အခန်း(၉၄) ရှေးခေတ်လူတွေလည်း သဘောကျတတ်ပါတယ်
ခြင်ဆေးတိုင် ထုတ်လုပ်ဖို့အတွက် အလုပ်သမားများ ရွေးချယ်ပြီးနောက်
ရှစ်ချင်းလျို့က အားလုံးကို ကြည့်ပြီး ပြောလိုက်ပါသည်။ "အခုချိန်ကစပြီး
ကျွန်မတို့မိသားစုက နှစ်တိုင်း မုန်လာရိုင်းတွေ အများကြီး လိုအပ်လိမ့်မယ်။
အဲ့တာကြောင့် တစ်ကျင်းကို ၃ ပြားအောက် မနိမ့်တဲ့စျေးနဲ့
ပြန်ဝယ်ပါ့မယ်။"
"မြေရိုင်းတွေ ဒါမှမဟုတ် အဆင့်နိမ့်မြေတွေကို သုံးပြီး စိုက်ပျိုးလို့ ရပါတယ်။
ကျွန်မက မျိုးစေ့တွေကို ထောက်ပံ့ပေးမယ်။ အချိန်တန်ရင် ကျွန်မတို့
စာချုပ်ချုပ်ကြမယ်။"
"ရှင်တို့ စိုက်ပျိုးတဲ့ မုန်လာရိုင်း ၈၀ ရာခိုင်နှုန်းကို ကျွန်မတို့ကို
ရောင်းချရမယ်။ စျေးနှုန်းကိုလည်း သင့်တင့်မျှတအောင်
ထားပေးမှာပါ။ ဒါက နှစ်ဦးနှစ်ဖက်စလုံးအတွက် စိတ်ချရအောင်လို့ပေါ့။"
"မုန်လာရိုင်း စိုက်ပျိုးချင်တဲ့သူတွေက
ကျွန်မအိမ်မှာ ကျွန်မယောက်ျားနဲ့ လာတွေ့ပြီး စာချုပ်ချုပ် မျိုးစေ့တွေ လာယူပေးပါ။"
သူမတို့ သကြား အမြောက်အများ ထုတ်လုပ်ချင်ပါက တောင်ပေါ်က မုန်လာရိုင်းများကို အားကိုးရုံနဲ့ မလုံလောက်နိုင်ပါ။
ထို့ကြောင့် သူတို့ ရွာသားတွေကို စိုက်ပျိုးဖို့ အားပေးလှုံ့ဆော်ပြီး
သူမက ကောက်ရိတ်သိမ်းမှုကို တိုက်ရိုက် ဝယ်ယူရပါမည်။
ရွာသားများက ကြားလိုက်ရသည့် စကားကြောင့် အလွန်ပျော်ရွှင်သွားကြပါသည်။
"တကယ်ကြီး တစ်ကျင်းကို ၃ ပြားအောက် မနိမ့်တဲ့ စျေးနဲ့လား။"
ဂေါ်ဖီတစ်ကျင်းကိုတောင် ငွေ ၁ ပြားပဲ တန်သည်။
သူတို့ ဒီလိုမုန်လာရိုင်းမျိုးကို
မြင်ဖူးပါသည်။
စိုက်ပျိုးဖို့ ခက်ခဲ့သည့်ပုံလည်းမပေါ်ပေ။ သို့သော် ရောင်းစျေးက
တော်တော်လေး ကောင်းမွန်ပါသည်။
ရှစ်ချင်းလျို့က ပြုံးကာ ပြောလိုက်ပါသည်။ "ဟုတ်တယ်။ ပြီးတော့
ပထမဆုံး စိုက်ပျိုးတဲ့နှစ် ပထမအသုတ်အတွက် ကျွန်မ တစ်ကျင်းကို ၄ ပြားနဲ့ ဝယ်ပေးမယ်။
ဒုတိယအသုတ်ရောက်ရင်တော့ ပုံသေစျေး တစ်ကျင်း ၃ ပြားနဲ့ပဲ
ဝယ်တော့မယ်။"
"ဒါကိုလည်း စာချုပ်ထဲမှာ ရေးထားမှာပါ။"
မုန်လာရိုင်းကို
လူတွေစိုက်ပျိုးအောင်လို့ ပထမအသုတ်အတွက်
စျေးကိုမြှင့်ပေးရခြင်းဖြစ်သည်။
ထင်ထားသည့်အတိုင်းပဲ ရွာသားများစွာက စိတ်ပါသွားကြပါသည်။
"ဟုတ်ပြီ။ ဒါဆို ငါတို့မိသားစု မြေရိုင်းဧက
နည်းနည်းသုံးပြီး မုန်လာရိုင်း စိုက်ပျိုးကြမယ်။"
"ငါတို့ကောပဲ။"
တစ်ယောက်ယောက်က ရှေ့ဦးဆောင်လိုက်တာနဲ့ လူတွေက အနောက်ကလိုက်လာတတ်ပါသည်။
ရွာသားတစ်ဝက်ကျော်ကျော်လောက်က မြေရိုင်းများ သို့မဟုတ်
ကိုယ်ပိုင်မြေများကို အသုံးချပြီး မုန်လာရိုင်းများ စိုက်ပျိုးဖို့
စိတ်ဝင်စားကြပါသည်။
ယခု လူနေကျဲပါးပြီး မြေကွက်များစွာ ရှိနေသဖြင့် အင်ပါယာတရားရုံးကလည်း
လူတွေကို မြေရိုင်းပေါ်မှာ သီးနှံတွေ စိုက်ပျိုးဖို့ အားပေးနေပါသည်။
အခွန်တွေကို ပထမ ၂ နှစ်အတွက် လျှော့ပေါ့ပေးထားသည်။ သို့သော် ယာမန်တွင်
စာရင်းသွင်းဖို့တော့လိုအပ်ပါသည်။
ထို့နောက် ရှစ်ချင်းလျို့က ရွာထဲက အိမ်ထောင်စုတိုင်းကို ခြင်ဆေးတိုင်
၅ တိုင်စီ ပေးလိုက်ပါသည်။ သူတို့ကို ညဘက်တွင် ထွန်းအိပ်ခိုင်း၏။
သူတို့ စမ်းသုံးကြည့်မှ ခြင်ဆေးတိုင်က ကြော်ငြာဖို့
ဘယ်လောက်ကောင်းသလဲဆိုတာ သူတို့သိရမည်ဖြစ်သည်။
ရွာသားတွေက ပို၍ပင် ပျော်ရွှင်သွားပြီး ရှောင်ဟန်ကျန့်၏ ဇနီးက သဘောထားကြီးမားလွန်းလှသည်ဟု ခံစားလိုက်ရပါသည်။
ရွာသူကြီးလည်း အလွန်ပျော်ရွှင်နေပါသည်။ ရှောင်မိသားစု၏ အလုပ်ရုံ ကျယ်ပြန့်လာတာနဲ့အမျှ
ရွာသားတွေရဲ့ ဘဝလည်း ပိုမိုတိုးတက်လာပါလိမ့်မည်။
သစ်နံကိုင်းရွက်များနဲ့ တောရိုင်းဂန္ဓမာပန်းတို့ကိုလည်း တစ်ကျင်းကို
ငွေ ၁ ပြားဖြင့် ဝယ်မည်ဟု အားလုံးကို ရှစ်ချင်းလျို့ ကြေညာခဲ့ပါသေးသည်။
နေ့တိုင်း သူမ မိသားစုတစ်စုလုံးနဲ့ တောင်ပေါ် သွားမရှာချင်ပါ။ အလွန် ပင်ပန်းရပါသည်။
ပိုက်ဆံပေးကာ ရှာခိုင်းလို့ ပြဿနာ မရှိနိုင်ပါ။ အချိန်နဲ့
အားအင်တို့ကို သက်သာစေလိမ့်မည်။ ရွာသားအားလုံးအတွက်လည်း
ဝင်ငွေ ဖန်တီးပေးရာ ကျပါသည်။
သူမ သတ်မှတ်ထားသည့် စျေးနှုန်းများကို ရွာသားများ ကြားလိုက်ရသောအခါ
အားလုံး အလွန်အမင်း ပျော်ရွှင်သွားကြပါသည်။
တောင်ပေါ်နဲ့ တောထဲက သစ်နံကိုင်းရွက်တချို့နဲ့
တောရိုင်းဂန္ဓမာပန်းတချို့ကို ကောက်လာရုံနဲ့ တစ်ကျင်းကို ငွေ ၁ ပြား ရပါမည်။
အချိန်နဲ့ အားစိုက်ထုတ်မှု အနည်းငယ် လိုအပ်သော်လည်း မိုးပေါ်မှ ရွှေမိုးရွာချသလို ဖြစ်နေပါသည်။
အစည်းအဝေးပြီးသောအခါ ရွာသားများက စတင်လှုပ်ရှားကြ၏။
သစ်နံကိုင်းရွက်နဲ့ တောရိုင်းဂန္ဓမာပန်းများကို ခူးသူက ခူး၊
ငါးရှဥ့်နဲ့ ငါးများကို သွားဖမ်းသူက ဖမ်းကြသည်။
တခြားရွာကလူတွေပါ ထိုအကြောင်းကို ကြားလိုက်ရသောအခါ အုပ်ချုပ်ရေးမှုးများနဲ့ လက်ထောက်များကို မေးမြန်းခဲ့ကြသည်။
သူတို့ပါ ရောင်းချမယ်ဆို
ရှောင်မိသားစုက လက်ခံပါ့မလား။
ရှစ်ချင်းလျို့က အတည်ပြုသည့် အဖြေတစ်ခု ပေးပြီးနောက်
တခြားရွာသားတွေလည်း ပါဝင်လာခဲ့ကြပါသည်။
အားလုံးက အားအင်များ တက်ကြွနေ၏။
ရှောင်မိသားစုအိမ်တွင် ရှစ်ချင်းလျို့က သူမ မိသားစုကို ဦးဆောင်ကာ
ခြင်ဆေးတိုင်တစ်သုတ် ပြုလုပ်နေသည်။
နေ့လည်ခင်းတွင် ကုန်ကြမ်းပစ္စည်းများစွာကို လက်ခံဝယ်ယူခဲ့ရသေး၏။
နောက်တစ်နေ့ရွာသားတွေ စကားပြောဖို့ စုစည်းမိကြပါသည်။
"မင်းတို့မိသားစု မနေ့က ခြင်ဆေးတိုင် ထွန်းအိပ်သေးလား။"
"အေး တကယ် အသုံးဝင်တာပဲ။"
"ဟုတ်တယ်။ တာ့လန်မိန်းမ လုပ်ထားတဲ့
ခြင်ဆေးတိုင်က တော်တော် အံ့သြဖို့ကောင်းတယ်။ မနေ့ညက ငါတို့မိသားစုဝင်တွေ တစ်ညလုံး
ခြင်ကိုက်မခံခဲ့ရဘူး။"
"အရင်တုန်းကဆို ညသန်းခေါင်ကြီး ခြင်တွေရဲ့ တဝီဝီအသံကြောင့်
အမြဲစိတ်ညစ်ရတယ်။ ဒါပေမယ့် မနေ့ကတော့ အားလုံး အဆင်ပြေသွားခဲ့ပြီ။"
"ဒီခြင်ဆေးတိုင်က အသုံးဝင်လွန်းတယ်။ တစ်တိုင်ကို
ဘယ်လောက်တန်လဲတော့မသိဘူး။ ဒါပေမယ့် အရမ်းစျေးမကြီးဘူးဆိုရင် ငါ့အိမ်အတွက်
နည်းနည်းလောက် ဝယ်ချင်သေးတယ်။"
"ငါကောပဲ"
ခြင်ဆေးတိုင်၏ အာနိသင်များက ညတွင်းခြင်း သက်သေပြပြီးသား ဖြစ်သွားခဲ့ပါသည်။
အလုပ်လုပ်ရမည့်အချိန််တွင် ရွာထဲက အမျိုးသမီးတွေကလည်း
သကြားအလုပ်ရုံတွင် အစီရင်ခံကြပါသည်။
ရှစ်ချင်းလျို့က သူတို့ကို အုပ်စု ၄ စု ခွဲလိုက်ပါသည်။ အုပ်စု ၁
စုတိုင်းက မတူညီသည့် အခန်းတွေထဲမှာ ထိုင်ရမည်။
သစ်နံကိုင်းရွက်နဲ့ တောရိုင်းဂန္ဓမာပန်းများကို အခြောက်ခံရမည့်လူ၊ ငါးအရိုးမှုန့်ကို ကြိတ်မည့်လူ၊ ၎င်းတို့ကို စက္ကူလုပ်ဖို့
ရောစပ်ရသူ၊ နောက်ဆုံးတော့ အထုပ်များအဖြစ် ထုပ်ပိုးသူတို့ ဖြစ်ကြသည်။
သူတို့လုပ်ထားတာတွေကို တခြားသူတွေအား ပြောပြလို့မရကြောင်းကိုလည်း သူမ
သေချာပြောထားသည်။ မဟုတ်ပါက အလုပ်ထုတ်ခံရပါမည်။
ဒါက နည်းပညာကို
ယာယီလျှို့ဝှက်ထားဖို့ ဖြစ်ပါသည်။
သို့သော်လည်း ဒီနည်းပညာက ဒီတစ်နှစ်ပဲ အသုံးဝင်မှာကို ရှစ်ချင်းလျို့ သိပါသည်။
စိတ်ဝင်စားသည့်လူများက ပါဝင်ပစ္စည်းများကို ဖော်ထုတ်ဖို့ဆို သူမ ဝယ်ယူနေသည့်
ကုန်ကြမ်းပစ္စည်းများအကြောင်း အနည်းငယ် စုံစမ်းလိုက်ဖို့သာ လိုအပ်ပါသည်။
သို့သော်လည်း သူမလုပ်ချင်တာက ဘရန်းတစ်ခုဖြစ်၏။ အနာဂတ်တွေ
တစ်စုံတစ်ယောက်က ခြင်ဆေးတိုင်အကြောင်း ပြောသည့်အခါ အားလုံး နန်ရှီမြို့ ခြင်ဆေးတိုင်ကိုသာ
ပြေးမြင်ကြပါလိမ့်မည်။
ယှဥ်ပြိုင်မှုများကြောင့် စည်ကားသော စျေးကွက်ကို ဖြစ်တည်စေသည်။
တာ့လျန်က အလွန်ကျယ်ပြန့်၏။ အိမ်ထောင်စုတိုင်းကလည်း ခြင်ဆေးတိုင် သုံးစွဲနိုင်ကြသည်။
ထို့ကြောင့် ၎င်း၏ စျေးကွက်က အလွန်ကြီးမားသည်။
ဒီနေ့ သူတို့ ခြင်ဆေးတိုင် ၁၀,၀၀၀ ကျော် လုပ်ခဲ့ပါသည်။
ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကိုပြောလိုက်သည်။ "အဖိုးကြီးရှောင်၊ မနက်ဖြန်ကျရင် ခြင်ဆေးတိုင်တွေ လက်ဆောင်ပေးဖို့
ကောင်တီမြို့ကို သွားကြရအောင်။"
ရှောင်ဟန်ကျန့်က ကြက်သေ သေသွားခဲ့သည်။ "ခြင်ဆေးတိုင်တွေကို
လက်ဆောင်ပေးမယ်ဟုတ်လား။"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ ကျွန်မတို့
လူတွေကို ပိုက်ဆံနဲ့ ဝယ်ခိုင်းမယ်ဆိုရင် အာနိသင်ရှိလားဆိုတာကို
သူတို့ မသိသေးလို့ ဝယ်ရဲကြမှာမဟုတ်ဘူး။”
"ဒါပေမယ့် အာနိသင်သိရဖို့အတွက် ပထမဆုံးအကြိမ်မှာ သူတို့ကို လက်ဆောင်ပေးလိုက်မယ်ဆိုရင်
သေချာပေါက် ကျွန်မတို့ဆီကနေ လာဝယ်ကြလိမ့်မယ်။"
"ကုန်ပစ္စည်း
တံဆိပ်ရဲ့ နာမည်ကိုမြှင့်တင်ပြီး တခြားနေရာက ကုန်သည်တွေကို
လာဝယ်ခွင့်ပေးနိုင်ရင် ကျွန်မတို့အတွက်လည်း အကျိုးအမြတ် ပိုရှိတယ်။"
ရှောင်ဟန်ကျန့်က ရှေးခေတ်လူတစ်ယောက် ဖြစ်ကာ မော်ဒန်ခေတ်က
အခမဲ့ရောင်းချမှုများအကြောင်းကို မသိသေးပါ။
သို့သော်လည်း ဒီကိစ္စ၏ အဓိက အချက်ကို သူ ခပ်မြန်မြန်ပဲ
နားလည်သွားပါသည်။
သူတို့ အစပိုင်းမှာသာ အမြတ်အစွန်းတချို့ကို ဆုံးရှုံးမှာ ဖြစ်သည်။
သို့သော်လည်း လူထုက ခြင်ဆေးတိုင်များ၏ အာနိသင်ကို သိလိုက်ရတာနဲ့
သူတို့ မရောင်းရမှာကို စိတ်ပူနေဖို့ မလိုအပ်တော့ပါ။
သူ ပြုံးကာ ပြောလိုက်ပါသည်။ "အကြံကောင်းပဲ။"
"ဖြစ်ချင်တော့ ကိုလည်း မနက်ဖြန် ကောင်တီယာမန်မှာ နောက်ဆုံးအကြိမ်
ရေခဲလုပ်နည်း သင်ပေးဖို့ သွားစရာရှိတယ်။ အဲ့အခါကျရင် ကို ကောင်တီယာမန်ကို
ပေးလိုက်ပါ့မယ်။"
မော့ချင်းလင်ကို သူ ထပ်လာခဲ့မည့်အကြောင်း ပြောခဲ့ပါသည်။
အနာဂတ်တွင် ရေခဲလုပ်နည်း သင်ချင်သည့် လူတိုင်းကို ကောင်တီယာမန်မှ
ဘိလစ်များက တဆင့် ပြန်လည်သင်ကြားပေးလိမ့်မည်။ သူတို့ သဘောတူခဲ့ပါသည်။
ရှစ်ချင်းလျို့က ခေါင်းငြိမ့်လိုက်သည်။ "မော့ချင်းလင်နဲ့
တခြားသူတွေကိုလည်း နည်းနည်း ပို့ပေးလိုက်ပါဦး။ သူတို့ စမ်းသုံးကြည့်ပြီးတာနဲ့
သေချာပေါက် နောက်တစ်ခေါက် ဝယ်ကြမှာပဲ။ ဒါက ကျွန်မတို့အတွက် အရမ်းကောင်းတဲ့ ကြော်ငြာလည်း ဖြစ်လာနိုင်တယ်။"
ထို့နောက် အပြုံးဖြင့် ထပ်ပြောလိုက်သည်။ "ကြည့်ကြပါဦး ဒါက
ကောင်တီဝန််ကြီးကိုယ်တိုင် သုံးတဲ့ ခြင်ဆေးတိုင်နော်။ မသုံးဖူးရင်
နောက်ကျကျန်ခဲ့မယ်။"
မော်ဒန်ခေတ်ကလူတွေသာ ခေတ်ရေစီးကြောင်းနောက် လိုက်ပါတတ်တာ မဟုတ်ဘဲ ရှေးခေတ်ကလူတွေလည်း ရေပန်းစားမှုနောက်ကို
လိုက်ပါတတ်ပါသည်။
မြို့တော်က သခင်လေးများက ရေပန်းစားမှုများနောက်ကို လိုက်ပါခြင်း သို့မဟုတ် ကြွားဝါရတာကို အလွန်နှစ်သက်ကြသည်ဟု
ရှောင်ဟန်ကျန့်ပြောတာ သူမ ကြားဖူးပါသည်။
ဥပမာအားဖြင့် ပန်းများနဲ့ ကစားခြင်း ဖြစ်သည်။ လူနည်းစုတစ်စုက
ပန်းများဖြင့် ပထမဆုံး အရင်ကစားပြလိမ့်မည်။ ထို့နောက် လူများစုက
ရေပန်းစားမှုနောက်ကို လိုက်လာလိမ့်မည်။
လက်တွေ့မှာတော့ ပန်းတွေကို တကယ်တမ်း ချစ်မြတ်နိုးတဲ့လူက ဘယ်နှယောက် ရှိနိုင်မှာလဲ။
"ရှားပါးပြီး စျေးကြီးတဲ့ ပန်းအိုးတွေနဲ့ မကစားရင်
ငါခေတ်နောက်ကျသွားလိမ့်မယ်" ဟူသော ခံစားချက်များကို အားလုံး ခံစားလာရလိမ့်မည်။
ထို့ကြောင့် မြို့တော်မှာဆို စျေးကြီးသည့် ပန်းတွေ
စျေးပိုတက်လာတာမျိုး ဖြစ်ပေါ်စေခဲ့သည်။ ပန်းပင် အသစ်အဆန်း ပေါ်လာတာနဲ့ ချက်ချင်းဆိုသလို
လုဝယ်သွားကြတတ်သည်။
မကြာသေးခင်က ပိုင်ရွှီတစ်ယောက် ထိုအရာတွေကို စောင့်ကြည့်နေပြီး သူမကိုလည်း ရှားပါးပန်းတွေ
များများ ပျိုးထောင်ဖို့ ပြောထားသည်။
ဂန္ဓမာပန်းအိုးများကို မြို့တော်တွင် စျေးကောင်းကောင်းဖြင့် ရောင်းချနိုင်နေပြီဖြစ်သည်။
ရှစ်ချင်းလျို့လည်း ဒီစျေးကွက်ကို လက်လွှတ်ခံမှာ မဟုတ်ပေ။ ထို့ကြောင့် သူမ မကြာသေးခင်က ရှားပါးသည့် ပန်းတချို့ကို
စိုက်ပျိုးခဲ့ပါသည်။
သူမ၏ နောက်ဆုံးစကားလုံးများကို ကြားသည့်အခါ ရှောင်ဟန်ကျန့်တစ်ယောက်
မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ "မင်းရဲ့ အစီအစဥ်အကြောင်းသာ သိသွားရင် မော့ချင်းလင်တော့ ငိုသွားမလားမသိဘူး။"
ရှစ်ချင်းလျို့လည်း တခစ်ခစ် ရယ်မောလိုက်သည်။ "သူ ရယ်ရမှာပေါ့။ သူ့အတွက် နိုင်ငံရေးအောင်မြင်မှုတွေကို
မြှင့်တင်ပေးဖို့ ကျွန်မက ကူညီပေးနေတာလေ။"
နောက်တစ်နေ့ သူမတို့၏ လက်လုပ် ခြင်ဆေးတိုင်များကို ကောင်တီမြို့သို့
ယူဆောင်လာခဲ့သည်။
ရှောင်ဟန်ကျန့်က မော့ချင်းလင်ဆီ အရင်သွားပြီး
ခြင်ဆေးတိုင် အထုပ်တချို့ ပေးခဲ့လိုက်ပါသည်။
တစ်ထုပ်တ်ွင် ခြင်ဆေးတိုင် ၁၀ တိုင်ပါသည်။ 'နန်ရှီမြို့ခြင်ဆေးတိုင်' ဟူသည့် စကားလုံးများကို ရေးသားထားသော စက္ကူနဲ့အတူ တွဲချည်ထားသည်။
ခြင်ဆေးတိုင်ဆိုတာကို မော့ချင်းလင် ပထမဆုံးအကြိမ် ကြားဖူးတာဖြစ်ပြီး
ထုတ်ကြည့်လိုက်ပါသည်။
အပေါ်က စကားလုံးများကို မြင်သောအခါ သူ ရယ်မောလိုက်ပါသည်။
"မင်းမိန်းမကတော့ တကယ့်ကို အကြံကြီးတာပဲ။"
ယခု သူက နန်ရှီမြို့
စီရင်စု တရားသူကြီး ဖြစ်နေပါပြီ။ ခြင်ဆေးတိုင်ပေါ်တွင် နန်ရှီမြို့ခြင်ဆေးတိုင်ဟု
နာမည်ထိုးထားသဖြင့် သူ အလွန်ပျော်နေပါသည်။
ရှောင်ဟန်ကျန့် ပြောသလို အကျိုးအာနိသင် တကယ် ရှိပါက စျေးကွက်ထဲမှာ ရောင်းချဖို့ကို စိတ်ပူစရာ လိုတော့မှာ
မဟုတ်ပေ။ ထို့အပြင် လူအားလုံးလည်း နန်ရှီမြို့အကြောင်းကို
သိသွားကြလိမ့်မည်။ အလွန် ကောင်းမွန်လွန်းလှပါသည်။