အပိုင်း ၁၀၈
Viewers 14k

အခန်း(၁၀၈) - လက်ဖျားခါလောက်တဲ့ အကြံအဉာဏ်

 

ထိုအခင်းဖြစ်ပွားသည့်နေရာမှာ လူတွေ အများကြီး ရှိနေပြီး ရှောင်ယွမ်ရှစ်နှင့် ပနံမတည့်သည့် လူတွေပါ ပါသည်။

 

ထို့ကြောင့် ရှောင်သခင်မကြီးနှင့် တခြားလူတွေ ပြောနေသည့် စကားတွေက သူများတွေဆီ ပြန့်သွားခဲ့သည်။

 

မြို့တော်က မျိုးရိုးမြင့်တွေက ငတုံးတွေ မဟုတ်ပေ။

 

သူတို့က သိုလှောင်ခန်းထဲက မကောင်းသည့်ကိစ္စကို ချက်ချင်း သိလိုက်ပြီး စစ်သူကြီးရဲ့ ဇနီးနှင့် ပတ်သက်လိမ့်မည်ဟု တွေးလိုက်ကြသည်။

 

ဒီအမျိုးသမီးက တော်တော် ဝတ္တရားမကျေပွန်တာပဲ။

 

အိမ်တွင်းရေးကို ကောင်းကောင်း နားလည်သည့်လူတွေက ဤကဲ့သို့ တွေးခဲ့လေသည်။

 

တကယ်လို့ ကောချွန်းရုကသာ သိုလှောင်ခန်းထဲက ပစ္စည်းတွေကို နေရာရွှေ့ပစ်တဲ့လူဆိုရင် ဘာဖြစ်လို့ အဲလိုလုပ်ရတာလဲ။

 

သူမက ရှောင်မိသားစုကို အထင်သေးပြီး မောင်းထုတ်ချင်တဲ့အပြင် တခြား တစ်ခုခုလုပ်ဖို့ ကြံနေတာလား။

 

ထို့ကြောင့် လူတိုင်းက စစ်သူကြီးစံအိမ်က အုတ်အော်သောင်းနင်းဖြစ်မှုကို စောင့်ကြည့်နေခဲ့ကြသည်။

 

လူတချို့က ထိုသတင်းကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ပစ်ခဲ့ရာ သာမာန်လူတွေတောင် သိကုန်သည်။

 

ဒါက မျိုးရိုးမြင့်ကြားမှာဖြစ်သည့် ကြည့်လို့ကောင်းသည့် ပွဲကြီးပွဲကောင်းဖြစ်သည်။

 

တစ်ဖက်တွင်ဖြစ်သည်။

 

ကောချွန်းရုက မြို့တော် စီရင်စုတရားသူကြီးနှင့် လိုက်လာသည့်လူတွေကို မတားနိုင်ခဲ့ပေ။

 

သူတို့ထွက်သွားသည်နှင့် သူမက ဟန်မဆောင်တော့ပေ။

 

သူမက မည်းမှောင်သည့်မျက်နှာထားနှင့် ရှောင်သခင်မကြီးနှင့် တခြားလူတွေကို ကြည့်ခဲ့သည်။ "စစ်သူကြီးနဲ့ စစ်သူကြီးစံအိမ်ကို အန္တရာယ်ဖြစ်အောင် လုပ်လိုက်ရတော့ ကျေနပ်သွားပြီလား။"

 

အခု အပြင်လူတွေ မရှိတော့တာကြောင့် ရှောင်သခင်မကြီးလည်း ဟန်မဆောင်တော့ပေ။

 

"ထွီး အရှက်မရှိတဲ့ တိရိစ္ဆာန်မ နင်က ငါ့သားကို သားသမီးဝတ္တရား မကျေပွန်အောင်နဲ့ ယုတ်မာတဲ့အလုပ် လုပ်ဖို့ သွေးထိုးခဲ့တာလေ။"

 

သူမက နည်းလမ်းကျစွာ ခနဲ့ခဲ့သည်။ "နင်က သိုလှောင်ခန်းထဲက ပစ္စည်းကို ခိုးတဲ့လူ မဟုတ်ရင် ကောင်းမယ်၊ မဟုတ်လို့ကတော့ အိမ်တွင်းသူခိုးရှိရင် ငါနင့်ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။"

 

သို့ပေမယ့် သူမရင်ထဲမှာတော့ ဒီတိရိစ္ဆာန်နှစ်ကောင် လုပ်ခဲ့တာဟု သေချာနေသည်။

 

သူမရဲ့ ယုတ်ညံ့သည့် သားဖြစ်သူက ဒီမြေခွေးမရဲ့ ဆွဲဆောင်မှုကြောင့် ထိုသို့လုပ်ခဲ့တာ ဖြစ်မည်။

 

ကောချွန်းရုက ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ "ရှင်.. ရှင်။"

 

ကောချွန်းရုသည် သူမကိုယ်သူမ ပညာရှိ အမျိုးသမီးဟု ယူဆထားတာကြောင့် ဆဲမထွက်ခဲ့ပေ။

 

တိရိစ္ဆာန်မ ဒေါသထွက်နေတာကိုတွေ့တော့ ရှောင်သခင်မကြီးက နေလို့ထိုင်လို့ ပိုကောင်းသွားခဲ့သည်။

 

"နင်က နင့်ယောက္ခမကို လက်ညှိုးထိုးပြီး အော်ရဲတဲ့အထိ ရိုင်းလိုက်တာ။"

 

သူမက အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူကို ညွှန်ကြားခဲ့လေသည်။ "ချွေးမအဖြစ် ဘယ်လိုနေရမလဲဆိုတာ အဲကောင်မကို ပညာသွားပြလိုက်ဦး။"

 

အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူက သူမကို ရိုက်ချင်နေတာ ကြာပြီဖြစ်သည်။

 

အခု ရှောင်သခင်မကြီးက သူတို့ကို အမိန့်ပေးလိုက်တော့ ဘုရင်ကြီးရဲ့ အမိန့်သဖွယ် ထမ်းရွက်ခဲ့လေသည်။

 

အမျိုးသမီးဝူက ရှေ့တိုးကာ ကောချွန်းရုကို ဆွဲခေါ်ခဲ့သည်။

 

အမျိုးသမီးဝမ်က လက်ကိုလွှဲရမ်းကာ ပါးကို ဘယ်ပြန်ညာပြန်ချခဲ့သည်။

 

အမျိုးသမီးဝမ်က ရိုက်ပြီးသွားတော့ ပြောခဲ့သည်။ "ယောက်မ နင်ကများ အမေ့ကို ပြန်ပြောရဲတယ်ပေါ့၊ ငါတို့က ရွာမှာဆိုရင် ရိုက်နှက်ပြီး ဆုံးမတာလေ၊ ငါတို့ကို အပြစ်မတင်နဲ့။"

 

ဒီလူတွေက အရှက်မရှိရုံတင်မကဘူး၊ သူမကိုပါ ထပ်ရိုက်ရဲလိမ့်မည်ဟု ကောချွန်းရု မထင်မိခဲ့ပေ။

 

သူမ ပြန်ပြောမည့်အချိန်မှာပဲ သူမရဲ့ မောင်လေးက အပြေးရောက်လာခဲ့သည်။ "ခင်ဗျားတို့ လွန်မလာနဲ့။"

 

သူမ မောင်လေးက အမျိုးသမီးဝမ်ကို မြေပေါ်တွန်းလှဲပြီး အမျိုးသမီးဝူကို ကန်ထုတ်ပစ်ခဲ့သည်။

 

သူက ယောက်ဖဖြစ်သူ ရှောင်ယွမ်ရှစ်ဆီက တိုက်ခိုက်နည်းကို သင်ယူခဲ့သည်။

 

သူ့ရဲ့ အတိုက်အခိုက်စွမ်းရည်က အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူ ယှဥ်လို့မရသည့် အခြေအနေ ဖြစ်သည်။

 

"အစ်မ အဆင်ပြေရဲ့လား။"

 

ကောချွန်းရုက ကာကွယ်ပေးတတ်သည့် မောင်လေးကို နှစ်သိမ့်ပေးခဲ့သည်။ "အဆင်ပြေတယ်၊ ငါ့ကို စိတ်မပူနဲ့၊ အရင်ပြန်တော့။"

 

ရှောင်မိသားစုဟောင်းကလူတွေက သူမရဲ့ မောင်နှမတွေအပေါ် အရမ်း ရန်လိုနေတာကို မကြာခင်က သိခဲ့တာကြောင့် သူတို့ကို ထိုလူတွေရှေ့ ထွက်မလာဖို့ သူမ မှာကြားခဲ့သည်။

 

ကန်ထုတ်ခံလိုက်ရသည့် အမျိုးသမီးဝူက အစကတော့ ကြက်သေ သေသွားပြီမှ နောက်တော့ ကျောအောင့်သွားခဲ့လေသည်။

 

သူမက ချက်ချင်း အော်ဟစ်ခဲ့သည်။ "အမလေး စစ်သူကြီးစံအိမ်မှာ အလကားနေ အလကားစားတဲ့ ကျေးဇူးကန်းတဲ့ကောင်က ရှောင်မိသားစုက လူတွေကို အနိုင်ကျင့်နေပါတယ်။"

 

"အမေ သွားရအောင်၊ ဒီစစ်သူကြီးစံအိမ်က ကျွန်မတို့ရဲ့ ဒုတိယယောက်မနဲ့ သူ့မိသားစုပဲ ပိုင်တာလေ။" သူမ ရင်ထဲမှာ အမုန်းတရားတွေ ပြည့်နှက်နေတာကြောင့် စတင်ပြဿနာရှာခဲ့သည်။

 

ထင်သည့်အတိုင်း ရှောင်သခင်မကြီးက ထိုစကားကြားတော့ ဒေါသ အလိပ်လိုက် ထွက်လာခဲ့လေသည်။

 

သူမက သူမရဲ့ သားတွေနဲ့ မြေးတွေကို ခေါ်လိုက်သည်။ "ဒီမျိုးမစစ်ကောင်ကို သင်ခန်းစာ သွားပေးလိုက်ကြစမ်း။"

 

သူတို့က စစ်သူကြီးစံအိမ်က ကြွယ်ဝမှုတွေကို သုံးဖြုန်းနေသည့် ကောချွန်းယီကို လုပ်ချင်နေတာ ကြာပြီဖြစ်တာကြောင့် အတူတကွ အလောတကြီး ချီတက်ခဲ့လေသည်။

 

သို့ပေမယ့်လည်း သူတို့တွေက အနိုင်မယူနိုင်ခဲ့ပေ။

 

အကုန်လုံး အရိုက်ခံရကာ မြေပေါ် လဲကျကုန်ခဲ့လေသည်။

 

ထိုအချင်းအရာကိုမြင်သည့် အမျိုးသမီးဝူက မျက်လုံးလည်ပြခဲ့လေသည်။

 

သူမက ခါးကို ထောက်ထားကာ တစ်ဖက်ကို လှည့်ခဲ့သည်။

 

ထို့နောက် ရှောင်သခင်မကြီးကို တီးတိုးပြောခဲ့သည်။

 

ထိုအချင်းအရာကိုမြင်သည့် ကောချွန်းရုက မကောင်းသည့် အငွေ့အသက်တွေ ခံစားမိခဲ့လေသည်။

 

ထင်သည့်အတိုင်း ရှောင်သခင်မကြီးက မြေပေါ်လဲကျနေသည့် သားနှင့်မြေးတွေကို အော်လိုက်လေသည်။ "ငါ့နောက်လိုက်ခဲ့ကြ။"

 

ထို့နောက် ခြေလှမ်းကျဲများဖြင့် ရှောင်သခင်ကြီးကိုပါဆွဲပြီး တံခါးမကြီးနား ထွက်သွားခဲ့သည်။

 

အမျိုးသမီးဝူနှင့် အမျိုးသမီးဝမ်ကလည်း အလောတကြီး အနောက်က လိုက်သွားခဲ့သည်။

 

မြေပေါ်လဲကျနေသည့် လူတွေက အစက ကြက်သေသေနေသော်လည်း ချက်ချင်းထကာ လိုက်သွားခဲ့ကြသည်။

 

ရှစ်ချင်းလျို့ စာထဲမှာ သူတို့ကို တစ်ခုခု သင်ပေးလိုက်တာဖြစ်မည်ဟု သူတို့က တူညီစွာတွေးလိုက်ကြလေသည်။

 

အကယ်၍ သူတို့သာ စစ်သူကြီးစံအိမ်မှာ အနိုင်ကျင့်ခံရပါက တံခါးမကြီးရှေ့ ပြေးထွက်ကာ အော်ငိုပြီး သူတို့ကို အပြစ်ဖို့ရမည်ဟု သင်ပေးခဲ့သည်။

 

ကောချွန်းယီ တိုက်ခိုက်ခဲ့တာကြောင့် သူတို့ရဲ့ မျက်နှာတွေက ထိခိုက်ဒဏ်ရာတွေ ရထားကြသည်။

 

ဒါက အကောင်းဆုံး သက်သေဖြစ်သည်။

 

ထိုမျိုးမစစ်ကောင်က စစ်သူကြီးစံအိမ်မှာ အလကား နေထိုင်စားသောက်နေသည့် ကောင်ဖြစ်သည်။

 

ဒါကိုတောင် ကိုယ့်ထက် အသက်ကြီးတဲ့လူတွေကို ထိပါးရဲသေးတယ်။ သည်းမခံနိုင်ဘူး။

 

မြို့တော်မှာ ကြားရသည့် ထိုမျိုးမစစ်ရဲ့ ဂုဏ်သတင်းက မဆိုးပေ။

 

သူ့ကို သူတို့ရဲ့ ဆန်ကုန်မြေလေး ဒုတိယသားက ပျိုးထောင်ခဲ့ပြီး သူ သွားသည့် နေရာတိုင်းကို ခေါ်သွားခဲ့သည်။

 

သူက တော်ဝင်စာမေးပွဲရဲ့ ပထမအဆင့်ကို ယူဖို့အထိ ပြင်ဆင်ထားခဲ့သည်။

 

သူတို့ကတော့ အချိန်ကာလကြာရှည်စွာ မပျော်မရွှင်ဖြစ်နေရတာကို သူက တော်ဝင်စာမေးပွဲရဲ့ ပထမဆုံးနေရာကို ယူဖို့ လုပ်နေတယ်ပေါ့လေ။

 

ဒီကျေးဇူးကန်းတဲ့ မျိုးမစစ်ကောင်က ဘာကိစ္စ အဲလိုလုပ်ခွင့်ရှိမှာလဲ။

 

ကောချွန်းရုက အသိစိတ် ပြန်မကပ်သေးပေ။ သူတို့ ဘာလုပ်ဖို့ ကြံနေတာလဲ။

 

သူမက တွေးတောလိုက်ရင်း တစ်ခုခုကို ချက်ချင်း ခန့်မှန်းမိသွားခဲ့သည်။

 

သူမရဲ့ အမူအရာက ပြောင်းလဲသွားပြီး လူလွှတ်ကာ ချက်ချင်း တားခိုင်းလိုက်သည်။

 

သို့ပေမယ့်လည်း နောက်ကျသွားပြီဖြစ်သည်။

 

ဒီတစ်ခါတော့ ထိုပြဿနာကောင်တွေက သတိထားခဲ့ကြသည်။

 

သူတို့ကိုတားဖို့လာသည့် အစေခံတွေကို တွန်းထုတ်ပစ်ခဲ့သည်။

 

အပြင်ကို အားကုန်ပြေးထွက်ပြီးသည်နှင့် ရှောင်သခင်မကြီးက အသားကုန် အော်ဟစ်ခဲ့လေသည်။

 

"ဒီမှာ လူကို ရိုက်နေပါတယ်၊ သတ်နေပါတယ်၊ ကယ်ကြပါဦးရှင်။"

 

အမျိုးသမီးဝမ်နှင့် အမျိုးသမီးဝူကလည်း အော်ဟစ်ခဲ့လေသည်။ "ဒီမှာ လူသတ်နေပါတယ်၊ ကယ်ကြပါဦးရှင်။"

 

ဒီလိုလုပ်ဖို့ ရှစ်ချင်းလျို့က သူတို့ကို သင်ပေးခဲ့တာဖြစ်သည်။

 

အကယ်၍ သူတို့အနိုင်ကျင့်ခံရပါက အပြင်ထွက်ကာ အကူအညီတောင်းရမည်ဖြစ်သည်။

 

သူတို့ရဲ့အော်သံကို ကြားသည့် လူတိုင်း တုံ့ပြန်လိမ့်မည်ဖြစ်သည်။

 

ထင်သည့်အတိုင်း အော်သံကိုကြားသည့် လူတွေက အိမ်ပြင်ကို ထွက်လာကြလေသည်။

 

ဖြတ်သွားဖြတ်လာတွေပင် စုပြီး ရပ်ကြည့်ရင်း လူအုပ်ကြီးဖြစ်လာခဲ့သည်။

 

ရှောင်မိသားစုရဲ့ မျက်နှာချင်းဆိုင်မှာ နေထိုင်သည့် မိသားစုက အဆင့်နိမ့်သည့် အရာရှိအိမ် ဖြစ်သည်။

 

သို့ပေမယ့် ထိုအိမ်က အရာရှိက သူ့မိဘနှင့် တခြားလူတွေက ဟိုးကတည်းက မြို့တော်ကို ခေါ်နေခဲ့သည်။

 

ထိုအိမ်က သခင်မကြီးကလည်း ရွာသူဖြစ်သဖြင့် မကြာမီကပင် ရှောင်သခင်မကြီးနှင့် ရင်းနှီးခဲ့သည်။

 

သူမက ချက်ချင်းထွက်လာပြီး စိုးရိမ်စွာ မေးခဲ့သည်။ "ညီမ ဘာဖြစ်တာလဲ။"

 

သူမက ရှောင်သခင်မကြီးထက် အသက် အနည်းငယ် ပိုကြီးသည်။

 

ရှောင်သခင်မကြီးက သူမကို တွေ့တော့ အားကိုးရာ ဆွေမျိုး ရသွားသလို ခံစားရကာ အင်္ကျီလက်ထဲက ချင်း(ဂျင်း)ရည်ကို မျက်လုံးထဲထည့်ကာ မျက်ရည်ကျအောင် လုပ်ခဲ့သည်။

 

သူမက မျက်ရည်တွေကျကာ ပြောခဲ့သည်။ "အစ်မကြီးရယ် ကျွန်မ မနေချင်တော့ဘူး၊ ကျွန်မက မကြာခင်ကမှ စံအိမ်ရဲ့ တာဝန်ခံ ဖြစ်ခဲ့တာ၊ ကျွန်မတို့အိမ် အဖောက်ခံရလို့ ရုံးတော်ကို တိုင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက သူတို့ကို အန္တရာယ်ပေးချင်တာပါဆိုပြီး ချွေးမက ကျွန်မကို အပြစ်တင်တယ်၊ ကျွန်က သူတို့ကောင်းဖို့အတွက် လုပ်ပေးတာဖြစ်ကြောင်း သူ့ကိုပြန်ပြောပြတာပေါ့၊ ဒါပေမဲ့ သူ့မောင်လေးက ပြေးထွက်လာပြီး ကျွန်မကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆဲဆိုခဲ့တယ် ၊ ကျွန်မလို အဖွားကြီးက သူ့အစ်မကို ပြောစရာမလိုဘူးလို့ပြောပါတယ်၊ သူက ကျွန်မလို သက်ကြီးရွယ်အိုကို မလေးမစားလုပ်နေတာကိုမြင်တော့ ကျွန်မသားနဲ့ မြေးတွေက သူ့ကို သွားတားခဲ့ပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ အတိုက်အခိုက်စွမ်းရည်က အံ့မခန်းပဲ၊ သူက ကျွန်မသားနဲ့ မြေးတွေကို ရိုက်နှက်ခဲ့ပြီး ကျွန်မတို့ကို သတ်ပစ်မယ်လို့ပြောပါတယ်၊ ကျွန်မ ဘယ်လိုမကောင်းမှုများ ကျူးလွန်ခဲ့မိလို့လဲ၊ အိမ်နဲ့ မြေကိုရောင်းပြီး သားကို လာတွေ့မှပဲ အသတ်ခံရလုနီးပါး ဖြစ်နေပါပြီရှင်၊ ကျွန်မတော့ ဆွဲကြိုးချပြီး သေလိုက်တာပဲ ကောင်းပါတယ်။"

 

သူတို့ထွက်လာပြီး အော်ငိုကာ ဉာဏ်ဆင်ကာ ပြောရမည်ဖြစ်ကြောင်း ရှစ်ချင်းလျို့က သင်ပေးခဲ့တာ ဖြစ်သည်။

 

ဘာပဲဖြစ်ဖြစ် သူတို့က မှန်ပြီး တိရိစ္ဆာနှစ်ကောင်ရဲ့ အမှားသာ ဖြစ်သည်။

 

အရာရှိဖြစ်ချင်တဲ့လူ သို့မဟုတ် မြို့တော်မှာ ကောင်းမွန်သည့် အနာဂတ်ရှိသည့် လူအတွက် ဂုဏ်သတင်းက အရေးကြီးသည်။

 

အကယ်၍ စစ်သူကြီးစံအိမ်က တစ်ယောက်ယောက်ကို မနှစ်သက်ပါက သူတို့အပေါ် အပြစ်ပုံချကာ ဂုဏ်သိက္ခာပျက်စီးအောင် လုပ်လို့ရသည်။

 

သူမမြေးတွေရဲ့ ရပိုင်ခွင့်ကို အပိုင်စားထားသည့် မျိုးမစစ်လေးကို ရှောင်သခင်မကြီးက တောက်ပသည့် အနာဂတ် မရှိစေချင်ပေ။

 

စောနကပဲ သူ့ကို ဆန့်ကျင့်ဖို့အတွက် သူမကို သူက အခွင့်အရေးပေးခဲ့တာဖြစ်သည်။

 

အကယ်၍ အသုံးမပြုလိုက်ရင် အလကားဖြစ်သွားမှာမလား။

 

ပွဲကြည့်လူတွေရဲ့ မျက်နှာထက်က အံ့သြထိတ်လန့်သည့် အမူအရာကိုမြင်တော့ ရှောင်သခင်မကြီးက ရယ်ချင်သွားလေသည်။

 

ရှောင်ဟန်ကျန့်ရဲ့ မိန်းမက သဘောမကျချင်စရာဆိုပေမယ့် သူ့အကြံတွေကတော့ လက်ဖျားခါလောက်တယ်။

 

ဒီတိရိစ္ဆာန်မရဲ့ မောင်လေးက တော်ဝင်စာမေးပွဲရဲ့ ပထမနေရာကိုများ လိုချင်နေသေးတယ်။

 

ထွီး… နင့်လို မျိုးမစစ်ကောင်နဲ့ အဲ့နေရာက တူလို့လား တန်လို့လား။