အပိုင်း(၁၀၄) - အကျင့်ပုတ်လေး
ရွာသူကြီးထွက်သွားသည်နှင့် ရှောင်ဟန်ကျန့်က စာကို ယူကာ သကြားအလုပ်ရုံကိုသွားခဲ့သည်။
သူ့ဇနီးလေးက ထိုနေရာမှာ ပစ္စည်းပို့ဆောင်ရေးကို စီစဥ်နေတာဖြစ်သည်။
ရှောင်ဟန်ကျန့် ရောက်သည့်အချိန်မှာပဲ ရှစ်ချင်းလျို့က ဒီနေ့အတွက် သကြားပို့ဆောင်ရမည်များကို စီစဥ်ပြီးပြီဖြစ်သည်။
သူမက ရှောင်ဟန်ကျန့်အတွက် ဆေးဖက်ဝင် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးခဲ့သည်။ "ဘယ်လိုလုပ် ရောက်လာတာလဲ၊ ကျွန်မတောင် အခုပဲ ပြန်လာတော့မလို့လေ။"
ရှောင်ဟန်ကျန့်က လက်ဖက်ရည် တစ်ငုံသောက်ပြီးနောက် သူမကို စာကမ်းပေးခဲ့သည်။ "ရှောင်မိသားစုဟောင်းက ပို့လိုက်တဲ့စာ ရောက်လာတယ်။"
ရှစ်ချင်းလျို့က စိတ်ဝင်စားသွားပြီး စာအိတ်ယူကာ ဖောက်ဖတ်လိုက်သည်။
သူမက စာဖတ်ပြီးသည်နှင့် မျက်နှာထက်က အပြုံးတွေကို မဖုံးဖိနိုင်တော့ပေ။ "အဖိုးကြီးရှောင် အဲမိသားစုကလူတွေ ဒီလောက် သန်မာမယ်လို့ မထင်ထားဘူး။"
ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက စာရွက် ၉ ရွက် သုံးကာ စာရေးခဲ့သည်။
သူက စာထဲမှာ မြို့တော်ထိ ဘယ်လို သွားခဲ့ရကြောင်း ရှောင်သခင်မကြီးက ကောချွန်းရုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်းတွေ အကုန် ရေးသားထားသည်။
ရှောင်ဟန်ကျန့်က စာကို မဖောက်ဖတ်ခဲ့ပေမယ့် ရှစ်ချင်းလျို့ပြောတာကိုကြားတာကြောင့် စာကို ယူဖတ်ကြည့်လိုက်လေသည်။
သ့်မျက်လုံးထဲ အပြုံးရိပ်တွေ ထင်ဟပ်လာခဲ့လေသည်။ "သူတို့သာ အကျိုးအမြတ် တစ်ခုခုရမယ်ဆိုလို့ကတော့ သူတို့က တော်တော်လေး ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ယူနိုင်တယ်။"
ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ဟုတ်တယ်။ ကျွန်မလိုချင်တာလဲ အဲ့လို သတ်ရခက်တဲ့ ပိုးဟပ်တွေပဲ။"
ထင်သည့်အတိုင်း ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေကို မြို့တော်က ဆန်ကုန်မြေလေးနှစ်ယောက်ဆီ လက်ဆောင်အဖြစ် ပို့ပေးလိုက်တာ တကယ် မှန်သွားခဲ့သည်။
မကြာခင်က စစ်သူကြီးစံအိမ်မှာ ကမောက်ကမ ဖြစ်သွားခဲ့တာကို စာကနေ တစ်ဆင့် သိနိုင်သည်။
ရှောင်ဟန်ကျန့်က သိချင်စွာ မေးခဲ့သည်။ "ဒီစာက အကြံဉာဏ်တောင်းတဲ့စာလေ၊ သူတို့ကို အကြံပေးမှာလား။"
နောက်ဆုံးတော့လည်း သူထင်သည့်အတိုင်း ရှောင်မိသားစုဟောင်းကလူတွေက ပြဿနာနှင့် ကြုံတွေ့နေရတာ ဖြစ်သည်။
ရှောင်သခင်မကြီးက စံအိမ်ရဲ့ တာဝန်ခံ ဖြစ်ချင်ပြီး ဆန်ကုန်မြေလေးအဖေနှင့် ကောချွန်းရုကို သားသမီးတာဝန် မကျေပွန်သည့်အချက်ဖြင့် ဖိနှိပ်ချင်တာ ဖြစ်သည်။
ဟိုအမျိုးသမီးက ခွင့်မပြုတာကြောင့် ရှောင်သခင်မကြီးက စစ်သူကြီးစံအိမ်ရှေ့ ထွက်ကာ အော်ငိုခဲ့တာကြောင့် ချော့မော့ကာ ပြန်ခေါ်ခဲ့ရသည်။
ရက်အနည်းငယ်ကြာပြီးနောက် ကောချွန်းရုက သူမကို အိမ်တာဝန်ခံ အာဏာ လွှဲပေးခဲ့သည်။
သို့ပေမယ့် ပြဿနာက သိုလှောင်ခန်းထဲမှာ ပစ္စည်းနှင့် ပိုက်ဆံတွေ များများစားစား မရှိတာ ဖြစ်သည်။
ကောချွန်းရုနှင့် ဆန်ကုန်မြေလေးအဖေက ပိုက်ဆံနှင့် ပစ္စည်းတွေကို တခြားနေရာကို ပြောင်းရွှေ့ထားတာဟု ရှောင်သခင်မကြီးနှင့် တခြားလူတွေက သံသယဝင်နေတာ ဖြစ်သည်။
သို့ပေမယ့် ထိုနှစ်ယောက်က ငြင်းဆန်ခဲ့သည်။ သူတို့က ဆင်းရဲတယ်လို့ပင် ငိုယိုပြောဆိုခဲ့ကြသည်။
ထိုအရာက ရှောင်သခင်မကြီးကို ဒေါသထွက်စေခဲ့သည်။
သူမမှာက အိမ်တာဝန်ခံလို ပိုက်ဆံများများ မရှိသည့်အပြင် စံအိမ်ရဲ့ ကုန်ကျစရိတ်က များပြားပြီး ကောချွန်းရုက နေ့တိုင်း အစေခံတွေဖြင့် သူမဆီက ပိုက်ဆံတောင်းခိုင်းတာ ဖြစ်သည်။
သိုလှောင်ခန်းက ပိုက်ဆံတွေ တဖြည်းဖြည်း လျော့နည်းလာတာကိုမြင်တော့ ရှောင်သခင်မကြီးက ဝင်ငွေနှင့် ထွက်ငွေ မျှတအောင် လုပ်ခဲ့သည်။
ဒီတိုင်း ဆက်သွားလို့ မရပဲ စစ်သူကြီးစံအိမ်က ငွေချွေတာ သုံးစွဲသင့်ကြောင်း ဆန်ကုန်မြေလေးအဖေက အကြံပြုခဲ့သည်။
ရှောင်သခင်မကြီးနှင့် တခြားလူတွေက စိုးရိမ်သွားခဲ့သည်။
ဒီစစ်သူကြီးစံအိမ်ကို လာခဲ့တာ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရဖို့ မဟုတ်လား။ ဘာလို့ ချွေတာသုံးစွဲရမှာလဲ။
ဆန်ကုန်မြေလေးအဖေက သရုပ်ဆောင်နေသည်ဟု သူတို့ အနည်းငယ် သံသယဝင်နေပြီး အရူးလုပ်ခံရမှာကို သူတို့ စိုးရိမ်နေကြတာ ဖြစ်သည်။
ထို့ကြောင့် သူတို့က ရှစ်ချင်းလျို့ဆီ စာရေးကာ အကြံတောင်းခံခြင်း ဖြစ်သည်။
ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ဒါပေါ့။ ကျွန်မ သူတို့ကို အကြံပေးရမှာပေါ့၊ ရှင့်ဆန်ကုန်မြေလေးအဖေနဲ့ သူ့မိန်းမက လှည့်ကွက်တွေ ထုတ်သုံးနေတယ်ဆိုတာ ပြောစရာတောင် မလိုဘူး၊ ရှောင်သခင်မကြီးက စံအိမ်ကို စီမံချင်တော့ စီမံခွင့်ပေးလိုက်တယ်လေ၊ သူတို့ ပိုဆင်းရဲသွားရင် လက်ဖွာတဲ့ ရှောင်သခင်မကြီးရဲ့ အမှား ဖြစ်မှာလေ၊ အချိန်ကျလာရင် စံအိမ်က ဘဏ္ဍာထိန်းနဲ့ အစေခံတွေက ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေကို အပြစ်ပြောတော့မှာလေ၊ အထူးသဖြင့် စစ်သူကြီးစံအိမ်က ဝင်ငွေ ထွက်ငွေ မမျှတတော့ရင် ပိုက်ဆံချေးသုံးရတော့မှာလေ၊ ဒါကို အဲမိန်းမက အခွင့်ကောင်းယူပြီး စံအိမ်ကို စီမံတဲ့တာဝန်ကနေ ရှောင်သခင်မကြီးကို ဖယ်ထုတ်ပြီး ရှောင်သခင်မကြီးကို မောင်းထုတ်နိုင်မှာလေ။"
ထို့ကြောင့် ရှောင်မိသားစုဟောင်းကလူတွေ အကုန်ပေါင်းပြီး လှည့်စားရင်တောင် ထိုအမျိုးသမီးကို အနိုင်ယူနိုင်မည်မဟုတ်ကြောင်း အရင်က သူမ ပြောခဲ့တာ ဖြစ်သည်။
ရှောင်သခင်မကြီးနှင့် တခြားလူတွေက အစက မယုံပေမယ့် အခုမှ ပထမဆုံး နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရတော့ ယုံကြည်သွားပြီဖြစ်သည်။
ထိုအမျိုးသမီးရဲ့ လှည့်ကွက်တွေက ရှိန်ဖို့ ကောင်းကြောင်း ရှောင်ဟန်ကျန့် သိတာကြာပြီဖြစ်သည်။
အကယ်၍ ရှောင်သခင်မကြီးနှင့် တခြားလူတွေသာ ဒီတိုင်း ဆက်သွားပါက မကြာခင်မှာ သုံးစားမရဖြစ်လာကာ ဆန်ကုန်မြေလေးအဖေနှင့် ကောချွန်းရုရဲ့ ပြန်ပို့ခြင်းကို ခံရမည် ဖြစ်သည်။
သူတို့ပြန်သွားသည်နှင့် သူတို့စစ်သူကြီးစံအိမ်မှာ အုပ်ချုပ်စဥ်အတွင်း စစ်သူကြီးစံအိမ်က ပိုက်ဆံတောင် ချေးသုံးရတယ် ဘယ်လိုတောင် လောဘကြီးတာလဲဟု လူပြောစရာတွေ ဖြစ်ကုန်မည်ဖြစ်သည်။
သူတို့သာ ထိုသတင်းကို ရည်ရွယ်ချက်ရှိရှိ ဖြန့်လိုက်ပါက တခြားလူတွေက ဆန်ကုန်မြေလေးအဖေကို သနားကြင်နာသွားကြမည်ဖြစ်သည်။ ဒီလိုနှင့် ဇာတိမြေက မိသားစုတွေကို ရှင်းထုတ်လိုက်ကြလိမ့်မည်ဖြစ်သည်။
ဆန်ကုန်မြေလေးအဖေက ပြဿနာကောင်တွေကို ဆက်လက်ဖိအားပေးပြီး သူက ရှောင်မိသားစုရဲ့ အကြီးဆုံးသားနှင့် တခြားလူတွေကို အပြစ်ရှာပြီး ပြန်ပို့မည်ဖြစ်သည်။
"ဒါကို ဘယ်လိုလုပ်မှာလဲ။"
ရှစ်ချင်းလျို့က သူ့ကို မျက်လုံးမှိတ်ပြခဲ့သည်။ "ရှင့်ဆန်ကုန်မြေလေးအဖေနဲ့ တခြားလူတွေ ကိုယ့်ရှူးကိုပြန်ပက်မိစေဖို့ အာမခံတယ်၊ ဒါပေမဲ့ ရှင့်ရဲ့ ဆန်ကုန်မြေလေးအဖေက ရှောင်သခင်မကြီးနဲ့ တခြားလူတွေကို ခြိမ်းခြောက်နှင်ထုတ်ပြီး မကောင်းတာတွေ မကျူးလွန်နိုင်အောင်လို့ သူတို့ကို ကာကွယ်ရမည့်နည်းတွေတော့ သင်ပေးရမယ်၊ ရှင့်ရဲ့ ဆန်ကုန်မြေလေးအဖေက ရှောင်သခင်မကြီးနဲ့ တခြားလူတွေကို သတ်ပစ်ချင်လောက်အောင် ဖြစ်ပေမယ့် သူက မလုပ်ရဲဘဲ ခါးသီးစွာ ချော့မြူနေရဖို့ အာမခံတယ်၊ ကျွန်မ စာရေးပေးမယ် ခဏနေမှ ဖတ်ကြည့်ချေ။"
သူ့ဇနီးလေးက ဒီလိုပြောမှတော့ အကြံကောင်းတွေ ထွက်လာပြီဆိုတာ သူ နားလည်ခဲ့လေသည်။
"ကောင်းပါပြီဗျာ။" သူလည်း စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။
ရှစ်ချင်းလျို့က စာကိုခေါက်ကာ လွှင့်ပစ်ခဲ့သည်။ "ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ကြောင်တောင်တောင် ဆိုပေမယ့် နာခံသားပဲ၊ သူက ကျွန်မတို့နဲ့ အစကတည်းက အဆက်အသွယ်ရှိနေတာကို ရှင့်ဆန်ကုန်မြေလေးအဖေက ရှာမတွေ့ခဲ့ဘူးလေ။"
ရှောင်မိသားစုရဲ့ ပြဿနာကောင်တွေ မြို့တော် မသွားခင်တုန်းက သူမက ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးကို သင်ပေးခဲ့သည်။
မြို့တော်ကိုရောက်ပြီးပါက သိပ်မကြီးသည့် လက်ဖက်ရည်ဆိုင် သို့မဟုတ် စားသောက်ဆိုင်တစ်ခုကို ရှာပြီး နေ့တိုင်း အဲမှာ ပိုက်ဆံဖြုန်းဖို့ မှာခဲ့သည်။
သူက အဲလိုနေရာမှာ လက်ဖက်ရည် သောက်ရတာ သို့မဟုတ် စားရတာကို သဘောကျတယ်ဟု ဆန်ကုန်မြေလေးအဖေကို ထင်မြင်စေပြီး သံသယ မဝင်စေရန် ဖြစ်သည်။
အချိန်ကျသည့်အခါကျရင်တော့ စားပွဲထိုးလေးဖြင့် သူ့ကိုယ်စား စာတိုက်ရုံးကို စာပို့ခိုင်းမည်ဖြစ်သည်။ ထိုသို့ခိုင်းသည့်အခါတိုင်း စားပွဲထိုးကို မုန့်ဖိုးပေးရမည်ဖြစ်သည်။
ထို့နောက် သူမက လက်ဖက်ရည်ဆိုင် သို့မဟုတ် စားသောက်ဆိုင်ရဲ့ လိပ်စာကိုတပ်ကာ စာပို့ပြီး စားပွဲထိုးလေးမှတစ်ဆင့် ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးထံ စာပြန်ပို့မည်ဖြစ်သည်။
ရှောင်မိသားစုရဲ့ ဒုတိယသားက သူ့တူဖြစ်သူက တခြားလူကို ကူညီခိုင်းပြီး စာပို့ခိုင်းဖို့အထိ ဉာဏ်ကောင်းမည်ဟု မထင်ပေ။
ရှောင်ဟန်ကျန့်က သဘောတူခဲ့သည်။ "ဟုတ်တယ်၊ သူ့ကို ဉာဏ်ကောင်းတယ်လို့ မထင်တာ ကံကောင်းတာပဲ၊ မဟုတ်ရင် သိပ်သံသယဝင်တတ်တဲ့ ကိုယ့်အဖေက ရှောင်မိသားစုဟောင်းက လူတွေ တစ်ခုခု မူမမှန်တာသိရင် သူတို့ကို လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားလိမ့်မယ်။"
အကယ်၍ သူ့ရဲ့ ဆန်ကုန်မြေလေးအဖေသာ သူတို့ဆီ မကြာခဏ စာရေးနေတာသိသွားပြီး အထူးသဖြင့် စစ်သူကြီးစံအိမ်ကို ဒုက္ခပေးဖို့ အကြံပေးနေတာကိုသာ သိသွားရင် ချက်ချင်း လှုပ်ရှားပြီး စာကိုဖြတ်ယူလိမ့်မည်။
ဘာပဲဖြစ်ဖြစ် စစ်သူကြီးအတွက် စာပို့ရုံးက စာကိုဖြတ်ယူဖို့ဆိုတာ သိပ်လွယ်လွန်းသည်။
သူ့ဇနီးလေးက ဉာဏ်ကောင်းလွန်းသည်။ ရှောင်မိသားစုဟောင်းရဲ့ ပြဿနာကောင်တွေ မြို့တော်ကိုသွားပြီးပါက ဘယ်လိုအခြေအနေတွေဖြစ်လာမလဲဆိုတာ ခန့်မှန်းနိုင်သည်။
သူတို့နှစ်ယောက် ခဏလောက် ထိုင်ပြီးနောက် ထပြန်ခဲ့ကြသည်။
ရှစ်ချင်းလျို့ အိမ်ပြန်ရောက်တော့ စာကို အရင်ရေးခဲ့သည်။ သူမက ရှောင်မိသားစုဟောင်းမှ ပြဿနာကောင်တွေကို ပြန်ပို့မခံရအောင် အကြံကောင်းတွေ ပေးခဲ့သည်။
သူမက ရေးပြီးသွားတော့ ရှောင်ဟန်ကျန့်ကို ဖတ်ခိုင်းခဲ့သည်။
ရှောင်ဟန်ကျန့်သည် ထိုစာကို ဖတ်ပြီးသွားတော့ လက်ဖက်ရည်ပင် ပြန်ထွက်မတတ်ဖြစ်ခဲ့သည်။ သူ့မျက်လုံးထဲက အပြုံးက ပိုနက်နဲလာခဲ့သည်။ "အကျင့်ပုတ်လေး။"
ဒါက တကယ်ကို ရက်စက်သည့် အကြံ ဖြစ်သည်။ ဒီတစ်ခါတော့ ဆန်ကုန်မြေလေးအဖေနှင့် သူ့ဇနီး နာမည်ကျော်ကြားလာဖို့ အာမခံသည်။
ရှစ်ချင်းလျို့ကလည်း သူ့အကြံသူ ကျေနပ်နေသည်။ သူမက ရှောင်ဟန်ကျန့်ရဲ့ ပေါင်ပေါ် တက်ထိုင်ခဲ့သည်။
သူမရဲ့ လက်တစ်ဖက်က သူ့လည်ပင်းကို ချိတ်ခဲ့သည်။ "ရှင်က အကျင့်မကောင်းတဲ့ ကျွန်မကို သဘောကျနေတာ သိသားပဲ။"
သူမက တကယ်ကို အကျင့်မကောင်းသည့်လူ ဖြစ်သည်။ သူမ ခင်ပွန်းက အသံထွက် မပြောဆိုခဲ့သော်လည်း သူ တကယ်သဘောကျတာဖြစ်သည်။
ရှောင်ဟန်ကျန့်တစ်ယောက် ရယ်ရမလား ငိုရမလားဆိုတာကိုပင် မသိတော့ပေ။ "မင်းကတော့လေ။"
သူ့ဇနီးလေး အကျင့်ယုတ်တာကို သူ သဘောကျပြီး အထူးသဖြင့် ဆန်ကုန်မြေလေးအဖေနှင့် သူ့ဇနီးကို ကိုင်တွယ်ဖြေရှင်းတာကို ပိုသဘောကျသည်။
သူက တက်တက်ကြွကြွ မပါဝင်သော်လည်း တကယ် ကျေနပ်မိပေသည်။
"မနက်ဖြန်တော့ ပိုက်ဆံသုံးပြီး စာတိုက်ကနေ စာပို့ခိုင်းရမယ်။"
တာ့လျန်ရဲ့စာတိုက်က တော်တော်လေး တိုးတက်ခဲ့သည်။ ပိုက်ဆံသုံးပြီး စာတိုက်ကနေ အေးအေးဆေးဆေး စာပို့လို့ရသည်။
ကုန်သည်တွေ၊ ကိုယ်ရံတော်တွေဖြင့် စာပို့ခိုင်းတာထက် ပိုက်ဆံ ပိုကုန်သော်လည်း ပိုမြန်သည်။
စျေးက နှစ်ဆဖြစ်သော်လည်း ၁၀ရက်အတွင်း မြို့တော်အရောက် စာပို့ပေးနိုင်သည်။
ရှောင်ဟန်ကျန့်က စာကိုခေါက်ကာ စာအိတ်ထဲ ထည့်ခဲ့သည်။ "ကိုယ်လည်း အဲလိုပဲ တွေးတယ်။"
စျေးကို မကြည့်ဘဲ စာမြန်မြန်ပို့မှ ရှောင်သခင်မကြီးနှင့် တခြားလူတွေ စောစော ပျော်ရွှင်နိုင်မှာ ဖြစ်သည်။
မဟုတ်ပါက အစီအစဥ်တွေ နှောင့်နှေးသွားပြီး ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေက ရှောင်သခင်မကြီးနှင့် တခြားလူတွေကို ပြန်ပို့လိုက်ပါက မကောင်းပေ။