အခန်း(၉၆)
Viewers 7k

အပိုင်း(၉၆) - ဒီလိုဆို ပိုကောင်းတာပေါ့

 

ပိုင်ရွှီက မယုံနိုင်စွာ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။

 

"မင်း သိပ်ပြီး အကြီးကြီးတွေ တွေးနေတာ မဟုတ်ဘူးလား။"

 

ဒီလိုဖြစ်နိုင်လိမ့်မည်ဟု သူ မထင်ပေ။

 

ရှာ့ရှီလိုရွာသေးသေးလေးက ဘယ်လိုလုပ် အရောင်းအဝယ်လုပ်ငန်း ဗဟိုဌာန ဖြစ်နိုင်မှာလဲ။

 

"ခြင်ပြေးအမွှေးတိုင်လေးနဲ့လား၊ ဒါဆိုရင်တော့ အိပ်မက် မက်နေတာရပ်ဖို့ ပြောချင်တယ်။"

 

ဒီအမျိုးသမီးကို ဤသို့ တစ်ချက်တည်းဖြင့် သူ အနိုင်ယူနိုင်တာရှားသည်။

 

ရှစ်ချင်းလျို့က သူ့ကို မျက်လုံးလည်ပြခဲ့သည်။ "ဘယ်လိုလုပ် ခြင်ပြေးအမွှေးတိုင် တစ်ခုတည်းနဲ့ ဖြစ်မှာလဲ၊ ကျွန်မဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ကျန်သေးတယ်၊ ပြီးတော့ ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ အိပ်မက် မက်ရဲပြီး လုပ်ရဲကိုင်ရဲတဲ့လူက အောင်မြင်မှု ရရှိမှာပဲ၊ ရှင် အရင်က မလုပ်ဖူးရုံနဲ့ မဖြစ်နိုင်တာကို ဘယ်လိုသိတာလဲ။"

 

သူမက သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်ခဲ့သည်။ "ဒါဆိုရင်တော့ ရှင် အရှက်ထပ်ကွဲဖို့သာ ပြင်ထားတော့။"

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။

 

"တခြား ဘာတွေရှိသေးလဲ။" ဒါကို သူအရမ်း စိတ်ဝင်စားနေသည်။

 

ရှစ်ချင်းလျို့က သူ့ကို ကြည့်ခဲ့သည်။ "မပြောပါဘူး။ သိချင် စောင့်ကြည့်ပေါ့။"

 

ပိုင်ရွှီက အသံတိတ်သွားသည်။ သူ့မှာ အမြဲတန်းလန်းကြီး ကျန်ခဲ့ရသည်။ စိတ်ရှုပ်လိုက်တာ။

 

သူက ဆက်ပြောခဲ့သည်။ "ငါ့ကို အရေအတွက် များများ မရောင်းရင်လည်း လုပ်နည်း ရောင်းလိုက်ပါလား၊ ငါမင်းနဲ့ မပြိုင်ပါဘူး၊ ငါတခြားနေရာမှာ သွားရောင်းမှာပါ။"

 

ရှစ်ချင်းလျို့က ခေါင်းခါပြခဲ့သည်။ "မဖြစ်နိုင်ဘူး၊ ရှင်အရင်တန်းစီပြီး ကြိုတင်စာရင်းပေးပြီးမှ သူများကို ရောင်းလို့ရမယ်။ ဒါတော့ ဖြစ်နိုင်တယ်။"

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ "ငါတို့ရဲ့ဆက်ဆံရေးအရ ကြိုတင်စာရင်းပေးဖို့ တန်းစီစရာလိုလား၊ မင်းငါ့ကို ကြားဖြတ်ခွင့်ပေးလို့မရဘူးလား။"

 

အချိန်က ပိုက်ဆံဖြစ်၏။

 

ရှစ်ချင်းလျို့လည်း ဆွံ့အသွားခဲ့သည်။ "ကျွန်မနဲ့ ရှင်ရဲ့ ဆက်ဆံရေးက လုံးဝ စင်စစ် စီးပွားရေးလုပ်ဖော်ကိုင်ဖက်ပဲ၊ ကျွန်မကို ဂုဏ်သိက္ခာပျက်စီးအောင် မလုပ်နဲ့။"

 

ရှောင်ဟန်ကျန့်ကလည်း ဖြတ်ပြောခဲ့သည်။ "ပိုင်သခင်လေး၊ ကျေးဇူးပြုပြီး စကားကို သတိထားပြောပေးပါ။"

 

ပိုင်ရွှီက အသံတိတ်သွားခဲ့သည်။

 

"ငါပြောချင်တာက ငါတို့ အလုပ်အတူတူလုပ်လာတဲ့ အကြိမ်ရေက များနေပြီလေ၊ ဒါက ကြားဖြတ်ဝင်ရုံလေးပါ၊ ဒါတော့ စီစဥ်ပေးလို့ရတယ်မလား။"

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "စည်းကမ်း မရှိရင် ဘာမှ မအောင်မြင်နိုင်ဘူး၊ ဒီမှာ ကြားဖြတ်ဝင်ခွင့် မပြုဘူး၊ အကယ်၍ ရှင်သာ ကြားဖြတ်ဝင်လိုက်ရင် တခြားလူတွေလည်း လိုက်လုပ်မှာပဲ၊ ဒါဆိုရင် အရှေ့မှာ တန်းစီစောင့်နေတဲ့လူတွေရဲ့ အချိန်ကို ဖြုန်းတီးသလို ဖြစ်မနေဘူးလား။"

 

မော်ဒန်ခေတ်မှာလည်း တန်းမစီဘဲ ကြားဖြတ်ဝင်သည့်လူတွေကို သူမ သဘောမကျပေ။

 

သေချာပေါက် လူတိုင်းလည်း ကြားဖြတ်ဝင်တာကို မကြိုက်နိုင်တာကြောင့် ထိုသို့မဖြစ်အောင် သူမက ရှေးခေတ်မှာကတည်းက တားဆီးထားချင်သည်။

 

သူမရဲ့ ဆုံးဖြတ်ချက်ခိုင်မာနေသည့်ပုံကိုတွေ့တော့ ပိုင်ရွှီက အရှုံးပေးခဲ့သည်။ "အေးပါကွာ။ ငါတန်းစီပါ့မယ်။"

 

"ဘယ်လို တန်းစီစောင့်ရမှာလဲ၊ တံခါးရှေ့မှာ သွားရပ်စောင့်လို့တော့ မပြောနဲ့နော်။" ဒီနေ့ ရာသီဥတုက အလွန်ပူသည်။

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "အရင်ဆုံး ဝင်ပေါက်မှာ သွားတန်းစီ၊ နံပါတ်ရပြီးရင် ဘေးက နားနေခန်းထဲ သွားနားပြီး စောင့်လို့ရတယ်၊ အဲမှာ ရေခဲဇလုံနဲ့ ဆေးဖက်ဝင်လက်ဖက်ရည်ရှိတယ်၊ အဆင်ပြေမှာပါ၊ ပြီးတော့ ရှင်က အခုအချိန်မှလာတော့ ဒီနေ့တော့ ခြင်ပြေးအမွှေးတိုင် မရလောက်ဘူး၊ နံပါတ်ရပြီးရင် ပြန်ပြီး မနက်ဖြန်မှ ပြန်လာတော့။"

 

ခြင်ပြေးအမွှေးတိုင်းကို အများကြီး လာဝယ်ကြခြင်းကိုလည်း သူမ တကယ်အံ့သြခဲ့ရသည်။

 

ရှေးခေတ်မှာလည်း အခွင့်အရေးကို ဘယ်လိုဖမ်းဆုပ်ရမလဲဆိုတာသိသည့် ကုန်သည်ကြီးတွေ ရှိဟန်တူသည်။

 

တခြားနေရာတွေမှာ ခြင်ပြေးအမွှေးတိုင် မရောင်းပေ။ ထို့ကြောင့် တခြားနေရာတွေမှာ သွားရောင်းချဖို့အတွက် စိတ်ပူစရာ မလိုပေ။

 

ပိုင်ရွှီက သဘောတူခဲ့သည်။ "ဒါဆိုလည်း ငါ့ကို ပစ္စည်းများများပေး၊ မြို့တော်ကို တင်ပို့ပြီး ရောင်းချမှာ။"

 

သူက မြို့တော်မှာ စီးပွားရေး ဖြန့်ကျက်ပြီး ထိုနေရာမှာ ခြေကုပ်ကျားကုပ်မြဲချင်သည်။

 

အသစ်အဆန်းပစ္စည်းတွေ ရောင်းခြင်းက ကောင်းမွန်သည့် နည်းလမ်းဖြစ်သည်။

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ကိစ္စမရှိဘူး၊ ပိုအရည်အသွေးကောင်းပြီး ပုံစံပိုသပ်ရပ်တဲ့ ခြင်ပြေးအမွှေးတိုင် တချို့ လုပ်ခိုင်းလိုက်မယ်၊ ရှင် အရင်ဆုံး သူတို့တွေကို အလကားပေးပေါ့။"

 

သာမာန်ပြည်သူတွေက သာမာန် ခြင်ပြေးအမွှေးတိုင်ကို သုံးသည်။ ထို့ကြောင့် မင်းစိုးရာဇာမိသားစုတွေက ပိုအရည်အသွေးကောင်းတာကို ဝယ်သုံးလိမ့်မည်။ စျေးကြီးသည့်ပစ္စည်းတွေက သူ့ပစ်မှတ်နှင့်သူရှိသည်။

 

ထို့ကြောင့် သူတို့က မတူညီသည့် ခြင်ပြေးအမွှေးတိုင်တွေကို သူနှင့်ကိုက်ညီသည့် မတူညီသည့် လူတန်းစားတွေကို ပေးမည်ဖြစ်သည်။

 

ထိုစကားက ပိုင်ရွှီကို ပိုအဆင်ပြေသွားစေသည်။ "ဒီလိုဆို ပိုကောင်းတာပေါ့၊ အနည်းဆုံးတော့ မင်းက သဘောထားကြီးသားပဲ။"

 

ဒီအမျိုးသမီးက တကယ်ဉာဏ်ကောင်းသည်။ သူမက မတူညီတဲ့ ခြင်ပြေးအမွှေးတိုင်တွေကို ဘယ်လို မတူညီအောင် ပြုလုပ်ရမလဲဆိုတာသိသည်။

 

သူက ထပ်ပြောခဲ့သည်။ "အရည်အသွေးကောင်းတာတွေ များများပြင်ဆင်ထား၊ ပိုက်ဆံရှာချင်ရင် စျေးမြင့်တဲ့လမ်းကြောင်းကို သွားဖို့လိုတယ်။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည် ။ "ကိစ္စမရှိပါဘူး။"

 

သူမက ထပ်ပြောခဲ့သည်။ "ဒါပေမဲ့ ရှင်က အလကားပေးရတယ်ဆိုပေမယ့် ရှင်ကတော့ ကျွန်မကို ပိုက်ဆံပေးရမှာနော်။"

 

ပိုင်ရွှီက ဆွံ့အသွားခဲ့သည်။ ဒါများ ပိုက်ဆံကို အာရုံမထားဘူးဆိုတဲ့စကားက ပြောသေးတယ်။

 

"ငါပေးမှာပါ၊ ငါမင်းကို လိမ်လည်ရဲမလား။" သူဒီအမျိုးသမီးကို ကြောက်သည်။

 

ပိုင်ရွှီက ကိုယ်တိုင်တန်းမစီဘဲ ရှောင်စစ်ကို တန်းစီခိုင်းခဲ့သည်။

 

သူက နားနေခန်းထဲလည်း သွားမနေဘဲ ဒီမှာတင်နေကာ လက်ဖက်ရည် သောက်နေခဲ့သည်။

 

နားနေခန်းထဲမှာတော့ ကုန်သည်တွေနှင့် စျေးသည်လေးတွေက အအေးခန်းထဲထိုင်ကာ ဆေးဖက်ဝင် လက်ဖက်ရည်ကို သောက်နေကြသည်။ သူတို့က အရမ်းအဆင်ပြေသလို ခံစားခဲ့ရသည်။

 

ဒါကို ဝန်ဆောင်မှုပေးခြင်းဟုခေါ်ကြောင်း သူတို့ မသိပေမယ့် အလွန်သက်သောင့်သက်သာရှိနေသည်။

 

"အခြေခံစာသင်သားရှောင်ရဲ့ ဇနီးက တကယ်တော်တယ်။"

 

"သူတို့ထုတ်တဲ့သကြားလည်း စျေးပေါပြီး အရသာရှိတယ်လို့ကြားတယ်၊ နောက်မှ နည်းနည်းလောက် ဝယ်ရမယ်။"

 

"ရွာထဲမှာ ယမ်းစိမ်းရောင်းတဲ့လူရှိတယ်တဲ့၊ အပြန်ကျရင် တစ်လှည်းစာလောက် ဝယ်ပြန်ရမယ်။"

 

"တစ်လှည်းစာ ဝယ်ပြန်ဖို့ တွေးမနေနဲ့၊ သူတို့ရွာအတွက်တောင် မလောက်ဘူး၊ နေ့တိုင်း သူတို့ တူးထားတဲ့ ယမ်းစိမ်းတွေက မိုးလင်းတာနဲ့ကို ကုန်နေပြီ။"

 

"အဲလောက်တောင် ရောင်းကောင်းတာလား။"

 

"ဟုတ်တယ်၊ အခုရာသီဥတုက ပူတော့ ယမ်းစိမ်းတွေ ရောင်းအားတက်နေတာ။"

 

"ဒါ့အပြင် ဒါ့အပြင် လူတွေအများကြီး အဝေးကနေ လှည်းလိုက်ကို ယမ်းစိမ်းတွေ လာဝယ်ကြတာ၊ မြို့တော်ကလူတွေတောင် ယမ်းစိမ်းလာဝယ်ကြတယ်လို့ကြားတယ်။"

 

"ဒီလို ရွာစုတ်လေးတဲ့တူတဲ့ရွာမှာ ပစ္စည်းကောင်းတွေရှိမယ်လို့ မထင်မိခဲ့ဘူး။"

 

"ကြာရှည်တော့ ရွာစုတ်လေး မဖြစ်နိုင်လောက်တော့ဘူး။"

 

ပစ္စည်း အရင်ဆုံး ရသည့်လူက ချက်ချင်းပင် ဒေသန္တရအစိုးရ လက်အောက်ရှိ စီရင်စုကို သွားရောင်းခဲ့သည်။

 

ရှစ်ချင်းလျို့က စျေးအများကြီး မတင်ရောင်းပေ။ ခြင်ပြေးအမွှေးတိုင် တစ်စည်းကို ၁၀ချောင်းပါပြီး အများကြီးယူရင် တစ်စည်း တစ်ပြားသာ ကျသည်။

 

ထုတ်လုပ်သည့် ကုန်ကျစရိတ်က ပြားဝက်လောက်သာ ကုန်ကျတာကြောင့် ထက်ဝက်မြတ်သည်။

 

သူမက ကုန်သည်တွေအတွက်လည်း စျေးသတ်မှတ်ထားသည်။ သူတို့က နှစ်ပြား၊ ၃ပြားဖြင့် ပြန်ရောင်းနိုင်မှာဖြစ်ပြီး ဒါမှ စျေးကွက် မရှုပ်ထွေးနိုင်မှာ ဖြစ်သည်။

 

ဒေသန္တရအစိုးရ လက်အောက်ရှိ စီရင်စုမှာဆိုရင် နှစ်ပြားနဲ့ ရောင်းနိုင်ပြီး ဒီထက်ဝေးဝေးသွားရသည့် နေရာတွေဆိုရင် သုံးပြားနှင့် ရောင်းနိုင်သည်။

 

ကုန်သည်အများစုက ငွေရှာနိုင်သေးသည်။

 

အမြတ်နည်းနည်းဖြင့် များများရောင်းရအောင် ဦးစားပေးရောင်းကာ ငွေရှာနိုင်သည်။

 

အဓိက အချက်က အလွန်ဆင်းရဲသည့် မိသားစုကလွဲရင် လူတိုင်း သုံးနိုင်အောင်ဖြစ်သည်။

 

ဒီတစ်ခါတော့ ရှစ်ချင်းလျို့က ခြင်ပြေးအမွှေးတိုင်ကို ပိုက်ဆံအများကြီးရအောင် ရောင်းတာ မဟုတ်ပေ။

 

မဟုတ်ပါက တစ်မူထူးခြားသည့် ထုတ်ပိုးမှုပုံစံဖြင့် ထုတ်ပိုးကာ လူချမ်းသာတွေကို ရောင်းချမည်ဖြစ်သည်။

 

အဓိက အချက်က တာ့လျန်မင်းဆက်က လူတွေကို ခြင်ကိုက်ခံရခြင်း စိုးရိမ်မှုကနေ လျော့ချရန်အတွက် လူတိုင်းကို ခြင်ပြေးအမွှေးတိုင် သုံးစေချင်တာဖြစ်သည်။

 

ရွာမှာ အလုပ်လာလုပ်သည့် အမျိုးသမီးနှင့် မိန်းမငယ်လေးတွေကလည်း အလွန် ဝီရိယထားကာ ကျွမ်းကျင်ကြသည်။

 

ေဒသန္တရအစိုးရ လက်အောက်ရှိ စီရင်စု ရွာက လူတွေက ရှစ်ချင်းလျို့က သစ်နံကိုင်းရွက်တွေ၊ ဂန္ဓမာပန်းတွေ၊ ငါးရှဥ့်တွေ စုဆောင်းကြောင်း သတင်းကြားခဲ့သည်။

 

ထို့ကြောင့် သူတို့က ထိုအရာတွေ စုဆောင်းဖမ်းဆီးကာ သူမဆီ လာရောင်းခဲ့သည်။

 

ကုန်ကြမ်းတွေက အမြဲမပြတ်ရှိတာကြောင့် ခြင်ပြေးအမွှေးတိုင်ထုတ်လုပ်သည့် အရေအတွက်လည်း များသည်။

 

သို့ပေမယ့် တစ်နေ့ထုတ်လုပ်သမျှ အကုန်ရောင်းကုန်သည်။ တစ်ခါတစ်လေဆိုရင် ပစ္စည်းတောင် ပြတ်သွားတတ်သည်။

 

မော့ချင်းလင်ကလည်း ခြင်ပြေးအမွှေးတိုင်ရဲ့ အကျိုးသက်ရောက်မှုကိုသိတော့ သူ့လူတွေကို ရွာကိုလွှတ်ပြီး သွားဝယ်ခိုင်းခဲ့သည်။

 

သူက မြို့တော်ကို လက်ဆောင်အဖြစ် ဆက်သမည်ဟု ရှစ်ချင်းလျို့က ယူဆတာကြောင့် ပိုအရည်အသွေးကောင်းကာ ထုတ်ပိုးမှု ထူးခြားသည့် ပစ္စည်းတွေကို ထည့်ပေးခဲ့သည်။

 

သေချာပေါက် ပိုက်ဆံလည်း လက်ခံခဲ့သေးသည်။

 

အချိန်တစ်ခုအထိ လူတွေက ရှာ့ရှီရွာကို အုပ်လိုက်အုပ်လိုက်နေ့တိုင် လာကာ ခြင်ပြေးအမွှေးတိုင် လာဝယ်ခဲ့သည်။

 

စီးပွားရေးအကွက်မြင်တတ်သည့် ရွာသားတချို့က ရွာအဝင်မှာ လက်ဖက်ရည်ဆိုင်လေးတွေ တဲထိုးဖွင့်ပြီး ပေါက်စီတွေပါ တင်ရောင်းခဲ့သည်။

 

မြို့တော်တွင်ဖြစ်သည်။

 

လမ်းဘေးစျေးသည်တချို့က လမ်းတစ်လျှောက် ခြင်းတွေ သယ်ကာ အော်ရောင်းခဲ့သည်။ "ရေခဲချောင်းတွေရမယ် ရေခဲချောင်းတွေ။"

 

"ဘာအရသာတွေရှိလဲ။"

 

"ဖရဲသီး၊ စပျစ်သီး၊ သစ်တော်သီးနဲ့ အနီရောင်ဘယ်ရီသီး အရသာတွေ ရှိပါတယ်။"

 

"ဖရဲသီးအရသာ တစ်ချောင်း ပေးပါ။"

 

"အဖေ သား ရေခဲချောင်း စားချင်တယ် ရေခဲချောင်း။"

 

"ဒီနေ့ တစ်ရက်တည်း စားထားတာ နှစ်ချောင်းတောင် ရှိနေပြီ။"

 

"ဟင့်အင်း စားချင်တယ် စားချင်တယ် စားမယ် စားမယ်။"

 

ရေခဲချောင်းရောင်းခြင်းက မြို့တော်ရဲ့လမ်းကြားနှင့် လမ်းမတွေမှာ မျက်စိဖမ်းစားဖွယ်ဖြစ်လာခဲ့သည်။

 

မကြာခင်က သူတို့က ခြင်ပြေးအမွှေးတိုင်ပါ ရောင်းချခဲ့သည်။

 

"ခြင်ပြေးအမွှေးတိုင်တွေ ရမယ်နော်၊ ၃ချောင်းမှ ၁ပြားပဲ ကျသင့်ပါမယ်၊ သုံးရလွယ်ကူပြီး အသုံးဝင်တဲ့ ပစ္စည်းလေးပါ။"

 

ထိုခေတ်ကလူတွေ သိပ်ဉာဏ်ကောင်းတာ ပြောစရာ မလိုပေ။

 

ခြင်ပြေးအမွှေးတိုင် တစ်စည်းကို ခွဲထုတ်ကာ လမ်းတွေမှာ လိုက်ရောင်းခဲ့သည်။

 

သူတို့ရောင်းရသည့် အရေအတွက်က ကုန်သည်တွေ သူတို့ဆိုင်မှာ ရောင်းချတာထက် မလျော့ဘဲ ပိုက်ဆံပိုရှာနိုင်ခဲ့သည်။

 

"ဒီခြင်ပြေးအမွှေးတိုင်က အသုံးကောဝင်ရဲ့လား။"

 

"သေချာပေါက် အသုံးဝင်တာပေါ့၊ မိဖုရားကြီးရဲ့တူဖြစ်သူ မော့သခင်လေးဆိုရင် သူမအိပ်ခင်တိုင်း ထွန်းအိပ်တာ၊ ဒါသာ အသုံးမဝင်ရင် သူက ဘာလို့သုံးလိမ့်မတုန်း။"

 

မြို့တော်က မော့ချင်းလင်ရဲ့ ဂုဏ်သတင်းက သိပ်ကောင်းသည်။

 

"ပြီးတော့ မြို့တော်က မျိုးရိုးမြင့်တွေက ခြင်ပြေးအမွှေးတိုင် မသုံးတဲ့လူရှိလို့လား။" ခေတ်ရေစီးကြောင်းနောက် နောက်ကျကျန်ခဲ့သည့်လူ မရှိပေ။

 

"မော့သခင်လေးက နေ့တိုင်း သုံးတာလား၊ ဒါဆို ကျွန်မကို ၃ချောင်းပေး။"

 

"ကျွန်မကိုလည်း ၃ချောင်း ယူမယ်။"

 

နန်ရှီမြို့မှာ အလုပ်လုပ်နေသည့် မော့ချင်းလင်က မကြာခဏ နှာချေနေခဲ့သည်။