အခန်း(၉၈) - လူညာလေး
မော့ချင်းလင်က မတ်တပ်ရပ်ပြီး လက်ပိုက်ကာ ရှစ်ချင်းလျို့ကို
ပြောခဲ့သည်။ "ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ်။"
ရှစ်ချင်းလျို့ကို ပထမဆုံး စတွေ့ကတည်းက သူမကရွာသူနှင့် မတူဟု
ခံစားခဲ့ရသည်။ အခု ထပ်ကြည့်လိုက်တော့လည်း သူမက တကယ် မရိုးရှင်းပေ။
သူက မေးလိုက်သည်။ "မင်းရဲ့ ဆရာ သင်ကြားပေးခဲ့တာလား။"
ရှောင်ဟန်ကျန့်ရဲ့ဇနီးက မသေမျိုးဆရာရဲ့ တပည့်ဖြစ်ကြောင်း
ဒေသန္တရအစိုးရလက်အောက်က စီရင်စုက လူတွေ မသိတဲ့လူ မရှိပေ။
ထိုသို့သောအကြောင်းကို မော့ချင်းလင်အများကြီး ကြားဖူးခဲ့ပေမယ့်
အစကတော့ သိပ်မတွေးခဲ့ပေ။
မသေမျိုးက ဒီကမ္ဘာမှာ ဘယ်လိုပေါ်လာတာလဲ။
သို့ပေမယ့် အခုတော့ ရှစ်ချင်းလျို့ လုပ်ခဲ့သည့် ကိစ္စတွေအရ
အမျိုးသမီးတွေမပြောနှင့် အသိဉာဏ်မရှိသည့် အမျိုးသားတွေပါ လက်ခံခဲ့ပေမယ့် သူတော့
မယုံပေ။
သေချာပေါက် ကမ္ဘာပေါ်မှာ မသေမျိုးရှိကြောင်း မယုံပေမယ့်
တာအိုဘုန်းတော်ကြီးက တော်တော်လေး ဗဟုသုတများတာတော့ သူဘလက်ခံသည်။
မဟုတ်ရင် ဘယ်လိုလုပ် ဒီလို ဉာဏ်ကောင်းပြီး လုပ်နိုင်စွမ်းရှိတဲ့
အမျိုးသမီးကို ပျိုးထောင်နိုင်မှာလဲ။
ရှစ်ချင်းလျို့က ပြုံးကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်
ဆရာသင်ပေးခဲ့တာပါ။"
ဆရာ မနက်ဖြန်ကျရင် ဆရာ့ကို အမွှေးတိုင်တွေ အများကြီး
ထွန်းညှိပူဇော်ပေးပါ့မယ်။ လူကြီးတစ်ယောက်အနေနဲ့ ကျေးဇူးပြုပြီး သည်းခံပေးပါ။
ဘာပဲဖြစ်ဖြစ် စုန်းမဟုအထင်ခံရပြီး မီးရှို့ခံရကာ မသေချင်ပေ။
မော့ချင်းလင်က သိချင်စွာ မေးခဲ့သည်။ "ဒါတွေအကုန် သူကိုယ်တိုင်
သင်ပေးခဲ့တာလား။"
ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "အကုန်မဟုတ်ပါဘူး၊ ကျွန်မ ဆရာက
သူ့အချိန်အများစုကို ဆေးတွေ ဖော်စပ်နေတာနဲ့ ကျင့်ကြံနေရတာလေ၊ ဒါပေမဲ့ ကျွန်မတို့
သင်ယူဖို့အတွက် စာအုပ်တွေ အများကြီး ပေးထားတယ်၊ ဥပမာအားဖြင့် တို့ဟူးလုပ်နည်း၊
ခြင်ပြေးအမွှေးတိုင်လုပ်နည်းနဲ့ စောနကပြောခဲ့တဲ့ နှမ်းဆော့စ်လုပ်နည်းတွေပေါ့၊
အဲတာတွေကို စာအုပ်တွေထဲက သင်ယူခဲ့တာ။"
သူမ လုပ်ကြံပြောသည့် ဇာတ်လမ်းက အလွန် အချက်ကျနေသည်။
ဘာပဲဖြစ်ဖြစ် တာအိုဘုန်းတော်ကြီးနှင့် တာအိုကလေးတွေက
သေသွားပြီဖြစ်တာကြောင့် သူမ ပြောတာ မှန်လား မမှန်လားဆိုတာ ဘယ်သူမှ မသိပေ။
သေချာပေါက်ကို ရှောင်ဟန်ကျန့်ကလွဲရင် လူအုပ်ကြီးက ယုံခဲ့သည်။
မော့ချင်းလင်က မေးခဲ့သည်။ "အဲစာအုပ်တွေ ရှိသေးလား။"
အကယ်၍ ထိုစာအုပ်တွေသာ ရှိသေးပါက ပစ္စည်းတွေအများကြီးလုပ်ကာ တာ့လျန်ကို
ပိုချမ်းသာ ပိုသန်မာအောင် လုပ်နိုင်သည်။
ရှစ်ချင်းလျို့က ဝမ်းနည်းစွာ ခေါင်းခါပြခဲ့သည်။ "မရှိတော့ဘူး။
အကုန်လုံးကို အဓိကခန်းမထဲမှာ ထားတော့ မီးလောင်တဲ့ထဲ ပါသွားပြီ။"
မော့ချင်းလင်က စိတ်ညစ်သွားပေမယ့် မျက်နှာမှာ မဖော်ပြခဲ့ပေ။
"ဒါဆို အကုန်ဖတ်ပြီးခဲ့လား။"
ဒီလိုမေးခွန်းမျိုးမေးတာကို ရှစ်ချင်းလျို့ သဘောကျသည်။
"အကုန်နီးပါး ဖတ်ခဲ့ပါတယ်။"
အနာဂတ်မှာ မိဖုရားကြီးရဲ့တူဖြစ်သူ မော့ချင်းလင်ကို မျက်မြင်သက်သေအဖြစ်
ထားကာ သူမက မသေမျိုးဆရာသခင်ရဲ့ တပည့်အဖြစ် ပြုမူနေထိုင်လို့ရပြီဖြစ်သည်။ သူမ
မြို့တော်ကို သွားသည့်အချိန်မှာလည်း သူ့ကို သူမရဲ့သင်ယူမှုမှာ အကူအညီရအောင် သူ့ကို
သုံးလို့ရသည်။
အနာဂတ်မှာ သူမကို စိုက်ကြည့်ပြီး ဒီလိုမေးမည်မဟုတ်တော့ပေ။
မော့ချင်းလင်က ထပ်မေးခဲ့သည်။ "အရင်က မင်းလုပ်ခဲ့တဲ့
ပစ္စည်းတွေအပြင် တခြားရှိသေးလား၊ ဥပမာအားဖြင့် နယ်ခံတွေကို အကျိုးရှိစေမယ့်
ပစ္စည်းပေါ့။"
ရှစ်ချင်းလျို့က အကုန်နီးပါး ဖတ်ပြီးပြီဆိုကတည်း အသုံးဝင်တာမျိုး
ရှိနိုင်သည်။
ရှစ်ချင်းလျို့က အဓိပ္ပာယ်မရှိတာကို ရုပ်တည်ကြီးဖြင့် ပြောခဲ့သည်။
"ရှိတယ် ဒါပေမဲ့ အရမ်းထူးဆန်းတယ်၊ သေချာတွေးလိုက်ရင် ဘာမှမတွေးမိဘူး၊ ဒါပေမဲ့
သေချာတဲ့အရာတစ်ခုကို တွေ့လိုက်ရင်တော့ သူနဲ့ အသုံးတည့်မည့် နည်းလမ်းအမျိုးမျိုးကို
စဥ်းစားမိတယ်၊ စောနကလိုပေါ့။ အရာရှိကြီးက နန်ရှီမြို့ကို တိုးတက်အောင်
ဘယ်လိုလုပ်ရမလဲမေးတော့ ကျွန်မက နှမ်းကြတ်စေ့အကြောင်းတွေးမိပြီး နှမ်းကြတ်စေ့ရဲ့
အမျိုးမျိုး အသုံးဝင်ပုံကို တွေးမိခဲ့တယ်လေ။"
'အချိန်ခရီးသွား စွယ်စုံကျမ်းစာအုပ်' မပါသေးတာတောင်
သူမ စိတ်ထဲမှာ ပစ္စည်းတွေ အများကြီးရှိသေးသည်။
သို့ပေမယ့် သူမ တစ်ခါတည်း ထုတ်မပြပေ။ ထိုသို့လုပ်လိုက်ခြင်းက
တန်ဖိုးမဲ့စေသည်။
တစ်ခါတည်း အများကြီးစားရုံဖြင့် လူဝကြီး ဖြစ်သွားမည့် လူစားမျိုး
မဟုတ်ပေ။
တစ်ခုချင်းထုတ်ပြပြီးမှ အထက်ကို ကြောက်လာအောင်လုပ်မည်။ အများစုက
သူမဆီက နိုင်ငံနှင့် လူမျိုးကို အကျိုးပြုသည့် ပစ္စည်းတွေကို လိုချင်တာဖြစ်သည်။
ဒါက သူမနဲ့ သူမ မိသားစုရဲ့ ကာကွယ်ရေးဒိုင်း ဖြစ်လာလိမ့်မည်။
အကယ်၍ သူမသာ အကုန်လုံး တစ်ခါတည်းထုတ်ပြလိုက်ရင် မော့ချင်းလင်
သို့မဟုတ် ဘုရင်နှင့် အထက်ကလူတွေက သူတို့လိုချင်တာရပြီးလို့ သူမကို
ရှင်းထုတ်ပစ်ရင် ဘယ်လိုလုပ်မလဲ။
ထိုစကားက ထိုင်နေသည့်လူတွေကို ကြက်သေသေသွားစေခဲ့သည်။ အဲလိုလား။
ရွာသူကြီးနှင့် တခြားလူတွေက တာအိုဘုန်းတော်ကြီးက မသေမျိုးဆိုတာ
ယုံနေကြသည်။
ရှစ်ချင်းလျို့ကို တာအိုဘုန်းတော်ကြီးက အတိတ်နိမိတ်ပေးတာကြောင့်
ရှစ်ချင်းလျို့ဤသို့လုပ်နိုင်တာဟု သူတို့က ထင်နေကြသည်။
မော့ချင်းလင်ကတော့ သံသယဝင်နေသည်။
သို့ပေမယ့် ရှစ်ချင်းလျို့က ဤသို့ပြောလာမှတော့ သူ ဖိအား ထပ်မပေးခဲ့ပေ။
သူက တည်ကြည်စွာ ပြောခဲ့သည်။ "တကယ်လို့ လူတွေကို အကျိုးရှိစေမယ့်
အကြံကောင်းတွေရှိရင် ငါ့ကို လာရှာပါ၊ ငါ အထက်ကို တင်ပြပေးမယ်။"
မင်းမှာ ကောင်းတဲ့အရာ တစ်ခုခုရှိရင် ငါ့ကိုလာပြော ဟူသော သဘော ဖြစ်သည်။
ငါ ငွေမမက်ဘူး။ အထက်ကိုပဲ အသိပေးချင်တာ ဟူသည့် ဆိုလိုရင်း ဖြစ်သည်။
ရှစ်ချင်းလျို့က ကတိပေးခဲ့သည်။ "ဒါပေါ့ ကျွန်မ တစ်ခုခု မှတ်မိရင်
ကျွန်မခင်ပွန်းနဲ့ လာရှာပါ့မယ်။"
ရှေးခေတ်မှာ အမျိုးသမီးတွေက တစ်ယောက်တည်း အလည်အပတ်သွားခြင်း၊
ခရီးသွားခြင်းများ ပြုလုပ်ဖို့ မသင့်လျော်ပေ။
ကံကောင်းချင်တော့ သူမခင်ပွန်းရဲ့လှပမှုလေးကိုမြင်ပြီး ချက်ချင်း
အရင်လှုပ်ရှားထားမိလို့ တော်ပါသေးသည်။
နောက်ဆုံးတော့ အရမ်းကို အံ့သြခဲ့ရသည်။
ဒါက အက်စတာကြက်ဥဖွင့်ရတာနှင့် ဆင်တူသည်။
မဟုတ်ပါက သူမ တစ်ယောက်တည်းဖြစ်နေရင် သို့မဟုတ် ယောက်ျားမာန်မာန
ဘဝင်ခိုက်နေသည့်လူနှင့် လက်ထပ်မိခဲ့ပါက အလုပ်လုပ်ဖို့ အဆင်ပြေမည် မဟုတ်ပေ။
မော့ချင်းလင်က ခဏလောက်ထိုင်ပြီးနောက် သူ့လူတွေဖြင့်
ပြန်ထွက်သွားခဲ့သည်။
ရွာသူကြီးနှင့် တခြားလူတွေက ပြုံးကာ ရှောင်ဟန်ကျန့်ကို ဂုဏ်ပြုခဲ့ပြီး
တော်ဝင်စာမေးပွဲကို အာရုံစိုက်ဖို့ မှာခဲ့ကြသည်။ ထို့နောက် သူတို့လည်း
ပြန်သွားခဲ့ကြသည်။
သူတို့တွေပြန်သွားတော့ ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကိုပြောခဲ့သည်။
"အဖိုးကြီးရှောင် စီရင်စုမှာ တစ်ရက်၊ နှစ်ရက်အတွင်း
သံအိုးတစ်လုံးလောက်ရအောင်လုပ်ပေးလို့ရမလား။"
စီရင်စုမှာ သံထည်တွေ စိတ်ကြိုက်လုပ်ပေးသည့် သံထည်ဆိုင်တွေ ရှိလေသည်။
ရှောင်ဟန်ကျန့်က ပြန်ဖြေခဲ့သည်။ "အဲတာ ဘယ်လိုအိုးအမျိုးအစား
လိုချင်တာလဲဆိုတာအပေါ် မူတည်တယ်၊ အရေးပေါ်လိုရင်တော့ တစ်ရက်နှစ်ရက်အတွင်း
ရအောင်ခိုင်းလို့ရတယ်၊ ဒါနဲ့ အိုးက ဘာလုပ်မလို့လဲ။"
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "သိုးသားဟော့ပေါ့
လုပ်စားချင်လို့၊ ဟင်းသီးဟင်းရွက်တွေလည်း ပြုတ်စားလို့ရတယ်၊ အရမ်း အရသာရှိတာ၊
စောနက နှမ်းကြတ်ဆော့စ်အကြောင်း ပြောခဲ့တယ်လေ၊ သိုးသားဟော့ပေါ့ လုပ်စားဖို့
တွေးမိသွားလို့လေ။"
ရာသီဥတုက ပူသော်လည်း သူမရဲ့ စားသောက်ချင်စိတ်ကို မတားဆီးနိုင်ခဲ့ပေ။
ပြောရင်းနဲ့ပင် မော်ဒန်ခေတ်မှာ ဘီယာလေးသောက်လိုက် ဟော့ပေါ့လေးစားလိုက်
လုပ်ခဲ့သည့်အချိန်ကိုတောင် ပြန်အမှတ်ရသွားခဲ့သည်။
ရှေးခေတ်ကလူတွေ ဘီယာ ကြိုက်ရဲ့လားတော့ သူမ မသိပေမယ့်
ဘီယာကျိုချက်နည်းကို သူမ သိသည်။
နောက်နေ့ကျရင် စမ်းကြည့်ရမည်ဟု သူမ တွေးလိုက်မိသည်။
မော်ဒန်ခေတ်မှာတောင် ကြိုက်တဲ့လူသိပ်များလို့ ရှေးခေတ်မှာလည်း
ကြိုက်တဲ့လူရှိမှာပဲမလား။
ဘီယာတင်မကသေးဘဲ အရက်သေစာကျိုချက်နည်းပါ သူမ သိသည်။
သူမ အဖိုးက ဝိုင်ကျိုချက်ရတာ စိတ်ဝင်စားတာကြောင့် သူမကို
အဖော်ပြုစေခဲ့သည်။ အရင်တုန်းက ဝိုင်ချက်လုပ်သည့် လူတွေဆီလည်း သူမ
သွားလည်ဖူးခဲ့သည်။
သူမက စပျစ်ဝိုင်နှင့် သစ်သီးဝိုင်ကို တစ်ခါမှ မစမ်းဖူးပေမယ့် 'အချိန်ခရီးသွား စွယ်စုံကျမ်း စာအုပ်'ထဲမှာ
ကျိုချက်နည်း ရှိသည်။
စောနတုန်းက နှမ်းကြတ်ဆော့စ်အကြောင်း ပြောတုန်းက သူ့ဇနီးရဲ့မျက်လုံးတွေ
လင်းလက်နေတာက စားဖို့တွေးနေလို့ကိုဟု ရှောင်ဟန်ကျန့်က တွေးခဲ့သည်။
သူက ရယ်ခဲ့သည်။ "အိုးရဲ့ပုံကို ဆွဲထားလိုက်လေ၊ မြို့ထဲမှာ
သွားမှာပေးမယ်။"
သူက ဘာတတ်နိုင်မှာလဲ။ သူ့ဇနီးက သိုးသားဟော့ပေါ့ စားချင်သည်ဆိုမှတော့
ကျေနပ်အောင် ဖြည့်ဆည်းပေးဖို့သာ ကျန်သည်။
ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ရဲ့ ရင်ခွင်ထဲ ပစ်ဝင်ခဲ့သည်။
"ကျန့်ကျန့်လေးကို သေလုမတတ် အရမ်းချစ်တာပဲ။"
သူမ ခင်ပွန်းက အကောင်းဆုံး ဖြစ်သည်။
ရှောင်ဟန်ကျန့်က လက်ဆန့်ထုတ်ကာ သူမကို ဖက်ခဲ့သည်။
သူ့မျက်လုံးထဲမှာလည်း အပြုံးရိပ်တွေ ထင်ဟပ်နေခဲ့သည်။
"မင်းကိုယ့်ကို တစ်ခုခုခိုင်းချင်ရင် သဘောကျပြီး ချစ်နေတော့တာပဲ။"
ပုံမှန်ဆိုရင် သူမက အဖိုးကြီးရှောင်ဟု ခေါ်တတ်ပြီး တစ်ခုခု
အကူအညီတောင်းမည်ဆိုပါက စကားချိုချိုတွေပြောကာ ကျန့်ကျန့်ဟု ခေါ်တတ်သည်။
ပြီးတော့ သူမက ချစ်ကြောင်းကြိုက်ကြောင်းပြောရတာကို မရှက်ပေ။ လူညာလေး
ဖြစ်သည်။
တကယ်တော့ သူမ မရှက်တတ်တာကို သူ သဘောကျတာ ဝန်မခံခဲ့ဖူးပေ။
ရှစ်ချင်းလျို့က သူ့လည်ပင်းကိုဖက်ပြီး သူမ မျက်လုံးက အပြုံးတွေ
ပြည့်နေသည်။ "တကယ်လို့သိရင်လည်း ထုတ်မပြောနဲ့။"
ထင်သည့်အတိုင်း သူမက အိုင်ကျူတင်သာမက အီးကျူပါမြင့်သည်။
"မင်းကတော့လေ။" ရှောင်ဟန်ကျန့်က သူ့နဖူးနှင့်သူမနဖူးကို
ပွတ်တိုက်ခဲ့သည်။
သူ့မျက်လုံးတွေက တစ်ခါမှမဖြစ်ဖူးသည့် ချစ်ခင်ကြင်နာစိတ်တွေ
ထင်ဟပ်နေသည်။
သူ့ဇနီးလေးနှင့် ပတ်သက်ပြီး တကယ်ကို မတတ်နိုင်တော့ပေ။
သူမက သူ့အတွက် ကောင်းကင်ဘုံက ပို့လိုက်သည့် သူ့ကို ကျရှုံးအောင်လုပ်မည့်
လူသားလေးဖြစ်သည်။