အခန်း(၁၀၅)
Viewers 7k

အခန်း(၁၀၅) - အချိန်ကိုက်ရွာတဲ့မိုး

 

နောက်တစ်နေ့ မနက်အစောပိုင်းမှာ ရှောင်ဟန်ကျန့်က စာတိုက်ရုံးကိုသွားကာ အမြန်ချောပို့ဖြင့် စာသွားပို့ခဲ့ပြီး စျေးကပုံမှန်ထက် နှစ်ဆကုန်ခဲ့သည်။

 

ရက်အနည်းငယ်ကြာပြီးနောက် ရှစ်ချင်းလျို့ စိုက်ထားသည့် ဟဲရှို့ဝူပင်တွေက အသင့်ဖြစ်နေပြီဖြစ်သည်။

 

ရှောင်ဟန်ကျန့်က မော့ချင်းလင်ကိုပြောပြီး ပျိုးပင်တွေကို လူလွှတ်ကာ နွားလှည်းဖြင့် လာယူခိုင်းခဲ့သည်။

 

မော့ချင်းလင်ကလည်း ထိုကိစ္စကိုအလွန်စိတ်ဝင်စားနေပြီး ရွာ၆ရွာကိုရွေးပြီး ဟဲရှို့ဝူပင်ကို စမ်းသပ်စိုက်ပျိုးစေခဲ့သည်။

 

ရှစ်ချင်းလျို့ရဲ့ ပြောကြားချက်အရ ဟဲရှို့ဝူပင် ကြီးထွားဖို့ အချိန် ၂ နှစ်၊ ၃ နှစ် ယူရပြီး သက်တမ်းကြာလေ အရည်အသွေးကောင်းလေ ဖြစ်သည်။

 

အခုအချိန် စိုက်ပျိုးလိုက်တာက နောက် ၃ နှစ် ချင်းမင်ပွဲတော် မတိုင်ခင် ရိတ်သိမ်းနိုင်မည့် အဓိပ္ပာယ် ဖြစ်သည်။

 

အချိန် ၃ နှစ်လောက် ကြာမှာဖြစ်တာကြောင့် အပင်သာ အောင်မြင်ခဲ့ရင် ရိတ်သိမ်းသည့်အခါ အကျိုးအမြတ်များအောင် ရွာအနည်းငယ်ကို ပိုရွေးခဲ့သည်။

 

ပြီးမှ တခြားရွာသားတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခိုင်းမည်ဖြစ်သည်။

 

အနာဂတ်မှာ ဟဲရှို့ဝူပင် ပေါက်ရာ မူလနေရာက နန်ရှီမြို့ ဖြစ်ရပေမည်။

 

ပြီးပါက ဆံပင်သန်ဆေးခရင် စက်ရုံတည်ထောင်လို့ရသည်။

 

ထို့ကြောင့် လူအများစုက  ဟဲရှို့ဝူပျိုးပင်တွေကို စုဆောင်းခဲ့သည်။

 

ထိုပျိုးပင်တွေက ဒေသန္တရအစိုးရအုပ်ချုပ်ရေးက အကုန်ဝယ်ခဲ့ပြီး ရွာသားတွေကို အလကား မျှဝေပေးခဲ့သည်။

 

သို့ပေမယ့် သူတို့က ရွာသားတွေနှင့် စာချုပ်ချုပ်ထားခဲ့သည်။

 

ပျိုးပင်တွေက အလကားရပေမယ့် အနာဂတ်မှာ ဟဲရှို့ဝူပင်ကို ရိတ်သိမ်းသည့်အခါ ဒေသန္တရအစိုးရကိုသာ ရောင်းရမည်ဖြစ်သည်။

 

သူတို့က အနိမ့်ဆုံး စျေးကိုလည်း သတ်မှတ်ခဲ့ရာ အနာဂတ်မှာ ဒေသန္တရအစိုးရက စျေးနှိမ်ချင်ရင်တောင် သတ်မှတ်ထားသည့် စျေးရှိပြီးသား ဖြစ်သည်။

 

ရွာသားတွေကို ပိုပြီး လုံ့လဝီရိယရှိစွာ စိုက်ပျိုးဖို့ကိုလည်း ပြောကြားခဲ့သည်။

 

ပေါက်စျေးကလည်း မနည်းဘဲ အစေ့အစံတွေ စိုက်ပျိုးတာထက် ပိုအကျိုးအမြတ်ကျန်သည်။

 

အကျိုးအမြတ်က ရွာသားတွေကို အားအင်ဖြစ်စေခဲ့သည်။

 

ထင်သည့်အတိုင်း ရွာ၆ရွာက ရွာသားတွေက စာချုပ် ချုပ်ဆိုပြီးနောက် ပျော်ရွှင်နေခဲ့ကြသည်။ ဟဲရှို့ဝူပင်ကို ကောင်းကောင်း စိုက်ပျိုးမည့်အကြောင်း ကတိပြန်ပေးခဲ့ကြသည်။

 

ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်ကလည်း အဖွဲ့နောက်လိုက်ကာ ရွာသူရွာသားတွေကို ပျိုးပင် ဝေပေးခဲ့သည်။

 

အပင် ဘယ်လိုစိုက်ပျိုးရမလဲဆိုတာ ရှစ်ချင်းလျို့က ကိုယ်တိုင်ကိုယ်ကျ ရွာသားတွေကို သင်ကြားပေးခဲ့သည်။

 

အပင်မစိုက်ခင် ဓာတ်မြေသြဇာ အရင်ထည့်ဖို့ သင်ပေးခဲ့သည်။

 

ဓာတ်မြေသြဇာက ရွာသားတွေ ကြိုပြင်ထားခဲ့သည့် မြေပဲဖွဲနုနှင့် ကြက်ချေးတွေ ဖြစ်သည်။

 

ထို့နောက် သူမက ဓာတ်မြေသြဇာ ထည့်သွင်းနည်း၊ ရေလောင်းပုံ၊ စိုက်ကွင်းစီမံခန့်ခွဲပုံနှင့် ပိုးမွှားအန္တရာယ် ကာကွယ်ပုံတို့ကို သင်ကြားပေးခဲ့သည်။

 

မော့ချင်းလင်ကလည်း ရှစ်ချင်းလျို့ ပြောသမျှကို မှတ်သားထားဖို့ ဒေသန္တရအစိုးရရဲ့ လက်ထောက်ကို တာဝန်ပေးခဲ့သည်။

 

အနာဂတ်မှာ ဒေသန္တရအစိုးရရုံးက လူတွေက အချိန်တစ်ခုအတွင်း လာရောက်ကြည့်ရှုမည်ဖြစ်သည်။

 

သူတို့တွေက ရွာသားတွေကို စီမံခန့်ခွဲကြီးကြပ်ပေးရမည်။

 

ရှစ်ချင်းလျို့က ရွာသားတွေကို သဘာဝဓာတ်မြေသြဇာလုပ်နည်းကိုလည်း သင်ကြားပေးခဲ့သည်။

 

သူမက သူမ အိမ်မှာ လုပ်ခဲ့သည့် သဘာဝဓာတ်မြေသြဇာကို ပေးပြီး လူတိုင်းကို ပြခဲ့သည်။

 

အတွေ့အကြုံရှိ လယ်သမားတွေက လက်ပေမှာ မကြောက်ဘဲ ယူကြည့်ခဲ့ကြသည်။

 

"ဒီဓာတ်မြေသြဇာက တကယ်ကောင်းတာပဲ၊ ဒါနဲ့ဆိုရင် ဟဲရှို့ဝူကို စိုက်ပျိုးဖို့သာမက အသီးအရွက်တွေပါ စိုက်လို့ရတယ်၊ အရမ်းကောင်းတယ်။"

 

"အမျိုးသမီးရှောင်က ဒီလိုဓာတ်မြေသြဇာ လုပ်တဲ့နေရာမှာလည်း တော်သားပဲ။"

 

"စိုက်ကွင်းအတွက် ဓာတ်မြေသြဇာ များများ လုပ်ရအောင်။"

 

စိုက်ကွင်းတွေက ရွာသားတွေအတွက် အသက်သွေးကြော ဖြစ်သည်။ ဒီလို ဓာတ်မြေသြဇာက စိုက်ကွင်းက ဟင်းသီးဟင်းရွက်ပင်တွေကို အရည်အသွေးပို ကောင်းစေသည်။ သူတို့ မပျော်ဘဲနေပါ့မလား။

 

ရှစ်ချင်းလျို့ကလည်း ပျော်သွားခဲ့သည်။ "ကောင်းတယ်ဆိုတော့ တော်သေးတာပေါ့။"

 

ကျွမ်းကျင်စိုက်ပျိုးရေးပညာရှင်အဖြစ် သူမ သင်ယူခဲ့ရသည့်အရာတွေနှင့် ရွာသားတွေကို ကူညီရတာ သူမ ပျော်သည်။

 

မော့ချင်းလင်က သူ့လက်အောက်ငယ်သားကို ဓာတ်မြေသြဇာလုပ်နည်း မှတ်ထားခိုင်းကာ မြို့တော်ကို ပို့ဖို့ ပြင်ခဲ့သည်။

 

ဒါက နိုင်ငံနှင့် လူမျိုးကို အကျိုးရှိစေမှာ ဖြစ်သည်။

 

သူက ရှစ်ချင်းလျို့နှင့် ရွာသားတွေ ကောက်ပဲသီးနှံတွေ ဘယ်လို အထွက်နှုန်းကောင်းအောင် လုပ်ရမလဲလို့ ဆွေးနွေးနေတာကို ကြည့်လိုက်သည်။

 

ရှစ်ချင်းလျို့က စိုက်ပျိုးရေးမှာလည်း အလွန်သိကြောင်း ထပ်နားလည်သွားခဲ့သည်။

 

သူမက စိုက်ပျိုးရေးနှင့် ပတ်သက်သည့် စကားဝိုင်းကို စိတ်ဝင်စားအောင်လည်း ပြောတတ်သေးသည်။

 

သေချာပေါက် သူ တကယ် သူမကို ရိုးရိုးသားသား သဘောကျသည်။

 

သူမက ရှောင်ဟန်ကျန့်ရဲ့ ဇနီး ဖြစ်တာကြောင့် မထားအပ်သည့် မည်သည့် အတွေးမှ ရှိမနေပေ။

 

ချုံရှီပွဲကြောင့် ရသည့် ရွာသူလေးနှင့် ရှောင်ဟန်ကျန့် ဘာလို့ အဲလောက် ဆက်ဆံရေး ကောင်းနေမှန်းလည်း သူ သဘောပေါက်သွားခဲ့သည်။

 

သူနှင့် ရှောင်ဟန်ကျန့်က မကြာခဏ ဆက်သွယ်နေတာကြောင့် မိတ်ဆွေတွေ ဖြစ်လာခဲ့သည်။

 

ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့အကြောင်း ပြောတိုင်း သူ့မျက်လုံးထဲမှာ ကြင်နာရိပ်တွေ သန်းနေတာကို မြင်ရသည်။ ဒါဟာ သူက သူ့ဇနီးကို အလွန်သဘောကျကြောင်း သိသာသည်။

 

အစတုန်းကတော့ သူလည်း တခြားလူတွေနှင့် အတွေးတူသည်။

 

ရှောင်ဟန်ကျန့်ရဲ့ အရည်အချင်းနှင့် ပင်ကိုယ်စိတ်နေစိတ်ထားအရဆိုရင် မြို့တော်က မြို့စားမင်းတွေထက် မနိမ့်တာကြောင့် ရွာသူနှင့် မလိုက်ဖက်ဘူးဟု ထင်မိခဲ့သည်။

 

အခုတော့ သူတို့နှစ်ယောက်က အလွန်လိုက်ဖက်ကြောင်း သူ သိသွားခဲ့သည်။

 

ရှစ်ချင်းလျို့ရဲ့ နိမ့်ကျသည့် မိသားစုနောက်ခံကလွဲရင် သူမက သူတွေ့ဖူးခဲ့သည့် မင်းစိုးရာဇာမိသားစုက အမျိုးသမီးတွေထက် ပိုဆွဲဆောင်မှု ရှိသည်။

 

ရွာ၆ရွာအပြင် ရှစ်ချင်းလျို့နှင့် မော့ချင်းလင်က ဆွေးနွေးပြီးနောက် သူတို့ရွာနှင့် အနီးအနားရွာတွေပါ အတူတူ စိုက်ပျိုးလို့ရအောင် ပျိုးပင်အနည်းငယ်ကို ချန်ထားခဲ့သည်။

 

အခုဆိုရင် ရွာသားတွေက ရှစ်ချင်းလျို့ကို အရမ်းယုံကြည်နေပြီဖြစ်သည်။

 

ဒါ့အပြင် ပျိုးပင်တွေက အလကားရပြီး မြေနေရာလည်း သိပ်မယူတာကြောင့် လူတိုင်းက ပျော်ရွှင်စွာ စိုက်ပျိုးခဲ့ကြသည်။

 

ဒီတစ်ခါတော့ ရှာ့ရှီရွာက အိမ်ထောင်စုတိုင်း စိုက်ပျိုးခဲ့ကြသည်။

 

ပြီးခဲ့သည့်အကြိမ်က မတော်တဆမှုကြောင့် ဝူမိသားစုရဲ့တည်းခိုခန်းက စားပွဲထိုးကောင်လေးရဲ့ မိသားစုကို ရွာသားတွေက ဝိုင်းကြဥ်ခဲ့တာကြောင့် မြို့ကို ပြောင်းသွားခဲ့ကြသည်။

 

အခု သူတို့က ဝူမိသားစုကို အပြစ်တင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့က ဝူမိသားစုကို အလုပ်လုပ်ပေးနေရတာကြောင့် ထိုသို့လုပ်ခဲ့ရတာဖြစ်သည်။

 

ဝူမိသားစုက အလွန်ဒေါသထွက်ခဲ့သည်။

 

သို့ပေမယ့်လည်း မော့ချင်းလင်က သူတို့ကိုသာ ပြစ်မှတ်ထားတာကြောင့် ဝန်ခံခဲ့ရလေသည်။

 

သူတို့က သူ့မိသားစုအတွက် နေရာထိုင်ခင်းစီစဥ်ပေးခဲ့ကာ စားပွဲထိုးအလုပ်နှစ်ခုလည်း ခန့်အပ်ပေးခဲ့သည်။

 

ထို့ကြောင့်ပဲ ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်ကို သူတို့က ပိုမကျေမနပ်ဖြစ်လာခဲ့သည်။

 

ရွာသားတွေကတော့ ဟဲရှို့ဝူပင် စိုက်ပျိုးပြီး  ဘိလပ်မြေအလုပ်ရုံပြီးသည့်နောက် ဘိလပ်မြေစတင် လုပ်ခဲ့သည်။

 

ပိုင်မိသားစုကလည်း သူတို့ရဲ့ ကြွေပြားအသစ်တွေကို ရှောင်မိသားစုရဲ့ အိမ်အသစ်ကို ယူလာတာကြောင့် ရှစ်ချင်းလျို့က အိမ်ဆောက် သည့်လူတွေကို ခင်းကျင်းခိုင်းခဲ့သည်။

 

ရှောင်ဟန်ကျန့်ကလည်း မြို့က ကျောင်းကို အစီရင်ခံစာတင်ခဲ့သည်။

 

ရွာမှာ ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က အလွန်အလုပ်ရှုပ်နေပြီး မြို့တော်က ပြဿနာကောင်တွေကလည်း စာကို တိတ်တဆိတ် ရရှိခဲ့သည်။

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ထိုစားသောက်ဆိုင်လေးကို သွားရောက်နေဆဲ ဖြစ်သည်။

 

စားပွဲထိုးလေးက သူ့ကို မျက်စိဖြင့် အချက်ပြနေတာကြောင့် သူက သီးသန့်ခန်း တောင်းဆိုခဲ့လေသည်။

 

သူ့နောက်ကို လိုက်ခဲ့သည့်လူက စားသောက်ဆိုင်တံခါးမှာ ရပ်ကာ ပျင်းရိနေပြီဖြစ်သည်။

 

သူက နေ့တိုင်း ဒီကိုလာပြီး စားလိုက် သောက်လိုက် လုပ်နေတာသာ သူတွေ့သည်။

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက သီးသန့်ခန်းထဲမှာ စားပွဲထိုးလေးဆီက စာယူခဲ့ပြီး ရင်နာပေမယ့် စားပွဲထိုးကို မုန့်ဖိုးပေးလိုက်သည်။

 

သို့ပေမယ့် သူ ဘယ်လိုပဲ ခံစားရပါစေ လူမမိဖို့အတွက် ရှစ်ချင်းလျို့စကားကို နားထောင်ဖို့ လိုအပ်သည်။

 

ကြီးမားတဲ့ အကျိုးအမြတ် မရခင် အနည်းငယ်တော့ စွန့်လွှတ်ဖို့ လိုသည်။

 

ဟင်းပွဲ အနည်းငယ် မှာယူပြီးနောက် သူက စာကိုယူကာ ညီဖြစ်သူနှင့် စစ်သူကြီးစံအိမ်ကို ပြန်ခဲ့သည်။

 

ရှစ်ချင်းလျို့ရဲ့ သတိပေးမှုကြောင့် ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက နှေးကွေးသော်လည်း လူတစ်ယောက် သူ့နောက်လိုက်နေတာကို သူ မကြာသေးခင်က သိခဲ့သည်။

 

ဒါက ရှစ်ချင်းလျို့ ဘယ်လောက်အာဏာကြီးလဲဆိုတာ ဖော်ပြနေတာ ဖြစ်သည်။ ထို့ကြောင့် ပိုက်ဆံချွေတာဖို့ စာတိုက်ရုံးကို သူကိုယ်တိုင် သွားချင်သည့်စိတ်ကို ဖိနှိပ်ခဲ့တာ ဖြစ်သည်။

 

စစ်သူကြီးစံအိမ်ကို ပြန်ရောက်ပြီးနောက် သူက ရှောင်သခင်မကြီးဆီ ချက်ချင်း မသွားခဲ့ပေ။

 

သူက သူ့ရဲ့ စိတ်မရှည်မှုကို ထိန်းချုပ်ပြီး ညစာ မစားခင်အထိ အခန်းထဲမှာနေခဲ့သည်။

 

ကောချွန်းရုက သူ့အဖွားကို ပြုစုပေးပြီးနောက် သူ့ဦးလေး မထွက်သွားခင်အထိ သူက သူ့အဖွားဆီက ပိုက်ဆံချော့တောင်းသလို ဟန်ဆောင်ကာ အစေခံလေးကို မောင်းထုတ်လိုက်သည်။

 

ဒါက ရှစ်ချင်းလျို့ သူ့ကို သင်ပေးခဲ့တာဖြစ်သည်။

 

ဒါမှ အယုတ်တမာ ကောချွန်းရုနှင့် ရှောင်ယွမ်ရှစ်တို့ ဘာမှ သတိမထားမိမှာ ဖြစ်သည်။

 

အစေခံလေး ထွက်သွားပြီးနောက် ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက စာကို ထုတ်ယူခဲ့သည်။

 

သူက အသံတိုးတိုးဖြင့် ပြောခဲ့သည်။ "အဖွား အယုတ်တမာမရဲ့ စာ ရောက်ပြီ၊ ဖတ်ပြရမလား။"

 

မကြာသေးမီက ရှောင်သခင်မကြီးက စိတ်မကြည်မသာဖြစ်နေခဲ့သည်။

 

သူမက မြေခွေးမ ကောချွန်းရုကို ဘယ်လောက်ပဲ ထပ်ခါထပ်ခါ ကိုင်တွယ်ဖြေရှင်းပါစေ သူမက ပိုပိုပြီး ကိုင်တွယ်ရခက်လာခဲ့သည်။

 

အထူးသဖြင့် သိုလှောင်ခန်းကိစ္စနှင့် ပတ်သက်ပြီး ထိုတိရိစ္ဆာန်နှစ်ကောင်က သူတို့ကို အာဏာပြတော့မှာကို မကောင်းသည့် နိမိတ် ခံစားမိနေသည်။

 

အခု သူမရဲ့ မြေး စကားကိုကြားလိုက်တော့ မျက်လုံးတွေ လက်သွားခဲ့သည်။ "မြန်မြန်ဖတ်"

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက စာဖတ်ပြပြီးနောက် ရှောင်သခင်မကြီးက သူမ ခြေထောက်ကို ရိုက်လိုက်သည်။ "ကောင်းပြီ။"

 

ရှစ်ချင်းလျို့က အကျင့်မကောင်းပေမယ့် သူမ သဘောကျသည်။

 

ရှောင်သခင်မကြီးက အမိန့်ထပ်ပေးခဲ့သည်။ "သားကြီး မနက်ဖြန် နင် သူပြောတဲ့အတိုင်း လုပ်ရမယ်။"

 

သူမက မျက်လုံးမှေးကျဥ်းခဲ့သည်။ "ဒီတိရိစ္ဆာန်နှစ်ကောင်က ငါတို့ကို ပြန်ပို့ချင်နေမှတော့ မျက်နှာသာပေးနေစရာ မလိုဘူး။"

 

သူမက မတုံးအပေ။ အတူတူနေတာကြာပြီးနောက် ထိုတိရိစ္တာန်နှစ်ကောင်အကြောင်း ကောင်းကောင်း သိနေပြီ ဖြစ်သည်။

 

သူတို့က သူမတို့ကို သင်ခန်းစာပေးဖို့ အကောင်းဆုံး ကြိုးစားနေတာကို သူမ သိသည်။

 

သို့ပေမယ့်လည်း သူတို့ စိတ်စောနေရင်တောင် ဘာမှ လုပ်လို့ရမည်မဟုတ်ပေ။ သူတို့က တစ်ချိန်လုံး ရင်တမမ ဖြစ်နေခဲ့ရသည်။

 

ဒီတစ်ခါတော့ ရှစ်ချင်းလျို့ရဲ့အကြံက အချိန်ကိုက် ရွာချလာသည့် မိုး ဖြစ်သည်။