အခန်း(၁၀၇) - ဘယ်သူက သရုပ်မဆောင်တတ်လို့လဲ
ဒီမဒမ်အိုကြီးက တော်တော်လေး စကားပြောရအဆင်ပြေသည်ဟု ရုံးတော်ခေါင်းဆောင်က
တွေးလိုက်လေသည်။ သူမက မိသားစုရဲ့ လှည့်စားမှုကို ခံနေရတာ သေချာပေါက် ဖြစ်မည်။
ဒါက စစ်သူကြီးစံအိမ် ဖြစ်သည်။ ဘယ်လိုလုပ် ဘုရင်ကြီး ချီးမြှင့်တဲ့
ရွှေနဲ့ ပစ္စည်းတွေက အခိုးခံရမှာလဲ။
အကယ်၍ အခိုးခံရရင် ရှောင်ယွမ်ရှစ်က ဘယ်လိုလုပ်ပြီး စစ်သူကြီးဖြစ်ဖို့
အရည်အချင်း မှီပါတော့မလဲ။
ဒါကသေချာပေါက် အတွင်း ပဋိပက္ခဖြစ်မည်။
ရှောင်ယွမ်ရှစ်နှင့် သူ့ဇနီးကိုလည်း ရွံရှာမိသည်။
ရှောင်သခင်မကြီးနှင့် တခြားလူတွေက အိမ်နဲ့ မြေကို ရောင်းချပြီး
မြို့တော်ကိုလာခဲ့ကာ လမ်းမှာလည်း ဓားပြတိုက်ခံခဲ့ရကြောင်း သူကြားသိခဲ့ရသည်။
မြို့တော်က သားဖြစ်သူကို တွေ့ဖို့အတွက် မြို့တော်ကိုရောက်အောင်
တောင်းရမ်းကာ လာခဲ့ရသည်။
သူတို့က ရှောင်သခင်မကြီးကို တကယ်လိမ်လည်ခဲ့တာဖြစ်သည်။
သို့ပေမယ့် သူ ဘာမှတော့ မပြောခဲ့ပေ။
အထက်က စုံစမ်းစေချင်တာကြောင့် သူစုံစမ်းခဲ့တာဖြစ်သည်။
သူက ဘဏ္ဍာထိန်းတွေနှင့် သိုလှောင်ခန်းအစောင့်တွေကို ခေါ်ခိုင်းခဲ့သည်။
ကောချွန်းရုရဲ့ မျက်နှာက ဖြူဖတ်သွားခဲ့သည်။ ဒီလူတွေ အရမ်း
မြန်မြန်ဆန်ဆန် လုပ်ဆောင်လိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။
ကံဆိုးချင်တော့ စစ်သူကြီးက ကိစ္စတချို့ကို ဖြေရှင်းရန်အတွက်
မြို့ပြင်ကို ထွက်သွားခဲ့သည်။
သူမက လူလွှတ်ကာ သွားရှာခိုင်းခဲ့ပေမယ့် နောက်ကျသွားဟန်တူသည်။
ထို့ကြောင့် သူမက အားတင်းပြုံးကာ ရှေ့သို့ တိုးသွားကာ သွားနှုတ်ဆက်ခဲ့သည်။
"တစ်ခုခု နားလည်မှု လွဲနေတာမလား။"
ထိုမြေခွေးမရဲ့ ပြုံးနေသည့် မျက်နှာကို မြင်တော့ ရှောင်သခင်မကြီးက
ပိုမကျေမနပ်ဖြစ်လာခဲ့သည်။
သူမက မျက်နှာကို တံတွေးဖြင့် သွားထွေးပစ်လိုက်ချင်ပေမယ့်
အမျိုးသမီးဝူက သူမကို တားခဲ့သည်။
အမျိုးသမီးဝူက တိုးတိုးလေး ပြောခဲ့သည်။ "အမေ ငိုလိုက်။"
အပြင်လူတွေရှေ့မှာဆိုရင် မိခင်ကောင်း၊ ယောက္ခမကောင်း အဖြစ်
ဟန်ဆောင်ရမည်ဖြစ်ကြောင်း ရှစ်ချင်းလျို့က သင်ပေးခဲ့သည်။
သူတို့နှစ်ယောက်အပေါ် အပေါက်ဆိုးပြလို့ မရပေ။
သူမက အစကတော့ သိပ်မတွေးခဲ့ပေမယ့် မြို့တော်ကိုရောက်ပြီး ကောက်ကျစ်သည့်
ကောချွန်းရုကို တွေ့ပြီးသည့်နောက်တော့ ထိုသို့လုပ်ဖို့ အကျိုးအကြောင်းသင့်ကြောင်း သူမ
ခံစားလိုက်ရသည်။
သူမရဲ့ သတိပေးမှုကြောင့် ယောက္ခမကောင်းအဖြစ် ဟန်ဆောင်ရမည့်
အကြောင်း ရှောင်သခင်မကြီးက ပြန်အမှတ်ရသွားခဲ့သည်။
မကြာခင်က ဒီတိရိစ္ဆာန်မကို ပညာပြနေရတာနဲ့ နေသားကျနေတော့ အပြင်လူတွေရှေ့မှာ
ဟန်ဆောင်ပြဖို့ မေ့လုနီးပါး ဖြစ်သွားခဲ့ရသည်။
ဒီမြေခွေးမက သူ့ကို အပြင်လူရှေ့မှာ သိက္ခာကျအောင် ရည်ရွယ်ချက်ရှိရှိ
လုပ်နေတာပဲ။
ထို့ကြောင့် သူမက မျက်လုံးကို မျက်ရည်သုတ်သလို လုပ်ပြီး ချင်း(ဂျင်း)ရည်ထည့်လိုက်ကာ
ချက်ချင်းမျက်ရည်ကျအောင်လုပ်ခဲ့သည်။
သူမက ကောချွန်းရုကိုကြည့်ကာ မေးခဲ့သည်။ "ဘာအဓိပ္ပာယ်လဲ၊
နင့်ယောက္ခမ ငါက သိုလှောင်ခန်းထဲက ပစ္စည်းတွေကို ရည်ရွယ်ချက်ရှိရှိ ရွှေ့ပစ်တယ်လို့
ထင်နေတာလား၊ အရင်တုန်းကတော့ ငါ့ကို စံအိမ်ကိုစီမံဖို့ တာဝန်ယူပေးပါဆိုပြီး နင်ပဲ အတင်းပြောခဲ့တာလေ၊ နင်တို့နှစ်ယောက်က ငါတို့နဲ့ ဆွေမျိုးမဖြတ်တောက်ရသေးလို့
ငါက စံအိမ်ကို ကူညီ ကြပ်မတ်ပေးရမယ်လို့ နင်ပဲ ပြောခဲ့တာလေ၊ နင့်အစေခံတွေက ငွေကို ရေလိုဖြုန်းနေတာ
ငါသိတယ်၊ ငါ့သား စစ်သူကြီးဖြစ်လာဖို့ဆိုတာ မလွယ်ကူခဲ့ဘူး၊ ဒါကြောင့် ငါအင်တင်တင်နဲ့
သဘောတူခဲ့ရတာ၊ ဒါပေမဲ့ ငါ စံအိမ်ရဲ့ တာဝန်ခံ ဖြစ်လာမှ သိုလှောင်ခန်းထဲက ငွေတွေက တစ်ခုခု
မူမမှန်တာ သိလိုက်ရပြီး အဖိုးတန်ပစ္စည်းတွေလည်း တစ်ခုမှ မရှိဘူးလေ၊ အဲတာတွေ အခိုးခံလိုက်ရမှာကို
ငါစိုးရိမ်နေတာပေါ့၊ ဒီလိုစစ်သူကြီးစံအိမ်ကြီးမှာ ကျွေးမွေးဖို့ လူတွေ ဒီလောက်များတာ၊
ဒီလိုသာ ဆက်သွားနေရင် အနာဂတ်မှာ ငါတို့ ဘယ်လိုဆက်လုပ်ကြမှာလဲ၊ ဒါကိုတောင် နင်က ရောက်ရောက်ချင်း
နားလည်မှုလွဲတာပါလို့ ပြောနေသေးတယ်၊ သူများကိစ္စကို ဝင်ရှုပ်တဲ့လူဆိုပြီး နင့်ယောက္ခမကို
နင်က အပြစ်တင်နေတာလား။"
သူမ ချွေးမက သူမကို ဝမ်းနည်းအောင်လုပ်သည့်ဟန်ပါ လုပ်ပြခဲ့လေသည်။
"အီးဟီး ဒါဆိုလည်း ငါဝင်မပါတော့ပါဘူးအေ၊ ပစ္စည်းတွေ အခိုးခံရတယ်ဆိုရင်လည်း ထားလိုက်ပါတော့။"
ထိုအခြင်းအရာကိုမြင်သည့် ကောချွန်းရုက ဆွံ့အသွားခဲ့သည်။
ဒီအဖွားကြီး ဘာဖြစ်တာလဲ။ တကယ်ကြီး သူ့ရှေ့မှာ ဒီလိုလုပ်ပြနေတာလား။
ဒါ့အပြင် အကုန်လုံးက လုံးဝ အဓိပ္ပာယ်မရှိပေ။ သူတို့က ဘယ်တုန်းက
သူ့ကို စံအိမ်ရဲ့ တာဝန်ခံလုပ်ဖို့ အရင်တောင်းဆိုခဲ့လို့လဲ။
ရှောင်သခင်မကြီးက တကယ် အရှက်မရှိတာပဲ။
သူ ဘယ်တုန်းက အဲလောက် ဉာဏ်ကောင်းလာတာလဲ။
ရွာမှာတုန်းကပဲ တုံးအချင်ယောင်ဆောင်နေတာများလား။
ရှောင်သခင်မကြီးက ငိုယိုပြီး မဟုတ်တာတွေ ပြောနေမှတော့ သူများတွေ
သူမကို ဘယ်လိုမြင်ကုန်ကြမလဲ။
ရုံးတော်ခေါင်းဆောင်နှင့် တခြားလူတွေက သူမကို ရွံရှာသလိုကြည့်နေတာကို
ကောချွန်းရု သတိထားမိလိုက်သည်။
သူမက ချက်ချင်း ရှောင်ယွမ်ရှစ်ကို ဆွဲထည့်ခဲ့သည်။ "ကျွန်မက
အမေ့ကို ဒီလိုသဘောပြောတာမဟုတ်ပါဘူး၊ စစ်သူကြီးကလည်း ဒီမှာ မရှိလို့လေ၊ သိုလှောင်ခန်းနဲ့
ပတ်သက်ပြီး နားလည်မှုလွဲနေတာဖြစ်ပြီး ဒီက လူကြီးမင်းကို အချိန်ဖြုန်းမိတာဖြစ်မှာစိုးလို့
ပြောတာပါ။"
ရှောင်သခင်မကြီးက ဘယ်လိုပြန်ဖြေရမလဲ မသိဖြစ်သွားကာ အမျိုးသမီးဝူကို
တစ်ချက်ကြည့်လိုက်သည်။
အမျိုးသမီးဝူက မျက်လုံးလည်ခဲ့သည်။ "ဒုတိယယောက်မ ဒီကိစ္စမှာ
နင်မှားတာ၊ ငါတို့အမေက စစ်သူကြီးစံအိမ်အတွက် လုပ်နေတာ၊ ဘုရင်ကြီး ချီးမြှင့်ခဲ့တဲ့
ရွှေချောင်းတွေနဲ့ အဖိုးတန်ပစ္စည်းတွေ သိုလှောင်ခန်းထဲမှာ မရှိဘူးလို့ ရုံးတော်ခေါင်းဆောင်
ပြောခဲ့တာ မကြားဘူးလား၊ ဘုရင်ကြီး ချီးမြှင့်ထားတဲ့ ပစ္စည်းတွေကို ပျောက်စေလို့ရမလား၊
အမေက မြို့တော် စီရင်စုတရားသူကြီးကို ဖိတ်ပြီး စစ်ဆေးခိုင်းတာ နင်ကောင်းဖို့အတွက်ပါ၊
မဟုတ်ရင် ငါတို့ရဲ့ ဒုတိယအစ်ကို စစ်သူကြီးက သူ့အလုပ်တွေကို ပျက်ကွက်ရလိမ့်မယ်၊ အမေက
သူများကိစ္စမှာ ဝင်ရှုပ်လို့ နင်က အမေ့ကို အပြစ်တင်နေတာလား၊ အရင်တုန်းကတော့ နင်ပဲ စံအိမ်ကို
တာဝန်ယူစောင့်ကြပ်ခိုင်းခဲ့တာလေ၊ အခုမှ ဘာအဓိပ္ပာယ်လဲ၊ တကယ်လို့ စံအိမ်ရဲ့ တာဝန်ခံ
အာဏာကို နင်မပေးချင်ဘူးဆိုလည်း ပွင့်ပွင့်လင်းလင်းပြောပါ၊ ငါတို့အမေက အကျိုးအကြောင်း
မဆီလျော်တဲ့ ယောက္ခမမျိုး မဟုတ်ပါဘူး။"
ရှောင်သခင်မကြီးက မျက်ရည်သုတ်ကာ ပြောခဲ့သည်။ "ဟုတ်တယ်
နင်ငါ့ကို စံအိမ်ရဲ့ တာဝန်ခံ မဖြစ်စေချင်ဘူးဆိုလည်း ပြောပေါ့ ငါပြန်လွှဲပေးမှာပါ။"
သူမက ရှစ်ချင်းလျို့ရဲ့စာထဲကအတိုင်း ကြေကွဲဝမ်းနည်းပုံဖမ်းကာ
ရှောင်သခင်ကြီးကို ကြည့်ကာ ပြောခဲ့လေသည်။ "ချွေးမက ကျွန်မတို့ စစ်သူကြီးစံအိမ်မှာ
နေတာ မကြိုက်မှတော့ ကျွန်မတို့ ရွာပြန်ရအောင်လားနော်။"
သူတို့သာ ဆက်လက် နေထိုင်ချင်ပါက ခပ်မြင့်မြင့်ကနေ တိုက်ခိုက်ဖို့
လိုအပ်ကြောင်း ရှစ်ချင်းလျို့က ပြောခဲ့သည်။
သူတို့က စစ်သူကြီးစံအိမ်မှာ အလွန်မတရား နေချင်သည့်လူတွေ မဟုတ်ကြောင်း
တခြားလူတွေ ထင်သွားအောင် လုပ်ရမည်ဖြစ်သည်။
နောက်ကျရင် တိရိစ္ဆာန်နှစ်ကောင်က သူတို့ ဆက်နေအောင် ဆွဲထားရမှာ
ဖြစ်သည်။
ရှောင်သခင်ကြီးကလည်း သားနှင့်ချွေးမ၏ အပြုအမူကြောင့် ဝမ်းနည်းသွားခဲ့သည်။
သူတို့က ဘက်လိုက်ခဲ့သော်လည်း သူတို့ရဲ့ ဒုတိယသားကို ကလေးဘဝကတည်းက
ငတ်မွတ်အောင် မထားခဲ့ဖူးပေ။
သူတို့မျက်နှာတွေက အနည်းငယ် စိတ်ပျက်ကာ ဝမ်းနည်းသည့် အမူအရာတွေ
ထင်ဟပ်နေခဲ့သည်။ "ကောင်းပြီ။ သူတို့ မကြိုဆိုမှတော့ ငါတို့ရွာပြန်ကြတာပေါ့ကွာ။"
ဒါက သူတို့နှစ်ယောက် စစ်သူကြီးစံအိမ်မှာ မနေချင်တော့သည့်
ပုံစံပေါက်နေသည်။
အမျိုးသမီးဝမ်က စိုးရိမ်စွာ ပြောခဲ့သည်။ "အဖေနဲ့ အမေ
ကျွန်မတို့က အိမ်နဲ့ မြေကို ရောင်းခဲ့ပြီလေ၊ ပိုက်ဆံတွေနဲ့ အဝတ်အစားတွေက အစ လမ်းမှာ
လုယူခံလိုက်ရပြီ၊ ဘယ်လိုပြန်ကြမှာလဲ။"
ရှောင်သခင်မကြီးက ပြောခဲ့သည်။ "တောင်းရမ်းပြီး ပြန်ကြတာပေါ့၊
ဘာပဲဖြစ်ဖြစ် လာတုန်းကလည်း တောင်းရမ်းပြီး လာခဲ့ရတာပဲ၊ ရွာပြန်ရောက်တဲ့အခါကျရင်တော့
ငါတို့ မျိုးနွယ်စုခေါင်းဆောင်ဆီက ပိုက်ဆံချေးပြီး အိမ်ငှားနေကြတာပေါ့၊ နင်တို့က သူတို့ဆီမှာ
အလုပ်သွားလုပ်ကြ၊ ငါတို့ဘာသာ ရှင်သန်နေထိုင်လို့ ရပါတယ်ဟယ်။"
ရှောင်သခင်ကြီးကလည်း စိတ်ဆုံးဖြတ်ခဲ့လေသည်။ "ဟုတ်တယ်၊
ပြန်ရအောင်၊ သူတို့က ငါတို့ကို သဘောမကျမှတော့ ဆက်နေစရာ မလိုဘူး။"
သူတို့ တစ်ယောက်ပြီး တစ်ယောက် ပြောနေတာကို နားထောင်ပြီး တစ်ခုခု
သဘောပေါက်သွားခဲ့သည်။
ကောချွန်းရုက ဒေါသထွက်လွန်းလို့ မေ့လဲလုမတတ် ဖြစ်နေခဲ့သည်။
အရင်တုန်းက သူမက ထိုကဲ့သို့ လှည့်ကွက်တွေ သုံးသည့်နေရာမှာ
တော်ခဲ့သည်။
တစ်နေ့ကျရင်တော့ ရှောင်မိသားစုဟောင်းက လူတွေက ထိုအကွက်ကို
ပြန်သုံးကာ သူမနှင့် သူမ၏ ခင်ပွန်းသည်ကို ပြန်ပြီး စိတ်ဆင်းရဲအောင် လုပ်လိမ့်မည်ဟု
မထင်မိခဲ့ပေ။
သူတို့ကို မကြိုဆိုဘူးဆိုတာ ဘာလဲ။ စစ်သူကြီးစံအိမ်ကို ဂရုမစိုက်ဘူးဆိုတာကော
ဘာလဲ။
ရှောင်သခင်မကြီးက စစ်သူကြီးက သားသမီးတာဝန် မကျေပွန်ပါဘူးဆိုတာကိုကော
စစ်ဆေးခံစေချင်နေတာလား။
ကောချွန်းရုက မြို့တော်စီရင်စုတရားသူကြီးနှင့် သူ့လူတွေကို
ဘယ်သူခေါ်လာလဲဆိုတာ စူးစမ်းမိသည်။
သူတို့က တော်တော်ရွံဖို့ကောင်းတာပဲ။ သူတို့အပေါ် အနိုင်ကျင့်တာ
များနေပြီ။
သူမက မျက်ရည်တွေ ဝဲသွားခဲ့သည်။ "အဲလိုမဟုတ်ပါဘူး၊ အဖေနဲ့
အမေကို ဘာလို့ သဘောမကျရမှာလဲ၊ အဖေနဲ့ အမေကို စစ်သူကြီးစံအိမ်မှာ နေစေချင်ခဲ့တာ၊ ဒါမှ
ကျွန်မက အလုပ်အကျွေးပြုလို့ရမှာလေ။"
ရှောင်သခင်မကြီးက မျက်ရည်သုတ်ကာ ပိုပြီးအကျယ်ကြီး ငိုခဲ့သည်။
"နင် မမှားပါဘူး၊ ငါတို့ကသာ ပြန်ချင်တာပါ။"
သူမက ရုံးတော်ရဲ့ ခေါင်းဆောင်ကိုပါ ပြောခဲ့လေသည်။ "ကျွန်မတို့က
ပြန်ချင်တာပါ၊ ကျွန်မ ချွေးမနဲ့ ဘာမှ မဆိုင်ပါဘူးရှင်။"
ဟမ့် ဘယ်သူက သရုပ်မဆောင်တတ်လို့လဲ။
ရှောင်သခင်မကြီးက အရင်လို ဘာဖြစ်လို့ လက်ညှိုးထိုးပြီး မဆဲတာလဲဟု
ကောချွန်းရုက တွေးလိုက်လေသည်။
ဒီအချိန်မှာ သူမ တကယ် လူကြားမှာ ပါးရိုက်ခံရဖို့ မျှော်လင့်မိသည်။
ဒါပေမဲ့ ဒီအဖွားကြီးက ဘယ်လို သရုပ်ဆောင်ရမလဲဆိုတာကို သိနေတယ်။
သူမ ရူးတော့မည်။
သူမက ရုံးတော်က ခေါင်းဆောင်ကို ရှင်းပြမည့်အချိန်မှာပဲ တစ်ဖက်လူက
အရင်ပြောခဲ့သည်။
"နားလည်မှု လွဲတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒီအကြောင်းကို
တင်ပြလိုက်ပြီဆိုမှတော့ ကျွန်တော်တို့ အထက်လူကြီးက အသိအမှတ်ပြုလိုက်ပြီမလို့ စုံစမ်းရမှာပါပဲ။"
သူက အဓိပ္ပာယ်ပါပါ ပြောခဲ့သည်။ "ပြီးတော့ ဘုရင်ကြီး
ချီးမြှင့်တဲ့ ပစ္စည်းတွေပါ ပါတာမလို့၊ ဒီကိစ္စကို လက်လွတ်စပယ်လုပ်လို့ မရပါဘူး၊ စစ်သူကြီးရဲ့
ဇနီးလည်း ကိုယ့်ယောက္ခမတွေအပေါ် ပိုပြီး အလုပ်အကျွေးပြုသင့်ပါတယ်။"
ရှောင်သခင်ကြီးနှင့် သခင်မကြီးကိုကြည့်ရတာ ရိုးသားသည့် ရွာသူရွာသားတွေဖြစ်ပုံရပြီး
သူတို့ချွေးမရဲ့ အပြုအမူကိုတောင် ကာကွယ်ပေးခဲ့သည်။
စစ်သူကြီးရဲ့ မိန်းမက တကယ့်ကို မကောင်းတဲ့ မိန်းမပဲ။
ထို့နောက် သူက ကောချွန်းရု ပြောစကားကို နားမထောင်တော့ဘဲ ဘဏ္ဍာထိန်းနှင့်
သိုလှောင်ခန်း စောင့်ကြပ်သူတွေကို သူလူတွေနှင့် ခေါ်ဆောင်ခိုင်းကာ ဦးဆောင်ထွက်သွားခဲ့သည်။