အပိုင်း ၁၀၆
Viewers 14k

အခန်း(၁၀၆) - ပြဿနာကောင်တွေ စလှုပ်ရှားပြီ

 

စစ်သူကြီးစံအိမ်၏ နောက်ထပ် အဆောင်တော်တစ်ခုတွင်ဖြစ်သည်။

 

ကောချွန်းရုက ရှောင်ယွမ်ရှစ်ရဲ့ ပုခုံးကို နှိပ်ပေးနေသည်။

 

ထိုအလုပ်ကို ဘယ်တော့မှ အစေခံတွေကို မခိုင်းစေဘဲ သူမ ဘာသာသာ လုပ်ပေးလေ့ရှိသည်။

 

ပထမက ရှောင်ယွမ်ရှစ်ကို သူမရဲ့ အပြုအမူကို ရင်ထဲထိသွားစေချင်လို့ ဖြစ်သည်။

 

သူမက တစ်နေ့လုံး အဖွားကြီးကို ပြုစုရပြီး သူ့ကိုလည်း ထပ်ပြုစုနေတာကိုတွေ့ရင် ရင်နာသွားမည်ဖြစ်သည်။

 

ဒုတိယတစ်ခုက အစေခံလေးတွေကို ရှောင်ယွမ်ရှစ်ကို မထိခိုင်းချင်ဘဲ အနေနီးသွားမှာစိုးလို့ဖြစ်သည်။ သူက သူမရဲ့ အပိုင်သာ ဖြစ်၏။

 

"ယောက်ျား အမေနဲ့ တခြားလူတွေကိုရက်အနည်းငယ်အတွင်း ပြန်ပို့နိုင်မှာသေချာလား။" သူမတကယ်သည်းမခံနိုင်တော့ဘဲ ပြိုလဲလုနီးပါးဖြစ်နေပြီဖြစ်သည်။

 

ရှောင်သခင်မကြီးက သူမကို မနက်အာရုဏ်မတက်ခင်မှာပဲ အလုပ်အကျွေးပြုပေးခိုင်းနေပြီဖြစ်သည်။

 

မနက်စာ၊ နေ့လည်စာ၊ ညစာပါ ပြင်ဆင်ကျွေးရသေးသည်။

 

မကြာခင်က အလွန်နှိပ်ဆက်ခံရတာကြောင့် ကိုယ်အလေးချိန်တောင် ကျသွားပြီဖြစ်သည်။

 

ရှောင်ယွမ်ရှစ်ကလည်း သူ့ဇနီးလေးအတွက် စိတ်မကောင်းပေ။ "ရက်အနည်းငယ်လောက်ပဲ ထပ်သည်းခံလိုက်ပါ၊ နောက်နှစ်ရက်နေရင် စံအိမ်ရဲ့ ကုန်ကျစရိတ်အတွက် ပိုက်ဆံသွားချေးမယ်၊ သူတို့ ရောက်လာပြီးမှ စံအိမ်ရဲ့ စီမံခန့်ခွဲမှုတွေ ကမောက်ကမဖြစ်သွားကြောင်း တခြားလူတွေကို ပြောပြမယ်၊ သူတို့တွေ ပိုက်ဆံအကုန် သုံးတဲ့အကြောင်းလည်း ပြောမယ်၊ ဒီအကြောင်း လူတိုင်း သိသွားရင် ကိုယ့်တူနှစ်ယောက်ကို လောင်းကစားလုပ်အောင် လူလွှတ်ပြီး ဖြားယောင်းခိုင်းမယ်၊ သူတို့ ပြန်မဆပ်နိုင်မည့် ပမာဏအထိ ငွေကို အတိုးနဲ့ ရည်ရွယ်ချက်ရှိရှိ ချေးမယ်၊ ဒါဆိုရင် နေ့တိုင်း အကြွေးလာတောင်းတဲ့လူတွေနဲ့ ရုတ်ရုတ်သဲသဲတွေ ဖြစ်မယ်၊ အကြွေးရှင်တွေရဲ့ နှိပ်စက်မှုကို ခံရပြီး အမေနဲ့တခြားလူတွေ အကူအညီရှာမရတဲ့အချိန် ကိုယ်က တိုက်ခိုက်လိုက်မယ်၊ ပိုက်ဆံချေးပြီး ပြန်ဆပ်ပေးလိုက်မယ်၊ ပြီးရင် အဲအချက်ကို ထောက်ပြပြီး သူတို့ကို  ရွာပြန်ပို့လိုက်မယ်။"

 

ရှောင်မိသားစုရဲ့ မြေးတွေက သူများရဲ့ လွှမ်းမိုးမှုကို ခံနေရပြီး ရှောင်သခင်မကြီးနှင့် တခြားလူတွေက သူတို့ကို ထိန်းချုပ်နေကြောင်းလည်း ပြောမည်။

 

ထိုအချက်တွေကို အကြောင်းပြကာ ရွာပြန်ပို့လိုက်မည်။

 

ထိုအခါ မြို့တော်က ဘယ်သူမှ သူ့ကို သားသမီးဝတ္တရား မကျေပွန်သည့်လူဟု ပြောလိမ့်မည်မဟုတ်ပေ။

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးက ရှောင်သခင်မကြီးနှင့် ရှောင်သခင်ကြီးရဲ့ အသက်သွေးကြောလေး ဖြစ်သည်။ ဒါက လုံးဝ မှန်ကန်သည်။

 

ရှောင်ယွမ်ရှစ် ဘယ်လောက် အကြင်နာမဲ့လဲဆိုတာ ပြောစရာ မလိုလောက်အောင်ပင် သူက ရှောင်မိသားစုဟောင်းထက် ပိုအကြင်နာမဲ့သည်။

 

သူက သူ့တူလေးတွေ လောင်းကစားလုပ်အောင် မြူဆွယ်ခိုင်းမည့်အပြင် ငွေကိုလည်း အတိုးများများဖြင့် ချေးရန် ကြံထားသည်။

 

သူက ကောချွန်းရုကို တကယ်သဘောကျကာ အလိုလိုက်တာကြောင့် သူ့အစီအစဥ်တွေကို မကွယ်ဝှက်ထားခဲ့ပေ။

 

ကောချွန်းရုရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့သည်။ "ကျေးဇူးတင်လိုက်တာ ချစ်ယောက်ျားရယ်။"

 

ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးနှင့် တခြားလူတွေ ပြန်ရောက်ရင် လောင်းကစားလုပ်အောင် လာဘ်ထိုးကာ မြူဆွယ်ခိုင်းမည်။

 

ထို့နောက် ရှောင်ဟန်ကျန့်ဆီက ပိုက်ဆံတောင်းအောင် ရှောင်သခင်မကြီးနှင့် တခြားလူတွေကို သွေးထိုးပေးမည်။ ဒါမှ သူ စာ ကောင်းကောင်း မလုပ်နိုင်မှာ ဖြစ်သည်။

 

သူတို့က ရှင်းဟုန်ကိုခေါ်မလာဘဲ ရှင်းဟုန်က ယောက်ျားတစ်ယောက်နောက် လိုက်ပြေးသွားတယ်ဆိုတာ သူမ မယုံပေ။

 

ထို့ကြောင့် ကောချွန်းရုက သူ့အဖေရဲ့ သစ္စာရှိ အစေခံဖြင့် စုံစမ်းခိုင်းခဲ့သည်။

 

ထိုအခါမှ ရှင်းဟုန်က ရှောင်သခင်မကြီးရဲ့ ရောင်းစားတာ ခံလိုက်ရမှန်း သိခဲ့လေသည်။

 

ဒါ့အပြင် ရှောင်ဟန်ကျန့်က မသေသေးသည့်အပြင် ရွာသူတစ်ယောက်ရဲ့ ချုံရှီပွဲကြောင့် နိုးထလာခဲ့သည်။

 

သူတို့က ဆေးထဲမှာ ပြဿနာရှိနေတာကို သိခဲ့ပြီး ဆေးဆရာကိုထောင်ထဲပို့ခဲ့သေးသည်။

 

ရှောင်ပိုင်လီကလည်း လက်မထပ်ရသလို မြှုပ်နှံခြင်းလည်း မခံခဲ့ရပေ။

 

ရှောင်ဟန်ယီ့(ရှောင်အာ့လန်)လည်း ရေမနစ်ခဲ့ပေ။

 

ဟိုမိန်းမလည်း အသက်ရှင်လျက် ကောင်းကောင်း ရှိနေဆဲ ဖြစ်သည်။

 

ထိုအရာကပဲ သူ့တို့ကို တိတ်တဆိတ် မုန်းတီးစေခဲ့သည်။

 

အကယ်၍ ရှောင်မိသားစုဟောင်းက လူတွေ မြို့တော်ကို မလာခဲ့ရင် သူတို့ ရှန်းဟုန်ကို ရောင်းစားလိုက်ရင်တောင် ရှောင်ဟန်ကျန့်ရဲ့ မိသားစုကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူမ သိနိုင်သည်။

 

သို့ပေမယ့်လည်း ရှောင်မိသားစုဟောင်းကလူတွေက မြို့တော်ကို တကယ်ရောက်လာခဲ့သည်။

 

စုံစမ်းဖို့လွှတ်လိုက်သည့် အစေခံရဲ့ စကားအရ ဒါတွေက ရှောင်ဟန်ကျန့်ရဲ့ ဇနီး သွေးထိုးပေးလိုက်တာ ဖြစ်သည်။

 

ထို့ကြောင့် သူမက ရှစ်ချင်းလျို့ကိုလည်း မုန်းတီးနေသည်။

 

သူမမှာ ခေါင်းကိုက်စရာကောင်းသည့် ရှောင်သခင်မကြီးနှင့် တခြားလူတွေကို ဖြေရှင်းဖို့ ကိစ္စ ရှိနေတာ နှမြောဖို့ကောင်းသွားသည်။

 

ထို့ကြောင့် သူမမှာ ရှာ့ရှီရွာကို အာရုံစိုက်ဖို့ မအားတော့ပေ။

 

သူမအတွက်တော့ ရှောင်ဟန်ကျန့်က အဆင့်မြင့်စာသင်သားဖြစ်သွားရင်တောင် သူ မည်သည့် အောင်မြင်မှုမျိုး ရရှိမှာ မဟုတ်ပေ။

 

အချိန်တန်ရင် သူ့ကို မူလနေရာပြန်ရောက်အောင် သူမ လုပ်ပစ်မှာ ဖြစ်သည်။

 

ထိုမိန်းမ အသက်ရှင်နေသေးတာကြောင့် သူမရင်ထဲမှာ ခံရခက်နေသည်။

 

သူမကို မြို့တော်ကိုလာဖို့ အခွင့်အရေး မပေးနိုင်ပေ။ သေသွားရင် ပိုကောင်းသည်။

 

အခုတော့ ရှောင်သခင်မကြီးနှင့် တခြားလူတွေကို ဘယ်လိုမောင်းထုတ်ရမလဲဆိုတာကို သူမ အာရုံစိုက်နေသည်။

 

ဒီတစ်ခါတော့ ရှောင်မိသားစုဟောင်းကလူတွေကို ရွာပြန်ပို့သည့်အခါ သူမ မွေးထားသည့် အစေခံနှစ်ယောက်ကို ထည့်ပေးလိုက်မည်။

 

သူမက ထိုမိန်းမနှင့်မိသားစုကို မသတ်နိုင်ဘူးဆိုတာ သူမ မယုံကြည်ပေ။

 

ထိုအချိန်မှာပဲရှောင်သခင်မကြီးနှင့် တခြားလူတွေက အကွက်စရွှေ့နေတာကို သူတို့နှစ်ယောက်က မသိပေ။

 

မဟုတ်ပါက သူတို့နှစ်ယောက် သွေးအန်သေနိုင်သည်။

 

နောက်တစ်နေ့ကျတော့ ရှောင်မိသားစု၏ အကြီးဆုံးသားနှင့် တတိယသားက သူတို့သားနှစ်ယောက်ကိုခေါ်ကာ မြို့တော်စီရင်စုတရားသူကြီးရုံးကိုသွားပြီး သွားရောက်တိုင်တန်းခဲ့သည်။

 

သူတို့က စစ်သူကြီးစံအိမ်မှာ ခိုးယူမှု ဖြစ်ပွားခဲ့ပြီး သိုလှောင်ခန်းထဲက ငွေနှင့် ပစ္စည်းတွေ ခိုးယူခံရကြောင်း ပြောခဲ့သည်။

 

ငွေစာရင်းစာအုပ်လည်း ပျောက်ဆုံးသွားတာကြောင့် စီရင်စုတရားသူကြီးကို စစ်ဆေးစေချင်လိုကြောင်း ပြောခဲ့သည်။

 

မြို့တော်ကို မလာခင်က ရှစ်ချင်းလျို့က ရှောင်သခင်မကြီး စံအိမ်ရဲ့ တာဝန်ခံဖြစ်သည့်အခါ သုံးစွဲသည့် ကုန်ကျစရိတ်အားလုံး ရေးမှတ်ထားဖို့ ထပ်ခါထပ်ခါ မှာခဲ့သည်။

 

မဟုတ်ပါက ကောချွန်းရုက သူတို့အတွက် သေတွင်းတူးပေးလိမ့်မည်။

 

ရှောင်သခင်မကြီးက ထိုစကားကို သေသေချာချာ မှတ်မိနေတာကြောင့် ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးဖြင့် သူတို့ သုံးစွဲခဲ့သည့် ငွေကြေး ကုန်ကျစရိတ်တွေကို ချရေးခိုင်းပြီး ဘဏ္ဍာထိန်းနှင့် တခြားလူတွေကို လက်ဗွေနှိပ်ခိုင်းခဲ့သည်။

 

အခု သူမမှာ စာရင်းစာအုပ် ရှိနေတာကြောင့် စစ်ဆေးခံရမှာကို မကြောက်ပေ။

 

တစ်ဖက်က တိရိစ္ဆာန်နှစ်ကောင်က ပစ္စည်းနှင့် ငွေတွေကို နေရာပြောင်းထားတာ ဖြစ်သည်။

 

စီရင်စုတရားသူကြီး စစ်ဆေးတဲ့အခါ အဲတိရိစ္ဆာန်နှစ်ကောင် ဘယ်လိုဖြေမလဲ ကြည့်တာပေါ့။

 

သူတို့ကိုသာ သင်ခန်းစာ ကောင်းကောင်း မပေးပါက သူတို့က အနိုင်ကျင့်ရလွယ်သည်ဟု ထင်သွားလိမ့်မည်။

 

သူတို့ကို မောင်းထုတ်ချင်ရင်တောင် လုံးဝ မရစေရဘူး။

 

မြို့တော်စီရင်စုတရားသူကြီးက အစက ဒီကိစ္စမှာ မပါဝင်ချင်ပေ။ သို့ပေမယ့် ထိုသတင်းကို ရှီလွေ့ကြားတော့ သူက ရှီမိသားစုရဲ့ သခင်မကြီးဆီ သွားချွဲကာ စစ်သူကြီးစံအိမ်ကို ဒုက္ခရောက်အောင် လုပ်ချင်ကြောင်း ပြောခဲ့သည်။

 

သူက အရင်ကဖြစ်ခဲ့သည့် ရန်ငြိုးကို မှတ်ထားကာ စစ်သူကြီးစံအိမ်က ခွေးချင်းကိုက်သည့်ပွဲကို ကြည့်ချင်နေပြီဖြစ်သည်။

 

ရှီသခင်မကြီးက သူမသားဖြင့် စီရင်စုတရားသူကြီးကို ဖိအားပေးကာ စစ်ဆေးခိုင်းခဲ့သည်။

 

ဒါ့အပြင် မကြာသေးခင်က ရှောင်ယွမ်ရှစ်က တော်ဝင်ခုံရုံးမှာ မျက်နှာပန်းလှခဲ့သည်။

 

ထို့ကြောင့် သူ့ကို သဘောမကျသည့်လူ၊ သူနှင့် ကတောက်ကဆ ဖြစ်ထားသည့်လူတွေက ဒီကိစ္စမှာ မပါဘဲ မနေပေ။

 

ဤသို့ဖြင့် ကိစ္စကြီးက ကြီးမားလာခဲ့သည်။

 

မြို့တော် စီရင်စုတရားသူကြီးက စစ်သူကြီးစံအိမ်ကို လူလွှတ်ကာ သူခိုးကို စုံစမ်းခိုင်းခဲ့သည်။

 

ဒီနေ့မှပဲ ရှောင်ယွမ်ရှစ်က မြို့စွန်ကို အလုပ်ကိစ္စနှင့် သွားလိုက်တာကြောင့် စစ်သူကြီးစံအိမ်ကို စီရင်စုတရားသူကြီး စုံစမ်းဖို့ လူလွှတ်ခဲ့တာကို သူ မသိလိုက်ပေ။

 

ကောချွန်းရုက ရှောင်သခင်မကြီးကို နေ့လည်စာ ကျွေးပြီးနောက် ပြန်ကာ အနားယူနေသည်။

 

အစေခံလေးက မြို့တော် စီရင်စုတရားသူကြီးက လူလွှတ်ကာ စံအိမ်က သူခိုးကို စုံစမ်းခိုင်းကြောင်း တင်ပြလိုက်တော့ အိပ်ချင်စိတ်တွေပင် ပျောက်သွားခဲ့လေသည်။

 

သူမရဲ့ အမူအရာက အလွန်စိုးရိမ်နေလေသည်။ "ဘယ်လိုဖြစ်တာလဲ။"

 

အစေခံမလေးက ပြန်ဖြေခဲ့သည်။ "သခင်ကြီးနဲ့ တတိယသခင်ကြီးက သူတို့သားကိုခေါ်ပြီး သွားတိုင်ခဲ့တာပါ၊ စစ်သူကြီးစံအိမ်က သိုလှောင်ခန်းထဲက ငွေတွေနဲ့ အဖိုးတန်ပစ္စည်းတွေ အခိုးခံရတယ်လို့ ပြောခဲ့တာပါ၊ ဒါကြောင့် လာစစ်ဆေးတာပါ။"

 

ထိုစကားကို ကောချွန်းရုကြားတော့ မေ့လဲလုမတတ် ဖြစ်သွားခဲ့သည်။ "ဘာ၊ ဒီလူတွေက ဘာလာလုပ်တာလဲ။"

 

ဒီကိစ္စသာ အပြင်ကိုသာ ပေါက်ကြားသွားပါက အလွန်ရှက်ဖို့ကောင်းသည်။

 

အဓိကက သူမကသာ သိုလှောင်ခန်းထဲက ငွေတွေနှင့် အဖိုးတန်ပစ္စည်းတွေကို နေရာပြောင်းဖို့ ညွှန်ကြားခဲ့သူ ဖြစ်သည်။

 

ထိုပစ္စည်းတွေ အကုန်လုံး သူမ မောင်လေးရဲ့ အဆောင်မှာ ရှိနေသည်။ တကယ်လို့ ရှာတွေ့သွားပါက သူမနဲ့ မောင်လေးဖြစ်သူ ဒါကို ဘယ်လိုဖြေရှင်းရမှာလဲ။

 

သူမရဲ့ ဂုဏ်သိက္ခာကကော။

 

ထို့ကြောင့် သူမက ချက်ချင်းထကာ လမ်းလျှောက်ထွက်သွားခဲ့သည်။

 

ထိုအချိန်မှာပဲ ရှောင်သခင်မကြီးနှင့် တခြားလူတွေက မြို့တော် စီရင်စုတရားသူကြီးရဲ့လူတွေကို သိုလှောင်ခန်းဆီ လမ်းပြခဲ့သည်။

 

ကောချွန်းရု ရောက်သည့်အချိန်မှာ ရှောင်သခင်မကြီးက ငွေစာရင်းစာအုပ် ကမ်းပေးနေခဲ့သည်။

 

"ကျွန်မ စံအိမ်ကို တာဝန်ယူတာ တစ်လတောင် မရှိသေးပါဘူး၊ ဒါက ဒီအချိန်အတွင်း သုံးစွဲခဲ့တဲ့ ငွေစာရင်းပါ၊ ဒီလောက်ကြီးတဲ့ စစ်သူကြီးစံအိမ်က ငွေနည်းနည်းနဲ့ ပစ္စည်းနည်းနည်းပဲရှိတာကို ယုံပါသလား။"

 

ရှောင်သခင်မကြီးက စိုးရိမ်သည့်မျက်နှာဖြင့် မျက်ရည်သုတ်ကာ ပြောခဲ့သည်။ "တစ်ယောက်ယောက်က ခိုးယူပြီး စစ်သူကြီးစံအိမ်က ဝင်ငွေနဲ့ ထွက်ငွေ မမျှတမှာကို ကြောက်တာပါ၊ သားနဲ့ ချွေးမလည်း နေ့စဥ်ကုန်ကျစရိတ်အတွက် စိုးရိမ်နေရတော့ တိုင်တန်းဖို့ တွေးလိုက်ရတာပါ၊ ကျွန်မတို့ နည်းနည်းလောက် ပြန်ရရင်တောင် အဆင်ပြေပါတယ်။"

 

လူတွေအများကြီးထဲမှာမှ ကိစ္စရပ်တွေကို စုံစမ်းသည့်နေရာမှာ အတွေ့အကြုံရှိသည့် ရုံးတော်ခေါင်းဆောင်ကို ထည့်ပေးခဲ့သည်။

 

ထို့ကြောင့် သူက စာအုပ်ကို လှန်ကြည့်ကာ ပြောခဲ့သည်။ "ဒီငွေပမာဏက လုံးဝ မဖြစ်နိုင်ဘူး၊ မကြာခင်က ဘုရင်ကြီးက စစ်သူကြီးရှောင်ကို ရွှေချောင်း ၁၀၀၀နဲ့ တခြား တန်ဖိုးကြီးပစ္စည်းတွေ ချီးမြှင့်ပေးခဲ့တယ်၊ အဲတာတွေက သိုလှောင်ခန်းထဲ မရှိသလို စာရင်းစာအုပ်ထဲမှာလည်း မပါဘူး၊ ဒီသူခိုးက တော်တော်ရဲတင်းတာပဲ၊ ဘုရင်ကြီး ချီးမြှင့်ခဲ့တဲ့ ပစ္စည်းကိုတောင် ခိုးရဲတယ်၊ သခင်မကြီး စိတ်မပူပါနဲ့၊ ဒီကိစ္စကို သေချာစုံစမ်းပေးပါ့မယ်။"

 

ခေါင်းဆောင်ရဲ့ စကားကို ကြားတော့ ရှောင်သခင်မကြီးက ကောချွန်းရုနှင့် ရှောင်ယွမ်ရှစ်ကို ရင်ထဲက ကြိတ်ဆဲခဲ့သည်။

 

ထင်တဲ့အတိုင်း ဒီနှစ်ယောက်က တိရိစ္ဆာန်နှစ်ကောင်ပဲ။ ရွှေချောင်း ၁၀၀၀ ဟုတ်လား။ ရွှေချောင်းတစ်ချောင်းတောင် သူမ မမြင်ဖူးခဲ့ဘူး။

 

ထို့ကြောင့် သူမက ကျေးဇူးတင်စွာ ပြောခဲ့လေသည်။ "လူကြီးမင်းတို့ကို ယုံကြည်ပါတယ်ရှင်၊ ပစ္စည်းတွေနဲ့ ငွေတွေ ပြန်ရဖို့ အားကိုးပါရစေရှင်။"

 

အိမ်တွင်းသူခိုးဆိုသော်လည်း ပစ္စည်းတွေ ပြန်ရပါက သူမ အပိုင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမက လက်ရှိ စံအိမ်ရဲ့ တာဝန်ခံဖြစ်တာကြောင့် ဖြစ်၏။