အခန်း(၉၅)
Viewers 7k

အခန်း(၉၅) - အလွန်သင်းပျံ့ခြင်း

 

မော့ချင်းလင်က သူ့ဇနီးကို ချီးကျူးခဲ့တာကြောင့် ရှောင်ဟန်ကျန့်က အလွန်ပျော်နေခဲ့သည်။

"ကျွန်တော့်ဇနီးမှာ တော်တော်လေးကောင်းတဲ့ အကြံဉာဏ်တွေရှိတယ်။"

 

မော့ချင်းလင်းက ခေါင်းငြိမ့်ပြခဲ့သည်။ "အမှန်ပဲ။"

 

သူက ထပ်ပြောခဲ့သည်။ "ရေခဲလုပ်နည်းက ပို့လိုက်ပြီးပြီ၊ နောက်ထပ်ရက်အနည်းငယ်နေရင် ဆုရလိမ့်မယ်။"

 

နန်းတွင်းထဲမှာ အပူဒဏ် လျှော့ချဖို့အတွက် နေ့တိုင်း ရေခဲလုပ်ခဲ့ကြရသည်။

 

မြို့တော်က မင်းစိုးရာဇာမိသားစုတွေကလည်း ရေခဲလုပ်ဖို့အတွက် ယမ်းစိမ်းတွေ ဝယ်ယူခဲ့ကြသည်။

 

မြို့တော်က စားသောက်ဆိုင်အများစုကလည်း ရေခဲကို အသုံးပြုကာ အအေးတွေ ရောင်းကြောင်း မော့ချင်းလင် ကြားသိခဲ့ရသည်။

 

ပဲစိမ်းစွပ်ပြုတ်ရည် အေးအေးလေးနှင့် မက်မန်းချဥ်ရည်အေးတို့က အလွန်ရေပန်းစားသည့် အအေးတွေ ဖြစ်သည်။

 

ဒါ့အပြင် ရှစ်ချင်းလျို့ မျှဝေပေးခဲ့သည့် ဆေးဖက်ဝင်လက်ဖက်ရည်နှင့် ရေခဲချောင်းလုပ်နည်းကလည်း မြို့တော်မှာ ပျံ့နှံ့နေပြီဖြစ်သည်။ လမ်းပေါ်မှာ ရေခဲချောင်း ရောင်းချသည့် လမ်းဘေးစျေးသည်တွေ မကြာခဏ တွေ့ရတတ်သည်။

 

ထို့နောက် သူက စကားလမ်းကြောင်း ပြောင်းခဲ့သည်။ "ဆုကြေးက ရွှေတဲ့။"

 

ရှောင်ဟန်ကျန့်က မအံ့သြပေ။

 

သူကပြုံးကာ ပြောခဲ့သည်။ "ကျွန်တော်တို့ ရေခဲလုပ်နည်းကို ပထမဆုံး ထုတ်ဖော်ခဲ့တုန်းက ဒီလောက် မတွေးခဲ့ဘူး၊ အကယ်လို့ ဆုလာဘ်က ရွှေဆိုရင်တောင် အံ့သြဖို့ကောင်းနေပါပြီ၊ ကျွန်တော်တို့ ကျေနပ်ပါတယ်။"

 

မော့ချင်းလင်က သူ့ကိုကြည့်ကာ ပြောခဲ့သည်။ "နည်းနည်းလောက် စိတ်မပျက်ဘူးလား။"

 

နည်းပညာ ပေးဝေသည့် လူအများစုက ဘုရင်ကြီးဆီက ဂုဏ်ပြုမှုကို လိုချင်ကြသည်။

 

ရှောင်ဟန်ကျန့်ရဲ့ အမူအရာက မပြောင်းလဲခဲ့ပေ။ သူက တည်ငြိမ်စွာ ပြောခဲ့သည်။ "ဘာလို့ညစိတ်ပျက်ရမှာလဲ၊ ရွှေကိုဆုအဖြစ်ရတာ ဖြစ်သင့်တာပဲလို့ ထင်တာပဲ။"

 

သူက ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။ "တကယ်တော့ ဆုကြေးက များနေပါပြီ၊ ကျွန်တော့်လို အခြေခံစာသင်သားက ယူဖို့ခက်တယ်။"

 

အဆင့်မြင့်ရာထူး သို့မဟုတ် လစာခပ်မြင့်မြင့်ကို ယူရမှာလား။ ဒါက ရေခဲပြုလုပ်နည်းလေးသာ ဖြစ်တာကြောင့် အဲလိုဖြစ်စရာအကြောင်းမရှိပေ။

 

သူတို့က ဘုရင်ကြီးက သူတို့ရဲ့ တည်ရှိမှုကိုသာ သိစေချင်တာဖြစ်သည်။

 

အကယ်၍ သူမေ့သွားခဲ့ရင်တောင် တစ်နေ့မှာ ရေခဲအကြောင်းပြောခဲ့ရင် ရှောင်ဟန်ကျန့်က ရေခဲလုပ်နည်း ပေးခဲ့တယ်ဆိုတာကို ဘုရင်ကြီး အမှတ်ရလိမ့်မည်။

 

ဒါဆို လုံလောက်ပြီဖြစ်၏။

 

အခု သူက အခြေခံစာသင်သားပဲရှိသေးကာ ထူးချွန်ပြောင်မြောက်လှသည့် မိသားစု နောက်ခံ မရှိပေ။

 

အကယ်၍ ဘုရင်ကြီးသာ သူ့ကို ဆုကြီးကြီးချီးမြှင့်ခဲ့ပါက ကောင်းသည့်အရာ မဟုတ်ပေ။

 

မော့ချင်းလင်က ရှောင်ဟန်ကျန့်ကို လေးစားအားကျစွာ ကြည့်ခဲ့သည်။ "မင်းက သိပ်ဉာဏ်ထက်တာပဲ။"

 

သူ့လို အသက်အရွယ်ဖြင့် တည်ငြိမ်ကာ စဥ်းသားချင့်ချိန်နိုင်သည့်လူက ရှားသည်။

 

ရှောင်ဟန်ကျန့်က ပြုံးခဲ့သည်။ "လူကြီးမင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။"

 

မော့ချင်းလင်က အလွန် အလုပ်များတာကြောင့် ရှောင်ဟန်ကျန့်က ဆက်မနှောက်ယှက်တော့ပေ။ သူက ဒေသန္တရအုပ်ချုပ်ရေးရုံးရှေ့က မြေကွက်လပ်ရှိ ထွက်သွားခဲ့သည်။

 

ထိုအချိန်မှာပဲ သူ့ဇနီး၊ ရှောင်ပိုင်လီနှင့် ရှောင်အာ့လန်က ခြင်ပြေးအမွှေးတိုင်တွေ ဝေပေးပြီးပြီ ဖြစ်သည်။

 

ဒါတွေက ဒေသန္တရအစိုးရလက်အောက်ရှိ စီရင်စုကို အလကား ပို့ပေးသည့် လက်ဆောင်တွေ ဖြစ်သည်။ ဘာအန္တရာယ်မှ မရှိကြောင်း လူတိုင်းခံစားမိခဲ့သည်။

 

ထိုအကြောင်းကြားတော့ လူတချို့က အထူးတလည်ပင် လာယူခဲ့သေးသည်။

 

သူတို့ ဒီညသုံးပြီးပါက နောက်ရက်ကျရင် ထိုအကြောင်းကို ဆွေးနွေးပြောဆိုကြလိမ့်မည်။

 

ရှောင်ဟန်ကျန့်က လူတွေကို ရေခဲလုပ်နည်း သွားသင်ပေးခဲ့သည်။

 

ရေခဲလုပ်နည်းက လူထုကို ပေးသိခဲ့ပြီး ဒေသန္တရအစိုးရ လက်အောက်ရှိ စီရင်စုကို အကျိုးရှိစေပြီး တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ကာဖြစ်စေ အပိုငွေရစေခဲ့တာကြောင့် သူတို့က ရှောင်ဟန်ကျန့်နှင့် သူ့ဇနီးကို ယဥ်ကျေးစွာ ဆက်ဆံခဲ့သည်။

 

နေ့လည်ဘက် စျေးဝယ်ပြီး အိမ်ပြန်သည့်အချိန်မှာ သူတို့က ပိုင်စံအိမ်‌ရှေ့ကနေ ဖြတ်သွားခဲ့ရသည်။

 

ရှစ်ချင်းလျို့က ခြင်ပြေးအမွှေးတိုင် အစည်းတချို့ထုတ်ပြီး အစေခံလေးဖြင့် ပိုင်ရွှီဆီ ပို့ခိုင်းခဲ့သည်။

 

ထိုညကပဲ ဒေသန္တရအစိုးရ လက်အောက်ရှိ စီရင်စုက ခြင်ပြေးအမွှေးတိုင်ရရှိသည့် လူအများစုက ခြင်ပြေးအမွှေးတိုင်ကို ထွန်းခဲ့ကြသည်။

 

အစကတော့ သူတို့က များများစားစား မတွေးခဲ့ပေ။ ခြင်ပြေးအမွှေးတိုင်ထွန်းပြီးမှ မှော်ပညာလို ခြင်တွေညပျောက်မသွားမှာကို စိုးရိမ်ခဲ့ကြသည်။

 

ပိုင်မိသားစုမှာတော့ ခြင်ပြေးအမွှေးတိုင်ရခဲ့သည့် ပိုင်ရွှီက သိပ်သံသယ မဝင်ပေ။

 

သူက ရှစ်ချင်းလျို့ကို ကောင်းကောင်းသိသည်။ သူမက မပိုင်ရင် ခြင်တောင်မရိုက်သည့် လူစားဖြစ်၏။

 

ထို့ကြောင့် သူက ခြင်ပြေးအမွှေးတိုင်ကို မိဘတွေနှင့် အဖိုးအဖွားဆီ ပို့ပေးခဲ့သည်။

 

သူ့အမေက မထူးခြားသည့် ခြင်ပြေးအမွှေးတိုင်ကို သံသယဝင်စွာ ကြည့်ခဲ့သည်။ "ဒါက ခြင်ကိုမောင်းထုတ်နိုင်တယ်ဆိုတာ ဟုတ်ရဲ့လား။"

 

သူမက အနံ့ရှူကြည့်ခဲ့သည်။ "အနံ့ကလည်း ငါ့အခန်းထဲက အမွှေးနံ့လောက် မကောင်းဘူး။"

 

ပိုင်ရွှီက ပြုံးခဲ့သည်။ "အမေ ဒါက ခြင်ပြေးအမွှေးတိုင်လေ၊ ဘယ်လိုလုပ် အမွှေးနံ့နဲ့ ယှဥ်လို့ရမှာလဲ၊ အလုပ်ဖြစ်ရင် ပြီးရောမလား။"

 

တွေးတောပြီးနောက် ပိုင်သခင်မကြီးက သဘောတူခဲ့သည်။ "ကောင်းပြီ။ ဒီည စမ်းကြည့်တာပေါ့။"

 

သူမ သားက သိတတ်တာကြောင့် သူမက ပျော်နေခဲ့သည်။

 

နောက်တစ်နေ့ကျတော့ ခြင်ပြေးအမွှေးတိုင် အလုပ်ဖြစ်ရဲ့လားလို့ သံသယဝင်သည့် လူတွေက မေးခဲ့လေသည်။

 

"မနေ့ညက ခြင်ပြေးအမွှေးတိုင်ထွန်းခဲ့လား၊ အဆင်ပြေလား။"

 

"မထွန်းခဲ့ဘူး ငါမေ့သွားတာ၊ အဆင်ပြေလား။"

 

"အင်း အဆင်ပြေတယ်၊ ငါမနေ့က ထွန်းခဲ့တာ ခြင်အော်သံ တဝီဝီလည်း မကြားခဲ့ရဘူး၊ မနက်မိုးလင်းလို့ ထလာတော့လည်း ခြင်ကိုက်မခံခဲ့ရဘူး။"

 

"အင်း ငါ့ကလေးဆို ခြင်အရမ်းကိုက်ခံရတာ၊ အရင်တုန်းကဆို သူ့မျက်နှာနဲ့ လက်တွေက ခြင်အမြဲကိုက်ခံရတာ၊ မနေ့ညက ခြင်ပြေးအမွှေးတိုင်ထွန်းခဲ့တော့ ဘာခြင်ကိုက်ခံရတာမှ မရှိဘူး။"

 

"ခြင်ပြေးအမွှေးတိုင်က ဘယ်မှာရောင်းတာလဲ၊ ငါလည်းသွားဝယ်ချင်တယ်။"

 

"ဒေသန္တရအစိုးရ လက်အောက်ရှိ စီရင်စုမှာ ရမယ်လို့တော့ မထင်ဘူး၊ ရှာ့ရှီရွာမှာပဲ ရှိတာကွ။"

 

"ငါလည်းသွားဝယ်ရမယ်၊ မနေ့က ခြင်အော်သံ တဝီဝီမကြားရတော့ အိပ်ကောင်းချက်ပဲ။"

 

ခြင်ပြေးအမွှေးတိုင်ရဲ့ အကျိုးတက်ရောက်မှုက ခပ်မြန်မြန်ပဲ ပျံ့နှံ့သွားခဲ့သည်။

 

ကုန်သည်ကြီးတွေနှင့် လမ်းဘေးစျေးသည်တွေက ရထားလုံးတွေ၊ နွားလှည်းတွေဖြင့် ရှာ့ရှီရွာကို ချီတက်ခဲ့ကြသည်။

 

ပိုင်စံအိမ်တွင်ဖြစ်သည်။

 

ပိုင်ရွှီက အမေနှင့်အဖွားနှင့်အတူ ညစာသွားစားခဲ့သည်။

 

သခင်မကြီးက ပြုံးကာပြောခဲ့သည်။ "မနေ့က နင်ပေးတဲ့ ခြင်ပြေးအမွှေးတိုင်က သိပ်စွမ်းတာပဲ၊ ထပ်ပို့ပေးဦး။"

 

အရင်တုန်းက အခန်းထဲမှာ ခြင်ရှိပါက ဒေါနပန်းမီးရှို့ကာ မှိုင်းတိုက်ခဲ့ပြီး ညသန်းခေါင်ကြီး အစေခံတွေဖြင့် ခြင်မောင်းခိုင်းရတာကြောင့် အကျိုးသက်ရောက်မှုလည်း သိပ်မရှိသလို အိပ်ရေးလည်းပျက်သည်။

 

သို့ပေမယ့် ခြင်ပြေးအမွှေးတိုင် ထွန်းပြီးသည့်နောက်တော့ အစေခံတွေလည်း ဘေးမှာ ခေါ်ထားစရာမလိုဘဲ အိပ်ရေးလည်း ဝသည်။

 

သခင်မပိုင်ကလည်း ပြုံးကာ ပြောခဲ့သည်။ "အမေ့ကိုလည်း ထပ်ပေးဦး၊ ဒီခြင်ပြေးအမွှေးတိုင်က ကြည့်ရင်သာ ဘာမှ မဟုတ်ပေမယ့် အကျိုးသက်ရောက်မှုတော့ ရှိသား။"

 

ပိုင်ရွှီလည်း မနေ့ညက သုံးခဲ့ကာ တကယ် အစွမ်းထက်သည်။

 

သူက ပြုံးကာ ပြောခဲ့သည်။ "ကိစ္စမရှိဘူး၊ ဒီနေ့ ထပ်သွားဝယ်လိုက်မယ်။"

 

သူက စီးပွားရေး အခွင့်အလမ်းမြင်ခဲ့ပြီး ရှစ်ချင်းလျို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ပြင်ခဲ့သည်။

 

ညစာ စားပြီးနောက် မြင်းရထားလုံးဖြင့် ရှာ့ရှီရွာကို ထွက်ခဲ့သည်။

 

ထို့နောက် ရှောင်မိသားစုရဲ့သကြားစက်ရုံရှေ့မှာ မြင်းရထားလုံးတွေ၊ နွားလှည်းတွေ အများကြီး ရပ်ထားတာကို တွေ့လိုက်ရလေသည်။

 

ပိုင်ရွှီ မေးမြန်းကြည့်လိုက်တော့ မနေ့က ရှစ်ချင်းလျို့က ခြင်ပြေးအမွှေးတိုင်တွေ အလကား ပေးခဲ့ကြောင်း သိခဲ့ရလေသည်။

 

အစကတော့ ကြက်သေ သေသွားပေမယ့် ဒါက ကြေငြာဆင်းနည်းတစ်ခုဟု နားလည်သွားခဲ့သည်။

 

သူ ဝင်သွားသည့်အချိန်မှာပဲ သူ့ရှေ့က လူတွေက ကြားဖြတ်မဝင်ဖို့ ပြောခဲ့လေသည်။

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ "ကျုပ်က ကြားဖြတ်ဝင်တာမဟုတ်ဘူး၊ မိတ်ဆွေဆီ လာလည်တာဗျ။"

 

"ဟန်ကျန့်၊ ဟန်ကျန့်။" သူက သိပ်မဝေးသည့်နေရာမှာ ရပ်နေသည့် ရှောင်ဟန်ကျန့်ကို အော်ခေါ်ခဲ့သည်။

 

သူက အော်ခေါ်ရင်း တိုးဝင်သွားခဲ့သည်။

 

သူ ထိုသို့လုပ်တာကို တန်းစီနေသည့် လူအုပ်ကြီးက တွေ့ပေမယ့် မိတ်ဆွေဆီ လာလည်တာဖြစ်ကြောင်း ပြောခဲ့သဖြင့် သူ့ကို မတားခဲ့ကြပေ။

 

ပိုင်ရွှီက ရှောင်ဟန်ကျန့်ဆီ အမြန်လျှောက်သွားခဲ့သည်။ "ရှစ်ချင်းလျို့ ဘယ်မှာလဲ။"

 

ရှောင်ဟန်ကျန့်က ပြုံးကာ ပြန်ဖြေခဲ့သည်။ "အထဲမှာ ပစ္စည်းပို့ဖို့ စီစဥ်နေတယ်၊ ခြင်ပြေးအမွှေးတိုင်ကြောင့် လာခဲ့တာလား။"

 

ပိုင်ရွှီက တီးတိုးပြောခဲ့သည်။ "ဟုတ်တယ်။ အဲကိစ္စဆွေးနွေးရအောင် မင်းမိန်းမဆီ ခေါ်သွားပေးပါဦး။"

 

ရှောင်ဟန်ကျန့်က လက်ရှိ သူလုပ်နေသည့် အလုပ်ကို တခြားတစ်ယောက်ဆီလွှဲပြီး ပိုင်ရွှီကို အခန်းထဲခေါ်သွားခဲ့သည်။

 

ရှစ်ချင်းလျို့က အပြင်မှာ တန်းစီနေသည့် လူတွေရဲ့ နံပါတ်အတိုင်း ပစ္စည်းပို့ဖို့ လူတွေကို ကြီးကြပ်နေသည်။

 

ပိုင်ရွှီဝင်လာတော့ သူမက အရင်ပြောခဲ့သည်။ "ခြင်ပြေးအမွှေးတိုင်ဝယ်ဖို့လာတာလား၊ ဒါဆိုရင် ပြောစရာ မလိုတော့ဘူး၊ မရှိတော့ဘူး။"

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ "ငါ့ကိုပဲ အကုန်ရောင်းလို့မရဘူးလား၊ ဘာလို့ ဒုက္ခခံနေတာလဲ။"

 

ရှစ်ချင်းလျို့က မျက်လုံးလည်ပြခဲ့သည်။ "တစ်ခါတည်း ပုံအောရောင်းချင်မှတော့ ဒေသန္တရအစိုးရ လက်အောက်ရှိ စီရင်စုထိသွားပြီး ခြင်ပြေးအမွှေးတိုင်ကို အလကား သွားဝေပေးပါ့မလား၊ လက်ကားယူရောင်းဖို့ မေ့ထားလိုက်၊ သူများစားပေါက်အတွက်လည်း ချန်ထားပါဦး။"

 

ပိုင်ရွှီက ရှုပ်ထွေးသွားခဲ့သည်။ "တစ်စုတည်းတစ်ပြုံတည်းရောင်းတာ ပိုကောင်းတယ်လေ၊ ဘာလို့ ဒုက္ခရှာနေတာလဲ။"

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ကျွန်မက အလုပ်ရှုပ်ရတာကြိုက်တဲ့လူ၊ ဒီလိုလုပ်ရတာပျော်တယ်။"

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ မယုံတာ။

 

"လုပ်ပါ ငါ့ကိုပြောပြပါဦး။" သူမက အမြဲတမ်း အချိန်ကုန်သက်သာသည့်နည်းကို ရှာဖွေပြီး ဘာမှလုပ်စရာမရှိသည့်အခါ ကိုယ့်ဘာသာကိုယ် အလုပ်ရှုပ်အောင် လုပ်တတ်သည့် လူစား မဟုတ်ပေ။

 

ရှစ်ချင်းလျို့က သူမလက်ထဲက အမှာစာတွေကို စီစဥ်လို့ ပြီးသွားခဲ့သည်။

 

ထို့နောက် သူမက ရှောင်ဟန်ကျန့်ဘေးမှာထိုင်ခဲ့သည်။ "အင်း ကျွန်မက ကျွန်မတို့ရွာကို လူအများကြီးလာအောင်လုပ်ပြီး နောက်ကျရင် ရွာကို အရောင်းအဝယ်လုပ်ငန်း ဗဟိုဌာနဖြစ်အောင်လုပ်မလို့လေ။”