အခန်း(၁၀၃)
Viewers 7k

အခန်း(၁၀၃) - မြို့တော်က စာတစ်စောင်

 

ရှောင်ဟန်ကျန့်က စကားကို သွယ်ဝိုက်ပြောမနေတော့ပေ။

 

"ဟုတ်ပါတယ်၊ ကျွန်တော်တို့က ဘိလပ်မြေလုပ်နည်း ပေးချင်လို့ပါ။"

 

သူကအရာရှိဖြစ်သည်။ သူ့ပန်းတိုင်က လက်စားချေရန်ဖြစ်သော်လည်း လက်တွေ့ကျသည့်အလုပ်ကို

လုပ်ရန်လိုသေးသည်။

 

ဒီဘဝမှာတော့ သူ့ရဲ့ဦးစားပေးက လက်စားချေရန်မဟုတ်ပေ။

 

သာမာန်ပြည်သူတွေနှင့်နိုင်ငံအတွက် သူတစ်ခုခုလုပ်ပေးချင်သည်။

 

သူ့ဇနီးလေးက သူလုပ်ချင်တာကို ကောင်းကောင်းလုပ်ပေးနိုင်သည်။

 

ဒါက သူ့ပန်းတိုင်ကိုအောင်မြင်မှုရအောင် ကိုယ်စိတ်အပြည့်ဖြင့် အာရုံစိုက်စေနိုင်ခဲ့သည်။

 

မော့ချင်းလင်ရဲ့မျက်နှာထက်က အပြုံးက ပိုနက်နဲသွားခဲ့သည်။ "မင်းတို့နှစ်ယောက်က တော်တော် တွေးခေါ်တတ်သားပဲ၊ ငါပြန်ရောက်တာနဲ့ ပြုလုပ်ပုံကိုရေးပြီး မြို့တော်ကိုပို့လိုက်မယ်။"

 

သူက ရှောင်ဟန်ကျန့်ကိုပြောလိုက်သည်။ "ပြုလုပ်ပုံအဆင့်တွေကို ချရေးလိုက်။"

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ။"

 

မော့ချင်းလင် လှည့်ပတ်ကြည့်ပြီးနောက် သူတို့တွေအတူတူ ရှောင်အိမ်ကိုပြန်ခဲ့ကြလေသည်။

 

ရှောင်ဟန်ကျန့်က ပြုလုပ်ပုံကိုနောက်တစ်ခေါက်ထပ်ကူးရေးခဲ့ပြီး ဘယ်ကရတာလဲဆိုတာ ဖော်ပြခဲ့သည်။

 

သေချာပေါက် သူ့ဇနီးက တာအိုဘုန်းကြီးကျောင်းက သင်ယူခဲ့ကြောင်း ပြောခဲ့တာဖြစ်သည်။

 

တစ်ချိန်တည်းမှာပဲ ဘိလပ်မြေစက်ရုံဖွင့်ဖို့အတွက် မော့ချင်းလင်ဖြင့် ဆွေးနွေးခဲ့လေသည်။

 

မော့ချင်းလင်က တွေးပြီးနောက် သဘောတူခဲ့သည်။

 

ဒါကနိုင်ငံကို အကျိုးပြုစေမှာမလို့ ငြင်းစရာ အကြောင်း မရှိပေ။

 

ဒါ့အပြင် ဒီပြုလုပ်နည်းက ရှောင်ဟန်ကျန့်နှင့်သူ့ဇနီးပေးခဲ့တာကြောင့် ဘိလပ်မြေစက်ရုံဖွင့်တာက ကိစ္စကြီး မဟုတ်ပေ။

 

ပြုလုပ်နည်းစာရွက်ကိုယူပြီးနောက် မော့ချင်းလင်က အလျင်စလိုပြန်သွားခဲ့သည်။

 

သိပ်မကြာခင်က သူ့အလုပ်ရှုပ်နေခဲ့သည်။

 

သူက လူလွှတ်ပြီး ရွာက ရွာသားတွေကို နှမ်းပင်ကို အလျင်စလို မရောင်းဖို့ သွားပြောခိုင်းခဲ့သည်။

 

သူတို့ အစိုးရရုံးဘက်က အလုပ်ရုံ တည်ဆောက်ပြီးပါက နှမ်းပင်တွေကို အလုပ်ရုံကိုပို့ပြီး အစဥ်တကျ လုပ်ဆောင်သွားလို့ရသည်။

 

မျိုးစေ့ရောင်းတာထက် တန်ဖိုးမနည်းစေရသလို ရွာသားတွေလည်း အလုပ်ရုံမှာ အလုပ်လုပ်ကာ ဝင်ငွေရှာနိုင်မည်ဖြစ်သည်။

 

ဒါကို ရှစ်ချင်းလျို့က အကြံပြုခဲ့တာဖြစ်သည်။

 

ဒါကရွာသားတွေနှင့် အလုပ်ရုံကို အကျိုးအမြတ်ရစေပြီး သူတို့က စိုက်ပျိုးရေးနှင့် အလုပ်ကို ပိုပြီး လုံ့လဝီရိယရှိစွာလုပ်မည်ဖြစ်သည်။

 

တစ်ချိန်တည်းမှာပဲ ရှစ်ချင်းလျို့ရဲ့ အကြံအတိုင်း ဟဲရှို့ဝူပင်တွေကို စီရင်စုတရားသူကြီးရဲ့ စီရင်မှုအောက်မှာ သင့်လျော်သည့် ပတ်ဝန်းကျင်မှာ စိုက်ပျိုးဖို့ စီစဥ်ထားသည်။

 

အနာဂတ်မှာ နှမ်းဆီတွေကို ရောင်းချနိုင်သလို နှမ်းဆီလုပ်ဖို့ ကုန်ကြမ်းတွေလည်း ရောင်းချနိုင်မည်ဖြစ်သည်။

 

အခု သူ့လက်ထဲမှာ ဘိလပ်မြေလုပ်နည်းလည်း ရှိနေပြီဖြစ်ကာ ပိုပြီး အလုပ်များလာပြီဖြစ်သည်။

 

သို့ပေမယ့် အလုပ်များရတာကို ပျော်သည်။ အရင်က စီရင်စုတရားသူကြီး ထားရှိခဲ့သည့် အရှုပ်တွေကို လိုက်ရှင်းရတာထက်တော့ ပိုကောင်းပေသည်။

 

သူ့နေရာကိုပြန်ရောက်တော့ မော့ချင်းလင်က စာနှင့် ဘိလပ်မြေလုပ်နည်းကို တွဲပြီး မြို့တော်ကို လူတစ်ယောက်ဖြင့် အမြန်ပို့ခိုင်းလိုက်သည်။

 

မော့ချင်းလင်ရဲ့ ခွင့်ပြုချက်ဖြင့် ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့တို့က အလုပ်စခဲ့သည်။

 

ဘိလပ်မြေစက်ရုံကို သူတို့အိမ်ဟောင်းရဲ့ ဘေးမှာ မဆောက်လုပ်ခဲ့ပေ။

 

ထိုအစား ရွာသူကြီးနှင့်တခြားလူတွေနှင့် ဆွေးနွေးပြီးနောက် ရွာအဝင်က မြေအလွတ်မှာ ဆောက်လုပ်ဖို့ စီစဥ်ခဲ့လေသည်။

 

ဒီတစ်ခါမှာတော့ ထိုအလုပ်ရုံကို ရွာရဲ့ အမည်ဖြင့် ဆောက်လုပ်ခဲ့သည်။

 

ရှစ်ချင်းလျို့က ဘိလပ်မြေစက်ရုံကို အစုရှယ်ယာဖြင့် လုပ်ကိုင်ရန် အကြံပြုခဲ့သည်။

 

အိမ်ထောင်စုတစ်ခုက အစုရှယ်ယာတစ်ခု ထည့်ဝင်ရင် အလုပ်ရုံမှာ တစ်ယောက် အလုပ်လုပ်ခွင့်ရမည်ဖြစ်သည်။ ဤနည်းဖြင့် ဘိလပ်မြေလုပ်နည်း အပြင်ကို မပေါက်ကြားအောင် ကာကွယ်နိုင်မည်ဖြစ်သည်။

 

လူတိုင်းလည်း အလုပ်ကို လုံ့လဝီရိယရှိစွာလုပ်မည်ဖြစ်သည်။

 

ပိုက်ဆံကိုလည်း အစုရှယ်ယာအတိုင်း ခွဲဝေပေးမည်ဖြစ်သည်။

 

ရွာသူကြီးနှင့် ရွာသားတွေက ထိုကဲ့သို့သော နည်းလမ်းမျိုးကို တစ်ခါမှ မကြားဖူးပေ။

 

သို့ပေမယ့် သူတို့က ရှစ်ချင်းလျို့ကို လျှို့ဝှက်ဆန်းကြယ်သည့်လူလို့ ထင်တာကြောင့် ရှစ်ချင်းလျို့ကို ယုံကြည်ခဲ့လေသည်။

 

သူမက အင်မော်တယ်ဘုန်းတော်ကြီးရဲ့ တပည့်ဖြစ်ကာ သူမ ဖန်တီးခဲ့သည့် အရာတွေက တော်တော်လေး ကောင်းမွန်ပေသည်။

 

အခု သူများတွေကို ပိုက်ဆံရစေချင်လို့ အစုရှယ်ယာထည့်သွင်းဖို့ ခေါ်ယူခဲ့သည်။

 

ထို့ကြောင့် ဝေစုထည့်ဖို့ ပိုက်ဆံ မရှိသည့် လူတွေနှင့် သံသယရှိသည့်လူတွေကလွဲရင် တခြားအိမ်ထောင်စုတွေက အစုရှယ်ယာ ပါဝင်ဖို့ ရွေးချယ်ခဲ့လေသည်။

 

နောက်ဆုံးကျတော့ ရွာရဲ့ ၉၀ ရာခိုင်နှုန်းက အစုရှယ်ယာကိုဝယ်ယူခဲ့ကြသည်။

 

ရှစ်ချင်းလျို့က စာရင်းကိုယူကာ ပြုံးခဲ့သည်။ "ဒီလိုဆိုရင် ကျွန်မတို့ ရှာ့ရှီရွာက တစ်လှေတည်းစီးတဲ့လူတွေ ဖြစ်သွားပြီ။"

 

ထိုကဲ့သို့ အကျိုးအမြတ်ရခြင်းက ပိုယုံကြည်စိတ်ချရသည်။

 

ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ရဲ့ အတွေးကို နားလည်ခဲ့သည်။ "ဟုတ်တယ်၊ အနာဂတ်မှာ တစ်ယောက်ယောက်က ဘိလပ်မြေလုပ်နည်းကို အပြင်ကို ပေါက်ကြားခဲ့ရင် ကိုယ်တို့ လုပ်ဖို့ ပြောစရာမလိုဘဲ ရွာသားတွေက ကိုင်တွယ်ဖြေရှင်းလိမ့်မယ်။"

 

ချက်ချင်းပင် မြေကွက်တွေ ဝယ်ယူဖို့နှင့် ဘိလပ်မြေစက်ရုံဆောက်ဖို့အတွက် စိုးရိမ်စရာ မလိုတော့ပေ။ ရွာသူကြီးနှင့် ရွာသားတွေက ဖြေရှင်းလိမ့်မည်။

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ ကျွန်မတို့သာ စက်ရုံတွေ အများကြီး ရှိလာခဲ့ရင် ဘေးရွာက ရွာသားတွေနဲ့ တစ်မြို့လုံးက လူတွေနဲ့ စုပေါင်းပြီး လုပ်ကြတာပေါ့။"

 

နန်ရှီမြို့ကို သက်ဝင်လှုပ်ရှားပြီး တိုးတက်စေဖို့အတွက် လက်တစ်ဆုပ်စာသော ရွာသားတွေကိုပဲ မှီခိုလို့ မရပေ။

 

ဒါ့အပြင် ပြဿနာ တစ်ခုခု သို့မဟုတ် ရန်သူနှင့် ရင်ဆိုင်ရပါက လူတိုင်း အတူတကွ ရင်ဆိုင်နိုင်လိမ့်မည်ဖြစ်သည်။

 

တကယ်လို့ ဘုရင်ကြီးက တစ်ခုခု လုပ်ချင်ရင်တောင် ဂရုစိုက်ရမည်ဖြစ်သည်။ မြို့ထဲမှာ အိမ်ထောင်စုတွေ အများကြီး ရှိသည်။

 

ပုရွက်ဆိတ်တွေတောင်မှ ဆင်ကို သေအောင် ကိုက်နိုင်ပေသည်။

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "အိမ်သုတ်ဆေးစက်ရုံဖွင့်ရင်တော့ ရွာဘေးက လူတွေကို ငှားလို့ရပြီလေ။"

 

ရွာအနီးက သူကြီးတွေနှင့် လက်ထောက်တွေက မကြာခဏ သူ့ကို လာရှာခဲ့ကြသည်။

 

သူတို့ရဲ့ အလုပ်ရုံအတွက် သူတို့ရွာတွေဆီကပါ အလုပ်သမားတွေ ငှားရမ်းဖို့အတွက်ပါ အရိပ်အမြွက် ပြောဆိုခဲ့ကြသည်။

 

"ဘာပဲဖြစ်ဖြစ် ကိုယ်တို့ရွာက လုပ်သားအင်အားက အကန့်အသတ် ရှိတယ်လေ၊ လုပ်ငန်းတိုးချဲ့ချင်ရင် အပြင်ကလူတွေကို ငှားရမှာပဲ။"

 

ရွာထဲကလူတွေကိုပဲ မှီတည်ပြီး ဖြန့်ဖြူးရေး ဗဟိုလုပ်ငန်းတည်ထောင်ဖို့ မဖြစ်နိုင်ပေ။

 

သေချာပေါက် ဘေးရွာက လူတွေကိုပါ စုစည်းဖို့လိုသည်။

 

ကောင်းကောင်းဖွံ့ဖြိုးပြီး လစာကောင်းမှ လူတိုင်းရဲ့ နေထိုင်မှုက အဆင့်အတန်းမြင့်လာမည်ဖြစ်သည်။

 

ရွာအဝေးက လူတွေနှင့် အပြင်လူတွေတောင် ဒီမှာ အလုပ်လာလုပ်လိမ့်မည်။

 

လူတွေ များလာပါက ဒီနေရာက ပိုရေပန်းစားလာမည်ဖြစ်သည်။

 

သူတို့နှစ်ယောက် ခဏလောက် စကားပြောပြီးနောက် ရှစ်ချင်းလျို့က ရေသွားချိုးခဲ့သည်။

 

သူမ ရေချိုးပြီး ထွက်လာတော့ သူမခင်ပွန်းက ဝတ္ထုရေးနေတာကြောင့် သူ့ဘေးတွင် ဝင်ထိုင်ကာ မေးထောက်ကြည့်ပြီးနောက် စားပွဲပေါ်မှာတင် အိပ်ပျော်သွားခဲ့သည်။

 

ထိုအချင်းအရာကို ရှောင်ဟန်ကျန့်မြင်တော့ စုတ်တံကိုချပြီး အိပ်ရာပေါ် ချီတင်ပေးခဲ့သည်။

 

ရေချိုးပြီးသား သူ့ဇနီးက မွှေးပျံ့ပျံ့နူးနူးညံ့ညံ့ဖြင့် အလွန်ချစ်ဖို့ကောင်းသည်။

 

သူမရဲ့ နဖူးကို နမ်းရှိုက်ပြီးနောက် ထပြီး အကြည့်လွှဲဖယ်ခဲ့လေသည်။

 

ထို့နောက် သူ့ဝတ္ထုကို သွားဆက်ရေးခဲ့သည်။

 

လက်တလော အခန်းတွေ ပိုရေးရမည်ဖြစ်သည်။

 

ပထမအချက်က သူ့ဝတ္ထုက ရေပန်းစားကာ ငွေအများကြီးရှာနိုင်ခဲ့သည်။

 

ဒုတိယအချက်က အခု သူကျောင်းပြန်သွားတက်ရမည့်အချိန်ရောက်ပြီဖြစ်သည်။

 

ဘိလပ်မြေအလုပ်ရုံ လည်ပတ်နေသည့်အချိန်မှာပဲ ပိုင်ရွှီက ရွာကိုလာခဲ့သည်။

 

ဘိလပ်မြေဖြင့် ခင်းထားသည့် လမ်းကို မြင်တော့ သူ အံ့သြသွားခဲ့သည်။

 

ထိုသို့သောလမ်းရှိလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။

 

သူက လမ်းပေါ် ရှေ့လျှောက် နောက်လျှောက် လုပ်ကြည့်ခဲ့သည်။ "မင်းတို့တွေ ပထမဆုံးထုတ်တဲ့ ဘိလပ်မြေတွေ ငါ့ကို ရောင်းပေးရမယ်။"

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "စိတ်မပူပါနဲ့။ ရှင် ရစေရပါမယ်၊ ကြွေပြားကပ်ချင်ရင် ဘိလပ်မြေလိုတယ်လေ။"

 

သူမက မေးခဲ့သည်။ "စကားမစပ် ကျွန်မရဲ့ ကြွေပြားတွေကို ဘယ်အချိန် ပို့ပေးမှာလဲ။"

 

ပိုင်ရွှီက ပြန်ဖြေခဲ့သည်။ "နှစ်ရက်အတွင်း ရမယ်၊ မင်းအိမ်ကို ကပ်ပြီးတာနဲ့ ငါ့အိမ်လည်း ကပ်မှာ။"

 

သူက ကြွေပြားတွေကို အရောင်စုံ ထုတ်လုပ်ထားသည်။

 

ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က အရောင်ပြောင်ကို ရွေးခဲ့ပြီး သူကတော့ တခြားပုံစံကို သဘောကျသည်။

 

ကြွေပြားတွေက ဆက်လက် သုသေတနလုပ်ပြီး ပြုပြင်မွမ်းမံခဲ့ကာ ပိုလှလာခဲ့သည်။

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "အဆင်ပြေသလိုသာ လုပ်ပါ။"

 

ပိုင်ရွှီက ရှစ်ချင်းလျို့ကိုကြည့်ကာ သက်ပြင်းချခဲ့သည်။ "မင်းရဲ့ ဦးနှောက်က တကယ်အသုံးဝင်တာပဲ။"

 

ဒီအမျိုးသမီးရဲ့ ဦးနှောက်က ဒီလိုထူးဆန်းသည့်ကိစ္စတွေကို ဘယ်လိုတွေးနိုင်လဲဆိုတာ သူ မသိတော့ပေ။

 

သူမက တာအိုဘုန်းကြီးကျောင်းမှာ စာအုပ်တွေဖတ်ပြီး တာအိုဘုန်းတော်ကြီးဆီက သင်ယူခဲ့ရင်တောင် ထိုစာပေတွေကို မှတ်မိနိုင်သည်အထိ ဉာဏ်ကောင်းလွန်းသည်။

 

သူမသာ တခြားလူဆိုရင်တော့ ကံကောင်းကာ တစ်ခု နှစ်ခုလောက်သာ သင်ယူနိုင်လိမ့်မည်ဖြစ်သည်။

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "ဟုတ်တယ် ရှင်က အရည်အချင်းရှိတဲ့လူကို မြင်တတ်တဲ့ ကောင်းမွန်တဲ့ မျက်စိရှိသားပဲ။"

 

ပိုင်ရွှီက စိတ်ထဲက ဆဲလိုက်လေသည်။

 

သို့ပေမယ့် သူက ရှောင်ဟန်ကျန့်တို့ လင်မယားနောက် လိုက်ရန် ဆုံးဖြတ်ပြီးပြီဖြစ်သည်။

 

ကြွေပြားတွေထုတ်လုပ်ပြီးပါက နောက်ဆုံး ဘိလပ်မြေကိုသုံးပြီး မြို့တော်ကို တင်ပို့ပါက အရမ်းပေါက်သွားမည်ဖြစ်သည်။

 

ပိုင်ရွှီ ပြန်သွားပြီးနောက် ရွာသူကြီးရဲ့ သားဖြစ်သူက သူတို့အိမ် ရောက်လာခဲ့သည်။

 

သူက စာတိုက်မှ စာကို ရှောင်ဟန်ကျန့်ကို ကမ်းပေးလိုက်သည်။ "မြို့တော်က စာ"

 

"ကျေးဇူးတင်ပါတယ်။" ရှောင်ဟန်ကျန့်က ဒီစာကို ဘယ်သူရေးလဲဆိုတာ ဖတ်ကြည့်စရာတောင် မလိုပေ။

 

ရှောင်မိသားစုဟောင်းက လူတွေက သူ့ဇနီးရဲ့ စကားကို နားထောင်ကာ စာ တကယ်ပို့လိမ့်မည်ဟု သူ တကယ် မထင်မိခဲ့ပေ။

 

ကြည့်ရတာ သူတို့တွေ မြို့တော်မှာ ယာယီ အခြေကျနေလောက်ပြီဖြစ်မည်။

 

သို့ပေမယ့် ရှောင်မိသားစုဟောင်းကလူတွေရဲ့ စိတ်ထားအရ သူတို့က အခက်အခဲတချို့ကြုံနေရကာ သူ့ဇနီးဆီက အကြံတောင်းချင်တာဖြစ်နိုင်ပေမည်။