အပိုင်း ၉၉
Viewers 23k

ထိုသို့သော တိုက်ခိုက်မှုကို သည်းမခံနိုင်သည့် ဒါရိုက်တာ လျန်ချွန်းချောင်မှာတော့ ရက်အတော်ကြာသည်အထိ ဝေ့ပေါ်တွင် ပေါ်မလာပြန်တော့။
"ယမန်ည" ၏ ဂုဏ်သိက္ခာမှာတော့ စုန်းစုန်းမြုပ်သွားချေပြီ။ အထူးသဖြင့် အဖြူရောင်ရဲတိုက်နှင့် ဇာတ်လမ်းကျောရိုးတူနေရာ ဘယ်တစ်ခုက ပိုကောင်းသလဲဆိုတာကို တစ်ချက်ကြည့်ရုံမျှဖြင့်ပင် သိနိုင်ပေသည်။
ဖေဖော်ဝါရီလ ၂၄ ရက် နှစ်သစ်ကူးနေ့တွင်တော့ ဖုကျန်းသည် ယခင်နှစ်ကလိုပင် ကျန်းအိမ်တော်၌သာ နှစ်သစ်ကို ကုန်ဆုံးခဲ့သည်။ ဒီနှစ်တွင်တော့ မစ္စစ်ကျန်းက သူနှင့် မာကျောက်မကစား။ ဧည့်ခန်းထဲတွင်သာ coco ကို ချော့မြူနေသည်။ သူတို့နှစ်ဦးသား မြေရှင်ဂိမ်း ကစားကြသေးသော်ငြား ဒီနှစ်တွင်တော့ ဖုကျန်းမှာ ကံကောင်းဟန်မတူ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယွမ်နှစ်ရာ ရှုံးသွားခဲ့သည်။
ကျန်းဟန်ရှုကတော့ ဆွယ်တာခပ်ပါးပါးတစ်ထည်ဝတ်ကာ မီးဖိုထဲတွင် ဖက်ထုပ်လုပ်နေခဲ့သည်။ သူ့လက်ချောင်းများကို တစ်ခဏ လှုပ်ရှားလိုက်သည်နှင့် ဂျုံမှုန့်လုံးက ဖက်ထုပ်အဖြစ် ပြောင်းသွားသည်။ အိမ်အကူအန်တီက သူနှင့် စကားစမြည်ပြောရင်း ဂျုံဖက်ထုပ်ကို ကူလုပ်ပေးနေသည်။ သူမ မော့ကြည့်လိုက်ချိန်တွင် ကျန်းဟန်ရှု၏ ဆွယ်တာထဲမှ အလင်းရောင်တစ်ချက်လက်သွားသည်ကို တွေ့လိုက်ရ၍ အနားသို့တိုးကာ ကြည့်လိုက်သည်။ ဆွဲသီးသေးသေးလေးဖြစ်ကြောင်း တွေ့လိုက်ရချိန်တွင်တော့ စပ်စုလိုဟန်အပြည့်ဖြင့် မေးလိုက်တော့သည်။
"ဆွဲသီးလေးက လှသားပဲ ဘယ်ကဝယ်လာတာလဲ ..."
ကျန်းဟန်ရှုက ငုံ့ကြည့်လိုက်ပြီးနောက် မဖုံးနိုင်မဖိနိုင်သော အပြုံးကြီးဖြင့် ပြန်ဖြေလိုက်သည်။
"ဒါလား ရှောင်ကျန်းပေးထားတာလေ ..."
"လှသားပဲ ..."
အန်တီက ချီးကျူးလိုက်သည်။
နှစ်သစ်ကူး ညစာ စားပြီးနောက် မဒမ်ကျန်းက coco ကို မီးရှူးမီးပန်းကြည့်ရန် ခေါ်သွားသည်။ ဖုကျန်းတို့နှစ်ဦးသား ပန်းစိုက်ထားသည့် အခန်းထဲ၌ လမ်းလျှောက်နေစဉ် ဖုကျန်းချန်က ဖုန်းခေါ်လာသည်။ သူက အတော်ကြာ တုန့်ဆိုင်းနေပြီးမှ ဖုန်းကိုင်ရန် ဆုံးဖြတ်လိုက်သည်။ ဗျောက်အိုးသံ၊ သီချင်းသံများနှင့်အတူ ဖုကျန်းချန်၏ အသံက ဖုန်းထဲမှ ပြတ်ပြတ်သားသား ထွက်ပေါ်လာသည်။
"ပျော်ရွှင်ဖွယ် နှစ်သစ် ဖြစ်ပါစေ ..."
ဖုကျန်းက အသံတစ်ချက်သာ ပြုလိုက်သည်။ သူ့ကိုယ်သူ အေးစက်စက်ဖြစ်နေသည်ဟု ခံစားရ၍ နှုတ်ခမ်းတို့ကို ဖိကိုက်ကာ ပြောလိုက်သည်။
"ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ပါ ..."
ဖုကျန်းချန်မှာ စိတ်နှင့်လူနှင့်ပင် မကပ်တော့သယောင်။ ဒီနှစ်တွင်လည်း ယခင်နှစ်ကဲ့သို့ပင် သူ့ဖုန်းကို ချပစ်လိမ့်မည်ဟုသာ တွေးထားရာ သူ့ကို ဒီလိုမျိုး စကားပြန်ပြောလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးပေ။ သူ့နှုတ်ခမ်းထောင့်တို့က ဖုံးဖိ၍ မရနိုင်လောက်အောင်ကို ကော့တက်လာတော့သည်။ ပါးစပ်ဟကာ တစ်ခုခုပြောရန် ကြိုးပမ်းလိုက်သော်ငြား သူ ဘာပြောသင့်မှန်း မသိတော့ချေ။
ဖုကျန်းဘက်ကလည်း အသံတိတ်နေဆဲပင်။ သို့သော် ဖုကျန်းချန်၏ အသံကိုပါ မကြားရသောအခါတွင်တော့ သူက မေးလိုက်သည်။
"မနက်ဖြန် အချိန်ရှိရင် တွေ့ကြရအောင် ..."
ဖုကျန်း ဘာပြောသွားသလဲ နားလည်နိုင်ရန် အတော်ပင် အချိန်ယူလိုက်ရသည်။ ထို့နောက်တွင်မှ ဖုကျန်းစိတ်ပြောင်းသွားမည်ကို ကြောက်စွာ အမောတကော ပြန်ပြောလိုက်သည်။
"အားတာပေါ့ ဒီရက်ပိုင်းမှာ အချိန်က အမြဲတမ်းအားနေတာ ..."
ဖုကျန်းသည် သူ့နှလုံးသားမှာ တင်းကြပ်သွားကာ အသက်ရှူသံတို့ နှေးလာသယောင် ခံစားလိုက်ရသည်။
သူ စကားမပြောတော့သည့်အခါ ဖုန်းတစ်ဖက်မှ ဖုကျန်းချန်က မေးလာသည်။
"ဘာစားချင်တာရှိလဲ မီးဖိုဆောင်ကို ချက်ခိုင်းထားမယ်လေ ..."
ဖုကျန်းက တိုးတိုးလေး ပြောလိုက်သည်။
"ရပါတယ် ..."
မျက်ရည်တို့က တစ်စက်ပြီးတစ်စက် လိမ့်ဆင်းကျလာသည်။ အသက်ကိုပြင်းပြင်းရှူကာ သူ့ကို ပြောလိုက်သည်။
"ပြောစရာမရှိရင် ဖုန်းချလိုက်တော့မယ် ..."
ဖုကျန်းချန်က သူ့ကို ပြောလိုက်သည်။
"စောစောစီးစီးအိပ်နော် နောက်ကျတဲ့အထိ မနေနဲ့ အနားယူဖို့လည်း သတိရဦး ..."
"ကောင်းပါပြီ ..."
ဖုကျန်းက သာသာလေး ပြောလိုက်သည်။
"အဖေရောပဲ ..."
ဖုန်းချပြီးနောက် ဖုကျန်း သူ့လက်ထဲမှဖုန်းကို အတော်ကြာ စိုက်ကြည့်နေမိ၏။ ကျန်းဟန်ရှုက သူ့မျက်နှာကို မော့စေကာ မျက်ရည်သုတ်ပေးလိုက်လျှင် ဖုကျန်းက သူ့ကို ပြောလိုက်သည်။
"မနက်ဖြန်ကျ သူတို့ကို သွားတွေ့ရအောင် ..."
"မင်းသဘော ..."
ကျန်းဟန်ရှုက ပြန်ပြောလိုက်သည်။
သုံးနှစ်ကြာပြီးနောက်မှ သူ ထိုဗီလာကို တစ်ဖန်ခြေချနိုင်ခြင်းဖြစ်သည်။ အဆောက်အဦးနှင့် ပရိဘောဂတို့မှာ ယခင်အတိုင်းပင်။ သို့သော် ယခင်လူတွေကတော့ မရှိတော့။
မူလက ဖုထင်သည် ယနေ့တွင် အလုပ်ခရီးသွားရန် စီစဉ်ပြီးဖြစ်သည်။ သို့သော် ဖုကျန်း အိမ်ပြန်လာမည်ဟု ကြားလိုက်ရသည့်အခါ သူ့အစီအစဉ်အားလုံးကို ရှေ့အပတ်ထဲသို့ ရွှေ့လိုက်သည်။ မနက်အစောကြီးကတည်းက နိုးနေကာ ဖုကျန်းချန်နှင့်အတူ သူ့ကို ထိုင်စောင့်ရင်း အလုပ်များနေတော့သည်။
သူတို့က ဖုကျန်းလာမည်ကို အစောကြီးကတည်းကပင် စောင့်မျှော်နေကြသည်။ ထန်ဝမ်ဝမ် မရှိတော့သော်ငြား အမှတ်တရများမှာ အတော်ကို နက်ရှိုင်းလွန်းသည့်အတွက် အိမ်ပြန်လာရန်မှာ ဖုကျန်းအဖို့ မလွယ်ကူလှပေ။
ဖုကျန်းက ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေသည်မှာ အရိုးသားဆုံး ပြောရပါလျှင် ဧည့်သည်တစ်ဦးလိုပင်။ ဖုကျန်းချန်က သူနှင့် စကားစမြည်ပြောကာ သူကလည်း အလိုက်သင့် တုန့်ပြန်ပေးနေသော်ငြား ယခင်က ခံစားချက်မျိုးမှာတော့ အစပင် ရှာမရချေ။
"အရင်နေခဲ့တဲ့အခန်းကို သွားကြည့်ချင်လား ..."
ဖုကျန်းချန်က မေးလိုက်သည်။
ဖုကျန်းက တစ်ခဏတွေးကာ ခေါင်းငြိမ့်လိုက်သည်။ သူ့ကို အခန်းထဲ ခေါ်သွားပေးပြီးနောက် ဖုကျန်းချန်လည်း သူ့အခန်းထဲသို့သာ ပြန်လာခဲ့လိုက်သည်။ အခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် အချိန်များ နောက်ပြန်ဆုတ်သွားကာ အရာအားလုံး အစသို့ ပြန်ရောက်သွားသည့်နှယ်။
စားသောက်နေစဉ်အတွင်းတွင် ဖုကျန်းချန်က သူ့ပန်းကန်ထဲသို့ ဟင်းဆက်တိုက်ထည့်ပေးကာ တပြုံးပြုံးဖြင့် ပြောလိုက်သေးသည်။
"များများစား များများစား ..."
စားပွဲတစ်ခုလုံးမှာလည်း သူ့အကြိုက်များဖြင့်သာ ပြည့်လျှံနေသည်။ တစ်ခါမှ ဒီအိမ်ကနေ ထွက်မသွားဖူးသလိုပင်။
စားသောက်ပြီးနောက် ဖုကျန်းချန်က ကျန်းဟန်ရှုနှင့် စကားပြောနေစဉ်အတွင်း ဖုထင်က သူ့ကို နောက်ဖေးခြံဝန်းထဲသို့ ခေါ်သွားလိုက်သည်။ နေ့လည်ပိုင်းတွင် ဖုကျန်းချန်က စားဖို‌ဆောင်ကို ကြက်ဥပူတင်း လုပ်ပေးရန် ခိုင်းလိုက်သည်။ ပူတင်းကို ယူလာကာ ဖုန်းသွားပြောနေပြီးနောက်တွင်တော့ ဘယ်နေရာတွင် ထားခဲ့မိမှန်း မမှတ်မိတော့။
"ဘယ်မှာပါလိမ့် ..."
ဖုကျန်းချန်က မျက်မှောင်ကြုတ်ကာ မီးဖိုချောင်၊ လက်ဖက်ရည်ခန်းတို့အပါအဝင် နေရာတိုင်းကို လိုက်ရှာခဲ့သော်ငြား လက်ဗလာဖြင့်သာ ပြန်လာခဲ့ရသည်။
"ဘယ်နားထားခဲ့ပါလိမ့် ..."
ဖုကျန်းက သူ့ကို သတိပေးလိုက်သည်။
"ဝရန်တာမှာများလား ..."
ဖုကျန်းချန်က နဖူးကိုရိုက်ကာ ဝရန်တာဆီသို့ ပူတင်းပြန်ယူရန် ခပ်သွက်သွက် ထွက်သွားလိုက်သည်။ သူ့နောက်ကျောကို ငေးကြည့်နေရင်း ဖုကျန်းသည် ငယ်စဉ်က တူတူပုန်းတမ်း ကစားခဲ့သည်များကို အမှတ်ရကာ ငိုချင်စိတ်တို့ ကြီးစိုးလာတော့သည်။
ဖုကျန်းချန်က ပြန်ရောက်လာကာ သူ့ကို ရှင်းပြလိုက်သည်။
"ဟုတ်သားပဲ ဟုတ်သားပဲ ဒီရက်ပိုင်း အလုပ်တအားများနေတာဆိုတော့ မှတ်ဉာဏ်တွေက သိပ်မကောင်းတော့ဘူးထင်ပါတယ် ..."
ဖုကျန်းက ပူတင်းပန်းကန်ကိုသာ ငုံ့ကြည့်နေလိုက်သည်။ ထို့နောက်တွင်တော့ ဖုကျန်းချန်မှာ အမှန်တကယ်ကို အရွယ်ရလာပြီဟူသည့်အတွေးက ပြန်ဝင်လာပြန်သည်။
ဖုကျန်းချန်မှာ ဘယ်‌တော့မှ မအိုနိုင်သည့် သန်သန်မာမာ ဖခင်ဟုသာ အမြဲတမ်း တွေးထားသော်ငြား ဒီတစ်ကြိမ်တွင်တော့ သူက ခပ်သွက်သွက်ပင် အရွယ်ကျလာသည်။ ဖုကျန်းမှာ သူ့ခံစားချက်ကို အမည်မတပ်နိုင်သော်ငြား အတော်ကို စိတ်မသက်မသာ ဖြစ်နေရသည်။
အချိန်တို့က ခပ်သွက်သွက်ပင် ကုန်ဆုံးသွားသည်။ ဖုကျန်းတို့က ပြန်ရန် ပြင်နေချိန်တွင် ဖုကျန်းချန်က ပြောလာသည်။
"ခဏလောက် နေပါဦး ခဏလောက်ပဲ ..."
ဖုကျန်းက သူ့ခေါင်းပေါ်မှ ဆံပင်ဖြူတို့ကို ကြည့်ကာ ငြင်းဆန်ရန်ခွန်အား မရှိတော့။ ထို့ကြောင့် သူက လုံးလုံးအမှောင်ကျကာ မိုးချုပ်သွားသည်အထိ ထပ်နေလိုက်သည်။
"တကယ်သွားတော့မယ် ..."
သူက ပြောလိုက်သည်။
ဒီတစ်ကြိမ်တွင်တော့ ဖုကျန်းချန်တို့လည်း မတားနိုင်တော့ပေ။ သူ့ကို အပြင်ဘက်သို့ လိုက်ပို့ရင်း ပြောလိုက်သည်။
"လမ်းမှာ ဂရုစိုက်နော် ..."
သူပြန်လာသည့်အချိန်အထိ ဖုကျန်းက အဖေဟု တစ်ခွန်း မထွက်ခဲ့ပေ။
....
လနှစ်သစ်ကူးသည့် ပထမဆုံးနေ့တွင် နှစ်သစ်ရုပ်ရှင် အကြီးစားများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ အဖြူရောင်ရဲတိုက်၏ ရုံဝင်ကြေးမှာလည်း မြင့်သည်ထက် မြင့်တက်လာသည်။ ဒါရိုက်တာကျန်းလီ၏ စစ်ကားမှာ နွေဦးပွဲတော်တွင် နာမည်ကြီးရန်အတွက်မူ လေးပင်လှသော်ငြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲထားရန်‌အတွက်ကတော့ ပြဿနာမရှိပေ။ အခြားနှစ်သစ်ဟာသကားများမှာလည်း ကြယ်ပွင့်များ တစ်ပုံတစ်ခေါင်းဖြင့်။ အဖြူရောင်ရဲတိုက်၏ ဇာတ်ဝင်တေးကို ထိုနေရာတွင် ဆိုကြမည်ဟုပင် သတင်းကြားမိသေးသည်။
ရက်အတော်ကြာ ယှဉ်ပြိုင်ပြီးနောက်တွင်တော့ အဖြူရောင်ရဲတိုက်၏ ရုံဝင်ကြေးက ထိုးတက်လာပြန်သည်။ တစ်ချိန်တည်းတွင်ပင် အမျိုးမျိုးသော နတ်ဘုရားတို့က ရုပ်ရှင်၏ နိမိတ်များ၊ အဆုံးသတ်နှင့် ရောင်စုံကြက်ဥတို့ကို ဆန်းစစ်စပြုလာသည်။ ရုပ်ရှင်၏အဆုံးတွင် ဖုကျန်းက ကျန်းဟန်ရှုကို အမှန်တကယ်ကို ကြက်ဥတစ်လုံး ပေးခဲ့သည်။ အစပိုင်းတွင်တော့ ဘယ်သူကမှ သတိမပြုမိ။ ရုပ်ရှင်မှာ ချစ်သူအတွက်ဟုသာ တွေးကြပြီး နောက်ထပ် တစ်ခုခု ရှိနေလိမ့်မည်ဟု မထင်ထားကြ။ ဒါပေမယ့် တကယ်‌ခွေးစာတွေက အခုမှ အစုံလိုက်ကြီး ပေါ်လာတာကွ!!!
(colored egg-ရောင်စုံကြက်ဥ
ဘာကိုဆိုလိုချင်မှန်းမသိလို့ ဒီတိုင်းပဲ ရေးလိုက်တာပါ)
သိပ်မကြာလိုက်။ ဩဂုတ်လ ၁၈ ရက်နေ့က ဖိုရမ်ပေါ်တင်ခဲ့သော ဆောင်းပါးက အွန်လိုင်းပလက်ဖောင်းမျိုးစုံတွင် ပျံ့နှံ့သွားတော့သည်။
"ဒါရိုက်တာဖုက ဒီရုပ်ရှင်ကို သူ့ချစ်သူအတွက်လို့ ပြောတာဆို‌တော့ ဩဂုတ်လ ၁၈ ရက်‌နေ့က ရုပ်ရှင်မှာ ဆရာဖုက သူ့ချစ်သူကို ဘယ်လိုတွေ ရည်ညွှန်းလဲဆိုတာ သွားကြည့်ရအောင်..."
"ရုပ်ရှင်၏ ပထမပိုင်း ၁၅ မိနစ်တွင် မိတ်ဆက်ကတ်က ထွက်ပေါ်လာသည်။ ကတ်ပေါ်တွင် တဂိုး၏ ကဗျာကို ရေးထားကာ အောက်နားတွင် ဖုကျန်း၏ လက်မှတ်လည်း ပါရှိသည်။
"ငါနှလုံးသားက အရိုင်းဆန်တဲ့ ငှက်တစ်ကောင်လို
ကောင်းကင်ပြင်ကို ငါ့မျက်ဝန်းနဲ့ပဲ ရှာဖွေတယ် ..."
ထို့နောက် ၂၈ မိနစ်မြောက်တွင် ဝူကျဲက စာကြည့်တိုက်သို့ စုံစမ်းရန် ထွက်လာသည်။ သူရှာတွေ့သည့် စာအုပ်တစ်အုပ်မှာ နိုင်ငံခြားဘာသာစကားစာအုပ်ဖြစ်သည်။ မျက်နှာဖုံးတွင် ကလေးရုပ်များကို ဆွဲထားပြီး ကျန်စာမျက်နှာများတွင် နံပါတ်များကို ရေးထားသည်။ ထိုနံပါတ်များကို ကူးယူကာ စာအုပ်ကို ပြန်ထားပြီးနောက် ဝှက်စာဖော်ပြီးချိန်တွင်တော့ ဝါကျတစ်ကြောင်း အဖြေထွက်လာသည်။
"ဒီမြို့ကြီးက အေးစက်နေပြီလို့ ခံစားရတဲ့အချိန်မှာ မင်းနဲ့ ဆုံခဲ့တယ် ..."
ထို့နောက် mall တွင် ခြေရာကောက်ရန် သွားသည့်အချိန်၌ ငွေဆွဲသီးတစ်ခုကို တွေ့ခဲ့သည်။ ဝန်ထမ်းက သူ့ကို ထိုဆွဲသီးမှာ မှာယူထားသူရှိပြီးဖြစ်ကြောင်း ပြောလာသည့်အတွက် သူ၏ အမြင်အာရုံကိုသုံးကာ ကြည့်လိုက်ချိန်တွင် စာလုံးရှစ်လုံးကို တွေ့လိုက်ရသည်။
"ချန်လဲ့ ဝေ့ယန် ဘယ်တော့မှ မမေ့ဘူး ..."
ထိုဟာက ဆွဲသီးကို လက်ခံရရှိမည့်သူကို သက်စေပြနိုင်မည့် သဲလွန်စ ဖြစ်ပေလိမ့်မည်။
ပြီးတော့...
ကျန်းဟန်ရှုလည်း ထိုသုံးသပ်ချက်ကို ဖတ်ရှုပြီးနောက်တွင်တော့ ရုပ်ရှင်ထဲတွင် ဖုံးကွယ်ထားသော မြှုပ်ကွက်များ အများကြီးရှိနေသေး‌ကြောင်း သဘောပေါက်လိုက်သည်။
လူထုမှာလည်း အတော်ပင် တုန်လှုပ်သွားသည်။ သူတို့မှာ သုံးသပ်ချက်ပိုင်ရှင်နတ်ဘုရားနှင့် ကြည့်ရှုသည့် ရုပ်ရှင်မတူဟုပင် ထင်လုဆဲဆဲပင်။
-(ဇာတ်လမ်းရဲ့ မြှုပ်ကွက်တွေက ရှင်းရှင်းလင်းလင်းမဖြစ်လည်း သိပ်ပြီး ကိစ္စမရှိပါဘူး ခွေးစာတော့ စားရဦးမယ်မလား )
နောက်တစ်ကြိမ် ပြန်လည်ခံစားရန်အလို့ငှာ လူတိုင်းက ရုပ်ရှင်ရုံသို့ ချီတက်ပြီး နောက်တစ်ကျော့ပြန် ကြည့်လိုက်ကြပြန်သည်။
ဟုတ်တာပေါ့။ ဘာလို့ ခွေးစာကို ဒီလောက် တက်တက်ကြွကြွကြီး စားမိနေလဲဆိုတာကို နားမလည်နိုင်တဲ့ တစ်ကိုယ်တည်းခွေးတွေလည်း ရှိနေသေးတာပဲ။
မီးပုံပွဲတော်အပြီးတွင် ဖုကျန်းသည် talk show တစ်ခု၏ ဖိတ်ကြားခြင်းကို ခံလိုက်ရသည်။
ရှိုးနာမည်မှာ "မင်းကပြော ငါနားထောင်ပေးမယ် " ဖြစ်ကာ အတော်အသင့် နာမည်ရထားသော ရှိုးတစ်ခုဖြစ်သည်။ ‌ယေဘုယျကျကျ ပြောရပါလျှင် ထိုရှိူးကို လာသူတိုင်းမှာ နာမည်ကြီးဒါရိုက်တာများ ဖြစ်သည်။ ဖုကျန်းရိုက်ခဲ့သည့် ရုပ်ရှင်နှစ်‌ကားပေါင်း ဝင်ကြေးမှာ ငါးဘီလီယံကျော်ဖြစ်ရာ ဖုကျန်းက သူ့အခြေအနေကို ပြန်ချိန်ဆရင်း ခေါင်းငြိမ့်လိုက်သည်။
"အောင်မြင်မှုလို့ ပြောလို့ရသေးတာပဲ ..."
ထိုသတင်းကိုသာ အင်တာနက်သုံးစွဲသူတို့ ကြားလိုက်ပါလျှင် သရဲတစ္ဆေ လှိုင်းကြီး ထွက်လာနိုင်ပေလိမ့်မည်။
စတူဒီယို၏ အပြင်အဆင်မှာ လူတိုင်းကို သက်‌တောင့်သက်သာဖြစ်ကာ နွေးထွေးစေသည်။ ဖုကျန်းက ဆိုဖာတွင်ထိုင်ကာ သူနှင့် မျက်နှာချင်းဆိုင်တွင် အစီအစဉ်တင်ဆက်သူက ထိုင်နေသည်။ အဓိက အကြောင်းအရာကို မစတင်မီ တစ်ခဏမျှ စကားစမြည် ပြောပြီးကာမှ သူက မေးခွန်းမေးလိုက်သည်။
"ဒီရုပ်ရှင်ရိုက်တုန်းက စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံလေးတွေရှိရင် ကျွန်တော်တို့ကို ဝေမျှပေးပါဦး ..."
"စိတ်ဝင်စားစရာကိစ္စ ..."
ဖုကျန်းက ပြန်တွေးရင်း ပြောလိုက်သည်။
"ကောင်းထျန်းကလေ ‌ဟဲလောင်ရှီးနဲ့ ကျိုးလောင်ရှီးတို့ သရုပ်‌ဆောင်တာကိုကြည့်ပြီး တော်တော်စိတ်ဖိစီးခဲ့တာ ကင်မရာရှေ့မှာ သရုပ်မဆောင်ရဲတော့တဲ့အထိကို ဖြစ်သွားသေးတယ် သူ့ကို ကင်မရာထဲမှာ တောင့်တောင့်ကြီးဖြစ်မနေအောင် ကျိုးလောင်ရှီးက တော်တော်ကို လုံးပမ်းခဲ့ရတာ ရုပ်ရှင်ထဲမှာ တွေ့ရမယ့် ကောင်းထျန်းရဲ့ ညှို့ဓာတ်ပြင်းပြင်းနဲ့ မြေကြီးပေါ်မှာ တွားသွားတဲ့အပိုင်းကလေ တကယ်တမ်းက ကျိုးလောင်ရှီးရဲ့ လက်ရာပါ သူသရုပ်ဆောင်တာများလေ တကယ်ကို အားနည်းပျော့ခွေနေတဲ့အတိုင်းပဲ ကျွန်တော်ပြန်ရောက် မှ ဓာတ်ပုံဆရာကို ဒီအပိုင်းတွေ တင်ပေးဖို့ ပြောလိုက်ပါ့မယ် ပြီးတော့ မစ္စတာဟဲမင်လေ အားလုံးလည်း သိပြီးသားတော့ဖြစ်မှာပါ သူက ဒီရုပ်ရှင်မရိုက်ခင်က နည်းနည်းဝခဲ့တဲ့သူလေ လူရွေးပွဲနားနီးမှ ဝိတ်ချနိုင်ခဲ့တာ ပြီးတော့ ကျွန်တော်တိူ့ရိုက်ကွင်းမှာက အသားငါးတွေ စားရတယ်ဗျ သူကကျ အရွက်သုပ်ပဲ စားရတာလေ ထမင်းစားချိန်ဆို မစ္စတာဟဲရဲ့ မျက်လုံးတွေက ကျွန်တော်တို့ ထမင်းဘူးမှာ ပြေးကပ်တော့မယ့်အတိုင်းပဲ အဲဒါကလည်း ဓာတ်ပုံရိုက်ထားမိသေးလား မသိဘူး ခဏလေး ကျွန်တော်ပြန်ရှာလိုက်ဦးမယ် ..."
xxxxxx