အပိုင်း ၉၈
Viewers 23k

အဖြူရောင်ရဲတိုက်၏ ပထမဆုံးရက် လူဝင်နှုန်းမှာ သိပ်အကောင်းကြီး မဟုတ်‌ပေ။ တစ်ရက်တည်း ရုံတင်ခဲ့သည့် ယမန်ည နှင့် နှိုင်းစာပါလျှင် အတော်ကို စုတ်ပြတ်နေသည်ဟုပင် ပြောနိုင်သေးသည်။ အခုလက်ရှိ နံပါတ်ကို ထုတ်ပြောရန မဆိုထားနှင့်။ အချို့ရုံများက အဖြူရောင်ရဲတိုက်၏ အဆင့်ကို နှိမ့်ကာ ယမန်ညတွင်သာ လူထပ်ထည့်လိုက်သည်။
သို့သော်ငြား တစ်ဆင့်စကား တစ်ဆင့်နားဖြင့် အဖြူရောင်ရဲတိုက်မှာ လူစိတ်ဝင်စားမှု များပြားလာသည်။ ထောင်ပန်ရမှတ် ၅.၇ မှ ၇.၁ သို့ တစ်ဟုန်ထိုး ထိုးတက်သွားသည်။
နှစ်ကားလုံးကို ကြည့်ပြီးကြသူအချို့က အိမ်ပြန်ရောက်သည်နှင့် review အရှည်ကြီး ရေးလိုက်ကြတော့သည်။
[[[ နှစ်ကားလုံးက ဇာတ်ကြောင်းအတူတူလို့ ပြောရဖို့က တကယ်ကို ခက်တယ် မူရင်းနဲ့ ဆင်တူယိုးမှား ကူးထားတဲ့ ဇာတ်ကား နှစ်ခုကြားမှ တူတဲ့အချက်ဆိုလို့ တစ်ခုတောင် မတွေ့ရဘူး ငါကတော့လေ ယမန်ညရဲ့ ဇာတ်ညွှန်းရေးတဲ့သူကို တကယ်ကို ချီးကျူးချင်မိတယ် သူကလေ ကူးထားတာကို အစစ်လို့ ထင်ရအောင်ကို အားထုတ်ထားတာ ..
ဒါရိုက်တာ လျန်ချွန်းချောင်ရဲ့ ရိုက်ချက်တွေကလည်း တကယ်ကို လှတယ် လှတယ် လှတယ် လှတယ် ဒါကလွဲရင် နောက်ထပ် ဘာမှ ပြောစရာမရှိတော့ဘူး ဇာတ်လိုက်နှစ်ယောက်ရဲ့ သရုပ်ဆောင်တဲ့ကိစ္စကို အသာထားလိုက်ဦး ဇာတ်ကြောင်းကိုပဲ ကြည့်မယ်ဆိုရင်တောင် ဂယက်တွေ၊ ပျင်းစရာအပိုင်းတွေကို တည်းဖြတ်ပြီးတာတောင်မှ ရှုပ်ထွေးနေတုန်းပဲ ဒါရိုက်တာက ကင်မရာမှာ နံပါတ်မှားတပ်မိလို့များ ဒီလောက် ရှုပ်ထွေးကုန်တာလားလို့တောင် တွေးမိတယ်
ဒါပေမယ့် အဖြူရောင်ရဲတိုက်ရဲ့ ဒါရိုက်တာ ဖုကျန်းကတော့ ငါ့ကို တကယ်ကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့တယ် မဖုံးကွယ်စတမ်းပြောရရင် ဒီရုပ်ရှင်ကို တစ်ချို့တစ်ချို့သော အကြောင်းပြချက်တွေကြောင့် အရမ်းကြီး မျှော်လင့်မထားဘူး ချစ်တဲ့မျက်စိနဲ့ ကြည့်ရင်တောင် ကောင်းတယ်လို့ ပြောလို့ရတဲ့ရုပ်ရှင်က ခပ်ရှားရှားကို... ပြီးတော့ ဒါက ငါတွေ့ဖူးသမျှထဲမှာ မူရင်းကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပဲ ဒီထဲမှာ မြှုပ်ကွက်တွေ ၊ အရန်ဇာတ်ကြောင်းတွေဆိုတာကလည်း အများကြီး။ တစ်ချို့အပိုင်းတွေကို ဖြုတ်ချခဲ့တဲ့အတွက်လည်း ဒါရိုက်တာဖုနဲ့ လောလောင်ရှီးကို တကယ်ကို ကျေးဇူးတင်မိတယ် အဲ့လိုမဟုတ်ဘဲ မူရင်းဝတ္ထု‌ထဲကအတိုင်း ကွက်တိ လိုက်ရိုက်မယ်ဆိုရင် ယမန်ညလိုပဲ ဘာကို ကြည့်လို့ ကြည့်နေမှန်းမသိ ဖြစ်နေမှာ...
ပြီးတော့ ငါ့ကို အအံ့ဩစေဆုံးသူကတော့ ကောင်းထျန်းပဲ။ ဒီရုပ်ရှင်ကို ကြည့်နေတဲ့တစ်လျှောက်လုံး ကောင်းထျန်းက တစ်ခြားသူတွေကို ဆွဲချသွားလေမလားဆိုပြီး တွေးပူနေခဲ့တာ ဒါပေမယ့်လေ သူမက တကယ်ကို ကောင်းကောင်းမွန်မွန်ကြီး သရုပ်‌ဆောင်ပြသွားနိုင်လိုက်တာ ဒီလောက်အချိန်တိုအတွင်း ဘယ်လိုများ တိုးတက်သွားခဲ့လဲတော့ မသိပေမယ့် ဒီအရည်အချင်းကိုသာ ဆက်ထိန်းထားနိုင်ရင် ငါသေချာပေါက်ပြောရဲတယ် ကောင်းထျန်းက အနာဂတ်မှာ နာမည်ကျော်တစ်ယောက် ဖြစ်လာနိုင်တယ်
အတိုချုပ်ပြောရရင်ကွာ ပိုက်ဆံပေါပြီး သုံးစရာနေရာ မရှိရင်တောင် ယမန်ညကို သွားမကြည့်နဲ့ အဲ့ဒီ့အစား တောင်တန်းဒေသက ကလေးတွေကိုပဲ လှူဒါန်းလိုက် ရုံထဲက နှစ်နာရီက လုံးဝကို ငုတ်တုပ်မေ့နေတာပဲ ဒါပေမယ့် အဖြူရောင်ရဲတိုက်ကတော့ လုံးဝကို မဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင် ငါ့အမြင်ကိုပြောရမယ်ဆိုရင် ညီအစ်ကိုတို့ရေ အနည်းဆုံး နှစ်ခေါက်လောက်တော့ သွားကြည့်ကြပါ ပထမတစ်ခေါက်က မင်းတို့ သတိမထားမိလိုက်တဲ့ အသေးစိတ်အချက်လေးတွေရယ် ဒါရိုက်တာရဲ့ မြှုပ်ကွက်တွေရယ်ကို ရှာတွေ့အောင်လို့ ... ]]]
ထိုမှတ်ချက်အရှည်ကြီးမှာ ပရိသတ်အများစု၏ ထောက်ခံမှုကိုပါ သိမ်းပိုက်သွားသည်။ ထိုရုပ်ရှင်ကို ကြည့်ပြီးနောက်တွင် ကောင်းထျန်းအပေါ် လူထု၏အမြင်မှာ တစ်ဆစ်ချိုး ပြောင်းလဲသွားတော့သည်။ ယခင်က ဟဲမင်ကို သားရဲကောင်ဟု ခေါ်ခဲ့သူများမှာတော့ မျက်နှာဖြတ်ရိုက်ခံလိုက်ရသလိုပင်။ နေ့တိုင်း သူ့ဝေ့ပေါ်အောက်ကိုသွားကာ အန်ကယ့်ကို ဖက်ချင်တယ် အန်ကယ့်ကို သဘောကျတယ်ဟု သွားအော်နေကြသည်။ ထို့ပြင် ဇာတ်လိုက်မ ချန်းမန်မှာလည်း ပရိသတ်အတော်များများကို ပိုင်ဆိုင်လိုက်ရသည်။ သူမမှာ နောက်ခံဖြင့် တက်လာသူဟု ထင်ခဲ့ကြသော်ငြား ရုပ်ရှင်ကြည့်ပြီး‌နောက်တွင်တော့ ချန်းမန်သည် အပြည့်စုံဆုံး ဇာတ်လိုက်မင်းသမီးဟုပင် ဆိုလာကြသည်။
ဖြောင့်မတ်သလို နတ်ဆိုးလည်းဆန်သော ကျိုးဝမ်လင်မှာလည်း နောက်ဆုံးတွင်တော့ ပရိသတ်၏ မျက်စိကျခြင်းကို ခံလိုက်ရတော့သည်။ သူ့နာမည်ကို တစ်ခါမှ မကြားဖူးသူများကပင်လျှင် ကျိုးဝမ်လင်၏ သရုပ်ဆောင်မှုအောက်တွင် ပြားပြားဝပ် ကြွေဆင်းသွားကြတော့သည်။
သို့သော်ငြား ထိုကိစ္စမျိုးက လူတိုင်း၏ အမြင်တော့ မဟုတ်ပေ။ ဒါရိုက်တာလျန်ချွန်းချောင်က သူ့ရုပ်ရှင်ကို အပုတ်ချရန် ငှားထားသည့် ဖုကျန်း၏ ရေတပ်များ လက်ချက်ဟုသာ ခိုင်ခိုင်မာမာ ယုံကြည်ကာ တစ်ဖက်လူကို ပြန်ပြီး လက်တုန့်ပြန်ရန်အတွက် ရှိရှိသမျှ ပုံအောကာ ရေတပ်ငှားရန် ပြင်ဆင်လိုက်သည်။
သူ့ပိုက်ဆံကပဲ မလုံလောက်လေသလား ဖုကျန်းငှားသည့် ရေတပ်ကိုပဲ မ‌တွေ့မိလေသလားတော့ မသိ။ လျန်ချွန်းချောင်က သူ့ရေတပ်မှာ တစ်ဖက်သူ၏ မှတ်ချက်များကဲ့သို့ ခံစားချက်အစစ်အမှန်ကို မမြင်ရဟုသာ တွေးမိသည်။
နောင်တစ်ချိန် ဖုကျန်းနှင့် တွေ့ဆုံပါက ဘယ်နေရာကနေ ဒီလိုရေတပ်မျိုး တွေ့လာသလဲဟု မေးရန် တေးမှတ်ထားလိုက်သည်။
အွန်လိုင်းပေါ်မှ review များကသာ ရှုပ်ထွေးနေသည်မဟုတ်။ ဖရဲသီးစားသူများမှာလည်း ဘယ်ရုပ်ရှင်က ပိုကောင်းမှန်း မဝေခွဲနိုင်တော့သည့်အတွက် ကြည့်ဖူးသူများကို မေးမြန်းရန်သာ ရှိတော့သည်။ ယမန်ညမှာ တကယ်ကြည့်လို့ ကောင်းရဲ့လားဟု မေးသူအများစုမှာ ဇာတ်လိုက်နှစ်ဦး၏ ပရိသတ်များ ဖြစ်ကြသည်။
ယမန်ည၏ အရည်အသွေးမှာ ဘယ်လောက်ဆိုးဝါးကြောင်း ထုတ်ပြောရန်ပင် မလိုအပ်တော့။ ဇာတ်လိုက်နှစ်ဦး၏ ပရိသတ်များသည်ပင် သူတို့၏ အိုင်ဒေါမှာ ဒီရုပ်ရှင်တွင်ပါဝင်ကြောင်း ထုတ်ပြောရန် ရှက်ရွံ့မိကြသည်။ လျှိုမုန့်နှင့် လင်းရှီယောင်တို့မှာလည်း ပိုစတာနှင့် တစ်ခြားစီပင်။ လျှို့မုန့်မှာ နာမည်ကြီး မဟုတ်သေးသော်ငြား သရုပ်ဆောင်စံမ်းရည်ကတော့ ညံ့သူမဟုတ်ပေ။
( ဒါရိုက်တာဖုကျန်းက ကောင်းထျန်းကို ဒီတိုင်းကြည့်နေရင်တောင် နတ်မိမယ်လေလား အထင်မှားအောင် ရိုက်ပေးနေတဲ့အချိန်မှာ နင်ကတော့ သရုပ်ဆောင်တွေကို ရုပ်ဆိုးပြီး မသတီစရာကောင်းအောင်ကို လုပ်ပစ်တယ် )
-( ရှုခင်းတွေကတော့ လှပါတယ် ဒါပေမယ့် ရှုခင်းလှတာ ကြည့်ချင်မှတော့ ကျန်းကျားကျိ့ရဲ့ မှတ်တမ်းရုပ်ရှင်ကိုပဲ ကြည့်မှာပေါ့ )
ထိုသို့ဖြင့် ပရိသတ်တို့၏ မှတ်ချက်များမှာ တစ်လေသံတည်း ဖြစ်လာကြသည်။
( လျန်‌ချွန်းချောင်ကို သေသွားပြီလားလည်း မေးပေးကြပါဦး )
ထို့နောက်တွင်တော့ ယမန်ည၏ ရုံဝင်ကြေးမှာ သန်းနှစ်ရာမှ သန်း၇၀ အထိ ပြုတ်ကျလာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အဖြူရောင်ရဲတိုက်၏ ရုံဝင်ကြေးမှာလည်း များများစားစား မဟုတ်သေးသော်ငြား တစ်ရိပ်ရိပ် ထိုးတက်လာခဲ့သည်။ အင်တာနက်ပေါ်တွင်လည်း စိတ်ဝင်စားသူအရေအတွက်က တစ်‌ဖြေးဖြေး များလာသည်မှာ လျန်ချွန်းချောင်ငှားခဲ့သည့် ရေတပ်ကပင် မယှဉ်ပြိုင်နိုင်တော့ပေ။
ဖုကျန်းမှာ‌တော့ ထိုအခြေအနေနှင့်ပတ်သက်၍ ဘာမှ ထင်မြင်ချက်မရှိပေ။ သူနှင့် ကျန်းဟန်ရှုတို့ ပင်လယ်မှ ပြန်လာပြီးနောက်တွင်တော့ တစ်ချိုးတည်း ထိုးအိပ်လိုက်ကြတော့သည်။ သူနိုးလာချိန်တွင် ပြ‌တင်းပေါက်ရှေ့ထိုင်ကာ တောင်ထိပ်မှ နှင်းထုလွှာကို ငေးကြည့်နေသည့် ကျန်းဟန်ရှုကို တွေ့လိုက်ရသည်။
ဖုကျန်းက စောင်ကို မ ကာ အိပ်ယာပေါ်မှ ဆင်းပြီး သူ့ထံ လျှောက်လာလိုက်သည်။ ခြေသံကြားလိုက်သော ကျန်းဟန်ရှုက လက်တို့ကို ဆန့်တန်းကာ ကြိုလိုက်သည်။
ဖုကျန်းလည်း သူ့ဘေးနား ဝင်ထိုင်ကာ သူ့လက်မောင်းကို ခေါင်းမှီရင်း အဝေးမှ ရှုခင်းတို့ကို အတူတူ ကြည့်နေလိုက်သည်။
တိတ်ဆိတ်အေးချမ်းနေသည့် အချိန်လေးက ကြာရှည်မခံပေ။ တစ်ဖက်ခန်းမှ coco ၏ ငိုသံကို ကြားလျှင် ကျန်းဟန်ရှုတို့လည်း ခပ်သွက်သွက်ထကာ သူမကို ချော့မြူလိုက်ကြသည်။
ဖုကျန်းက အိပ်ယာပေါ်မှ ကလေးကို ကောက်ပွေ့လိုက်သည်။ အိပ်ယာကလည်း စိုမနေ။ ဗိုက်ဆာနေဟန်လည်း မတူရာ သူက သူမ၏ မျက်နှာလေးကို တို့ကာထိကာဖြင့် မေးလိုက်သည်။
"ကလေးက ဘာလို့ ငိုနေသေးတာလဲ မသိဘူးနော် ..."
"အိပ်မက်ဆိုးမက်လို့ထင်တယ် ..."
ဘေးနားရှိ ကျန်းဟန်ရှုက ပြောလိုက်သည်။
ဖုကျန်းလည်း coco ကိုချီကာ ပြတင်းပေါက်ရှေ့သို့ ပြန်လာခဲ့လိုက်သည်။ coco က မျက်လုံးပြာတို့ ပြူးတောက်နေစွာဖြင့် ပြင်ပလောကကို စူးစမ်းနေသည်။ သူမ၏ လက်ချောင်းပိစိလေးများဖြင့် ပြတင်းပေါက် မှန်ကိုထိကာ မသဲမကွဲ အော်လိုက်သည်။ တစ်ခဏအကြာတွင်‌တော့ ကောင်းကင်မှာ တစ်ဖြေးဖြေး မှောင်လာပြီး ကစားရင်း ပင်ပန်းသွားသူ coco ကလည်း ဖုကျန်း၏ လက်မောင်းကြားတွင် တစ်ဖန် အိပ်မောကျသွားပြန်သည်။ ဝင်လုဆဲနေက သူမ၏ ပါးပြင်ထံ ဖြာကျနေသည်။ ဒီတစ်ကြိမ်တော့ အိပ်မက်ကောင်းဟန်တူသည့်ထင်။ ဟောက်သံသေးသေးလေးက အခန်းထဲတွင် ပျံ့လွင့်လာသည်။
နေရောင်ခြည်က တစ်‌ဖြေးဖြေး ပျောက်ကွယ်သွားကာ အမှောင်ထုက ချည်းနင်းဝင်ရောက်လာသည်။ ကျန်းဟန်ရှုက သူ့ဘေးတွင် ထိုင်နေကာ အတော်ကြာ စဉ်းစားပြီးကာမှ စကားစလိုက်သည်။
"မစ္စတာဖုတို့နှစ်ယောက်ကို ဘယ်လိုလုပ်မယ် တွေးထားလဲ ..."
"ကျွန်တော် ..."
ဖုကျန်းက ထိုသို့ မေးလာလိမ့်မည်ဟု တွေးထားဟန်မတူ။ လက်ထဲမှ coco ကို အကြာကြီး ငုံ့ကြည့်နေပြီးကာမှ ခေါင်းကို အသာယမ်းလိုက်သည်။
"မသိဘူး ..."
ဖုကျန်းချန်နှင့် ဖုထင်တို့ကို တွေ့လည်းမတွေ့၊ ထပ်လည်း မပတ်သက်တော့ဟု ‌အခိုင်အမာ ဆုံးဖြတ်ထားသော်ငြား ထိုနေ့က ယွမ်လုဘုရားကျောင်းတွင် တွေ့ခဲ့သည့် ဖုကျန်းချန်၏ ဆံပင်ဖြူဖြူတို့ကို ပြန်တွေးမိချိန်တွင်တော့ သူ့အတွေးတို့က တစ်ဖန် ပျော့ပျောင်းသွားပြန်သည်။
ထို့ပြင် လော်ရှီး ပြောခဲ့သည်များမှာလည်း အမှန်ဟုတ်မဟုတ် မဝေခွဲ‌နိုင်သေးပေ။
ဖုကျန်းချန်နဲ့ ဖုထင်တို့ကသာ ဒီလိုတွေလုပ်ဖို့ မမြင်ရတဲ့ အားတစ်ခုက ထိန်းချုပ်တာကို ခံထားရတာဆိုရင်ရော ဘယ်လိုလုပ်သင့်လဲ။
ဘဝကြီးက တိုတိုလေး။ မျက်စိတစ်မှိတ်အတွင်းမှာတောင် အဆုံးသတ်သွားနိုင်တာဆိုတော့။
ဖုကျန်းက အိပ်မောကျနေပြီဖြစ်သော coco ကို ပွေ့ချီထားရင်း နှာရှုံ့လိုက်သည်။ ကြယ်တာရာတို့ ထိန်လင်းနေသည့် ကောင်းကင်ယံကို မော့ကြည့်ရင်း ကျန်းဟန်ရှုကို တိုးတိုးလေး မေးလိုက်သည်။
"ဒါက တကယ်ပဲလား ဒီလောကကြီးမှာ မှော်ဆန်ဆန်အရာတွေ ရှိတယ်ဆိုတာကလေ ..."
ကျန်းဟန်ရှုက သူ့ကို လှမ်းကာ ပွေ့ဖက်လိုက်သည်။
"ဘာလို့မေးတာလဲ ..."
"လော်ရှီးကလည်း ချန်းမိုအပေါ် ခံစားချက်တွေက ထန်ဝမ်ဝမ့်ဆီ ပြောင်းသွားတယ်တဲ့ "ဣတ္ထိယ" ရဲ့ ဒါရိုက်တာကလည်း ထန်ဝမ်ဝမ် ရိုက်ကွင်းမှာ ရှိနေတုန်းက သူမရဲ့ သရုပ်‌ဆောင်တာတွေကို စိတ်တိုင်းကျပေမယ့် သူမ ထွက်သွားတော့ ဘယ်အပိုင်းကမှ အဆင်မပြေဘူးတဲ့ ပြီးတော့ ပရိသတ်တွေကလည်း သူ့ကို သရုပ်‌ဆောင်ကောင်းတယ်လို့ ထင်ခဲ့ကြဖူးတယ်လေ ဒါပေမယ့် အခုကျ အမြင်မတူကြတော့ပြန်ဘူး ဘာလို့လဲ ..."
ကျန်းဟန်ရှုက သူ့လက်တို့ကို ထွေးဆုပ်ကာ ပြောလိုက်သည်။
"လောကကြီးမှာ သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ကိစ္စတွေ အများကြီးပဲလေ ဒါတွေအားလုံးကို မှော်ပညာလို့ပဲ ခြုံပြီး ခေါ်ခဲ့ကြတာပဲကို ..."
ဖုကျန်းက သက်ပြင်းကိုသာ အသာချလိုက်တော့သည်။ ဘာပြောရမှန်း မသိတော့သလို ဘယ်ဟာက အကောင်းဆုံးရွေးချယ်မှု ဖြစ်မလဲဆိုတာကိုလည်း မဆုံးဖြတ်တတ်တော့။
ကျန်းဟန်ရှုက သူ့ကို မေးလိုက်သည်။
"ဒီနှစ် နွေဦးပွဲတော်ကို ဘယ်လို ဖြတ်သန်းချင်လဲ ..."
ဖုကျန်းက သူ ဘာကိုမေးချင်လဲ သိသော်ငြား အသံသာတိတ်နေပြီး ဘာမှ ပြန်မဖြေခဲ့။
ကျန်းဟန်ရှုက ဆက်ပြောလိုက်သည်။
ပြီးခဲ့တဲ့နှစ်သစ်ကူးတုန်းကလေ မစ္စတာဖုက ကိုယ်တို့နေခဲ့တဲ့တိုက်အောက်မှာ တစ်ညလုံး ရပ်နေခဲ့တာတဲ့ ..."
ဖုကျန်းမှာ မျက်နှာပျက်သွားကာ မျက်ဝန်းတို့တွင်လည်း ငွေ့ရည်ဖွဲ့စပြုလာသည်။ သူ့မျက်‌တောင်များထံမှ စိုစွတ်မှုတို့ကို မောင်းထုတ်ရန် မျက်‌တောင်ကို တဖျတ်ဖျတ် ခတ်လိုက်သည်။
"ဘယ်လိုသိတာလဲ ..."
သူက အသံခပ်အက်အက်ဖြင့် မေးလိုက်သည်။
"ကိုယ်တို့ပြန်လာ‌တော့ ကားတစ်စီးက တစ်ညလုံး ဘယ်မှမသွားဘဲ ရပ်နေတယ်လို့ အိမ်နီးချင်းတွေ ပြောတာကို ကြားခဲ့တယ်လေ စစချင်းက ဓာတ်ပုံခိုးရိုက်တဲ့သူထင်လို့ စုံစမ်းလိုက်တာ အဲ့တော့မှ မစ္စတာဖုမှန်း သိလိုက်ရတယ် ..."
ဖုကျန်းက သက်ပြင်းအရှည်ကြီးချကာ ပြောလိုက်သည်။
"တစ်ခေါက်လောက် စဉ်းစားပါရစေဦး ..."
သူ့အသံတိတ်သွားသည်နှင့်တစ်ပြိုင်နက် ဝမ်ထုန်ထံမှ ဖုန်းဝင်လာသည်။ ဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သူပြောခဲ့သည်မှာ
"သူဌေးရေ မနေ့က ဘယ်ကိုများ သွားခဲ့ကြတာလဲ ..."
"ပင်လယ်လေ ..."
ကျန်းဟန်ရှုက ပြန်ဖြေလိုက်သည်။
ဝမ်ထုန်က အတွန့်တက်လိုက်သည်။
"ပင်လယ်ကိုသွားတာ ဘာလို့ ကျွန်တော့်ကိုပါ မခေါ်ရတာလဲ ကျွန်တော်လည်း ပင်လယ်ကို သွားချင်တယ်လေ ..."
ကျန်းဟန်ရှုက မေးလိုက်သည်။
"ချစ်သူများနေ့အတွက် သွားပါတယ်ဆိုမှ အပိုမီးသီးကို ဘာလို့ ခေါ်ရမှာလဲ ..."
(အပိုမီးသီး= third wheel)
ဖုန်းတစ်ဖက်မှ ဝမ်ထုန်မှာ‌တော့ ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့။ အတော်ကြာ တိတ်ဆိတ်နေပြီးမှ ကျန်းဟန်ရှုကို ပြောလိုက်သည်။
"တစ်ဆိတ်လောက် ..."
ဖုကျန်းမှာ မပြုံးဘဲကို မနေနိုင်တော့။ သူက ကျန်းဟန်ရှုထံမှ ဖုန်းကိုယူကာ စပီကာဖွင့်၍ ‌ပြောလိုက်သည်။
"ဇွန် ၁ ရက်နေ့ကျ coco နဲ့ ကစားရအောင် ခေါ်မယ်လေ ..."
ဝမ်ထုန်မှာ အတော်ကို စိတ်လှုပ်ရှားသွားဟန်ပင်။ ဖုကျန်းကို တရစပ် ပြောလာ‌တော့သည်။
"မရီးရေ မင်္ဂလာပါ ကျွန်တော့်သူဌေးက အရမ်းကို ညစ်ပတ်တော့ သူနဲ့ ဝေးဝေးသာနေပါ ..."
"ဇွန် ၁ ရက်နေ့ကျ မလာနဲ့တော့ ..."
ဘေးမှ ကျန်းဟန်ရှုက ဝင်ပြောလိုက်သည်။
ဝမ်ထုန်၏လေသံက ရုတ်ချည်းပင် ပြောင်းလဲသွားသည်။
"သူဌေးရေ သူဌေးကလေ လောကကြီးမှာ ချစ်စရာအကောင်းဆုံးလူပဲသိလား သူဌေးတစ်ယောက်ပဲ ကျွန်တော့်မရီးနဲ့ ထိုက်တန်တာ သူဌေးရဲ့ သဘောထားက ပင်လယ်ပြင်လို ကျယ်ပြောပြီး ခန္ဓာကိုယ်ကလည်း တောင်တန်းတွေလိုပဲ ခန့်ညားတယ် ..."
ကျန်းဟန်ရှုကတော့ သူ၏ မြှောက်လုံးများကို နားထောင်ရတာ စိတ်အနှောင့်အယှက်ဖြစ်ဟန်မတူ။
"ဘာမှမရှိရင် ဖုန်းချလိုက်တော့မယ် ..."
"ဇွန် ၁ ရက်နေ့ကျ ကျွန်တော့်ကို မမေ့နဲ့နော် ..."
ဖုန်းချပြီးနောက်တွင်တော့ ဖုကျန်း၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားတော့သည်။ ကျန်းဟန်ရှုက သူ့ပါးကိုဖျစ်ကာ ပြောလိုက်သည်။
"မင်းမှာ အချိန်ကောင်းလေးတွေရှိမယ်လို့ မျှော်လင့်တယ် ..."
ဖုကျန်းက အတွေးထဲတွင် နစ်မြုပ်နေဟန်ဖြင့် နှုတ်ခမ်းကိုသာ ကိုက်ထားလိုက်သည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်တော့ အဖြူရောင်ရဲတိုက်၏ ရုံဝင်ကြေးက ယွမ်သန်းငါးဆယ်အထိ ရှိလာခဲ့သည်။ သို့သော် ယမန်ညထက်တော့ နည်းနေဆဲပင်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ယွမ်သန်းတစ်ရာ့နှစ်ဆယ်အထိ ရှိလာပြီး တစ်ရက်တည်းဝင်ငွေကပင် တစ်ဖက်ရုပ်ရှင်ထက် အပြတ်အသတ် သာလွန်သွားသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်တော့ တစ်ရက်တည်းဖြင့်ပင် ယွမ်သန်းတစ်ရာ ရရှိခဲ့သည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင်လည်း ရုံဝင်ကြေးက တိုးနေဆဲဖြစ်သည်။ သို့သော် ယမန်ည၏ ရုံဝင်နှုန်းမှာတော့ ဆိုးဆိုးဝါးဝါးကို ပြုတ်ကျသွားတော့သည်။
xxxxxxxx