြောင်းလေးများအဖြစ် ဖြဲလိုက်ပြီး ပန်းကန်တစ်လုံးထဲတွင် ထည့်ထားလိုက်သည်။ ဝက်သားတစ်ပိုင်းကိုလည်း ယူကာလှီးလိုက်ပြီး ကော်မှုန့်၊ ဆားအနည်းငယ်၊ ဂျင်းနှင့် ဟင်းချက်အရက်တို့ဖြင့်စိမ်ကာ မိနစ်အနည်းငယ်ခန့် နှပ်ထားလိုက်သည်။


“ ဒါကဘာလဲ…”


ပိုင်ရှန်းကျစ် လှမ်းကြည့်လိုက်ရာ တံခါးဝတွင် တစ်စုံတစ်ယောက်ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုသူကို သူ သတိပင်မထားခဲ့ပေ။ တံခါးဝတွင်ရပ်နေသူမှာ ငွေမှင်ရောင်ဆံပင်ရှည်များရှိပြီး ၎င်းတို့ကို အနောက်တွင်စီးကာချထားခဲ့သည်။ ပိုင်ရှန်းကျစ် ထိုသူကို ချက်ချင်းဆိုသလို မှတ်မိခဲ့သွားခဲ့သည်။ ဤသည်မှာ ဖုန့်ပေါင်အာနှင့် ဖုန့်ပေအာတို့၏ ဦးလေးငယ်ဖြစ်သော ဖုန့်ယဲ့ပင်ဖြစ်သည်။


“ လူကြီးမင်းဖုန့်…” ပိုင်ရှန်းကျစ် အနည်းငယ်ပြုံးလျက် မေးလိုက်သည်


 “ သည်အချိန်မှ ဘာလို့ရောက်လာတာလဲဆိုတာ‌ မေးလို့ရမလား…”


ဖုန့်ယဲ့မှ တည်ငြိမ်စွာဖြေလာသည် “ သည်ကို စားဖို့လာတာပါ…”


မှိုနှင့်ဝက်သားဟင်းရည်အိုးကို ကာလိုက်ပြီး ပိုင်ရှန်းကျစ် ပြုံးပြလိုက်သည် “ သည်လိုဆိုရင် လူကြီးမင်းဖုန့်က ဘယ်ဟင်းလျာကိုများ မှာယူချင်ပါသလဲ…”


ဖုန့်ယဲ့မှ သူ၏အပြုအမူများကို သတိမူမိသွားပြီး ကိုယ်နှင့်ကာထားသော မှိုနှင့်ဝက်သားဟင်းရည်အိုးကိုကြည့်ကာ ပြောလာသည် “ အဲ့သည့်ဟာ…”


ဒီဟာလား…


ပိုင်ရှန်းကျစ် မျက်လုံးထောင့်များ ခဏမျှတွန့်ချိုးသွားရသည် “ လူကြီးမင်းဖုန့် သည်ဟင်းမှာပါတဲ့ အချိန်အာကာသစွမ်းရည်က အရမ်းနည်းပါတယ်…ကျွန်တော်ဆိုင်ရဲ့သတ်မှတ်ချက်နဲ့ မကိုက်ညီပါဘူး…”


ဖုန့်ယဲ့မှာ ၎င်းကိုစိတ်မရှိခဲ့ဘဲ ပြောလာသည် “ ငါက အချိန်အာကာသစွမ်းရည်မလိုဘူး…”


ကောင်းပြီလေ၊ အနှီဖုန့်ယဲ့က လူတွေရဲ့အမူအရာကို မဖတ်နိုင်ဘူးဆိုတာ ပိုင်ရှန်းကျစ် ယခုတော့သိသွားရလေပြီ။ ဟင်းပွဲကိုဖုံးကွယ်ထားခြင်းနှင့် ချပေးရန်ငြင်းဆိုခြင်း နှစ်ခုစလုံးမှာ သူ၏ငြင်းပယ်လိုစိတ်ကို ပြသနေခြင်းပင်။ သို့သော်လည်း ဖုန့်ယဲ့မှာမူ ခေါင်းမာမာနှင့် ထိုဟင်းကိုသာ စားချင်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ စားသုံးသူမှာ ဘုရားသခင်သာဖြစ်သောကြောင့် ပိုင်ရှန်းကျစ် ရွေးချယ်ရန်မကျန်တော့ဘဲ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လက်ခံလိုက်ရသည်။


သူ သုံးမျိုးမှိုနှင့်ဝက်သားဟင်းရည်ကို ဖုန့်ယဲ့ရှေ့တွင် ချပေးလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည် “ ကျေးဇူးပြုပြီး သုံးဆောင်ပါ…”


မီးဖိုချောင်သို့ ပြန်လျှောက်လာပြီးနောက် ကံကောင်းစွာဖြင့် သုံးမျိုးမှိုတစ်ဝက်ခန့်ကျန်နေသေးသောကြောင့် ပိုင်ရှန်းကျစ် သူ့ကိုယ်တာအတွက် နောက်ထပ်တစ်ပန်းကန်စာ ထပ်ချက်လိုက်သည်။ သူထမင်းစားတော့မည်အပြုတွင် ဖုန့်ယဲ့မှမီးဖိုချောင်တံခါးဝတွင် ထပ်ပေါ်လာခဲ့ပြီး “ ချက်လို့ပြီးသွားပြီလား ထပ်ပြီးရှိသေးတာလား…” ဟုမေးလာသည်။


ပိုင်ရှန်းကျစ် လေပူတစ်ချက်မှုတ်ထုတ်လိုက်ရပြီး သူ၏ပန်းကန်ကိုချကာ အားတင်းပြုံးလိုက်ရသည် “ အားနာပါတယ် လူကြီးမင်းဖုန့် … သည်ပါဝင်ပစ္စည်းတွေက ကျွန်တော့်ကိုလက်ဆောင်လာပေးထားတာမလို့ပါ…ညစာအတွက်ပဲကျန်တော့တာမလို့ တခြားမရှိတော့ပါဘူး…”


ဖုန့်ယဲ့ ခေါင်းညိတ်ကာ အချိန်အာကာသဒင်္ဂါးတစ်ရာကို စားပွဲပေါ်တင်ပေးလိုက်သည်။ သူခဏမျှ တွေးတောနေပြီးနောက် မေးလိုက်လေသည်။


 “ သည်မှာပိုက်ဆံကြိုသွင်းထားလို့ရလား… တစ်ခါလာတိုင်း တစ်ခါပေးနေရတာက ဒုက္ခများတယ်…”


စီးပွားရေးတွင် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ပိုင်ရှန်းကျစ် သူ၏ကျွမ်းကျင်မှုကိုထုတ်ပြကာ စားလက်စပန်းကန်ကို ဘေးတွင်ချထားလိုက်ပြီး ခဏမျှစဉ်းစားနေလိုက်သည် “ ဟုတ်ကဲ့ လူကြီးမင်းဖုန့်က ဘယ်လောက်များကြိုသွင်းချင်တာလဲမသိဘူး…”


“ တစ်သိန်းကစလိုက်တာပေါ့…” ဖုန့်ယဲ့မှ ပြန်ဖြေလာသည်။


တစ် တစ်သိန်းလား…


ပိုင်ရှန်းကျစ် လက်များတုန်ယင်သွားရသည်။ ထို့နောက် ကိုးရိုးကားယားနိုင်စွာ အသံနိမ့်နိမ့်ဖြင့်ရယ်လျက် ပြောလိုက်သည် 


“ သည်လောက်တော့ကြိုသွင်းလို့မရပါဘူး… ကျွန်တော့်ဆိုင်ကဟင်းပွဲတွေက အဲ့လောက်ဈေးမကြီးဘူးလေ…” 


တစ်သိန်းလုံးကုန်တဲ့အထိ သူဘယ်လောက်အချိန်ကြာကြာစားရမှာလဲ…


ဖုန့်ယဲ့မျက်မှောင်ကြုတ်သွားရသည်။


 “ တစ်သိန်းကအရမ်းများတာလား…ဒါပေမယ့် ငါ့စီမှာ အချိန်ဒင်္ဂါးတစ်သောင်းပါတဲ့ ကဒ်မပါဘူး…”


ဘာလဲဟ သည်လူကချမ်းသာတဲ့မိသားစုကလား…


ပိုင်ရှန်းကျစ် အပြုံးတစ်ပွင့်သာ ညှစ်ထုတ်လိုက်ရသည် “ သည်လိုဆိုရင်လည်း ရှိတဲ့အခါမှ သည်မှာလာပြီး ကြိုတင်ငွေသွင်းလို့ရပါတယ်…”


ဖုန့်ယဲ့ခေါင်းညိတ်ပြပြီး ပြန်သွားတော့မည်အပြုတွင် ပိုင်ရှန်းကျစ် အမြန်လှမ်းခေါ်လိုက်ရသည် “ လူကြီးမင်းဖုန့် သည်ဟာက ပြန်အမ်းငွေပါ…”


ဖုန့်ယဲ့ ပြန်အမ်းလာသည့် အချိန်အာကာသဒင်္ဂါးငါးဆယ်ကို ထူးဆန်းနေသည့်အမူအရာဖြင့် စိုက်ကြည့်နေမိသည်။ ထို့နောက် ပိုင်ရှန်းကျစ်ထံကြည့်ကာ ရိုးသားစွာပြောလိုက်သည် “ သည်ကဟင်းပွဲတွေက တကယ်ကြီးဈေးချိုတာပဲ…”


ပိုင်ရှန်းကျစ် ဖျော့တော့စွာပြုံးပြလိုက်သည် “ ဆိုင်အသေးလေးကို စီမံရတာပဲလေ… အမြတ်နည်းပေမယ့် မြန်မြန်ရပါတယ်…”


အမြတ်ကဘာမှမဟုတ်ပေမယ့် နည်းပါးတယ်ဆိုပေမယ့်ပေါ့။


*****


နတ်ဘုရားဘုံရှိ ဖုန့်မိသားစုခြံဝန်းထဲတွင် လင်းမှာရူးသွပ်လုနီးပါးဖြစ်နေရသည်။ ဝိညာဉ်ကလန်မှအကြီးအကဲမှာ လာရောက်လာပတ်မည်ဖြစ်သော်လည်း အိမ်၏အရှင်ကိုမူ မည်သည့်နေရာမှာမှ ရှာမတွေ့ခဲ့ပေ။ ဝိညာဉ်ကလန်မှ တောင်းဆိုမှုတစ်ခုနှင့်အတူရောက်လာခြင်းဖြစ်သော်လည်း သူတို့နှစ်နာရီခန့်စောင့်ဆိုင်းရပြီးပြီဖြစ်လေရာ ဤသည်မှာ တကယ်ကြီးအဆင်ပြေနိုင်ပါတော့မည်လား။


ဝိညာဉ်ကလန်အကြီးအကဲ၏ရှေ့တွင် လက်ဖက်ရည်တစ်ခွက်ချပေးလိုက်ပြီး လင်း ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားရန် ကြိုးပမ်းလိုက်ရသည် “ အိမ်တော်သခင် ဘယ်တော့ပြန်လာမယ်ဆိုတာ ကျွန်တော်လည်းသိမနေတော့ တကယ်လို့သာ အကြီးအကဲမှာ အရေးကြီးကိစ္စရှိတယ်ဆိုရင် အရင်သွားနှင့်လိုက်ပါ… ကျွန်တော် သခင်လာရင် အကြောင်းကြားလိုက်ပါ့မယ်….”


ဝိညာဉ်ကလန်၏အကြီးအကဲမှာ အသက်နှစ်ထောင်ခန့်ရှိပြီဖြစ်သောကြောင့် စိတ်ရှည်ခြင်းဆိုသည်မှာ သူတို့တွင် ပေါများနေသာ‌အရာပင်။ လက်ဖက်ရည်တစ်ငုံခန့်သောက်လိုက်ပြီးနောက် သူတို့ အေးအေးလူလူပင်ပြောလိုက်သည် “ ပြဿနာမရှိပါဘူး ငါတို့ အိမ်တော်သခင်ပြန်လာမှာကိုပဲ စောင့်နေလိုက်ပါ့မယ်…”


ဤသို့ဖြင့် ဖုန့်ယဲ့ တံခါးဝသို့ရောက်လာချိန်တွင် လင်းမှာအပျော်ပင်လွန်သွားရပြီး ခံစားချက်အပြည့်နှင့်ကြိုဆိုလိုက်မိသည် “ အိမ်တော်သခင်…”


ဖုန့်ယဲ့မှ မျက်မှောင်ကြုတ်ကာ လင်းထံကြည့်လာသည် “ လင်း ဘာလို့သည်လိုဖြစ်နေတာလဲ…”


လင်း သူစိတ်ကူးယဉ်မျက်ရည်များကိုပင် သုတ်လိုက်မိသည် “ အိမ်တော်သခင် ဝိညာဉ်ကလန်အကြီးအကဲက စောင့်နေတာအချိန်အတော်ကြာနေပါပြီ…”


ဖုန့်ယဲ့ အနည်းငယ်မျှ ခေါင်းညိတ်ပြလိုက်ပြီးနောက် အထဲသို့ လျှောက်လာလိုက်သည်။ လင်းသည်လည်း အနောက်မှအမြန်လိုက်ကာ မေးလိုက်ရသည် “ အိမ်တော်သခင် အချိန်ကနောက်ကျနေပါပြီ … ဘယ်ကိုသွားခဲ့တာပါလဲ…”


“ စားဖို့သွားခဲ့တာ…” ဖုန့်ယဲ့မှ ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလာသည်။


လင်း၏မျက်လုံးများ ပြူးကျယ်သွားရသည် “ ဒါပေမယ့် အိမ်တော်သခင် ကျွန်တော် ဒီနေ့အတွက် သခင်လိုချင်တဲ့ ကြက်သားတုံးကြော်အစပ်နဲ့ ဝက်သားမွှကြော်ကို ဝယ်ပေးခဲ့ပြီးပြီလေ…”


ဖုန့်ယဲ့ ရပ်ကာ လင်းထံကြည့်လိုက်သည် “ မင်းက အရမ်းနှေးလွန်းတယ်…” ထိုဆိုင်တွင် ရွေးချယ်ရန်အလွန်နည်းပါးပြီး သူသာကိုယ်တိုင်မသွားခဲ့ပါက မယုံလောက်အောင်အရသာရှိသည့် စွပ်ပြုတ်ရည်ကို မည်သို့မြည်းနိုင်ပါမည်နည်း။


“ အခုချိန်ကစပြီး မင်းငါ့အတွက်သွားဝယ်ပေးဖို့ မလိုတော့ဘူး… ငါ့ဘာသာပဲသွားလိုက်မယ်… ပြီးတော့ ငါ့အတွက် ဒင်္ဂါးတစ်သောင်းပဲပါတဲ့ကဒ်တစ်ကဒ် ကြိုပြင်ထားပေးပါ….”


လျှောက်သွားပြီဖြစ်သော အိမ်တော်သခင်၏ပုံရိပ်ကိုကြည့်ကာ လင်းတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားသွားရသည်။ သူကအရမ်းနှေးတယ်လား… သူကအရမ်းနှေးတယ်တဲ့။


လောကသုံးထောင်တွင် အမြန်နှုန်းကြောင့် လူသိများသည့် မိုးကြိုးငှက်တစ်ကောင်ဖြစ်သောသူက အိမ်တော်သခင်ဆီကနေ သူ့အမြန်နှုန်းကြောင့် ဝေဖန်ခံလိုက်ရတယ်တဲ့လား….


🥘