Chapter 71
Viewers 4k

🚩Chapter -71

 Arc_4 . အွန်လိုင်းဂိမ်းနတ်ဘုရားက ငါ့ကိုအလိုလိုက်နေတယ် [ 9 ]


_____


စုဝမ် ဤကမ္ဘာထဲသို့ဝင်လာသည့်အချိန်မှသည် ဤကမ္ဘာရဲ့ မူလဇာတ်ကြောင်းများနှင့် ရင်းနှီးနေပြီးသားဖြစ်သည်။ ယခုတွင် စုရွေ့ကသူ့ဇာတ်ကောင်အား ဖော်ထုတ်လိုက်ခြင်းကို ကြားလိုက်သည့်အခါ စုဝမ်က နှလုံးသားထဲတွင် စစ်ထူယဲ့၏ ဘဝဇာတ်ကြောင်းတစ်ခုလုံးကို ချက်ချင်းပြန်တွေးလိုက်သည်။ သူမ၏လက်ရှိအဆင့်နှင့် စစ်ထူယဲ့၏လက်ရှိအဆင့်ကိုယှဥ်ကြည့်ရင်း စုဝမ်က ဤကမ္ဘာမှာ မနာလိုမုန်းတီးမှုများနှင့် ပြည့်နှက်နေသည်ဟု ခံစားလိုက်ရ၏။


ဟွာရှားပြည်နယ်ရဲ့ နံပါတ်တစ်ကို ဘယ်လိုလုပ်နှိမ်နင်းနိုင်မလဲ...


“စုဝမ်”


စုဝမ်က ဆိုဖာပေါ်တွင်ထိုင်နေရင်း အတွေးများနေတာကိုတွေ့သောကြောင့် စုရွေ့က အေးအေးလူလူနှင့် စုဝမ်ဘေးသို့တိုးလိုက်ပြီး သူမဖုန်းကိုလှုပ်ပြကာ မသိချင်ယောင်‌ဆောင်၍မေးလိုက်သည်။ 


“ဒီအရှင်ဧကရာဇ်ဆိုတာ ဘယ်ဥကပေါက်လာတာလဲ”


“ကျွန်မတို့ စတူဒီယိုရဲ့ဘော့စ်”


စုဝမ်က စိတ်မပါစွာပြန်ဖြေလာသည်။ အွန်လိုင်းဂိမ်းလောကတွင် သူမ၏ စတင်မှတ်က အတော်လေးနိမ့်ခဲ့သည်။ ယခု စုရွေ့နှင့် ယှဥ်ကြည့်သောအခါ စုဝမ်နှလုံးသားထဲတွင် ဘာကြောင့်ရယ်မသိ ၊ ရှုပ်ထွေးနေမိသည်။ ၎င်းက မရှင်းမလင်းနှင့် ထုတ်မပြောနိုင်သည့်ခံစားချက်ဖြစ်ရာ သူမတစ်ကိုယ်လုံးက ပို၍ မှုန်မှုန်မှိုင်းမှိုင်းဖြစ်နေတော့သည်။ 


“ဘော့စ်လား”


စုရွေ့က မျက်ခုံးပင့်၍ မေးလာသည်။


 “သူက မင်းနဲ့ အရမ်းရင်းနှီးလား”


စုဝမ် မီးဖိုခန်းတွင်ရှိနေသည့် ခုဏကလေးတွင် သူမဖုန်းက ဆက်တိုက်မြည်နေခဲ့သည်။ စုရွေ့ကြည့်လိုက်ရာ အရှင်ဧကရာဇ်ဆိုသည့်လူမှ စာများပို့နေခြင်းဖြစ်သည်။ သူက ဂိမ်းအကြောင်းများကို မေးထားပြီး နောက်ဆုံးတွင် စိုးရိမ်စွာဖြင့် အစားကိုအချိန်မှန်စားရန်နှင့် ကျန်းမာရေးကိုဂရုစိုက်ရန်ပြောထားသေးသည်။ 


စုရွေ့က ထိုစာများကို မြင်ပြီးနောက် သာသာယာယာမရှိတော့ပေ။ 


ရလဒ်အနေနှင့် သူကတုံ့ဆိုင်းခြင်းမရှိ ဧကရာဇ်အရှင်အား ဘလော့လိုက်တော့သည်။ စုရွေ့၏ မေးခွန်းကိုကြားသောအခါ စုဝမ်က စိတ်နှင့်ကိုယ်နှင့်ကပ်မနေသဖြင့် ခေါင်းခါပြလိုက်သည်။ 


“သိပ်မရင်းနှီးဘူး... ဒီတိုင်း ယာယီပူးပေါင်းမှုတစ်ခုပဲ သူတို့နဲ့ဆိုရင် အဆင့်တင်ရတာပိုမြန်တယ်”


“နောက်ကျ ကိုယ်မင်းကို အဆင့်တင်ဖို့ခေါ်သွားပေးမယ်”


စုဝမ်ကအဆင့်တင်ခြင်းအကြောင်းပြောလာသောအခါ စုရွေ့မျက်လုံးများလက်သွားသည်။ ထို့နောက် မျှော်လင့်ချက်အပြည့်ရှိနေသည့်မျက်နှာဖြင့် စုဝမ်ဘက်သို့လှည့်လိုက်သည်။


“ပြီးတော့ ဒေသဖြတ်လမ်းကြောင်းက လဝက်ကြာရင်ပွင့်လာတော့မှာ...အဲ့အချိန်ကျရင် ကြားနေမြေပုံတွေနဲ့ ကြားနေစစ်မြေပြင်တွေလည်းပွင့်လာလိမ့်မယ် ကိုယ့်ရဲ့လက်ရှိအဆင့်နဲ့ဆိုရင် ဖြတ်လို့ရလောက်တယ် ကြားနေမြေပုံပွင့်လာမှာကိုစောင့်ပြီး အဲ့ဒီ့ကို အဆင့်တင်ဖို့ခေါ်သွားပေးမယ်”


မှော်ပညာရှင်ဆိုသည့်ဇာတ်ကောင်က ထိခိုက်လွယ်သော်လည်း ထိုဇာတ်ကောင်က လင်ရှန်းတွင် အဆင့်တင်ရန် အမြန်ဆုံးဇာတ်ကောင်ဟု ဆို၍ရနိုင်သည်။ ထို့အပြင်က ထိုဇာတ်ကောင်က မကောင်းဆိုးဝါးကို တိုက်ခိုက်ရာတွင်လည်း အသာစီးအရဆုံးဇာတ်ကောင်ဖြစ်သည်။ 


“ရှင်ကအရမ်းကိုနှိမ့်ချနေတာပဲ ပြည်နယ်တစ်ခုလုံးမှာ နံပါတ်တစ်ဖြစ်နေပြီး ဘာဖြစ်တယ် ဖြတ်လို့ရနိုင်လောက်တယ် ဟုတ်လား ဒါဆိုရင်ကျွန်မက ဘာလုပ်ရတော့မှာလဲ”


စုဝမ်က ရယ်မောလိုက်ရင်း စုရွေ့ကိုကြည့်လိုက်သည်။


 “ရှင့်မှာအခုလို နှိမ့်ချတတ်ပြီး စဥ်းစားတွေးခေါ်တတ်တဲ့ ပုံစံရှိမှန်း ကျွန်မဘာလို့အရင်က မသိခဲ့တာပါလိမ့်”


“ကိုယ့်မှာ ကောင်းတဲ့အချက်တွေအများကြီးရှိတယ်.... သူတို့တွေကို ဖြည်းဖြည်းချင်းတူးဆွသွားဖို့ မင်းတစ်ဘဝလုံးအချိန်ရပါတယ်”


စုရွေ့က ရယ်မောရင်း မျက်တောင်တစ်ချက်မခတ်ဘဲ စုဝမ်အနားသို့ တိုးသွားလိုက်သည်။


“ကောင်းပြီ ကျွန်မလိုင်းတက်တော့မယ် ရှင်ပင်ပန်းနေရင် ဧည့်သည်ခန်းထဲမှာ အိပ်လို့ရတယ် တခြားကိစ္စတွေရှိသေးရင်တော့ မနက်ဖြန်မှ ဆွေးနွေးကြတာပေါ့”


အာ......


စုဝမ်က သူမအခန်းထဲသို့ ပြန်သွားပြီး ဂိမ်းဆက်သွယ်ရေးစက်နှင့် ဆက်သွယ်နေတာကို ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။ စစ်သူကြီးစု နည်းနည်းလေးမှ ပျော်မနေတော့ပေ။


“ဟယ်လို ဦးလေးလီ”


လသာ‌ဆောင်ကို မျက်နှာမူ၍ စုရွေ့ကချက်ချင်း မိသားစုအိမ်တော်ထိန်းဆီသို့ ဖုန်းခေါ်လိုက်သည်။


“ကျွန်တော့် ဂိမ်းဆက်သွယ်ရေးစက် ဘယ်တော့ရောက်မယ်တဲ့လဲ ဘာဖြစ်တယ် မနက်ဖြန်မနက်မှတဲ့လား ထားလိုက်ပါတော့ အဲ့လိုဆိုတော့လည်း အဲ့လိုပေါ့” 


ဖုန်းချပြီးနောက် စုရွေ့က ပြတင်းပေါက်အပြင်ဘက်ရှိ လူသွားလူလာပြတ်နေသော လမ်းကိုကြည့်ရင်း မျက်လုံးတို့ ကျဉ်းမြောင်းသွား၏။


စုဝမ်က ဂိမ်းထဲသို့ပြန်ရောက်လာသည်။ လူများက နယ်မြေဝင်ပေါက်တွင် ရှိနေကြဆဲဖြစ်သည်။ သူမ၏ အထီးကျန်နေသည့် ပုံရိပ်လေးတစ်ခုတည်းကသာ နယ်မြေထဲတွင် ရှိနေသည်။ 


စုဝမ်ကဘေးဘက်ရှိနံရံကိုမှီရင်း ထိုင်ချလိုက်၏။ ယခုတွင် သူမဇာတ်ကောင်၏ စကားပြောခန်းထဲတွင် စာများပြည့်နေသည်။ စုဝမ်ဖွင့်ကြည့်လိုက်ရာ ကိုးဆယ်ရာခိုင်နှုန်းက သူငယ်ချင်းဖြစ်ရန် တောင်းဆိုချက်များ ဖြစ်သည်။ 


စုဝမ်က အပေါ်ယံကြည့်၍ အားလုံးကို ငြင်းပယ်လိုက်သည်။


ထို့နောက် သူမက သူငယ်ချင်းစာရင်းတွင် စာများစွာရောက်နေတာကို တွေ့လိုက်သည်။


နံနက်လေပြေညင်း : အစ်ကိုထျန်းက မင်းရဲ့သတ်ဖြတ်မိန့်ကိုရုတ်သိမ်းလိုက်ပြီ.... နောက်တစ်ကြိမ် တွေ့တဲ့အခါကျ ငါတို့ သူငယ်ချင်းတွေဖြစ်နေတုန်းပဲမလား


ဝူပေါင်ပေ့ : အိုင်ဒေါ အိုင်ဒေါရဲ့ ဗီဒီယိုကိုတွေ့လိုက်တယ် တပည့်လက်ခံလားဟင် ကျွန်မကို တပည့်အဖြစ် လက်ခံပေးပါလား 


အရှင်ဧကရာဇ် : ဘာလို့ ငါ့ကိုဘလော့လိုက်တာလဲ


မူလပိုင်ရှင် ရှစ်ထျန်းမှထွက်လာသောအခါ သူမက ရှစ်ထျန်းမှ သူငယ်ချင်းအာလုံးကို ဖျက်ပစ်ခဲ့သည်။ နံနက်လေပြေညင်းကသာ တစ်ဦးတည်းကျန်ခဲ့သူဖြစ်သည်။


သူက တိတ်ဆိတ်ပြီး ဉာဏ်နီဉာဏ်နက်များသည့်သူဖြစ်သော်လည်း စိတ်ရှုပ်စရာမကောင်းပေ။


ယဲ့ထျန်းထံမှ အကြိမ်ပေါင်းများစွာအသတ်ခံရပြီးနောက် ရှစ်ထျန်းအုပ်စုမှ ကျောထောက်နောက်ခံ လက်ရွေးစင်အားလုံးတို့ကလည်း စုဝမ်ကိုသတ်ဖြတ်ရာတွင် ပါဝင်လာကြသည်။ နံနက်လေပြေညင်းတစ်ယောက်တည်းကသာ မလှုပ်မယှက်နေနေခဲ့၏၊ သို့သော် သူက ထိုကဲ့သို့နေနေရုံမျှသာ ဖြစ်သည်။ 


သူက မလှုပ်ရှားသလို သူမကိုလည်းစကားတစ်ခွန်းမှမပြောခဲ့ပေ။


၎င်းက နံနက်လေပြေညင်း၏ ဘဝနေထိုင်မှုပုံစံဖြစ်သည်။


စုဝမ်ကထိုအကြောင်းကိုတွေးလိုက်ပြီး သူ့ကို သူငယ်ချင်းစာရင်းမှ ထုတ်ပယ်လိုက်သည်။ ထို့နောက် သူမက ဝူပေါင်ပေ့အား ပြုံးရယ်နေသည့် အီမိုဂျီ‌လေးဖြင့်သာ စာပြန်လိုက်၏။ 


နောက်ဆုံး အရှင်ဧကရာဇ်အလှည့်တွင်တော့ စုဝမ်က အနည်းငယ်တွန့်ဆုတ်နေပြီးမှ “အဲ့ဒါ ကျွန်မလုပ်တာမဟုတ်ဘူး” ဟူ၍ စာပြန်လိုက်ကာ မဖြေရှင်းဘဲထားလိုက်သည်။ 


သန်းခေါင်ယံသို့မရောက်သေးသည့်အတွက် နယ်မြေက အသစ်တစ်ဖန် ပြန်မဖြစ်သေးပေ။ စုဝမ်က သူငယ်ချင်းများထံမှ စာများကို ဖြေရှင်းပြီးနောက် ပျင်းရိလာရာ ကမ္ဘာ့ချန်နယ်ထဲသို့ ဝင်ကြည့်လိုက်သည်။ ယခုအထိ သူမအကြောင်းများကိုပြောနေသည့်သူများ ရှိနေကြဆဲဖြစ်သည်။ သို့သော်လည်း လူတိုင်း၏ ဆွေးနွေးနေသည့် ခေါင်းစဥ်က သူမနှင့်ဝံပုလွေဖြူ၏တိုက်ပွဲမှ သူမ၏သတ်ဖြတ်မိန့်ကို ရုတ်တရက်ဆန်စွာ ရုတ်သိမ်းလိုက်သည့်အကြောင်းဆီသို့ ကူးပြောင်းသွားသည်။ 


တုလန်က သတ်ဖြတ်မိန့်ကို ရုတ်သိမ်းသည့် ပထမဆုံးလူဖြစ်ပြီး သူ့‌နောက်တွင် တိရှစ်ထျန်းက ရုတ်သိမ်းလိုက်၏။


နောက်ဆုံး၌ သူမအဆင့်တင်နေစဥ် အနှောင့်အယှက်များကိုစိတ်ပူရန်မလိုတော့ပေ။ သို့သော်လည်း.......


စုဝမ် မပျော်မရွှင်ဖြစ်နေသေး၏။


သူမက ယခုလို အားနည်းသည့်အခြေအနေတွင်သာ အမြဲရှိနေသည်ကို မကြိုက်ချေ။ သို့သော် လင်ရှန်း၌ အဆင့်က အရာအားလုံးကိုဆုံးဖြတ်ပေးသည်။ သူမဤကမ္ဘာသို့ဝင်လာခဲ့သည့်အချိန်က လုံးဝ အဆိုးဆုံးအခြေအနေဖြစ်နေခဲ့သည်။ နယ်မြေကိုနေ့တိုင်းရှင်းလင်းနေရာမှ တိုးတက်လာသည့်အတွေ့အကြုံပြ ဘားတန်းအရ ဒေသဖြတ်လမ်းကြောင်းပွင့်လာချိန်တွင် အဆင့်၆၀အထိရောက်အောင် အဆင့်တင်နိုင်လိမ့်မည်ဟု သူမခန့်မှန်းမိသည်။ 


အဆင့်၆၀အထိသာ....။ ယခုတွင် စုရွေ့၏ မှော်ပညာရှင်ဇာတ်ကောင်က အဆင့်၇၀သို့ရောက်နေပြီဖြစ်သည်။ 


စုဝမ်က ထပ်မံ သက်ပြင်းချလိုက်၏။ ထင်ထားသည့်အတိုင်း စုရွေ့ပေါ်ပေါက်လာတာက သူမကို အလွန်စိတ်ပူစေသည်။ 


သူမ၏ရည်မှန်းချက်များဆီသို့ အမြန်ဆုံးရောက်ရန် စုရွေ့ကို အသုံးချနိုင်ကြောင်း သူမသိသည်။ မူလစုဝမ်သာဆိုပါက တွေးမနေဘဲ တာဝန်ပြီးမြောက်ရန် အရိုးရှင်းဆုံးနှင့် အမြန်ဆုံးနည်းတို့ကိုသုံး၍ လုပ်ဆောင်မည်မှာ သေချာပေါက်ပင်ဖြစ်သည်။ 


သို့သော် ယခုတွင်တော့......


စုဝမ်၏စိတ်အခြေအနေက လုံးဝရှုပ်ထွေးနေသည်။ သူမတိုက်ခန်း၏ အဝင်ဝတွင် စုရွေ့ကို တွေ့လိုက်သည့် ပထမဆုံးအချိန်မှစ၍ သူမနှလုံးသားထဲတွင် ရှုပ်ထွေးမှုကိုခံစားနေရသည်။ 


ထူးဆန်းသော်လည်း ရင်းနှီးနေသည့် ထိုခံစားချက်က စုဝမ်အား အခန်းထဲတွင် တစ်စက္ကန့်ပင် ရှိမနေချင်အောင် လုပ်‌ဆောင်နေသည်။ သူမက ဂိမ်းထဲတွင်သာ ပုန်းခိုနေပြီး စိတ်များကို ရှင်းလင်းနေမိသည်။


စိတ်ထဲတွင် “စိတ်လျှော့”ဆိုသည့်စကားကို အကြိမ်တစ်ရာလောက်ပြောပြီးသောအခါတွင်မှ စုဝမ်၏ အမူအရာက အနည်းငယ်လေး ကောင်းမွန်လာသည်။ 


သူမက လျင်မြန်စွာ လိုင်းဆင်းလိုက်ပြီး အိပ်ခန်းထဲမှ ထွက်လာလိုက်သည်။ ဧည့်ခန်းထဲမှမီးများကပိတ်နေပြီး တစ်ဖက်ဧည့်သည်အခန်း၏တံခါးက တင်းကြပ်စွာပိတ်ထားတာကို တွေ့လိုက်ရ၏။ 


စုရွေ့အနားယူနေလား ၊ အခြားတစ်ခုခုလုပ်နေလား သူမ မသိချေ။


စုဝမ်က မီးဖိုခန်းသို့သွား၍ ရေတစ်ခွက်သောက်လိုက်သည်။ ထို့နောက် အိပ်ခန်းသို့ပြန်၍ ညအိပ်ဝတ်စုံလဲ၍ အနားယူတော့သည်။


နောက်တစ်နေ့ မနက်စောစောတွင် ဆူညံသံများကြောင့် စုဝမ်နိုးလာခဲ့သည်။ သူမအိပ်ခန်းတံခါးကိုဖွင့်လိုက်ရာ အလုပ်သမားအုပ်ကြီးက လင်ရှန်းဂိမ်းဆက်သွယ်ရေးစက်အား သူမအိမ်ထဲသို့ စနစ်တကျသယ်နေတာကို တွေ့လိုက်ရ၏။


“ဒါကဘာတွေလဲ”


စုဝမ်တစ်ချက်ဝေ့ကြည့်လိုက်ရာ စုရွေ့က ဖရိုဖရဲဖြစ်နေမှုများကြားတွင် ဆိုဖာပေါ်၌ တည်ငြိမ်စွာ ထိုင်နေလေသည်။


စုရွေ့က စုဝမ်၏အသံကြားသောကြောင့် လှည့်ကြည့်လိုက်ရာ စုဝမ်က အပြာဖျော့ရောင် ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး အခန်းတံခါးဝတွင် အိပ်မှုန်စုံမွှားလေးဖြင့် ရပ်နေတာကိုတွေ့လိုက်ရသည်။


သူက ရုတ်တရက် စုဝမ်၏ ထိုပုံစံလေးက အရမ်းချစ်ဖို့ကောင်းတယ်ဟု ခံစားလိုက်သည်။


စုရွေ့ကချက်ချင်းထ၍ စုဝမ်ဆီသို့ လျှောက်လာ၏။ ထို့နောက် သူ့ကိုယ်လုံးကိုအသုံးပြု၍ စုဝမ်၏သေးသွယ်သည့် ခန္ဓာကိုယ်လေးကို ကွယ်လိုက်သည်။


ဒီလိုချစ်ဖို့ကောင်းနေတဲ့ စုဝမ်ကို ဘယ်သူ့ကိုမှ ပေးမမြင်နိုင်ဘူး...


စုဝမ် : ……..


ဒီရက်တွေမှာ ထူးဆန်းတဲ့ CEO ဝတ္ထုတွေ ဖတ်နေပြန်ပြီမလား...


စုရွေ့သူမကိုကြည့်နေသည့်အကြည့်များက ထူးဆန်းသည်ဟု စုဝမ်ခံစားမိသည်။ ၎င်းက သူမကို မသက်မသာဖြစ်စေသည်။


“မင်းရဲ့ဆက်သွယ်ရေးစက်က လဲသင့်နေပြီ... ဒီနှစ်ခုက ကိုယ်လေကြောင်းကနေမှာထားတဲ့ TXကုမ္ပဏီက အကန့်အသတ်နဲ့ထုတ်ထားတဲ့ နောက်ဆုံးထွက် ဆက်သွယ်ရေးစက်တွေ... သူတို့က စုံတွဲဗားရှင်းလေ... ကိုယ်တို့နှစ်ယောက် တစ်‌ယောက်တစ်လုံး... မင်းရဲ့စက်နံပါတ်က 520 ကိုယ့်စက်နံပါတ်က 521”


ပြောနေရင်းနှင့် စုရွေ့က သူ့ကိုယ်ကိုဘေးသို့တိုး၍ တံခါးဘောင်သို့ လက်တစ်ဖက်ထောက်ရင်း ငုံ့ကာ စုဝမ်ကို မျှော်လင့်တကြီးကြည့်လာသည်။ 


ဘယ်လိုတောင် “မြန်မြန်ချီးကျူးပေးပါတော့”ဆိုတဲ့မျက်နှာကြီးလဲ....


စုရွေ့ ရှင်တဖြည်းဖြည်းနဲ့ ဇာတ်ကောင်နဲ့ သွေဖယ်လာတယ်ဆိုတာကို သိရဲ့လား 


ထိုအချိန်တွင် စုဝမ်က စိတ်ထဲ၌ စုရွေ့၏ တိုက်ခိုက်မှုစွမ်းရည်ကို မှားယွင်းအကဲဖြတ်ကာ မျက်လုံးလိမ့်လိုက်မိသည်။ 


စင်ဂယ်တွေသေသွားတဲ့အထိ သဲသဲကဲကဲချစ်ပြနေတာကို ဘယ်လိုခေါ်လဲ...


ဂိမ်းထဲတွင် ဒေသဖြတ်လမ်းကြောင်းပွင့်လာသောအခါ အဆုံးမရှိည အုပ်စုခေါင်း‌ဆောင် ယဲ့ယွီက ပြည်နယ်၏နံပါတ်တစ်ဆိုသည့် ခေါင်းစဥ်အပြင် အခြားခေါင်းစဥ်များကိုပါ ရရှိလိုက်သည်။ ၎င်းတို့က ရူးမိုက်သူ၊ ဉာဏ်နီဉာဏ်နက်များသူ၊ မိမိုက်သူ၊ အညှာအတာကင်းမဲ့သူ၊ ကြွားဝါတတ်သူ၊ ပေါက်ကွဲတတ်သူနှင့် ဆာဗာတစ်ခုလုံးမှ ကစားသူများ၏ နတ်ဘုရားတို့အပြင်


ရူးနှမ်းနေသည့် သဲသဲကဲကဲချစ်ပြတတ်တဲ့ နတ်ဆိုးကြီး.....တို့ပင်။


___


🚩