အပိုင်း ၁၀၀
Viewers 23k

host က ရိုက်ကူရေးအကြောင်း အနည်းငယ် ထပ်မေးပြီးနောက်တွင်‌တော့ မေးခွန်းတို့က တစ်ဖြေးဖြေး ကိုယ်ရေးကိုယ်တာဘက်သို့ ရောက်လာသည်။
"ဘယ်ဘက်လက်ခလယ်မှာ လက်စွပ်ဝတ်ထားတာကို တွေ့တယ်နော် လက်ထပ်ပြီးသားလား ..."
"ဟုတ်ပါတယ် ..."
ဖုကျန်းက ခေါင်းငြိမ့်ပြလိုက်သည်။
"မကြာခင် တစ်နှစ်ပြည့်တော့မှာပါ ..."
သူမက အနည်းငယ် အံ့ဩမိသွားသည်။
"ငယ်‌ငယ်လေးနဲ့ အိမ်ထောင်ကျထားတာပဲ ဘယ်လိုတွေ စတွေ့ခဲ့ကြလဲ ပြောပြပေးလို့ရမလား ..."
"အစောပိုင်းတုန်းက ဆောက်လုပ်ရေးဆိုက်မှာ အတူတူ အလုပ်လုပ်ကြတာ နောက်ပိုင်း သူအိမ်ရှာနေတယ်ကြားတော့ ကျွန်တော့်အိမ်ရှင်ရဲ့ လိပ်စာကတ်ကို သူထိုင်နေကျနေရာမှာ တိတ်တိတ်လေး သွားထားထားတာ သူလည်း တွေ့ပြီးရော ကျွန်တော်ငှားနေတဲ့အိမ်ကို ပြောင်းလာတယ်လေ နောက်ပိုင်းကျ တစ်ဖြေးဖြေး ရင်းနှီးလာရင်းနဲ့ပဲ အတူတူ ရှိဖြစ်သွားတာပါ ..."
"သူမက ဆောက်လုပ်ရေးဆိုက်မှာ လုပ်တယ် ..."
host က မယုံနိုင်ဟန် အကြည့်တို့ဖြင့် မေးခွန်းထုတ်လိုက်သည်။ ဖုကျန်း၏ချစ်သူမှာ အမျိုးသားတစ်ဦး ဖြစ်လိမ့်မည်ဟုတော့ မတွေးမိ။ မိန်းကလေးတစ်ဦးအနေဖြင့် ဆောက်လုပ်ရေးဆိုက်တွင် အလုပ်လုပ်သည်မှာ အတော်ပင် သန်မာ၍ဟုသာ တွေးလိုက်သည်။
ဖုကျန်းက ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
"ဘယ်သူက အရင်ဖွင့်ပြောတာလဲ ..."
ဖုကျန်းက ပြုံးလိုက်သည်။
"ကျွန်တော်ပေါ့ ..."
host မှာ အတော်ပင် မယုံနိုင် ဖြစ်သွားသည်။ သို့သော် အချိန်က ကန့်သတ်ထားပြီးဖြစ်ရာ ထိုအကြောင်းကိုသာ ဆက်မေးရန် အဆင်မပြေတော့။
"ရှင့်ရဲ့ချစ်သူကိုပေးဖို့ ရောင်စုံဥ ခုနစ်လုံးကို ရှာတွေ့တယ်လို့ ပရိသတ်တွေက ပြောကြတယ် တကယ်ပဲ ခုနစ်လုံးပဲ ရှိတာလား ဒါမှမဟုတ် လူတွေက အကုန်ရှာမတွေ့သေးတာလား ..."
ဖုကျန်းက ပြုံးကာ ပြောလိုက်သည်။
"ခုနစ်နေရာအပြင် နောက်ထပ်အများကြီး ရှိပါသေးတယ် ..."
အစောပိုင်းတွင် ပေါ်လာသည့် ရဲတိုက်မှာ ကျန်းဟန်ရှု သူ့ကို တရုတ်ချစ်သူများနေ့က လက်ဆောင်ပေးခဲ့သည့် ရဲတိုက်ဖြစ်သည်။ လက်ဆောင်ပစ္စည်းဆိုင်၏ ထောင့်ရှိ ဂီတသေတ္တာမှာ သူနှင့် ကျန်းဟန်ရှုတို့ ရဲတိုက်ထဲတွင် အတူတူကခဲ့သည့် သီချင်းကို ထည့်ထားသည်။ သေတ္တာ၏ နောက်ခံပုံမှာလည်း ရဲတိုက်ပင် ဖြစ်သည်။ နေကြာပန်းခင်းကိုဖြတ်ကာ သွားနေသော အစိမ်းရောင်ဘက်စ်ကားကို ဆွဲထားသည့် ဆီဆေးပန်းချီကား။ မီးခိုးရောင်ပြတင်းပေါက်မှတစ်ဆင့် ခပ်ရေးရေးမြင်နေရသော မှီတွယ်နေသူနှစ်ဦး။ သူတို့၏အရိပ်မှာ အခြားသူများ၏အရိပ်နှင့် ထပ်နေ၍ သိပ်ပြီးတော့ ပြတ်ပြတ်သားသား မရှိလှ။ လက်မှတ်နေရာတွင် ဒီဇင်ဘာလ ၆ ရက်ဟု ရေးထားသည်။ ထိုသည်က သူနှင့် ကျန်းဟန်ရှုတို့ ပထမဆုံးအကြိမ်တွေ့ခဲ့သည့် ဘက်စ်ကားကို ရည်ညွှန်းနေသည်။
သိလိုစိတ်ပြင်းပြနေသော host က ဆက်ကာ မေးခွန်းထုတ်လိုက်သည်။
"ဒါဆိုရင် နောက်ထပ် ဘာတွေရှိသေးလဲဆိုတာရော ပြောပြပေးနိုင်မလား ..."
"အားနာလိုက်တာ ..."
ဖုကျန်းက ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
"ဒါက သူနဲ့ကျွန်တော့်ကြား လျှို့ဝှက်ချက်မလို့ပါ ..."
hostက စိတ်ညစ်သွားသည့်ဟန် ညည်းညူရင်း သူ့ကို ပြောလိုက်သည်။
"ရှင့်ဇနီးကို တကယ်ချစ်မှန်း ဒီကနေတောင် မြင်နေရတယ် ..."
"ဒါပေါ့ ..."
ဖုကျန်းက ခေါင်းငြိမ့်ပြလိုက်သည်။ သူ့အပြုံးက အနည်းငယ် ထူးဆန်းနေဟန် ရှိသော်ငြား မကြာခင်တွင်ပင် မူလအတိုင်း ပြန်ဖြစ်သွားသည်။
host က ဖုကျန်းရှိရာဘက်သို့ ကိုယ်ကိုကိုင်းကာ မေးလိုက်သည်။
"ပရိသတ်တွေ သိချင်နေကြတဲ့ မေးခွန်းတစ်ခုကို တိတ်တိတ်လေး မေးလိုက်ဦးမယ် ဖုအိမ်ကိုပြန်ဖို့ရော ဆုံးဖြတ်ပြီးသွားပြီလား ..."
"မစ္စတာဖုနဲ့ ရှင့်ရဲ့ဆက်ဆံရေးကိုရော ပြန်ပြင်ဆင်ဖို့ စိတ်ကူးရှိလား ..."
"ကျွန်တော်တို့ ..."
ဖုအိမ်တွင် တွေ့ခဲ့သည့် ဖုကျန်းချန်၏ ပုံရိပ်နှင့် အနောက်ဘက်ခြံဝန်းထဲရှိကျောက်တောင်ကို ပြန်စဉ်းစားလိုက်သည်။
ဖုကျန်းက အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
"တစ်ဖြေးဖြေးချင်းပဲ သွားကြတာပေါ့ ..."
ဖုကျန်းက ထိုအကြောင်းကို မပြောလိုကြောင်း သိလိုက်သည့်အပြင် အချိန်ကလည်း စေ့တော့မည်ဖြစ်၍ သူမက အကြောင်းအရာကိုပြောင်းကာ မေးလိုက်သည်။
"ဒါရိုက်တာဖုက နောက်ထပ်ရော ဘယ်လိုရုပ်ရှင်မျိုးကို ထပ်ရိုက်ဖို့ တွေးထားလဲ ..."
"သရဲကားဖြစ်လိမ့်မယ်ထင်တယ် ..."
"သရဲကား? အဲဒါက ရိုက်တဲ့နေရာမှာ နည်းနည်း အခက်အခဲဖြစ်မယ်ထင်တယ်နော် အိုင်ဒီယာရှိထားပြီးသားလား ..."
သူက ခေါင်းငြိမ့်ပြလိုက်သည်။
"နည်းနည်းပါးပါးတော့ ရှိထားပါပြီ ..."
"ကဲ ဒါဆိုရင်တော့ ဒါရိုက်တာဖုရဲ့ နောက်ထပ်လက်ရာကို စောင့်‌မျှော်နေပါ့မယ် ..."
....
အင်တာဗျူးအပြီးတွင်တော့ ဖုကျန်းသည် ရိုက်ကွင်းမှ ဗီဒိယိုအချို့ကို တင်ပေးလိုက်သည်။ ကျိုးဝမ်လင်က ကောင်းထျန်းကို သင်ပေးရန် မြေကြီးပေါ် လှဲနေပြီး အသေကောင်ဟန် သရုပ်ဆောင်နေသော ချန်းမန်က ချက်ခြင်းကြီးထရပ်ကာ အဝတ်အစား ပြင်ဆင်လိုက်သည်။ မျက်နှာရှုံ့မဲ့နေသော ဟဲမင်က ဖုကျန်း၏ ထမင်းဘူးကို မျက်တောင်မခတ်စတမ်း ငေးကြည့်နေ၏။
ပရိသတ်များမှာ ရယ်ချင်စိတ်ကို ထိန်း၍ပင် မရတော့။ ထိုဗီဒီယိုအောက်တွင် မှတ်ချက်တစ်လှေကြီး ချန်ထားလိုက်ကြသည်။
"ကျိုးဝမ်လင် ခါးလှုပ်တာကို မြင်တော့လေ ငါ့ကိုယ်ငါ မိန်းကလေးလို့ ပြောရမှာ‌တောင် ရှက်လာပြီ ..."
"အန်ကယ်ဟဲက တအားကို သနားစရာကောင်းတာပဲ သူ့အတွက် နေ့လည်စာမှာပေးချင်စိတ်တောင် ပေါက်လာပြီ ပြီးတော့ နေပါဦး ရိုက်ကွင်းကလူတွေကရော ငါတို့အန်ကယ်ဟဲလေးက အရွက်သုပ်ပဲ စားနေရတဲ့အချိန်မှာ ဘာလို့များ အသားတွေ အများကြီး စားရက်ရတာလဲ ..."
"ချန်းမန်က တကယ်ကို အားအင်အပြည့်ပဲ ရုပ်ရှင်ကြည့်ကတည်းက ဒီကောင်မလေးကတော့ တကယ်ကို တော်လိုက်တာလို့ တွေးမိသေးတယ် သူမ ရယ်တာပဲဖြစ်ဖြစ် ငိုတာပဲဖြစ်ဖြစ် လူတွေရဲ့ရင်ထဲကို ထိအောင် သရုပ်ဆောင်တတ်တယ်နော် ဒီအတိုင်းသာဆို သူမရဲ့အနာဂတ်ကတော့ တုနှိုင်းမဲ့ပဲ ..."
"ကျိုးလောင်ရှီး မြေကြီးပေါ်လှဲချလိုက်တာကို တွေ့တော့ ငါ့အမူအယာက ကောင်းထျန်းနဲ့ တစ်ထပ်တည်းပဲ ..."
....
အဖြူရောင်ရဲတိုက်က ကောင်းထျန်းအပေါ် လူထု၏အမြင်ကို ပြောင်းလဲနိုင်ခဲ့သည်။ ယခင်က သူမကိုသူမ ကျောက်တုံးတစ်တုံးလို တင်းတောင့်နေသည်ဟု ထင်ခဲ့သော်ငြား ယခုတော့ အသားပေါင်းလို ကွေးနိုင်ဆန့်နိုင်ကာ နောင်တစ်ချိန်တွင် ကျောက်စိမ်းတုံးပင် ဖြစ်လာနိုင်သေးသည်ဟု ခံစားလာရသည်။
ချန်းမန်နှင့် ဟဲမင်တို့မှာလည်း အတော်ပင် အကျိုးထူးသွားခဲ့သည်။ အထူးသဖြင့် ဟဲမင်ဖြစ်သည်။ ရုပ်ရှင်နှင့် တီဗီစီးရီးများက သူ့ကို ပါဝင်ရန် တရစပ် ဖိတ်ကြားလာကြပြီး ယခင် ဘယ်သူကမှ ဂရုမစိုက်သည့် အခြေအနေနှင့် တစ်ခြားစီပင်။
အရန်ဇာတ်ကောင်ဖြစ်သည့် ကျိုးဝမ်လင်မှာ ဟဲမင်လောက် အနုပညာကြေး မရသော်ငြား သူ၏ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်အများစုနှင့် ထုတ်လုပ်သူများ၏ မျက်စိကျခြင်းကို ခံလိုက်ရသည်။
အဖြူရောင်ရဲတိုက်၏ ရုံဝင်ကြေးမှာ ၃.၅ ဘီလီယံအထိ ရှိလာကာ နွေဦးပွဲတော်နှင့် အချိန်တိုက်နေလျှင်ပင် ဘာမှ သက်ရောက်မှုရှိလာမည် မဟုတ်ပေ။
သို့သော်ငြား ဒီနှစ်နွေဦးပွဲတော်ကတော့ "Journey to the West, The Great Sage, The Legend of Yang Jian, The Demon City " တို့ကဲ့သို့သော ရုပ်ရှင်ကောင်းမျိုး နည်းပါးနေသေးသည်။ နာမည်ကြီးများ စုဝေးနေသော်ငြား ဇာတ်ညွှန်းကတော့ ရယ်ရမှာပင် ရှက်စရာကောင်းလှသည်။ အထူးပြုလုပ်ချက်များကသာ ချီးမွမ်းစရာရှိသော်လည်း ၎င်းကလည်း နိုင်ငံခြားရုပ်ရှင်များလောက်တော့မဟုတ်ခဲ့။
ဒါရိုက်တာကျန်းလီ၏ "Brother, Goodbye" မှာ အတော်ကို ပြောင်မြောက်လှသည့် လက်ရာဖြစ်သော်ငြား ဇာတ်သိမ်းက ပြင်းပြင်းထန်ထန်ကို ဝမ်းနည်းဖွယ်ကောင်းရာ နွေဦးပွဲတော်ကဲ့သို့သော ပျော်ရွှင်ဖွယ်နေ့မျိုးတွင် ကြည့်ရှုရန် ဘယ်သူကမှ ရွေးချယ်လိမ့်မည်မဟုတ်ပေ။
အဖြူရောင်ရဲတိုက်ကို ထုတ်လွှင့်ပြီးဖြစ်သလို စတူဒီယိုနာမည်ကိုလည်း ကျန်းဝမ်ဟု ပြီးခဲ့သည့်နှစ်ကတည်းကပင် ပြောင်းလဲပြီးဖြစ်သည်။ စတူဒီယိုအလုပ်များ၊ နောက်ရုပ်ရှင်အတွက် ပြင်ဆင်မှုများနှင့် အလုပ်ရှုပ်ပြီး‌နောက်တွင်‌တော့ ဖုကျန်းသည် အပြင်ထွက်စားရန် ချိန်းဆိုလိုက်သည်။
"ဒီည သူငယ်ချင်းတွေနဲ့ အပြင်ထွက်စားမလို့ ..."
သူက ကျန်းဟန်ရှုကို ပြောလိုက်သည်။
ကျန်းဟန်ရှုက coco ကို ပွေ့ချီထားပြီး အေပရွန်ကိုလည်း မချွတ်ရသေး။ တံခါးဝတွင် ရပ်နေသည်မှာ ခင်ပွန်းသည်ကို လိုက်ပို့သည့် ဇနီးလေးလိုပင်။ သူက ဖုကျန်းကို ပြောလိုက်သည်။
"နည်းနည်းပဲသောက် အစပ်မစားနဲ့ စောစောလည်း ပြန်လာခဲ့ ..."
ဖုကျန်းက သူ့ကို ကြည့်နေရင်း အင်တာဗျူးတွင် hostက သူ့ချစ်သူမှာ ဘယ်သူမှန်းမသိဘဲ ဇနီးလေးဟု သုံးနှုန်းသည်ကို အမှတ်ရလိုက်မိသည်။ သူက ခြေတစ်လှမ်းတိုးကာ ကျန်းဟန်ရှု၏ ခြေဖျားပေါ်ရပ်ပြီး ပါးကို နမ်းလိုက်သည်။
သူကလည်း coco ကို လက်တစ်ဖက်ကချီရင်း ကျန်လက်တစ်ဖက်ဖြင့် ဖုကျန်း၏နဖူးပေါ်မှ ဆံနွယ်တို့ကို သပ်တင်ပေးလိုက်သည်။ ညင်သာသော အကြည့်တို့ဖြင့်အတူ သက်ပြင်းဖွဖွချလျက် ပြောလိုက်သည်။
"ထားလိုက်တော့ စားသောက်ပြီးတာနဲ့ ကိုယ့်ကိုပဲ ဖုန်းဆက် လာကြိုပေးမယ် ..."
"ဟုတ်ပါပြီ ..."
ဖုကျန်းက ခေါင်းငြိမ့်ပြလိုက်သည်။
အဓိကသရုပ်ဆောင်များအပြင် လက်ထောက်ဒါရိုက်တာများနှင့် ဓာတ်ပုံဆရာများပါ ညစာစားပွဲသို့ ရောက်လာကြသည်။ ဖုကျန်းက ထိုသူအားလုံးကို စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်သည်။ ချွန်းဟွာတောင်ကို ကျောက်ချင်က သူ့အပိုင်လုပ်သွားခဲ့စဉ်က ထိုသူအားလုံးသည် အစမှအဆုံးအထိ ဖိအားများကို တောင့်ခံကာ ကျောက်ချင်ဘက်သို့ မပြောင်းသွားခဲ့။ ထိုအချိန်က ကျောက်ချင်မှာ အတော်ကို ဆိုးဆိုးဝါးဝါး ဖိနှိပ်ခဲ့သော်ငြား တစ်ချို့က ဝေ့ပေါ်တွင်ပင် ထုတ်ပြောပေးကြသေးသည်။
မိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်ဆုံရန်မှာ မလွယ်ကူလှ။ ဖုကျန်းသည် အဖြူရောင်ရဲတိုက် ရိုက်ကူးပြီးကတည်းက သူတို့ကို ဆက်သွယ်ရန် ရှာဖွေခဲ့သော်ငြား သုံးလမျှ အချိန်ပေးပြီးမှသာ အားလုံးကို ရှာတွေ့နိုင်ခဲ့သည်။ သို့သော် တစ်ချို့က အလုပ်ကိစ္စရှိနေသည့်အတွက် ဒီနေ့ပွဲကို မတက်ရောက်နိုင်ကြပေ။
ပွဲကို သီးသန့်အခန်းကျယ်ကြီးတွင် ကျင်းပကာ ဖုကျန်းအပါအဝင် ၁၃ ဦး တက်ရောက်ခဲ့သည်။ အတော်ကြာ မတွေ့ကြသူများဖြစ်ရာ အချို့မှာ မှတ်ပင် မမှတ်မိကြတော့။ ပထမဆုံးနေ့ကလို တစ်ဦးနှင့် တစ်ဦး ပြန်မိတ်ဆက်ကြရသည်။
ဖုကျန်းက သူ၏ ကျေးဇူးတင်မှုကို ဖော်ပြရန် လူတိုင်းကို ဝိုင်တစ်ခွက်စီ ငှဲ့ပေးခဲ့သည်။ သို့သော် ဘယ်သူကမှ သူတို့ကိုယ်သူတို့ ကျေးဇူးတင်စရာကိစ္စ လုပ်ခဲ့သည်ဟု မတွေးကြ။ ဒီနေ့လာခဲ့ခြင်းမှာလည်း မိတ်ဆွေဟောင်းများနှင့် တပျော်တပါး ပြန်ဆုံတွေ့ချင်သောကြောင့်သာဖြစ်သည်။
တစ်ယောက်ပြီးတစ်ယောက် ဒီနှစ်များအတွင်း သူတို့ကြုံခဲ့ရသည့် စိတ်ဝင်စားဖွယ်ကိစ္စများကို ဝေမျှနေရင်း အခန်းထဲရှိ လေထုမှာ ကျေနပ်နှစ်သိမ့်ဖွယ်အပြည့်ဖြစ်နေသည်။ ရေချိန်ကိုက်သွားဟန်တူသော လက်ထောက်ဒါိရိုက်တာက စကားတို့ကို ပေါက်ပေါက်ဖောက်သလို အဆက်မပြတ် ပြောလာသည်။
"ရုပ်ရှင်ရိုက်တဲ့အချိန်တုန်းကလေ မစ္စတာဖုထင်က အရမ်းကို မနာလိုဖြစ်ခဲ့တာ သူ့အတွက်ရော ရုပ်ရှင်ရိုက်ပေးဖို့ရှိလားဆိုပြီးတောင် ငါ့ကို တိတ်တိတ်လေး လာမေးဖူးတယ် ..."
ဖုကျန်းက အသံအကျယ်ကြီး ထွက်သွားပြီး အတော်ကြာမှ ပြန်ပြောလိုက်သည်။
"ဒီလိုကိုး ..."
သူ့မျက်နှာအမူအယာကိုမြင်လျှင် လူတိုင်းက သူနှင့် ဖုထင်တို့၏ ဆက်ဆံရေးမှာ ယခင်လို မဟုတ်တော့ကြောင်း သတိရသွားသည်။ ညစာစားပွဲမှာ ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။
ဖုကျန်းက ခပ်မြန်မြန်ပင် သက်သာသွားသည့်ဟန်။ သူ့ကို စိုက်ကြည့်နေသူများအား ရယ်ကာမောကာဖြင့် ပြောလိုက်သည်။
"စားလေ ဘာလို့ ကျွန်တော့်ကိုပဲ ကြည့်နေကြတာလဲ ..."
အခြေအနေက အစောပိုင်းကကဲ့သို့ တစ်ဖန် အသက်ပြန်ဝင်လာသည်။ ဖုကျန်းက သူ့ဘေးမှလူကို မေးလိုက်သည်။
"မစ္စတာပိုင် အခုထိ ရုပ်ရှင်ရိုက်သေးလား ..."
"မရိုက်တော့ပါဘူး ..."
ပိုင်လောင်ရှီးက လက်ကိုယမ်းကာ ပြောလိုက်သည်။
"ငါ့မှာ အခု မာလာထန်ဆိုင်လေး ရှိနေပြီလေ စီးပွားရေးလေးကလည်း မဆိုးဘူး ပြီးတော့ ရုပ်ရှင်ရိုက်တာထက် ပိုပျော်ဖို့ကောင်းတယ် မင်းရော ဘယ်နေ့လောက် လာစားမလဲ ..."
ဖုကျန်းက ပြုံးကာ ပြောလိုက်သည်။
"အစပ်မထည့်ဘဲ လုပ်ပေးလို့ရလား ..."
"ကောင်းပြီလေ မင်းအတွက် ရိုးရိုးရေနဲ့ တစ်အိုး ချက်ထားပေးမယ် ..."
လူတိုင်းက ရယ်မောလိုက်ကြသည်။ အများစုမှာ အနုပညာလောကကို စွန့်ခွါကာ ကိုယ်ပိုင်ဘဝတွင် ကျင်လည်နေကြပြီဖြစ်သည်။ ဖုကျန်းမှာ သူက သူတိူ့ကို ဆွဲချခဲ့၍သာ ဒီလောကမှ အစောကြီး ထွက်သွားခဲ့ရသည်ဟု အမြဲလိုလို ခံစားနေရသည်။
ဘီယာနှစ်ခွက်သောက်ပြီးချိန်တွင်‌တော့ မျက်နှာနီရဲကာ သူ့အမူအယာတို့က လေးတိလေးကန်ဖြစ်လာသည်။ ပြီးခဲ့သည့်နှစ်တွေကလိုပင် တူညီသည့်လူများက တူညီသည့်စားပွဲတွင်ထိုင်ကာ တပျော်တပါး စကားဆိုနေကြသည်။ ထိုအချိန်က သူတို့သည် ဖုကျန်းချန်ကို ပေးရန်အတွက် VCR ရိုက်ကူးပြီးကာစဖြစ်သည်။ အပြန်အလှန် ဆုတောင်းပေးနေသံများက ယခုအချိန် ပြန်တွေးကြည့်ပါလျှင် တစ်ဘဝစာ ဝေးသွားသလိုပင်။ သူ့နှာခေါင်းတို့မှာ ချဉ်စူးလာသယောင်။ ဖုကျန်းက စားပွဲရှိ လူတိုင်းကို ပြောလိုက်သည်။
"ရုပ်ရှင်ဆက်ရိုက်ချင်သေးရင် ကျွန်တော့်ကိုပြော ..."
ဖုကျန်းက သူဘယ်လောက်သောက်နိုင်သလဲ သိထားသည့်အတွက် စိတ်လွတ်လက်လွတ် မသောက်ရဲ။ ပွဲရှိလူတိုင်းကလည်း လူငယ်လေးများ မဟုတ်တော့ရာ သူ့ကို အတင်းအကြပ် မသောက်ခိုင်း။ လူတိုင်းက သက်လတ်ပိုင်းအရွယ်များဖြစ်ရာ ကိုယ့်ကိုယ်ကို ဂရုစိုက်စပြုလာသည်။ ညကိုးနာရီခန့်တွင်‌တော့ ကျန်းဟန်ရှုရောက်လာကာ ဟိုတယ်အပြင်ဘက်တွင် ဖုကျန်းထွက်လာမည်ကို စောင့်နေလိုက်သည်။
ဆက်သွယ်ရန် နံပါတ်များကို ဖလှယ်ပြီးနောက် ဖုကျန်းလည်း နှုတ်ဆက်ကာ ကားထဲဝင်ပြီး အိမ်ပြန်လာလိုက်သည်။
"ဒါရိုက်တာဖုကို လာကြိုတဲ့တစ်ယောက်ကလေ ဘာလို့ ယောကျာ်းတစ်ယောက်နဲ့ တူနေရတာလဲ ..."
သူတို့ကား ထွက်သွားသည်ကိုကြည့်ရင်း တစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုကိစ္စတွင် အမျိုးသားတစ်ဦးက လာကြိုသည်မှာ သိပ်မထူးဆန်းလှ။ သို့သော် ဘေးနားက တစ်ယောက်က ထပ်ပြောလိုက်သည်။
"အဲဒါ ကျန်းဟန်ရှုနဲ့ တူသလိုပဲ ..."
xxxxxxx