Chapter 20
Viewers 2k

🥘Chapter 20



နောက်တစ်နေ့တွင် ဖုန့်ယဲ့တစ်ယောက် အမှန်တကယ်ပင် အချိန်အာကာသဒင်္ဂါးတစ်သောင်းပါသောကဒ်ဖြင့် ရောက်ချလာမည်ဟု ပိုင်ရှန်းကျစ် ထင်မထားမိခဲ့ပေ။


ထိုအချိန်တွင် ညနေခြောက်နာရီခန့်ရှိပြီဖြစ်သောကြောင့် ဆိုင်ထဲတွင် လူများအပြည့်ဖြစ်နေပြီး နေရာအလုံအလောက်မရှိသည့်အတွက် ပါဆယ်မှာယူသူများဖြင့် လူရှုပ်နေခဲ့သည်။


သူအရှေ့မှသက်ဝင်‌လှုပ်ရှားနေသည့်မြင်ကွင်းကြောင့် ဖုန့်ယဲ့အံ့ဩသွားပုံပင်။ ဆိုင်အတွင်းသို့ တည်ငြိမ်စွာမဝင်လာခင်အထိ တန်းစီနေသည့်အနောက်တွင်ရပ်ကာ အဝင်နားတွင်တန့်သွားခဲ့သည်။


ဖုန့်ယဲ့၏ ငွေမှင်ရောင်ဆံပင်ရှည်ရှည်၊ ခန့်ညားသောရုပ်ရည်နှင့် ဟိတ်ဟန်ရှိပုံတို့မှာ ဆိုင်ထဲရှိအခြားသောစားသုံးသူများကို ဖမ်းစားနိုင်သွားသည်ပုံပင်။ ထိုသူတို့မှာ စတင်ဆွေးနွေးလာကြသည်။


“ ဝိုးးး သူကအရမ်းချောတာပဲ… ငွေရောင်ဆံပင်နဲ့ဆိုတော့ တော်ဝင်မျိုးနွယ်မဟုတ်ဘူးလား…”


“ မဖြစ်နိုင်တာ…သည်လောက်မြင့်တဲ့တော်ဝင်မျိုးနွယ်ဝင်က ဒီဆိုင်လေးလောက်မှာ လာစားပါ့မလားဟဲ့…”


“ အတွေးတိမ်တဲ့မိန်းမတွေများ အမြဲတမ်း ကြည့်ကောင်းပြီး ငွေရောင်ဆံပင်ရှိတဲ့သူကိုတွေ့တာနဲ့ တော်ဝင်နတ်ဘုရားမျိုးနွယ်လို့သတ်မှတ်ပြီး အတင်းကိုအာရုံစိုက်ခံရအောင် လုပ်တော့တာပဲ…လောကသုံးထောင်အတွင်းမှာ ဆံပင်ငွေရောင်ရှိတဲ့မျိုးနွယ်တွေ အများကြီးရှိတာမသိကြဘူးလား…”


“ ငါကြားဖူးတာတော့ သုံးထောင်စား‌တော်ဆက်ရဲ့နောက်ကွယ်မှာ နတ်ဘုရားတွေရှိနေတာတဲ့… သည်နေရာမှာသာ နတ်ဘုရားတစ်ပါးပေါ်လာခဲ့ရင် အံ့ဩစရာမကောင်းနိုင်ဘူးလား…”


“ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ… တကယ်လို့သာ သုံးထောင်စားတော်ဆက်ကို နတ်ဘုရားတွေဖွင့်ထားဆိုရင် သည်လိုဟင်းပွဲတွေကို ကြိုက်သလိုအချိန်တိုင်းစားနေနိုင်မှာမဟုတ်ဘူးလား…ဘယ်လို့သူက ဒီလာစားမှာလဲ…”


“ အဓိပ္ပါယ်တော့ရှိသား… ဘာပဲဖြစ်ဖြစ် အဲ့သည့်ကောင်‌လေးက တကယ်ကြည့်ကောင်းတာနော်… တော်ဝင်မျိုးနွယ်မဟုတ်ရင်တောင်မှ ငါသူ့ကိုသဘောကျနေဦးမှာပဲ…”


“ ဘယ်လိုတောင်အတွေးတိမ်တာလဲ…”


“ အချစ်ရူးတွေများ…”


“ ဟမ့်…”


ပိုင်ရှန်းကျစ်မှာမူ မီးဖိုချောင်ထဲတွင် နားချိန်ပင်မရှိဘဲ ဆက်တိုက်အလုပ်ရှုပ်နေရပြီး ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပေါက်လာရန်ကိုပင် တောင်းဆိုနေမိသည်။ ဟင်းပွဲများလိုက်ချပေးနေသည့် အချိန်တိုလေးအတွင်း ထိုစကားဝိုင်းကိုကြားလိုက်ရသောကြောင့် လှမ်းကြည့်လိုက်ရာ လူတန်း၏အဆုံးတွင် ဖုန့်ယဲ့ရပ်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် ခေါင်းပြန်ငုံ့ကာ အလုပ်ပြန်လုပ်လိုက်ပါသည်။


ရင်းနှီးနေတာကြောင့် အထူးတလည် ဆက်ဆံပေးရမှာလား…


မဖြစ်နိုင်တာတွေ…


အကယ်၍သာ ရင်းနှီးမှုအကြောင်း ပြောဆိုရမည်ဆိုလျှင် တန်းစီနေသည့်လိုင်းအတွင်းမှ လူအချို့မှာ ဆိုင်သို့နေ့စဉ်နေ့တိုင်းလိုလို လာစားနေကြသူများဖြစ်ပြီး ပိုင်ရှန်းကျစ် သူတို့နှင့်အတော်အတန်ရင်းနှီးနေခဲ့သည်။ ဖုန့်ယဲ့မှာမူ သည်အတိုင်း အကြိမ်အနည်းငယ်သာဆုံဖူးသော ဖုန့်ပေါင်အာနှင့် ဖုန့်ပေအာတို့၏ဦးလေးသာဖြစ်လေရာ ဤသည်မှာအကုန်ပင်။


မည်သို့ပင်ဆိုစေကာမူ လာမည့်အနာဂတ်တွင် ဖုန့်ယဲ့မှာ ဆိုင်၏အကြီးဆုံးဖောက်သည် ဖြစ်လာပေလိမ့်မည်။


အရှေ့ဘက်ရှိလူတိုင်း ဟင်းပွဲကိုယ်စီရသွားသည့်အချိန်မှသာ အကြီးမားဆုံးဖောက်သည်ဖြစ်လာမည့် ဖုန့်ယဲ့တစ်ယောက် ပိုင်ရှန်းကျစ်ကို တွေ့နိုင်ခဲ့သည်။ ပိုင်ရှန်းကျစ်မှာ ခေါင်းကိုငုံ့လျက် မီး‌ဖိုချောင်အတွင်း အိုးများကိုဆေးကြောနေသည်။ သူ၏နဖူးနှင့်လည်ပင်းပေါ်တွင် ပုတီးစေ့ခန့်ချွေးသီးချွေးပေါက်များဖြင့် ရွှဲနစ်နေသောကြောင့် ပိုင်ရှန်းကျစ် လက်ကောက်ဝတ်ကိုမြောက်ကာ နဖူးပေါ်မှချွေးများကို သုတ်ရင်းပြောလိုက်သည် “ ဘာများသုံးဆောင်ချင်ပါသလဲ…”


ဖုန့်ယဲ့ ထိုရှုထောင့်မှပင် ပိုင်ရှန်းကျစ်ကိုစိုက်ကြည့်ကာ ပြောလိုက်သည် “ ဥထမင်းကြော်နဲ့ မုန်လာချဉ်ဝက်သားဟင်းရည်…”


“ ကောင်းပြီ ခဏလောက်စောင့်ပေးပါ…”


မိနစ်နှစ်ဆယ်ကြာပြီးနောက် ရွှေရောင်ဥထမင်းကြော်ပန်းကန်နှင့် အဆီတဝင်းဝင်း မုန်လာချဉ်ဝက်သားဟင်းရည်ပန်းကန်တို့မှာ ဖုန့်ယဲ့၏အရှေ့တွင်ရောက်လာခဲ့သည်။ ဖုန့်ယဲ့ ကျေးဇူးတင်ကြောင်းပြောကာ ဟင်းပွဲများကိုယူ၍ စားပွဲတစ်လုံးရှာလိုက်ပြီး ထိုင်စားလိုက်သည်။


ပိုင်ရှန်းကျစ် အဆုံးမှသာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့သည်။ ဆိုင်ထဲရှိဧည့်သည်များကို ဟင်းပွဲများချပေးလိုက်နောက် အပေါ်ထပ်သို့အပြေးတက်ကာ မျက်နှာအမြန်သစ်၍ စားသောက်ခန်းစီသို့ စားပြီးသားပန်းကန်များဆေးရန် ပြန်ဆင်းလာလိုက်သည်။ ခဏအကြာတွင် ဧည့်သည်များထပ်ရောက်လာခြင်းကြောင့် ဆက်လက်ကြိုဆိုလိုက်ရကာ ည ကိုးနာရီခွဲအချိန် သူ စားသောက်ခန်းထဲသို့ ပြန်ဝင်လာစဉ် ဖုန့်ယဲ့မှာထိုင်နေသေးသည်ကို မြင်လိုက်ရသည်။


ပိုင်ရှန်းကျစ် : “.....”


သူ လျှောက်လာကာ မေးလိုက်သည် “ လူကြီးမင်းဖုန့် ကျွန်တော်ကူညီနိုင်တာများ ရှိမလားဗျ…” ပြောပြီးသည်နှင့် ပိုင်ရှန်းကျစ် ထိုငွေရောင်ဆံပင်နှင့်အမျိုးသား၏အရှေ့မှ ပြောင်ရှင်းသော ပန်းကန်ပြားနှင့်ဟင်းပန်းကန်လုံးကို လှမ်းကြည့်လိုက်သည်။


ဖုန့်ယဲ့ ကဒ်တစ်ကဒ်ထုတ်ကာ စားပွဲပေါ်တွင်တင်ပေးလိုက်သည်။


“ ဘာလဲမသိဘူး…” ပိုင်ရှန်းကျစ် မေးလိုက်မိသည်။


ဖုန့်ယဲ့မှ ပြန်ဖြေလာခဲ့သည် “ အချိန်အာကာသဒင်္ဂါးတစ်သောင်း… သည်နေ့အတွက်ကို အဲ့ကနေနှုတ်လိုက်ပါ…”


ယမန်နေ့မှပြောခဲ့သော ငွေကြိုရှင်းမည့်အရာဖြစ်ကြောင်း နားလည်သွားသောကြောင့် ပိုင်ရှန်းကျစ် သူ၏အေပရွန်မှ စာအုပ်လေးတစ်အုပ်ထုတ်ကာ ချရေးထားလိုက်သည်။


စက်တင်ဘာ ၁၁ရက်၊ လူကြီးမင်းဖုန့်မှ အချိန်အာကာသဒင်္ဂါးတစ်သောင်း ကြိုသွင်းခဲ့ပါတယ်။


စက်တင်ဘာ ၁၁ရက်အတွက် အသုံးစရိတ် : ဥထမင်းကြော်တစ်ပွဲ (၂၀) ၊ မုန်လာချဉ်ဝက်သားဟင်းရည်တစ်ပွဲ (၄၅) ၊ ကျသင့်ငွေ အချိန်အာကာသဒင်္ဂါး ၆၅ပြား ၊ ကျန်ငွေ : ၉၉၃၅ပြား


ပိုင်ရှန်းကျစ် မှတ်စုစာအုပ်ကို ဖုန့်ယဲ့၏အရှေ့သို့ထိုးပေးလိုက်ပြီး ပြောလိုက်သည် “ ကျေးဇူးပြုပြီး အတည်ပြုပေးပါ…”


ဖုန့်ယဲ့မှ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြကာ ထရပ်လိုက်သည် “ ကဒ်ထဲကပါဝင်ငွေကိုကော အတည်ပြုပေးဖို့ မလိုဘူးလား…”


ပိုင်ရှန်းကျစ် ခေါင်းရှုပ်သွားရသောကြောင့် ကိုယ့်နဖူးကိုယ်သာ ရိုက်လိုက်မိသည်။ သူ အဝင်ဝစီသို့သွား၍ ငွေလဲလှယ်သည့်စက်ကိုထုတ်လာကာ ဖောက်ထွင်းမြင်နေရသောကဒ်ကို စိုက်လိုက်ချိန် ကဒ်ထဲရှိပါဝင်ငွေကို ပြလာခဲ့ပြီး ၎င်းမှာ အချိန်အာကာသဒင်္ဂါးပြားတစ်သောင်းဖြစ်ကာ မပိုသလို မလျော့နေချေ။


ထို့နောက်တွင် ဆိုင်ထဲတွင် လူပြန်ကျလာသောကြောင့် ပိုင်ရှန်းကျစ် ကမန်းကတန်း သွားရောက်လုပ်ကိုင်ပေးလိုက်ရပြီး သူ၏အလုပ်များအားလုံးပြီးသွားချိန်မှသာ ဖုန့်ယဲ့ပြန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။


ညအချိန်တွင် ပိုင်ရှန်းကျစ် ဆေးကြောပြီးနောက် အိပ်ရာပေါ်တွင်လဲကာ ဆက်သွယ်ရေးစက်ဖြင့် ဟိုကြည့်သည်ကြည့်လုပ်နေမိသည်။ ဤအချိန်၌ ပိုင်ရှန်းကျစ် သွေးကလန်ကွန်ယက်ကိုဖွင့်ကာ အစပ်သွေးဟော့ပေါ့အကြောင်းသတင်းများ တရိပ်ရိပ်မြင့်တက်လာသည်ကို ကြည့်ရင်းဖြင့် တစ်ဦးတည်းအူမြူးနေခဲ့သည်။ ၎င်းမှာ သူ့အား ကျေနပ်အားရသွားစေကာ မ‌အောင့်နိုင်တော့ဘဲ တစ်လလျှင်မည်မျှရလာနိုင်မည်ကို တွက်ချက်နေ‌မိစေသည်။


ဆိုဖီသည်လည်း အစပ်သွေးဟော့ပေါ့အတွက် တူညီသောမျှော်လင့်ချက်များ ရှိနေခဲ့သည်။ သူမ၏အကြီးမားဆုံးလှုံ့ဆော်ပေးမှုမှာ သွေးအိတ်များကိုပိုမိုကောက်ယူပြီး အစပ်သွေးဟော့ပေါ့ဆိုင်၌ တဝကြီးစားနိုင်ရန်ပင်။


ယခုအချိန်၌ ဆိုဖီမှာ သွေးကလန်၏အနောက်ဘက်နယ်မြေရှိ အခြားသောအဆင့်နိမ်သွေးစုပ်ဖုတ်ကောင်များနှင့်အတူ အစပ်သွေးဟော့ပေါ့ဆိုင်တွင် ဖောက်သည်ဖြစ်နေခဲ့လေပြီ။ သူမတို့ကဲ့သို့ အဆင့်နိမ့်သွေးကလန်များအတွက် အစပ်သွေးဟော့ပေါ့ဆိုင်မှာ ဈေးသက်သာပြီးအရသာရှိသောအစားအစာကို ပေးစွမ်းနိုင်လေရာ ၎င်း၏တည်ရှိမှုသည် သူတို့ဘဝ၏အသက်ဆက်ရှင်ရန် အကြောင်းရင်းဖြစ်သည်ဟု ပြောမည်ဆိုပါက ချဲ့ကားခြင်းမဟုတ်နိုင်ပေ။


အမှန်စင်စစ်ကိုပင် အဆင့်နိမ့်သွေးကလန်များတွင် အသက်ရှင်သန်လိုစိတ် များစွာမရှိကြချေ။ သူတို့၏မျက်လုံးထဲတွင် သွေးမျိုးဆက်သည်သာ အရာအားလုံးကို ကိုယ်စားပြုနေသောကြောင့် ဤသို့နိမ့်ကျသည့်သွေးမျိုးဆက်ဖြင့် ဘဝတစ်သက်လုံးတွင် အခြားသူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်းဖြင့် မည်သည့်အခါမှ ဆန္ဒပြည့်သည်အထိ စားနိုင်ကြမည်မဟုတ်ဟု တွေးထင်နေကြသည်။


သည့်အတွက်ကြောင့် အနောက်ဘက်နယ်မြေ၏ သတ်သေနှုန်းမှာ အမြဲလိုမြင့်မားနေခဲ့သည်။ သို့သော်လည်း လက်ရှိနေ့များအတွင်း သတ်သေနှုန်းမှာ ကြောက်ခမန်းလိလိကျဆင်းသွားရကာ ၎င်း၏အဓိကအကြောင်းရင်းမှာ အစပ်သွေးဟော့ပေါ့ကြောင့်ပင်ဖြစ်သည်။


ထိုမျှအရသာရှိသည့်အစားအစာကို နေ့စဉ်နေ့တိုင်း ဗိုက်ပြည့်သည်အထိ စားနိုင်မည်ဆိုပါက မည်သူကသတ်သေချင်ပါတော့မည်နည်း။


ထို့ထက်ပိုသည်မှာ အစပ်သွေးဟော့ပေါ့ဆိုင်မှ အဆင့်မြင့်သွေးကလန်အချို့ကိုပါ ဆွဲဆောင်နိုင်ခဲ့ခြင်းကြောင့် အဆင့်နိမ့်သွေးကလန်များ၏ ဂုဏ်ယူလိုစိတ်ကို ကျေနပ်သွားစေသည်။ အဆုံး၌ သူတို့သည်လည်း အဆင့်မြင့်သွေးကလန်များနှင့် စားသောက်ဆိုင်တစ်ဆိုင်တည်း စားခဲ့ကြသည်ဟု ပျော်ပျော်ကြီးပြောနိုင်တော့မည်ဖြစ်သည်။


အနှီသေးငယ်သည့် အစပ်သွေးဟော့ပေါ့ဆိုင်လေးမှ မသိလိုက်မသိဘာသာဖြင့် အဆင့်မြင့်နှင့်အဆင့်နိမ့်သွေးကလန်များအကြား ကွာဟချက်များကို ချုံ့ပေးနိုင်ခဲ့သည်။ ဆက်လက်ထိတွေ့ဆက်ဆံမှုများဖြင့် သွေးကလန်များအကြားမှာ ရာထူးခွဲခြားထားမှုများတွင် အပြောင်းအလဲအချို့ပေါ်လာခဲ့သည်။ ၎င်းတို့မှာ သေးငယ်သောပြောင်းလဲမှုသာ ဖြစ်နေသည့်တိုင် မီးပွားလေးတစ်ခုသည်လည်း မီးတောက်ကြီးဖြစ်လာစေသောကြောင့် မျိုးစေ့ချလိုက်သည်နှင့် သူ၏အစီအစဉ်မှာ ချောချောမွေ့မွေ့နှင့် တဖြည်းဖြည်းအကောင်အထည်ပေါ်လာမည်ဟု လန့်စ် ယုံကြည်ချက်ရှိခဲ့သည်။


လက်ရှိသို့ပြန်လာရမည်ဆိုလျှင် ထိုနေ့တွင် ဆိုဖီ သွေးအိတ်များကောက်ယူခြင်းဖြင့်  အချိန်အာကာသဒင်္ဂါးတစ်ဆယ့်နှစ်ပြားရခဲ့ပြီး သူမအတွက် သေးငယ်သောကံကောင်းမှုဟုပင် ခေါ်ဆိုနိုင်သည်။ ဆိုဖီတစ်ယောက် အစပ်သွေးဟော့ပေါ့ဆိုင်အတွင်းသို့ စိတ်လှုပ်ရှားစွာ ဝင်သွားလိုက်ချိန်တွင် ဖျော့တော့သော အစပ်သွေးဟော့ပေါ့၏မွှေးရနံ့မှာ ဆိုင်ထဲတွင် ပြည့်နေခဲ့သည်။ အနံ့ခံမိရုံနှင့်ပင် သူမပါးစပ်မှာ စတင်၍စိုလာခဲ့လေပြီ။


သူမ ကျွမ်းကျွမ်းကျင်ကျင်ဖြင့် အော်ဒါမှာယူကာ စားပွဲတစ်လုံးရှာ၍ ထိုင်လိုက်သည်။ ယနေ့၏ဆိုဖီမှာ ယခင်ရက်အနည်းငယ်ခန့်မှ ဆိုင်သို့လာခဲ့သည့် ရှက်ကြောက်နေရသော ဆိုဖီမဟုတ်တော့ချေ။


အစပ်သွေးဟော့ပေါ့ရောက်လာသည်နှင့် တူများကိုယူကာ သူမ၏ဟင်းပွဲကိုစတင်စားလိုက်သည်။ တဝက်ခန့်စားပြီးချိန်၌ ဖျော့တော့သောဆံပင်ရှိသည့် အဆင့်မြင့်သွေးကလန်သား အတွဲတစ်တွဲဆိုင်ထဲသို့ဝင်လာပြီး အဆင့်မြင့်သွေးကလန်သားများ၏ ဖိနှိပ်နိုင်သောအော်ရာကို ခံစားလိုက်ကြရသည်။


“ ဘယ်လိုလုပ်ပြီး သည်မှာ အဆင့်နိမ့်သွေးကလန်သားတွေ ရှိနေရတာလဲ…”


“ အချစ်ရယ် စိတ်မရှိပါနဲ့…သည်ဆိုင်ကို ဘယ်အဆင့်ဖြစ်ဖြစ် လာစားနိုင်မယ်လို့ မင်းသားကိုယ်တိုင်ထုတ်ပြန်ထားတာပဲလေ…အဆင့်နိမ့်သွေးကလန်သားတွေရဲ့တည်ရှိမှုကို မင်းသားလန့်စ်ကတောင် သည်းခံနိုင်ခဲ့တာပဲဟာ…”


မင်းသား၏အမည်ထွက်ပေါ်လာသောကြောင့် မကျေမနပ်ဖြစ်နေသည့် အဆင့်မြင့်သွေးကလန်မှ အမျိုးသမီးသည် ဆက်ပြောနေခြင်းမရှိတော့ချေ။ ထိုသူနှစ်ဦးမှာ ဆိုဖီနှင့်မလှမ်းမကမ်းရှိ စားပွဲတစ်ခုတွင် နေရာရသွားခဲ့သည်။ ဆိုဖီမှာမူ ခေါင်းကိုငုံ့ကာသာထားခဲ့ပြီး အလောတကြီးစားနေသည်မှာ “ သည်တူတွေက သုံးရတာခက်လိုက်တာ… ဒီဆိုင်မှာဇွန်းမရှိဘူးလား…” ဟူသည့်အသံမထွက်လာခင်အထိပင်။


“ မဒမ် အစပ်‌သွေးဟော့ပေါ့ရဲ့ဟင်းရည်က စပ်တာမလို့ ဇွန်းတွေနဲ့ဆိုရင် ဟင်းရည်ကိုမစစ်ပေးနိုင်လို့ပါ…”


“ ဘယ်လိုတောင်စိတ်ရှုပ်ဖို့ကောင်းတာလဲ… မင်းတူသုံးတတ်လား… ဘယ်လိုသုံးရလဲဆိုတာ နည်းနည်းပြောပြပေးစမ်းပါ…”


စားပွဲထိုးမှာ အခက်အခဲတွေ့နေဟန်ရကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်မိသည် “ မဒမ် ကျ ကျွန်တော်လည်း တူဘယ်လိုသုံးရလဲဆိုတာ မ မသိပါဘူး…”


အဆင့်မြင့်သွေးကလန်သား အမျိုးသမီးမှ သရော်လိုက်သည် “ ဘယ်လိုနေရာမျိုးပါလိမ့်… သူတို့မှာအခြေခံအကျဆုံး ဝန်ဆောင်မှုတောင်မရှိဘူးတဲ့လား…”


အဆင့်မြင့်သွေးကလန်သား အမျိုးသားမှ သူမကိုအမြန်ချော့မော့လိုက်သည် “ အချစ်ရယ် စိတ်မပူပါနဲ့…” ထို့နောက် စားပွဲထိုးဘက်သို့လှည့်ကာ အေးစက်နေသည့်အမူအရာဖြင့် ပြောလိုက်လေသည် “ သွား တူသုံးတတ်တဲ့လူတစ်ယောက် သွားရှာလိုက်…”


ဆိုဖီ အံတင်းတင်းကြိတ်ကာ ရဲရင့်စွာဝင်ကူလိုက်မိသည် “ ခွင့် ခွင့်ပြုပါ.. ကျ ကျွန်မတူသုံးနိုင်ပါတယ်…”


အဆင့်မြင့်သွေးကလန်သားနှစ်ဦးမှ သူမထံစိုက်ကြည့်လာကြသောကြောင့် ဆိုဖီ ထိုသူတို့၏အကြည့်အောက်တွင် တုန်ပင်တုန်သွားရသည်။


“ ကောင်းပြီလေ… တူဘယ်လိုသုံးရတယ်ဆိုတာ မင်းငါတို့ကိုပြပေးလို့ရပါတယ်…”


ဆိုဖီ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လျှောက်လာခဲ့ပြီး သူမ၏မျက်လုံးများကို တူများပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။ ထို့နောက် အသံထဲမှ တုန်ယင်နေခြင်းကို ဖိနှိပ်ကာပြောလိုက်သည်


 “ လူကြီးမင်းတို့ တူတွေက သည်လိုမျိုး..”


အစပ်သွေးဟော့ပေါ့စားရန် အဆင့်မြင့်သွေးကလန်သားနှစ်ဦး တူကိုကျွမ်းကျင်စွာသုံးတတ်သွားသည်နှင့် ဆိုဖီ သူမ၏တာဝန်ပြီးဆုံးသွားသည့်အတွက် ပြန်လာခဲ့လိုက်သည်။ ထို့နောက် လက်ရှိတွင်အေးနေပြီဖြစ်သည့် သူမ၏အစပ်သွေးဟော့ပေါ့လက်ကျန်ကို ဆက်လက်စားလိုက်ပြီး အ‌ဆုံး၌ ပြည့်တင်းသွားသောဗိုက်ကို ထိန်းကိုင်ကာ အနောက်ဘက်နယ်မြေသို့ပြန်ရန် ဆိုင်အပြင်သို့ထွက်လာမည်အပြုတွင် တားဆီးခံလိုက်ရသည်။


“ သည်က ဆံပင်အနက် မျက်လုံးအနက်နဲ့ မိန်းကလေး…”


ဆိုဖီ ပြန်လှည့်ကြည့်လိုက်ရာ ခဲရောင်ဆံပင်များရှိသည့် အမျိုးသားတစ်ဦး သူမရှိရာသို့လျှောက်လာသည်ကို မြင်လိုက်ရသည်။ ထိုသူမှာ အစပ်သွေးဟော့ပေါ့ဆိုင်မှ မန်နေဂျာဖြစ်ကြောင်းမှတ်မိသွားသောကြောင့် သူမမေးလိုက်သည်


 “ ဟုတ်ကဲ့ ဘာများကူညီရမလဲမသိဘူး…”


မန်နေဂျာမှ သူမအနားသို့ကပ်ကာ ပြုံးလျက်ပြောလာသည် “ မင်းသည်နေ့ အဆင့်မြင့်သွေးကလန်သားနှစ်ဦးကို တူသုံးနည်းနဲ့ပတ်သက်ပြီး ကူပေးလိုက်တာ မြင်မိလို့လေ…”


“ ဟုတ်ကဲ့ တောင်းပန်ပါတယ်… ကျွန်မ ဝင်ပါမိသွားပါတယ်…” ‌‌


ဆိုဖီ၏မျက်နှာမှာ ဖျော့တော့သွားရသည်။ အဆင့်နိမ့်သွေးကလန်သားတစ်ယောက်အနေနှင့် သူမ၏တည်ရှိမှုကို အဆင့်မြင့်သွေးကလန်သားများအရှေ့တွင် ဖော်ပြမိခြင်းမှာ အခြားသော အဆင့်နိမ့်သွေးကလန်သားများထံမှ မကျေနပ်မှုများကို မလွဲမသွေရနိုင်သည်။


မန်နေဂျာမှလက်ကိုယမ်းကာပြောလာသည် “ ငါက မင်းကိုအပြစ်တင်မလို့မဟုတ်ပါဘူး… ကောင်းကောင်းလုပ်ခဲ့တာကိုပဲ သတိထားမိလိုက်လို့ပါ…တကယ်လို့အဆင်ပြေမယ်ဆိုရင် ငါတို့ဆိုင်မှာ စားပွဲထိုးအနေနဲ့လုပ်ဖို့ စိတ်ဝင်စားလားမသိဘူး…”


ဆိုဖီ၏မျက်လုံးများ ပြူးကျယ်သွားရကာ သူမကြားခဲ့သည်ကို မယုံနိုင်ဖြစ်နေခဲ့သည်။ သူမကိုယ်သူမ လက်ညှိုးထိုးပြီး “ ကျွန်မကလား…” ဟုပင် မေးနေမိလေသည်။


မန်နေဂျာမှ ခေါင်းညိတ်ပြလာသည် “ ဟုတ်ပါတယ်…”


ထိတ်လန့်နေသေးသော ဆိုဖီမှ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်မိသည် “ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ကျွန်မက အဆင့်နိမ့်သွေးကလန်သားလေ… ဆံပင်နဲ့မျက်လုံးတွေကိုပဲ ကြည့်ပါဦး…”


မန်နေဂျာမှ ပြုံးပြလာသည် “ အဆင်ပြေပါတယ်… အစပ်သွေးဟော့ပေါ့ဆိုင်က စားပွဲထိုးတွေကို သွေးမျိုးဆက်နဲ့ အကဲဖြတ်တာမဟုတ်ပါဘူး… သည်ဟာက မင်းသားဆီကအမိန့်ပါ…”


ပါးစပ်ကိုအုပ်ကိုင်ရင်းဖြင့် ဆိုဖီမျက်ရည်များကျဆင်းလာရကာ စကားပင်မပီတော့ပေ “ မင်း မင်းသားက မင်းသားကလား… ကျွန်မဆန္ဒရှိပါတယ်… ဆန္ဒရှိပါတယ်…”


မန်နေဂျာ၏မျက်လုံးများမှာ ဝမ်းသာသွားမှုကြောင့် တောက်ပလာသည် “ ကောင်းပါပြီ သည်လိုဆိုရင် မင်းမနက်ဖြန်ကစပြီးအလုပ်လာဆင်းနိုင်ပါတယ်…”


ဆိုဖီ ခေါင်းတဆတ်ဆတ်ညိတ်နေမိသည် “ ဟုတ်ကဲ့…”


*****


သားရဲကမ္ဘာ…


အချိန်လဟိုတယ်‌တွင်…


“ မန်နေဂျာ ကျွန်တော်တို့ သည်နေ့တွေအတွင်း စားသုံးသူတွေပိုနည်းလာတယ်…”


“ ဘယ်လိုဖြစ်တာလဲ…”


“ ကျွန်တော်လိုက်မေးကြည့်လိုက်တော့ သူတို့ပြောတာက ကျွန်တော်တို့ဆီကဟင်းတွေက သုံးထောင်စားတော်ဆက်ကို မယှဉ်နိုင်ဘူးတဲ့…တချို့ဆိုရင် ကျွန်တော့်တို့ရဲ့ဟင်းပွဲအသစ်တွေက သုံးထောင်စားတော်ဆက်ကို တုပထားပေမယ့် အနှစ်သာရကိုမဆုပ်ကိုင်ဘဲ အရသာကလည်းဆိုးတယ်လို့ ပြောသွားကြသေးတယ်…”


အမြဲလိုလူပြည့်နေတတ်သည့် စားသောက်ဆိုင်ကိုကြည့်ကာ မန်နေဂျာမှဒေါသတကြီးပြောလာသည် “ ရီစရာကောင်းလိုက်တာ… ငါတို့အချိန်လဟိုတယ်က ဘာလို့သူတို့ကိုတုပရမှာလဲ…ပြီးတော့ သည်ဟင်းလျာလေးနည်းနည်းလောက်က သုံးထောင်စားတော်ဆက်ပဲပိုင်တာမလို့လား… ငါတို့ကောချက်လို့မရဘူးလား..

ဒါ့အပြင် သည်ဟင်းတွေကို သုံးထောင်စားတော်ဆက်ပိုင်ရှင် ဖန်တီးထားတာမှမဟုတ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး တုပတယ်လို့ပြောလို့ရမှာလဲ…”


အခြေအနေကို တင်ပြနေသည့်လူမှ အသံနှိမ့်၍ပြောလိုက်မိသည် “ မန်နေဂျာ သည်ဟင်းတွေကို သုံးထောင်စားတော်ဆက်က ဖန်တီးထားတာမဟုတ်ဘူးဆိုတာ ဘယ်လိုသိတာလဲ… ကျွန်တော်အွန်လိုင်းမှာတွေ့တာတော့ သုံးထောင်စားတော်ဆက်က လွန်ခဲ့တဲ့လတွေထဲက စရောင်းနေတာတဲ့…”


မန်နေဂျာမှာ အသာအယာပြုံးနေခဲ့သည် ။


“ သေချာပေါက် ငါသိတာပေါ့… ပြီးတော့ သည်ကပ်ဘေးက သုံးထောင်စားတော်ဆက်ပိုင်ရှင်ကြောင့် ပေါ်လာရတယ်ဆိုတာလည်း ငါဝိုးတိုးဝါးတားသိနေသေးတယ်… သူတို့တွေက သည်ဟင်းပွဲတွေကို ဘယ်သူတီထွင်လဲဆိုတာမသိဘဲနဲ့ အကုန်လိုက်ရောင်းနေကြတာလေ…”


မန်နေဂျာ၏အသံမှာပြောင်းလဲသွားပြီး အမိန့်တစ်ခုပေးလာသည်။


 “ သွားပြီး သုံးထောင်စားတော်ဆက်ပိုင်ရှင်ကိုဆက်သွယ်လိုက်… ချက်ချင်း သည်ဟင်းတွေရောင်းတာကိုရပ်ရင်ရပ်… မရပ်ရင် ငါတို့ကကိုင်တွယ်ရပါတော့မယ်လို့ပြောလိုက်…”


မန်နေဂျာ၏ယုံကြည်ချက်ရှိမှုကို မြင်နေရသူမှာ သုံးထောင်စားတော်ဆက်၏အရသာမှာ ပို၍စစ်မှန်ကြောင်း သူကိုယ်တိုင်သိနေရသော်လည်း စကားများများမပြောရဲဘဲ အမြန်သွား၍ ခိုင်းသည်ကိုသာလုပ်လိုက်ရလေသည်။


🥘