Chapter 22
Viewers 2k

🥘Chapter 22



သူ၏အနားမှ ထွန်ထွန်စက် ရုတ်တရက်မြည်လာသောအခါ ဖုန့်ယဲ့မှာ အလုပ်များလက်လက်စပင် ရှိသေးသည်။ သူကောက်ယူကာ ဖွင့်ကြည့်လိုက်ချိန်တွင် ဖုန့်ပေါင်အာနှင့်ဖုန့်ပေအာ မျက်နှာလေးများရုတ်တရက် ပေါ်လာသည်။ 


"ဦးဦး..." 


ဖုန့်ယဲ့ ကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။ 


"ဘာဖြစ်လို့လဲ..." 


ဖုန့်ပေါင်အာနှင့်ဖုန့်ပေအာ အကြည့်များ ဖလှယ်လိုက်ကြသည်။ 


"ဦးလေး အချိန်ရလား..." 


ဖုန့်ယဲ့ လုပ်လက်စကို ရပ်လိုက်၏။ 


"ဘာလို့? ဦးလေးကို လာကြိုခိုင်းမလို့လား..." 


ဖုန့်ပေါင်အာနှင့်ဖုန့်ပေအာ အမြန်ပင်ခေါင်းများယမ်းကြသည်။ 


"မဟုတ်ဘူး...မဟုတ်ပါဘူး..." 


"ဦးဦး ဟိုတစ်ခေါက်ကသားတို့ကို ခိုလှုံခွင့်ပေးတဲ့ သုံးထောင်စားတော်ဆက်ပိုင်ရှင်ကို မှတ်မိသေးလား..." 


ဖုန်းယဲ့ မျက်ခုံးပင့်သည်။ 


"မှတ်မိတယ်..." 


ဖု့န်ပေအာ ကလေးသံလေးနှင့် ပြောလာသည်။ 


"အစ်ကိုကျစ်ကျစ်က ဒုက္ခရောက်နေတယ်။ သားတို့ သူ့ကိုကူညီချင်တယ်..." 


ဖုန့်ပေါင်အာ ဖုန့်ပေအာ၏ပါးစပ်ကိုအမြန်ပိတ်ကာသူ့ကိုစိုက်ကြည့်လိုက်သည်။ ထို့နောက်သူ့ဦးဦးကိုရှက်ရွံ့မှုဖြင့်ကြည့်လာသည်။ 


"အချိန်လဟိုတယ်က သုံးထောင်စားတော်ဆက်ကို သူတို့ဟင်းပွဲတွေ လိုက်တုတယ်ဆိုပြီး စွပ်စွဲထားတာ အွန်လိုင်းမှာတွေ့ခဲ့တယ်။ ပိုင်းရှန်းကျစ်ကို အဲ့ဟင်းပွဲတွေမရောင်းဖို့တားပြီး ပြိုင်ပွဲစီစဥ်နေတယ်..." 


"...အရေးကြီးဆုံးကတော့ ပိုင်ရှန်းကျစ်က သုံးထောင်စားတော်ဆက်ကနေ မထွက်သွားနိုင်ဘူးလို့ ပြောတယ်။ ဒါပေမယ့်အချိန်လဟိုတယ်ဘက်က သုံးထောင်စားတော်ဆက်အပြင်ဘက်က ပြိုင်ပွဲနေရာကိုရွေးဖို့ တိုက်တွန်းနေတုန်းပဲ။ အရမ်း လွန်လွန်းတယ်..." 


ဖုန့်ပေအာ ကလေးသံလေးနှင့် ပြောသည်။ 


"အရမ်း မတရားတာပဲ..." 


"အစ်ကိုကျစ်ကျစ် ဒုက္ခရောက်နေတယ်။ ပြီးတော့သားတို့ သူ့ကိုကူပေးချင်တယ်..."


ဖုန့်ယဲ့စားပွဲကိုခေါက်ကာ သူတို့ကိုဆက်ပြောရန် ညွှန်ပြလေသည်။ 


ဖုန့်ပေါင်အာ ခေါင်းငုံ့ထားလိုက်သည်။ 


"သုံးထောင်စားတော်ဆက်ပိုင်ရှင်က အရင်က သားတို့ကို ကူညီဖူးတယ်။ ဒီတစ်ခါတော့ သူ့ကိုသားတို့ ပြန်ကူချင်တယ်။ ဒါပေမယ့် သားတို့မိဘတွေက အိမ်မှာပဲပိတ်ထားပြီး မထွက်သွားခိုင်းလို့လေ။ အဲ့တော့..." 


"...အဲ့တော့...ဦးဦး ပိုင်ရှန်းကျစ်ကို သားတို့အတွက် ကူပေးနိုင်မလား..." 


"ဦးငယ်လေး ကျေးဇူးပြုပြီး အစ်ကိုကြီးကျစ်ကျစ်ကို ကူပေးပါနော်..." 


"ဒါပေါ့..." 


ဖုန့်ယဲ့မျက်ဝန်းများတွင် အပြုံးတစ်ပွင့် သယ်ဆောင်လျက်ရှိသည်။ 


"ဒါပေမယ့် ကူညီဖို့ ဦးဦးကတိပေးပေမယ့် ဦဦးကိုကျတော့ ဘယ်လိုပြန်ဆပ်မှာလဲ..." 


"အာ..." 


ဖုန့်ယဲ့စကားဆက်သည်။ 


"ဒီမှာ အပေးအယူ။ ပေါင်အာက မှော်အနုပညာဆယ်ရပ် သင်ရမယ်။ ပေအာကတော့ စာလုံးကြီးဆယ်လုံး ရေးရမယ်..." 


"အာ...ဦးဦး..." 


"ဦးငယ်လေး မရေးချင်ဘူး..." 


******


ပိုင်ရှန်းကျစ် အိပ်ရာပေါ်တွင် မလှုပ်ချင်စွာ လှဲလှောင်းနေသည်။ မနက်ဖြန်သည် သူ အချိန်လဟိုတယ်နှင့် အသေအကြေပွဲရင်ဆိုင်ရမည့်နေပင်။ သို့သော်သူအချိန်လဟိုတယ်အား ဘယ်လိုသွားရမည်ကို မသိသေးပေ။ 


ယမန်နေ့က တစ်ကမ္ဘာမှတစ်ကမ္ဘာသို့ ဘယ်လိုခရီးထွက်ရကြောင်း တုလင်းလင်းအားပါးနပ်စွာ မေးကြည့်ပြီးဖြစ်၏။ တုလင်းလင်းက အာကာသကွဲကြောင်းကို ဖြတ်သွားနိုင်သည်ဟု ပြောလေသည်။ လုံလောက်သည့်အချိန်အာကာသစွမ်းအင်ပမာဏရှိနေသမျှ တစ်စုံတစ်ယောက်အနေနှင့် ကမ္ဘာများကြားအတားအဆီးများကို ဖြတ်ကျော်နိုင်သည်။ သုံးထောင်စားတော်ဆက်မှာ အာကာသကွဲကြောင်းအနီး ထူးခြားသောနေရာတွင်ရှိကြောင်း သူ ပြောဖူးသည်။ အခြားကမ္ဘာသို့သွားလိုလျှင် အချိန်အာကာသစွမ်းအင်ကို လုံလောက်စွာစုဆောင်းကာ ကမ္ဘာတစ်ခုမှအတားအဆီးကို ကျော်ဖြတ်ရုံသာဖြစ်သည်။ 


အချိန်အာကာသစွမ်းအင်...သုံးထောင်စားတော်ဆက်ရဲ့အခန်းလေးထဲကအစားအသောက်တွေမှာအဲ့ဒါပါနေတာမဟုတ်လား...အချိန်အာကာသစွမ်းအင်ပြည့်နေသည့် အစားအသောက်များကို သူအချိန်အတော်ကြာ စားနေပြီးဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်ထဲ၌အနည်းငယ်တော့ ရှိနိုင်သေးသည်...သို့သော်လည်း သူသုံးထောင်စားတော်ဆက်၏ ဂိတ်ဝမှထွက်လိုက်သည်နှင့် သူမြင်လိုက်ရသည်ကား ရင်းနှီးနေသည့်ဝူထုံလမ်းပင်။ 


ကျရှုံးမှု ...


နောက်ပိုင်းတွင် ပိုင်ရှန်းကျစ်တစ်ယောက် ထုံထုံကွန်ရက်တွင် အချိန်အတန်ကြာရှာပြီးနောက် ကမ္ဘာများကြား ခရီးသွားခြင်း၊ ကမ္ဘာများကြားခရီးထွက်ချိန်တွင် အချိန်အာကာသစွမ်းအင် မည်သို့ချွေတာရမည်၊ အချိန်အာကာသခရီးအတွက် နောက်ဆုံးပိုက်ဆံအား မည်သို့ချွေတာရမည်နှင့် အချိိန်အာကာသခရီးသွားနေစဥ် မည်သို့သော အရာများလုပ်နိုင်သည်စသည့် ဆွေးနွေးမှုများကို တွေ့ခဲ့၏။ 


မရေတွက်နိုင်လောက်သည်ထိ ထူးခြားဆန်းကြယ်သည့် ဆွေးနွေးမှုများစွာ ရှိနေသော်လည်း တခြားကမ္ဘာတစ်ခုသို့ အခြေခံကျကျဝင်ရောက်ခြင်းအတွက် ပြသနာကိုမူအမည်တပ်ထားခြင်း မရှိပေ။ 


ပိုင်ရှန်းကျစ် အနည်းငယ်စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။ အကယ်၍ မနက်ဖြန်တွင် သူ့အနေနှင့် ပြိုင်ပွဲတွင်မပြိုင်နိုင်ပါက သူ့ကိုလိပ်ပြာမလုံသူဟု ထင်ကြမည်မှာမလွဲပေ။ အတုအယောင်ဟု စွပ်စွဲမှုကိုလည်း အတည်ပြုပြီးဖြစ်ကာ သုံးထောင်စားတော်ဆက်၏ ဂုဏ်သတင်းသည်လည်းထိုးကျပေမည်။ ဤဆိုင်က အရသာပိုကောင်းကာ ဟင်းပွဲများပိုစုံလင်လျှင်တောင် အတုအယောင်ဆိုသည့်အစွန်းအထင်း၌ အမြဲကျန်ရစ်နေမည်ဖြစ်သည်။


စိတ်ပျက်မှုကိုခံစားနေလျက် သူထကာ လန်းဆန်းစေလိုက်သည်။ အောက်ထပ်တွင် သူ့အတွက်သူ ခေါက်ဆွဲတစ်ပန်းကန်လုပ်ကာ ထွန်ထွန်စက်ကိုဖွင့်ထားလိုက်သည်။ အလိုလိုသိစိတ်ဖြင့် သူappတစ်ခုကို ဖွင့်လိုက်ရာ သူ့ထံသို့သာစာတစ်စောင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ 


အချိန်လဟိုတယ်: အကြောင်းအမျိုးမျိုးကို ထည့်သွင်းစဥ်းစားပြီးနောက် ကျွန်တော်တို့ဟိုတယ်ဘက်က အာကာသအဖွဲ့ရဲ့ နောက်ဆုံးပေါ်သုတေသနနဲ့ တိုးတက်အောင်မြင်မှုဖြစ်တဲ့ 'အာကာသအစွန်းထပ်ကိရိယာ'ကို နေရာကျယ်ပြန့်ဖို့သုံးပြီး သုံးထောင်စားတော်ဆက်မှာ ပွဲလက်ခံကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်// အာကာသအဖွဲ့: ကျွန်တော်တို့အာကာသအဖွဲ့ရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်ကတော့ နေရာနှစ်ခုကိုထပ်ဖို့ နောက်ဆုံးပေါ်နည်းပညာကို သုံးထားပြီး လက်ရှိရှိနေတဲ့အာကာသပတ်ဝန်းကျင်နဲ့ အရွယ်အစားကိုတိုးစေနိုင်တဲ့ 'အာကာသအစွန်းထပ်ကိရိယာ' ဖြစ်ပါတယ်။ ဤအရာနှင့်ဆိုလျှင် နေရာမလုံလောက်မှုကြောင့် ရွေ့ပြောင်းခြင်း သို့မဟုတ် အိမ်နီးချင်းနှင့် မြေအတွက်ရန်ဖြစ်ခြင်းတို့ ထပ်မလိုတော့ပါ။ သင်လည်းရရှိဖို့ ထိုက်တန်ပါသည်...] 


ပိုင်ရှန်းကျစ်: [ထိတ်လန့်jpg] 


အတော်လေး ထိတ်လန့်ဖို့ကောင်းသည်။ 


ဤကမ္ဘာမှ 'အာကာသအစွန်းထပ်ကိရိယာ'၏သွင်ပြင်သည် မှင်သက်ဖွယ်ပင်...ဒီရတနာသေတ္တာလိုအရာမျိုးက လက်တွေ့မှာတည်ရှိလို့လား... ငါလည်းတစ်ခုလိုချင်တယ်...ဒါနဲ့ဆို လူများများဧည့်ခံဖို့ သူ့ဆိုင်ကိုထပ်ချဲ့ရန်မလိုတော့ပေ... 


သေချာတာသည်က လက်ရှိပိုင်ရှန်းကျစ်ကို စိတ်အသက်သာစေဆုံးအရာမှာ ပြိုင်ပွဲကိုသုံးထောင်စားတော်ဆက်သို့ ရွေ့လိုက်ခြင်းပင်။ ပြိုင်ပွဲမှာဘယ်လိုပြိုင်ရမည်ကို ထပ်၍စိုးရိမ်ရန် မလိုတော့ပေ။ 


သူချက်ချင်းပင် တုံ့ပြန်သည့်မက်ဆေ့ချ်ကို တည်းဖြတ်လိုက်သည်။ 


[သုံးထောင်စားတော်ဆက်: ကိစ္စမရှိပါဘူး// အချိန်လဟိုတယ်: အကြောင်းအမျိုးမျိုးကို ထည့်သွင်းစဥ်းစားပြီးနောက် ကျွန်တော်တို့ဟိုတယ်ဘက်က..] 


ပြန်စာကိုပို့ပြီးနောက် ပိုင်ရှန်းကျစ်အချိန်လဟိုတယ်၏ နောက်ဆုံးမက်ဆေ့ချ်မှ မှတ်ချက်များကိုကြည့်ပြီး အံ့သြသွားသည်က သူတစ်ယောက်တည်းမဟုတ်သည်ကို တွေ့ရှိသွားသည်။ 'အာကာသအစွန်းထပ်ကိရိယာ'၏တည်ရှိမှုအပေါ် အင်တာနက်အသုံးပြုသူအားလုံး မယုံကြည်မှုများကို ဖော်ပြလာကြသည်။ 


[အာကာသအုပ်စုက အံ့သြစရာကောင်းလိုက်တာ...သူတို့သာဒီလိုမျိုး ဖန်တီးနိုင်ရင် တခြားမလုပ်နိုင်စရာ ဘာရှိသေးလဲ...] 


[ဘာလားဟ...ငါအနာဂတ် ဆယ်စုနှစ်တွေအများကြီး ခရီးထွက်မိသွားတာလား...ဒါဘယ်လိုတောင် မှော်ဆန်တဲ့ တည်ရှိမှုမျိုးလဲ...ဒီလိုဟာမျိုးကို တကယ်ကြီး ထွင်နိုင်လို့လား...] 


[ကွန်ရက်ကိုချိတ်ဆက်ရင်း ငါဘာလို့ဒူးထောက်နေတာလဲလို့ ငါ့အမေမေးနေတယ်။ ငါငိုပြီး 'အာကာသအစွန်းထပ်စနစ်'ရဲ့တည်ရှိမှုကို ငါ့အ​နေနဲရပ်ပြီးကြိုဆိုဖို့ မတန်ဘူးလို့ပြောလိုက်တယ်..ရှိုက်ငို...ရှိုက်ငို] 


[အာကာသအုပ်စုက ဒီလိုအံ့သြစရာအရာမျိုးကို အချိန်လဟိုတယ်နဲ့သုံးထောင်စားတော်ဆက်ကြားက ပြိုင်ပွဲအတွက် ချပြလိုက်တယ်လို့ထင်မိတာ ငါတစ်ယောက်တည်းလား။ဒါက...ဒါကမယုံနိုင်လောက်စရာပါပဲ...] 


[မျှော်လင့်ထားသလိုပဲ အချိန်လဟိုတယ်ဆိုတာ အာကာသအုပ်စုအတွက် အရေးပေးထားတဲ့ကလေးပဲ။ သူ့ပြိုင်ဘက်ကိုဖိနှိပ်ဖို့ 'အာကာသအစွန်းထပ်ကိရိယာ'ကိုတောင် တိုက်ရိုက်သုံးလာတယ်...] 


[သုံးထောင်စားတော်ဆက်တော့ ပြီးသွားပြီ...ရလဒ်တွေကိုထည့်မတွက်ရင်တောင် အာကာသအုပ်စုကို အပြစ်ပြုမိပြီ။ အရသာကောင်းရင်တောင် သူတို့အနာဂတ်က မလွယ်ကူတော့ဘူး...] 


[ရိုးရိုးသားသားပြောရရင် သုံးထောင်စားတော်ဆက်က သာလွန်တဲ့ဘူမိတည်နေရာကို အားကိုးနေပြီး စျေးသင့်တော်တဲ့ အချိန်အာကာသစွမ်းအင်ဖြည့်နေရာပဲ။ အာကာသအုပ်စုသာ သူ့ကိုဖြေရှင်းချင်ရင် အချိန်အာကာသစွမ်းအင်ပစ္စည်းတွေကို ဒီတိုင်းလေး စျေးချလိုက်လို့ရတယ်...] 


[ကျစ်...အမှန်ပဲ။ သုံးထောင်စားတော်ဆက် အတွက်ငါနည်းနည်းသနားမိတယ်...] 


[ဟားဟားဟား, သုံးထောင်စားတော်ဆက် သူ့ဟာသူ ဒီအပေါ်မှီနေရတာ။ သူတို့သာအချိန်လဟိုတယ်ရဲ့ဟင်းပွဲတွေလိုက်မတုရင်ကိစ္စတွေကဘယ်လိုလုပ်ဒီလိုပြောင်းသွားမှာလဲ...] 


[အာကာသအဖွဲ့က အကွက်ရွေ့လာတော့ သုံးထောင်စားတော်ဆက်မှာ ဘာဖြစ်လာမလဲ...] 


အချိန်လဟိုတယ်: [ဒယ်ဒီ သားအနိုင်ကျင့်ခံနေရပြီ jpg] 


အာကာသအုပ်စုကအစွန်းထပ်ကိရိယာကိုချပြပြီ: [ဒယ်ဒီ ဒီမှာ jpg] 


သုံးထောင်စားတော်ဆက်: [တုန်ယင်နေသော jpg] 


... 


ပိုင်ရှန်းကျစ် ကြည့်နေရင်း သူနှင့်အချိန်လဟိုတယ်၏ ရောက်ရှိလာတော့မည့်ပြိုင်ပွဲသတင်းတွေမှာ 'အာကာသအစွန်းထပ်ကိရိယာ'၏ ရုတ်တရက်ပေါ်လာမှုကြောင့် ကြည့်ရှုသူဘီလီလျံနှင့်ချီ တိုးလာခဲ့သည်။ အံ့ဖွယ်ကောင်းလှသော အာရုံစိုက်မှုတိုးနှုန်းမှာ သူ့ကိုစကားမဲ့စေသည်။ ယခင်ကလူငယ်ပိုင်းတွေသာ ဤပြိုင်ပွဲအကြောင်း အာရုံထားခဲ့ကြသည်ဆိုလျှင် ယခုမူကမ္ဘာ့အရေးအခင်းများကိုသာ လေ့လာနေကြသော သက်လတ်နှင့်သက်ကြီးပိုင်းများပါ အမြင်အားဖြင့်ခန့်မှန်းရနေသည့် ဤပြိုင်ပွဲကိုအာရုံစိုက်လာကြသည်။


သုံးထောင်စားတော်ဆက်ရှိ 'အာကာသအစွန်းထပ်ကိရိယာ'ကို မျက်မြင်ကြုံဖူးချင်သောသူတို့၏ စိတ်အားထက်သန်မှုများကြောင့် သိပ္ပံသုတေသနခေါင်းဆောင်များ၊ ကုမ္ပဏီCEOများမှာ အချိန်လဟိုတယ်နှင့်သုံးထောင်စားတော်ဆက်ကြား ပြိုင်ပွဲသတင်းများကို လိုက်ပါစောင့်လျက်ရှိသည်။ လွမ်းမိုးတတ်သောထိုပုံရိပ်များ ပါဝင်လာသည်နှင့်ပြိုင်ပွဲကိုစိတ်ဝင်စားသူများမှာ ဒုံးကျည်ကဲ့သို့မြင့်တက်သွားလေသည်။ 


သုံးထောင်စားတော်ဆက် အကောင့်အောက်ရှိ တိုးလာသောfollowerများကိုကြည့်ကာ ပိုင်ရှန်းကျစ် ကျော်ကြားလာသည်ဟု ခံစားရသည်။ သို့သော်လည်း ချိုပြီးမှခါးကျန်ခဲ့ရသည့် ကျော်ကြားမှုမျိုး ဖြစ်ပုံရသည်... 


****


ကောင်းကင်လောကမှ ချိတ်ပိတ်မိသားစု 


လင်းတစ်ယောက် လက်ဖက်ရည်ခွက်ကိုင်ကာ လမ်းလျောက်နေသည်။ မွန်းတည့်နေသော်ငြား သုံးထောင်စားတော်ဆက်မှာ ပိတ်ထားသည်။ ဤအတောအတွင်း မိသားစုအကြီးအကဲသည် အစားမစားရန် ရွေးချယ်ထားလေသည်။ လင်းစိုးရိမ်နေသော်လည်း အရင်ကကဲ့သို့​ တစ်လတစ်ခါမှသာ အစာစားခြင်းထက် ဤအချက်ကပိုကောင်းသည်ဟု ထင်မိသောကြောင့် ဘာမှသိပ်မပြောပေ။ 


"လင်း ဘယ်လိုလဲ..." 


လင်းလက်ဖက်ရည်ခွက်ကိုချကာ ရိုသေစွာဖြေလိုက်သည်။ 


"အကြီးအကဲကိုတင်ပြပါတယ်။ ကျွန်တော့်အဖွဲ့တွေကို 'အာကာသအစွန်းထပ်ကိရိယာ'ကို ဖြန့်ခိုင်းပြီးပါပြီ။ ဒါသေချာပေါက် ဒီတစ်ခေါက် mr.ပိုင်ရဲ့အကျပ်အတည်းကို ဖြေရှင်းပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်..." 


ဖုန့်ယဲ့ခေါင်းငြိမ့်လိုက်သည်။ 


"ကောင်းတယ်။ သွားလို့ရပြီ..." 


လင်းအပြင်ကို ခြေလှမ်းအနည်းငယ် ထွက်လာပြီးချိန်တွင် အွန်လိုင်းထက်မှမှတ်ချက်များကိုတွေးမိကာ အံကြိတ်၍ ပြန်လှည့်မေးလိုက်သည်။ 


"အကြီးအကဲ ဒီတစ်ခေါက် 'အာကာသအစွန်းထပ်ကိရိယာ'ကို ထုတ်လိုက်တာ mrပိုင်ကိုကူညီဖို့လား..." 


"သေချာပေါက် မဟုတ်ဘူးပေါ့..." 


ဖုန့်ယင် အူကြောင်ကြောင်မျက်နှာပေးနှင့် သူမကိုကြည့်လေသည်။ 


"အခုထုတ်လိုက်ရင် ကြော်ငြာအလကားရသွားတာပေါ့..." 


လင်းရုတ်တရက် နားလည်သွားသည်။ 


"အကြီးအကဲ ရှင်ကအံ့သြဖို့ကောင်းလိုက်တာ။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်သတ်တယ်..." 


သူသိသည်...ဒါလုံးဝ အချိန်လဟိုတယ်ကို ထောက်ပံ့ခြင်းမဟုတ်ပေ...အ​ကြီးအကဲလိုလူမျိုးက မျိုချဖို့တောင်ခက်တဲ့တစ်ခုခုကို ထောက်ပံ့ရင်းအားထုတ်မှုတွေကို ဖြုန်းမလဲ... 


အင်တာနက်သုံးသူများမှာ ကြုံသလိုဆွေးနွေးနေကြခြင်းပင်... 


အလွန်ထူးခြားပြောင်မြောက်ကာ အရသာရှိသောဟင်းများကို ဖန်တီးနိုင်သည့် တမူထူးလှသော ဟင်းချက်စွမ်းရည်တို့ဖြင့် ပိုင်ရှန်းကျစ်ကို ဤသို့စော်ကားနေကြသည်လား... 


ပိုင်ရှန်းကျစ်၏ အလွန်ထူးခြားသော ဟင်းချက်စွမ်းရည်ကို လေးစားရသူလင်းအနေနှင့် လက်သင့်မခံနိုင်ပေ။ 


သူပြန်ထွက်လာသည်နှင့် သူ၏ထွန်ထွန်ကိရိယာကိုထုတ်ကာ အချိန်လဟိုတယ်နှင့်သုံးထောင်စားတော်ဆက်ကြား ပြိုင်ပွဲသတင်းများအောက်ရှိအင်တာနက်သုံးသူများကို တုံ့ပြန်လေသည်။ 


["ဘယ်လို ပေါက်ရတွေလဲ...သုံးထောင်စားတော်ဆက်ပိုင်ရှင်က စားသောက်ဆိုင်ကနေ အဆင်ပြေပြေမသွားနိုင်ဘူးလို့ ပြောထားတာ မတွေ့ဘူးလား...အဲ့နောက်မှာတော့  အချိန်အာကာသအုပ်စုရဲ့ 'အာကာသအစွန်းထပ်ကိရိယာ' ကိုမိတ်ဆက်တယ်လေ။ အချိန်အာကာသအုပ်စုက အချိန်လဟိုတယ်တွက်မဟုတ်ဘဲ သုံးထောင်စားတော်ဆက်အတွက်ဆိုတာ သက်သေပြနေတာပဲလေ...] 


အောက်ဘက်တွင် လျှင်မြန်သောတုံ့ပြန်စာတစ်စောင် ရှိနေသည်။ 


["ဟားဟားဟား ဒီငတုံး ဘယ်က ရောက်လာတာလဲ... အချိန်လဟိုတယ်က အချိန်အကာသအုပ်စုလက်အောက်မှာ ရှိနေတာ မသိတာလား...သူတို့ကိုယ်ပိုင်ဟိုတယ်အစား ဘာလို့ပြိုင်ဘက်ကို ထောက်ပံ့မှာလဲ...ဘယ်လိုအရူးအတွေးမျိုးလဲ..."] 


["ဟားဟားဟား...ရယ်ရတယ်နော်။ အဲ့လိုပြောတဲ့သူတွေလည်း ရှိသေးတာပဲ။ အချိန်အာကာသအုပ်စုရဲ့ 'အာကာသအစွန်းထပ်ကိရိယာ' ကိုမိတ်ဆက်တာက ပူးပေါင်းလုပ်ဆောင်မှုကြီးရဲ့စီမံမှုကို သရုပ်ပြလိုက်တာပဲ။ သူတို့လမ်းကြောင်းမှာ ကောင်းကင်သဘောအရဖြစ်လာတဲ့ ကိစ္စလေးပါ။ဒါနဲ့ပဲ သုံးထောင်စားတော်ဆက်ကို ထောက်ပံ့နေတယ်လို့ပဲ တစ်လွဲအဓိပ္ပါယ်ကောက်လိုက်တာ ရယ်ရတယ်နော်။ အရမ်း ရယ်ရတာပဲ...] 


လင်းဒေါသတကြီး စာပြန်လိုက်ပြန်သည်။ 


[မင်းဘာသိလို့လဲ...သုံးထောင်စားတော်ဆက်က အစားအသောက်တွေက အရမ်းအရသာရှိတာ။ အချိန်လဟိုတယ်ကို တုထားတာတော့ လုံးဝမဖြစ်နိုင်ဘူး။ အချိန်အာကာသအုပ်စုက  မျှတမှုဘက်မှာ ရပ်နေတာ..] 


[မျှတမှု... အပေါ်ကလူက သုံးထောင်စားတော်ဆက်ဘက်ကငှားထားတဲ့ ရေတပ်ပဲဖြစ်ရမယ်။ ပုံမှန်အမြင်နဲ့လူတိုင်း ဘာကမျှတမှုလဲဆိုတာ သိပါတယ်။ အချိန်လဟိုတယ်ဘက်မှာ လူကောရင်းမြစ်ကောရှိလို့ ဟင်းပွဲဖန်တီးတယ်ဆိုတာ ပြီးပြည့်စုံလောက်အောင် သာမန်ပဲ။ တစ်ဖက်က သုံးထောင်စားတော်ဆက်ကတော့ သေးငယ်တဲ့နယ်ပယ်က သင်လာတာလို့ပဲ ပြောတယ်။ တကယ်သာ အဲ့ဒီနယ်ပယ်ငယ်လေးရှိရင် ဒီဟင်းပွဲတွေကို ဘာလို့စောစော မတွေ့တာလဲ...ဒီနေ့လို အာကာသနယ်ပယ်ပေါင်းစုံကို မကြာခဏခရီးထွက်နေတဲ့ ကမ္ဘာကြီးမှာ ကွန်ရက်နဲ့ချိတ်မထားတဲ့ ဘယ်နယ်ပယ်ငယ် ရှိသေးလို့လဲ...သုံးထောင်စားတော်ဆက်က ဒီဟင်းပွဲတွေကိုတွေ့လာအောင်ထိ အဲ့ဟင်းတွေက စောင့်နေတယ်ဆိုတာ ယုံပေးရမှာလား...]


[သံသယ မရှိတော့ပါဘူး ဒါရေတပ်ပဲကို။ အပေါ်ကသုံးသပ်ချက်က ကွက်တိပဲ။ ထပ်ဖြည့်ပြောဦးမယ်။ ဒီဟင်းလေးပွဲကို အချိန်လဟိုတယ်ရဲ့ အဓိကဆိုင်ခွဲက ခေါင်းဆောင်စာဖိုမှုး ထွင်ထားတာ။ တစ်ဖက်က သုံးထောင်စားတော်ဆက်ကတော့ သေးငယ်တဲ့နယ်ပယ်က သင်လာတာလို့ပဲ ပြောတယ်။ သူတို့ပုံပြင်ကို လုပ်ဇာတ်ခင်းဖို့ သတ္တိတောင်မရှိဘူး။ သုံးထောင်စားတော်ဆက်ရဲ့ပိုင်ရှင်က အချက်အပြုတ်စွမ်းရည် ဘယ်လောက်ဆိုးလဲဆိုတဲ့ သက်သေပဲလေ။ နက်ဖြန်ပြိုင်ပွဲရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ လူတိုင်းအမှန်ကိုသိမယ်လို့ ယုံကြည်တယ်။ အတုလုပ်လို့လည်း မရသလို အတုကလည်း ဘယ်တော့မှ အစစ်ဖြစ်မလာဘူး...] 


လင်း၏မျက်လုံးအရောင်ကား ဒေါသကြောင့် ရဲရဲနီနေချေသည်။ အင်တာနက်အသုံးပြုသူများထံမှ မှားယွင်းသည့်စိတ်ဖြာမှုမျိုးကို သူတောင့်မခံနိုင်တော့ပေ။ သူမနေနိုင်ဘဲ အောက်ပါမှတ်ချက်ကို ပြန်ရေး၏။ 


["အတုတော့ မဖြစ်နိုင်ဘူး။ သုံးထောင်စားတော်ဆက်က အမှန်အတိုင်းပြောနေတာ။ သူတို့အစားအသောက်တွေ မြည်းဖူးသူတိုင်း အဲ့လိုသံသယမရှိဖူးဘူး...] 


ထို့နောက် အောက်တွင်လည်း လှောင်ပြောင်ထားသော မှတ်ချက်လှိုင်းများ ရှိနေသည်။ လင်း သူ့ဒေါသကို မထိန်းနိုင်တော့ပေ။ သူ့ပုံစံအမှန်သို့ ပြောင်းလဲသွားကာ ကောင်းကင်လောကသို့ ဒေါသပေါက်ကွဲရန် အမြန်သွားတော့သည်။ မနက်ဖြန်တွင် ပိုင်ရှန်းကျစ် ကိုကူညီရန် ထိုနေရာကိုသွားကာသူ၏ပုံစံအမှန်ကိုပြမည်ဟု ဆုံးဖြတ်လိုက်တော့သည်။ 


ခဏ သူတစ်ခုခု မေ့နေသေးလား...



🥘