အခန်း(၉၇) - အများကြီး ထုတ်လုပ်လို့ရတယ်ပေါ့
ရှောင်ဟန်ကျန့်က ရေခဲလုပ်နည်း မျှဝေပေးခဲ့တာကြောင့်
ဘုရင်ကြီးကိုယ်တိုင် သူ့ကို ရွှေပြား၁၀၀ ချီးမြှင့်ခဲ့သည်။
ရွှေပြားက သိပ်မများသော်လည်း ဒါက ဂုဏ်ပြုသည့် ပြယုဂ်တစ်ခုဖြစ်သည်။
မော့ချင်းလင်က ဘုရင့်အမိန့်ပြန်တမ်းနှင့် ရွှေတွေကို ရှာ့ရှီရွာကို
ယူလာခဲ့တော့ ရွာသားတွေက အလွန်စိတ်လှုပ်ရှားခဲ့သည်။
အခုလိုရှေးခတ်မှာ မျိုးနွယ်စုတစ်ခုရဲ့ လက္ခဏာရပ်က အလွန်အားကောင်းသည်။
မျိုးနွယ်စုတစ်ခုထဲမှာ ကောင်းကောင်းလုပ်ဆောင်နိုင်သည့်လူ ပါရှိပါက
စိတ်ထားသေးသိမ်သည့်လူတွေကလွဲရင် လူအများစုက ပျော်ရွှင်ကြသည်။
ရွာသူကြီးကလည်း အလွန်ပျော်ကာ အကြီးအကဲတချို့ကိုခေါ်လာပြီး သူတို့ကို
ဂုဏ်ပြုခဲ့သည်။
ရှောင်ဟန်ကျန့်က သူရသည့် ရွှေတွေကို အိမ်ထဲသွားသိမ်းပြီး ပြန်ထွက်လာကာ
မော့ချင်းလင်နှင့် တခြားလူတွေကို ကြိုဆိုခဲ့သည်။
အရေးတကြီး လိုအပ်တာမျိုးမှ မဟုတ်ရင် ဒီလိုဆုရထားသည့်ရွှေကို
သူတို့ထုတ်သုံးမည် မဟုတ်ပေ။
ဒီတစ်ခေါက် မော့ချင်းလင် ရွာကိုလာတော့ ရွာက
ပြောင်းလဲသွားတာကိုတွေ့လိုက်ရသည်။
ရွာအဝင်မှာ တဲထိုးဆိုင်တန်းတွေ အများကြီးရှိပြီး
ဒေသန္တရအစိုးရလက်အောက်က စီရင်စုက လူတွေလည်း ဒီရွာကို လာလည်ခဲ့သည်။
ရှာ့ရှီရွာက အလွန်သက်ဝင်လှုပ်ရှားနေခဲ့သည်။
ထို့နောက် ရှောင်မိသားစုက ဆောက်လုပ်ထားသည့် အလုပ်ရုံ အနည်းငယ်ကို
တွေ့ခဲ့သည်။
လာရောက်သည့်လူတွေကို မေးကြည့်လိုက်တော့ သူတို့က
ခြင်ပြေးအမွှေးတိုင်ကို လာဝယ်ကြောင်း သိလိုက်ရသည်။
သကြားလာဝယ်သည့်လူတွေလည်း ရှိသည်။
ယမ်းစိမ်းလာဝယ်သည့်လူတွေလည်း ရှိသည်။
ရေခဲလုပ်နည်း ဖြန့်ဝေပြီးကတည်းက ယမ်းစိမ်းဝယ်ယူသူတွေ များလာခဲ့သည်။
သို့ပေမယ့် သူတို့က ပင်လယ်ရေမျက်နှာပြင်အထက် အကန့်အသတ်မှာ ရှိပြီး
သူတို့ တူးယူလို့ရသည့် ယမ်းစိမ်းတွင်းက အကန့်အသတ် ရှိသည်။
ရှာ့ရှီရွာမှာ ယမ်းစိမ်းတူးဖော်လို့ရသည့် သတင်းက ရေပန်းစားလာခဲ့သည်။
မြို့က မျိုးနွယ်စုအကြီးစားတွေက ဒီယမ်းစိမ်းတွင်းကို
လက်ဝါးကြီးအုပ်ချင်နေသည်။
မော့ချင်းလင်က ဒါကိုတားမြစ်ထားခဲ့သည်။
ဒါက သူ့စီရင်မှုအောက်က နေရာဖြစ်ပြီး တခြားနေရာက လူတွေကို
ကြီးစိုးခွင့်မပေးနိုင်ပေ။
သူက မြို့တော် မှာပဲ ကြီးပြင်းလာသူဖြစ်ပြီး ခရီးဝေစထွက်လာရင်း
နန်ရှီမြို့ကို ပထမဆုံး လာလည်ခဲ့ဖူးတာဖြစ်သည်။
မြို့တော်က ချမ်းသာကြွယ်ဝသည့် မိသားစုနှင့် မတူဘဲ ဆင်းရဲချို့တဲ့သည့်
လူနေမှုအသိုင်းအဝိုင်းကို မြင်တွေ့ခဲ့ရသည်။
သူ့မူလရည်ရွယ်ချက်က သတ္တုတွင်းအတွက် လာရောက်ခဲ့တာဖြစ်သော်လည်း အခုတော့
သာမာန်ပြည်သူတွေအတွက် သူ တစ်ခုခု လုပ်ပေးချင်နေသည်။
ရှောင်ဟန်ကျန့်က သူဘတစ်ခါမှ မတွေ့ဖူးသည့် လက်ဖက်ရည်ကျိုချက်နည်းကို
သပ်ရပ်စွာ လုပ်ကိုင်နေတာကိုမြင်တော့ သူ အရင်က ဒီစုံတွဲကို အထင်သေးမိခဲ့ကြောင်း
ခံစားလိုက်ရသည်။
တစ်ငုံသောက်ကြည့်ပြီးနောက် လက်ဖက်ရည်က အလွန်လတ်ဆတ်ပြီး
မွှေးပျံ့နေသည်။
အရသာက သူသောက်နေကျ လက်ဖက်ရည် ထက် ပိုကောင်းသည်။
"ဒီလက်ဖက်ရည်က ဘာအမျိုးအစားလဲ။"
ရှောင်ဟန်ကျန့်က ပြုံးကာ ပြောခဲ့သည်။ "ဒါက ကျွန်တော့်ဇနီး
သင်ယူခဲ့တဲ့ ကုန်းဖူလက်ဖက်ရည်လေ။"
မော့ချင်းလင်က နောက်တစ်ငုံ ထပ်သောက်လိုက်သည်။
"တော်တော်ကောင်းတယ်။"
ရှောင်ဟန်ကျန့်က သဘောထားကြီးစွာ ပြောခဲ့သည်။ "သဘောကျရင်
အရာရှိကြီးရဲ့ လူတွေကို သင်ခိုင်းလိုက်လေ၊ သောက်ချင်တဲ့အခါကျရင် ကိုယ့်ဘာသာ
လုပ်သောက်လို့ရတာပေါ့။"
အခု လက်ဖက်ရည်ထဲကို တခြားပါဝင်ပစ္စည်းတွေ ထည့်လိုက်ပါက
အရသာပျက်သွားမည်ဖြစ်ကြောင်း သူ့ဇနီးက ပြောခဲ့သည်။ ကုန်းဖူ လက်ဖက်ရည်ကို
အပြင်လူတွေကို ပြန်လည်ပြောပြခြင်းကလည်း ကောင်းမွန်သည့်ကိစ္စ ဖြစ်သည်။
မော့ချင်းလင်က ဒီလတ်ဆတ်သည့် လက်ဖက်ရည်အရသာကို တကယ် သဘောတွေ့နေခဲ့သည်။
"ကောင်းပြီ။ ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ် ။"
ခဏလောက်ထိုင်ကာ စကားပြောပြီးနောက် သူက မေးခဲ့သည်။
"ပိုင်မိသားစုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ကြားတယ်၊ သူတို့နဲ့
ပူးပေါင်းပြီး ဘာလို့ ခြင်ပြေးအမွှေးတိုင်ကို မရောင်းခဲ့တာလဲ။"
အကယ်၍ ပိုင်မိသားစုနှင့်သာ ပူးပေါင်းလိုက်ပါက ရှောင်မိသားစုက ဒုက္ခတွေ
အများကြီး သက်သာသွားမည်ဖြစ်သည်။
အကျိုးအမြတ်ကလည်း အများအပြားရောင်းတာထက် မနည်းဘူးဟု သူထင်သည်။
သူဒီလိုမေးခွန်း မေးမယ်ဆိုတာကို ရှောင်ဟန်ကျန့်က
ခန့်မှန်းမိပြီးသားမလို့ အမှန်အတိုင်း ဖြေခဲ့သည်။ "ကျွန်တော့် ဇနီးက
ပိုက်ဆံပဲ ရှာချင်တာမဟုတ်ဘူး၊ သူက ခြင်ပြေးအမွှေးတိုင်နဲ့ တစ်ခြားသော
ကုန်ပစ္စည်းတွေသုံးပြီး ရွာကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းချင်တာပါခင်ဗျ။"
သူ့ဇနီးက ရှာ့ရှီရွာရဲ့ ရေသေစီးကြောင်းကို စီးဆင်းအောင် လုပ်ချင်သည့်
အကြံကို ပြန်ပြောပြခဲ့သည်။
ထိုကဲ့သို့သော ဆွေးနွေးမှုမျိုးကို မော့ချင်းလင်က ပထမဆုံး
ကြားဖူးတာကြောင့် သူက နက်နက်နဲနဲ တွေးခဲ့သည်။
သူက ဒါကို တွေးလေလေ ပိုအံ့သြလာခဲ့သည်။
ဒီနည်းပညာက ရှာ့ရှီရွာအတွက် အသုံဝင်ရုံတင်မကဘဲ နန်ရှီမြို့တစ်ခုလုံးအတွက်ပါ
အသုံးဝင်သည်။
သူက ခဏလောက်တွေးကာ မေးခဲ့သည်။ "မင်းရဲ့ဇနီးက ဘယ်မှာလဲ၊
ထွက်လာခိုင်းပြီး ခဏလောက် စကားပြောလို့ရမလား။"
ရှောင်ဟန်ကျန့်က မတ်တပ်ထရပ်ခဲ့သည်။ "ခဏစောင့်ပါ အရာရှိကြီး၊ အခု
သွားခေါ်ပေးပါ့မယ်။"
အခုလက်ရှိမှာ ရှစ်ချင်းလျို့က အလုပ်ရုံက ကုန်ပစ္စည်းတွေကို
သင်္ဘောပေါ်တင်ဖို့ စီစဥ်နေခဲ့သည်။
သူမက လက်ထောက်ထားဖို့ တွေးလိုက်သည်။ မဟုတ်ပါက သူမ အလွန်ပင်ပန်းသည်။
သူမတွေးနေတုန်းမှာပဲ ရှောင်ဟန်ကျန့်ရဲ့ ခေါ်သံကို ကြားခဲ့သည်။
"မိန်းမရေ စီရင်စုတရားသူကြီးမော့ မင်းကို တွေ့ချင်နေတယ်။"
ထိုအခါမှ ရှစ်ချင်းလျို့က သူ့အလုပ်တွေကို ချထားကာ ထွက်လာခဲ့သည်။
"သူက ကျွန်မကို ဘာလို့ တွေ့ချင်တာတုန်း။"
ရှောင်ဟန်ကျန့်က ပြောခဲ့သည်။ "မင်း ရှာ့ရှီရွာကို
သက်ဝင်လှုပ်ရှားတဲ့နေရာဖြစ်အောင် လုပ်ချင်တဲ့အကြောင်း ပြောပြလိုက်တာ၊ အဲတာ သူက
နန်ရှီမြို့ကိုလည်း တိုးတက်တဲ့မြို့ဖြစ်အောင်
မင်းနဲ့ဆွေးနွေးချင်လို့နေမှာပေါ့။"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါဆိုလည်း
စကားသွားပြောတာပေါ့။"
နန်ရှီမြို့ ဖွံ့ဖြိုးတိုးတက်မှုက ရှာ့ရှီရွာကို အကြီးအကျယ်
အကျိုးရှိစေလိမ့်မည်။
သူမက အိမ်ထဲဝင်သွားကာ မော့ချင်းလင်ကို နှုတ်ဆက်ခဲ့သည်။
"စီရင်စုတရားသူကြီးကို နှုတ်ခွန်းဆက်ပါတယ်။"
မော့ချင်းလင်က လက်မြှောက်ပြခဲ့သည်။ "ရိုသေနေစရာ မလိုပါဘူး၊
ကျေးဇူးပြုပြီး ထိုင်ပါဦး။"
ရှစ်ချင်းလျို့လည်း သိပ်မဝေးသည့်နေရာမှာ ဝင်ထိုင်ခဲ့သည်။
ရွာသူကြီးနှင့် တခြားလူတွေက ဘာမှ မပြောခဲ့ပေ။ သူတို့ရင်ထဲမှာ
ရှစ်ချင်းလျို့ကို အသိအမှတ်ပြုပြီးသား ဖြစ်သည်။
အကယ်၍ သူမနေရာမှာသာ တခြားအမျိုးသမီးဆိုပါက အမျိုးသမီးတစ်ယောက် ဒီလို
အများရှေ့မှာ ပေါ်လာတာကို သူတို့ သဘောတူမည် မဟုတ်ပေ။
မော့ချင်းလင်က ရှစ်ချင်းလျို့နှင့် သိပ်အဆက်အသွယ်မရှိသော်လည်း သူမက
ပွင့်လင်းသည့်လူဟု ထင်သည်။
ထို့ကြောင့် သူက သွယ်ဝိုက်မနေဘဲ ပြောစရာရှိတာ တည့်ပြောခဲ့သည်။
"နန်ရှီမြို့ ဖွံ့ဖြိုးတိုးတက်လာအောင် ဘာလုပ်သင့်တယ်ထင်လဲ။"
ရှစ်ချင်းလျို့က ပြုံးကာ ပြန်ဖြေခဲ့သည်။ "သူ့ရဲ့ မြေနေရာ
အနေအထားအရ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမှာပဲ။"
အဓိပ္ပာယ်ရှိသည်ဟု မော့ချင်းလင်က ခံစားလိုက်မိသည်။
"မြေနေရာ အနေအထားအရ ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမလဲ။"
ရှစ်ချင်းလျို့က ခဏလောက်တွေးကာ ပြောခဲ့သည်။ "ဥပမာအနေနဲ့ တစ်ခု
ပြောပြမယ်၊ နန်ရှီမြို့က နှမ်းကြတ်စေ့တွေ အရမ်းများတယ်လေ၊ တကယ်လို့
နှမ်းကြတ်စေ့တွေကို ရောင်းချရင် ရလာမယ့် အကျိုးအမြတ်က အကန့်အသတ်ရှိတယ်၊ ဒါပေမဲ့
အဲတာကို ကုန်ပစ္စည်းတစ်ခုခုအဖြစ် ထုတ်လုပ်ပြီး ရောင်းချမယ်ဆိုရင် စျေးတင်လို့ရသလို
အဲတာက နန်ရှီမြို့ရဲ့ ထုတ်ကုန် ဖြစ်လာလိမ့်မယ်၊ ဥပမာဆိုရင် နှမ်းကြတ်ဆီ၊
နှမ်းကြတ်ကိတ်နဲ့ နှမ်းကြတ် ဆော့စ်ပေါ့၊ နောက်ကျရင် နှမ်းကြတ်ဆီအကြောင်း
လူတွေပြောကြရင် တာ့လျန်က လူတွေက အရင်ဆုံး နန်ရှီမြို့ကို တွေးမိမှာပဲ။"
သူမက ခဏလောက်ရပ်ပြီး ဆက်ပြောခဲ့သည်။ "ဥပမာအားဖြင့် ကျွန်မတို့
လုပ်ထားတဲ့ ခြင်ပြေးအမွှေးတိုင်ကို နန်ရှီခြင်ပြေးအမွှေးတိုင်လို့ ခေါ်ရင်
နောက်ကျရင် ခြင်ပြေးအမွှေးတိုင်အကြောင်း ပြောကြရင် အဲတာက နန်ရှီမြို့က လာတယ်ဆိုတာ
လူတွေ သိမှာပဲလေ၊ တကယ်လို့ ဒေသန္တရအစိုးရလက်အောက်က စီရင်စုက နှမ်းကြတ်စေ့နဲ့
ပတ်သက်တဲ့ ပစ္စည်းတွေကို နန်ရှီနှမ်းကြတ်ဆီ၊ နန်ရှီနှမ်းကြတ်ဆော့စ်လို့
ခေါ်လို့ရတယ်။"
အခုလို ရှေးခေတ်မှာ နှမ်းကြတ်စေ့က နှမ်းပဲဖြစ်ကာ ကိတ်လုပ်ခြင်းနှင့်
ဆီထုတ်လုပ်သည့်နေရာမှာ အသုံးပြုသည်။
သူမက စီရင်စုမြို့တွေကို သွားလာကာ မေးမြန်းခဲ့ပေမယ့် နှမ်းဆော့စ်ဆိုတာ
မရှိပေ။
တာ့လျန်ခေတ်က အစားအသောက်ယဥ်ကျေးမှုက အလွန်ရိုးရှင်းသည်။
ပြုတ်စား၊ ကင်စား တာမျိုးများပြီး ကြော်စားတာမျိုးက အလွန်နည်းသည်။
ခေါက်ဆွဲကြော်ဆော့စ်တွေလိုမျိုးလည်း မရှိပေ။
ထို့ကြောင့် နှမ်းဆော့စ်လုပ်ဖို့ရွေးချယ်တာက ကောင်းမွန်သည့်
ရွေးချယ်မှုဖြစ်သည်။
မော့ချင်းလင်က သူမပြောတာတွေကို အကုန် ချမှတ်ခဲ့သည်။
သူက နန်ရှီမြို့အကြောင်း ကောင်းကောင်းသိကာ နန်ရှီမြို့ကလူတွေက
နှမ်းကြတ်စေ့အဖြူ၊ အမည်း နှစ်မျိုးလုံးကို စိုက်ပျိုးတာ သူ သိသည်။
သို့ပေမယ့် နှမ်းကြတ်စေ့ကနေ
ကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်လို့ရတာကိုတော့ သူ မသိခဲ့ပေ။
ထိုစကားကိုကြားတော့ သူတင်မကဘဲ ရွာသူကြီးနှင့် တခြားလူတွေပါ
ဆွံ့အသွားခဲ့သည်။
တာ့လျန်ရဲ့ဇနီးက တကယ့် အံ့ဖွယ်ပဲဟု သူတို့က စိတ်ထဲက တွေးခဲ့သည်။
သူမနဲ့လက်ထပ်လိုက်တာက တာ့လျန်တစ်ယောက်ပဲ ကံကောင်းတာ မဟုတ်ဘဲ
တစ်ရွာလုံး ကံကောင်းတာဖြစ်၏။
မော့ချင်းလင်က သိချင်စွာ မေးခဲ့သည်။ "နှမ်းကြတ်ဆော့စ်က ဘာလဲ၊
ဘယ်လိုအရသာလဲ။"
ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "နှမ်းကြတ်စေ့ကလုပ်ထားတဲ့
ဆော့စ်က တော်တော်ကောင်းတယ်၊ အထူးသဖြင့် ဟော့ပေါ့စားတဲ့အခါ ထည့်သုံးရင်
သိပ်ကောင်းတာ။"
သူမက ပြောရင်းဖြင့် သိုးသား ဟော့ပေါ့တောင် စားချင်သွားခဲ့သည်။
တာ့လျန်ခေတ်ရဲ့စားစရာတွေက သိုးသား၊ ကြက်သားနှင့် ဘဲသားတွေဖြစ်ပြီး
ဝက်သားစားတာ ရှားပါးသည်။
မော့ချင်းလင်က ခံယူချက် အပြည့်ဖြင့် မေးခဲ့သည်။ "အဲတာ
ဘယ်လိုလုပ်ရလဲသိလား။"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "သိတယ်။"
သူမက ဆက်ပြောခဲ့သည်။ "မနက်ဖြန်ကျရင် နှမ်းကြတ်စေ့တချို့ဝယ်ပြီး
လုပ်လိုက်မယ်၊ လုပ်ပြီးသွားရင် အရာရှိကြီး မြည်းစမ်းရအောင်
လူလွှတ်ခေါ်ခိုင်းလိုက်ပါ့မယ်။"
သူမလည်း တစ်ခါတည်း စားချင်သည့် ဟော့ပေါ့ကို စားရမည်ဖြစ်သည်။
မော့ချင်းလင်က ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါဆိုလည်း
မင်းကိုပဲ ဒုက္ခပေးရမှာပဲ၊ စောနက ပြောခဲ့တဲ့ နှမ်းကြတ်ဆီကော လုပ်နိုင်လား။"
အကယ်၍ လုပ်နိုင်မယ်ဆိုရင် နန်ရှီမြို့ရဲ့ အိမ်တွင်းစီးပွားရေးကို
တိုးချဲ့နိုင်မည် ဖြစ်သည်။
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ကိစ္စမရှိဘူး၊
လုပ်ပြီးသွားရင် အရာရှိကြီးဆီ ကျွန်မ ခင်ပွန်းနဲ့ ပို့ခိုင်းလိုက်မယ်။"
မော့ချင်းလင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိထားတာက မှန်ကန်သည့်
ကိစ္စဖြစ်သည်။