အပိုင်း ၁၀၁
Viewers 23k

ရိုက်ကူးရေးအဖွဲ့ထဲရှိစဉ်က ဖြစ်ကြောင်းကုန်စင် သိမြင်ထားရသည့် ကျိုးဝမ်လျန်မှာ ပြုံးရုံသာပြုံးမိပြီး ဘာစကားမှဆိုလာခြင်း မရှိခဲ့ချေ။ အင်တာနက်သုံးစွဲသူများ ထင်ကြသည်မှာ ကျန်းဟန်ရှုလက်ထပ်ထားသည်က ဇနီးလေးတစ်ယောက်သာဖြစ်ပြီး သူနှင့်ဖုကျန်းကမူ ရိုးသားသည့် အဖြောင့်စစ်စစ်သူငယ်ချင်းများ ဖြစ်ကြသည်ဟူ၍ပင်။ သို့သော် ကျိုးဝမ်လျန်မှာ ရိုက်ကူးရေးအဖွဲ့ထဲရောက်ပြီးမကြာလိုက်ခင် ဖုကျန်းကို လာကြိုသည့် ကျန်းဟန်ရှုဟာ ဖုကျန်းနှင့် ဆင်တူလက်ထပ်လက်စွပ် ဝတ်ဆင်ထားကြောင်း မြင်တွေ့ခဲ့ရလေ၏။
၄င်းနှင့်တင် ရှင်းရှင်းလင်းလင်းသိဖို့ လုံလောက်နေပြီမဟုတ်ပါလား။
ကျိုးဝမ်လျန်သည် တစ်ပါးသူကိုတုပသည့်နေရာတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ရုံသာမက လူကဲခတ်လည်း ပါးနပ်လှသည်။ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့၏လက်ချောင်းတွင် ဆင်တူလက်ထပ်လက်စွပ် ဝတ်ဆင်ထားကြသည်ကို သိရှိလိုက်ရပြီးနောက် ထိုနေ့ည သူအိမ်ပြန်ရောက်သောအခါ ပါပါရာဇီများရိုက်ကူးထားသည့် ဗွီဒီယိုတစ်ခုကို တွေ့ခဲ့ရသည်။ ဗွီဒီယိုထဲတွင် ကျန်းဟန်ရှုက မစ္စကျန်းကိုဆွဲကိုင်ကာ အိမ်ပြန်နေခြင်းဖြစ်၏။ ထိုအထဲတွင် မစ္စကျန်း၏ ပုံပန်းသွင်ပြင်ကို သဲသဲကွဲကွဲ မမြင်ရသော်လည်း အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက်နှင့် လမ်းလျှောက်ဟန်တို့အရ ဖုကျန်းပင်ဖြစ်ကြောင်း သူ တပ်အပ်သိလိုက်သည်။
အင်တာနက်သုံးစွဲသူများလည်း ဤအဖြစ်မှန်ကို ဘယ်အချိန်မှ သိလာကြလိမ့်မည်လဲတော့ သူ မသိပါချေ။ သူသည် ပြုံးလျက် လက်ထောက်ဒါရိုက်တာ၏ပုခုံးပေါ် လက်တင်လိုက်ကာ ထိုသူ၏နားရွက်နားကပ်၍ အမေးစကားဆိုလိုက်၏။
" ထပ်သောက်ကြဦးမလား..."
လက်ထောက်ဒါရိုက်တာက များများစားစားတွေးတောမနေဘဲ အဖြေပြန်လာ၏။ " အင်း၊ ထပ်သောက်ကြတာပေါ့..."
Coco က စကားမပြောတတ်သေးသော်ငြား တစ်စုံတစ်ယောက်၏ သူမနာမည်အား ခေါ်လိုက်သံကိုကြားလျှင် ချက်ချင်းဆိုသလို ပြုံးရွှင်သွားတတ်သည်။ ဖုကျန်းကိုသူမအရှေ့တွင် မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် လက်သေးသေးလေးနှစ်ဖက်ကို ရုတ်ချည်း ဆန့်ထုတ်ပေးလိုက်သည်မှာ သူမကို ပွေ့ချီစေချင်သည့်နှယ်။
Cocoက ယခုတလောပိုပြီး နာခံတတ်လာသည်။ ယခင်ကလို အရမ်းလည်း မငိုတော့သလို၊ စိတ်ပူအောင်လည်း သိပ်မလုပ်တော့ပေ။ ဖုကျန်း အချိန်ရလျှင် သူမအတွက် ဓာတ်ပုံ 2 sets လောက်ရိုက်ပေးဖို့ ခေါ်သွားရန်စီစဉ်ထားသည်။
ကျန်းဟန်ရှုက Coco၏အဝတ်ညစ်များကို လျှော်ရမည့်အထဲသို့ သွားထည့်ပြီးနောက် အိပ်ယာဘေး၌ ထိုင်ချကာ ဖုကျန်းအား အမေးစကားဆို၏။
" မနက်ဖြန်ညကျရင် ညစာစားပွဲတစ်ခုရှိတယ်၊ မင်းသွားချင်လား..."
ဖုကျန်း၏လက်ထဲရှိ ပလုတ်တုတ်အရုပ်လေးက လေထဲတွင် မသိမသာလေး တုန့်ခနဲ ရပ်သွားသည်။ သူ Cocoနှင့် ဆော့ကစားမပြတ်စေဘဲ ခေါင်းကိုမော့ကာ ကျန်းဟန်ရှုအား မေးလိုက်သည်။ " ဘယ်လိုညစာစားပွဲမျိုးလဲ..."
" မစ္စတာချန် စီစဉ်တဲ့ မင်္ဂလာရွှေရတုညစာစားပွဲ..."
ဖုကျန်း အနည်းငယ် ရီဝေဝေဖြစ်နေသည်။ သူသောက်ခဲ့သောဝိုင်များက အစာအိမ်ထဲကနေ ခေါင်းထိတိုင်ရောက်နေသည့်အလားပင် ခံစားနေရ၏။ သို့သော်လည်း သူ လတ်တလောတွင် အလုပ်မရှိဘဲ အားလပ်နေဦးမည်ကိုတော့ သတိရဖြစ်အောင်ရလိုက်သေး၏။ ဖြစ်နိုင်လျှင် သူသည်လည်း ကျန်းဟန်ရှုနှင့် အချိန်ကြာကြာလေး အတူတူကုန်ဆုံးချင်ပါ၏။
သူ ကျန်းဟန်ရှု၏အမေးစကားကို ပြန်ဖြေလိုက်၏။ " သွားမယ်လေ..."
ကျန်းဟန်ရှုသည် ဖုကျန်းလက်ထဲက ပလတ်စတစ်ဘောလုံးလေးကို လှမ်းယူလိုက်ပြီး Cocoကို မြှူနေရင်း ဖုကျန်းအား ဆိုလာ၏။
" ဒီနေ့ အဖိုးက ကိုယ့်ကိုခေါ်သေးတယ်။ သူ cocoနဲ့တွေ့ချင်လို့တဲ့..."
ဖုကျန်းသည် သူ၏နားထင်ကို နှိပ်နယ်လိုက်၏။ သူ့အရှေ့မှ မြင်ကွင်းများဟာ နှစ်ထပ်ပင်ဖြစ်နေချေပြီ။ သူ မျက်တောင်များကိုပုတ်ခတ်လိုက်ရင်းဖြင့် ကျန်းဟန်ရှုအား ပြောလိုက်သည်။ " ဒါဆို မနက်ဖြန်ကျ ကျွန်တော်တို့ Cocoကို အိမ်အရင် ပို့ထားလိုက်မယ်လေ၊ ပြီးတော့မှ ညစာစားပွဲကိုသွားကြမယ်..."
ကျန်းဟန်ရှုက "အင်း"ဟုသာအသံပြုလိုက်ပြီး လက်ထဲက ပလတ်စတစ်ဘောလုံးလေးကို ဘေးနားက အရုပ်ခြင်းထဲသို့ ထည့်လိုက်ကာ အိပ်ယာပေါ်တက်လာသည်။ သူ ဖုကျန်း၏ကျောလေးကို ခပ်သာသာပုတ်လိုက်၏။
" မင်းကိုယ်ပေါ်က အရက်နံ့ရတယ်။ coco ကို အနံ့တွေစွဲသွားလိမ့်မယ်..."
ဖုကျန်းသည် လက်ကိုမြှောက်ကာ အင်္ကျီလက်ကို နှာတရှုံ့ရှုံ့ဖြင့် အနံ့ခံကြည့်လိုက်သည်။ ပြီးနောက် ခေါင်းကိုမော့လျက် ကျန်းဟုန်ရှုအား အပြစ်ကင်းစင်စွာ မေးလေသည်။
" အနံ့က အရမ်းပြင်းတာလားဟင်... "
ကျန်းဟန်ရှုက ခေါင်းညိတ်၏။ " အင်း၊ အနံ့အရမ်းပြင်းတယ်..."
ဖုကျန်းက ပါးများမို့သွားအောင် ရယ်လိုက်ပြီး သူ့အနားသို့တိုးကပ်သွားကာ ကျန်းဟန်ရှု၏မျက်နှာကို လေဖြင့်မှုတ်ထုတ်လိုက်သည်။ ကျန်းဟန်ရှုမှာ မျက်မှောင်ကြုတ်သွားပြီး လက်ကိုမြှောက်လိုက်လျက် သူ့ခေါင်းလေးကို ပုတ်ကာ မေး၏။
" မင်း ဘယ်လောက်တောင် သောက်ထားတာလဲ..."
ဖုကျန်းသည် ကျန်းဟန်ရှုကို လက်လေးချောင်းထောင်ပြလိုက်ပြီး အပြုံးလေးဖြင့် ဆိုလိုက်သည်။ " အများကြီးမဟုတ်ပါဘူး။ သုံးခွက်ပဲ..."
ဖုကျန်း၏ အယ်လ်ကိုဟောဒဏ်ခံနိုင်ရည်က အတော်လေးကို အားနည်းလှ၏။ သို့ပေသည့် သူ ကားထဲတွင်ရှိနေစဉ်က တည်ငြိမ်အေးဆေးပုံပေါ်နေသည့်အတွက် သိပ်ပြီးမသိသာခဲ့ပါချေ။
" သုံးခွက်လား သုံးပုလင်းလား..."
ကျန်းဟန်ရှုသည် လက်ကိုဆန့်ထုတ်လိုက်ကာ ဖုကျန်း၏အပိုထောင်ထားသည့် လက်လေးတစ်ချောင်းကို ချိုးချလိုက်သည်။
ဖုကျန်းက သူ့မျက်လုံးများကို ပွတ်သပ်လိုက်၏၊ ထိုအခါမှ ကျန်းဟန်ရှု၏ နှစ်ထပ်ဖြစ်နေသော ပုံရိပ်က ပျောက်ကွယ်သွားတော့သည်။ သူသည် ကျန်းဟန်ရှု ချိုးချပေးထားသည့် လက်တစ်ချောင်းကို ပြန်ထောင်လိုက်ကာ ပြောပေ၏။ " ကျွန်တော် မမူးဘူး၊ ကျွန်တော် ခင်ဗျားကို စနေတာ..."
ကျန်းဟန်ရှုမှာလည်း ဖုကျန်းက အမှန်တကယ်ပဲ မူးနေသလား၊ မမူးနေဘူးလားကိုတောင် သံသယဝင်လာသည်။ ဖုကျန်းက လက်လေးချောင်းအား သူ့မျက်နှာကို ထိမိတော့မတတ် ထောင်ပြလာရင်း မေးလာ၏။
" ခင်ဗျား ဒါကို အင်္ဂလိပ်လိုပြောတတ်လား..."
ကျန်းဟန်ရှုက ဖုကျန်း၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ " Four "
ဖုကျန်းသည် သူ့၏လက်ချောင်းများကို တိရစ္ဆာန်တို့၏ လက်သည်းလေးများသဖွယ် အောက်သို့ကွေးချလိုက်လျက် ကျန်းဟန်ရှုအား မေးပြန်၏။ " ဒါကရော..."
ကျန်းဟန်ရှုက ခေါင်းခါပြလိုက်ပြီး အဖြေမပေးလာခဲ့ချေ။
" ဒါက 4 အကွေးလေ..."
ကျန်းဟန်ရှုမှာ မအောင့်နိုင်ဘဲ ရယ်ချမိတော့သည်။ " မင်းဒါကို ဘယ်ကတတ်လာတာလဲ..."
ဖုကျန်းက မဖြေ ၊ သူက သူ့ကိုယ်သူလက်ညှိုးထိုးပြသည်၊ ပြီးနောက် ကျန်းဟန်ရှုကို လက်ညှိုးထိုး ပြပြန်သည်။ " ကျွန်တော်လည်း အကွေး၊ ခင်ဗျားလည်း အကွေး..."
သူ့ကို ထိုသို့မြင်လိုက်ရအပြီးတွင်တော့ သူ အမှန်တကယ်ကို မူးနေပြီမှန်း ကျန်းဟန်ရှုသေချာသွားသည်။
ဖုကျန်းက အိပ်ယာပေါ်မှ ခုန်ဆင်းလိုက်ပြီး အင်္ကျီများချွတ်ကာ ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားသည်။ ကျန်းဟန်ရှုမှာ စိတ်ပူသဖြင့် တစ်ချက်လောက် ဝင်ကြည့်လိုက်သည်။
သူမြင်လိုက်ရသည်က ရေပန်းအောက်တွင် မလှုပ်မယှက်ရပ်လျက် ရေပန်းကိုတွေတွေကြီးရပ်ကြည့်နေသော ဖုကျန်းကိုပင်ဖြစ်လေသည်။ ကြည့်ရသည်မှာ အဘယ်ကြောင့်များ ရေတွေထွက်မလာရသလဲဟု အံ့သြနေခြင်းဖြစ်မည်။ ကျန်းဟန်ရှုမှာ ခေါင်းသာခါမိပြီး cocoကို ဘေးအခန်းက နာနီဆီသွားပို့ဖို့ ပြန်လှည့်သွားသည်။
သူပြန်လာသည်အထိ ဖုကျန်းမှာ ရေပန်းအောက်တွင် ရပ်ကြည့်နေဆဲဖြစ်သည်။
ကျန်းဟန်ရှုက bathtub ကိုရေဖြည့်လိုက်ပြီး ဖုကျန်းကို bathtub ထဲဝင်ခိုင်းလိုက်သည်။ ထို့နောက် ဖုကျန်း ရေချိုးရင်းအိပ်ပျော်သွားမည်ကို စိုးရိမ်သဖြင့် နံဘေး၌ ရပ်စောင့်နေသည်။
ဖုကျန်းသည် ကျန်းဟန်ရှုကို အချိန်အတော်ကြာသည်ထိ တောင့်တောင့်ကြီး ငေးကြည့်နေအပြီး လက်တစ်ဖက်ကို လေးကန်စွာ ဆန့်ထုတ်ကာ ကျန်းဟန်ရှု၏မျက်နှာကို ထိလိုက်၏၊ ထို့နောက် နားမလည်နိုင်သော အပြုံးမျိုးဖြင့်ပြုံးပြသည်။
ရေထဲ၌ အချိန်တစ်ခုစာမျှ စိမ်ပြီးသောအခါ ဖုကျန်းမှာ စိတ်မရှည်လက်မရှည်ဖြစ်လာသည်။ သူက ရေထဲရှိ သူ့လက်နှစ်ဖက်ကို ရေတစက်စက်ကျလျက်သားဖြင့် ဆန့်ထုတ်လိုက်၏၊ ထို့နောက် ကျန်းဟန်ရှုကို ပေကပ်ကပ်မော့ကြည့်သည်။
" ချီ..."
ကျန်းဟန်ရှု သူ့ကိုယ်ပေါ်ကို ရေများရွှဲစိုသွားမည်အား ဂရုမထားဘဲ လက်ကိုဆန့်တန်းလျက် သူ့ကိုရေထဲမှ ပွေ့ဆယ်လိုက်ပြီး ချီပိုးသွားကာ အိပ်ယာပေါ်ချပေးလိုက်သည်။
ကျန်းဟန်ရှု သူ့အတွက် ညအိပ်ဝတ်စုံရှာပေးနေချိန်၌ ဖုကျန်းမှာ အိပ်ယာပေါ်တွင် လှုပ်ရှားခြင်းမရှိ လှဲအိပ်နေ​ေ သည်။ ရုတ်တရက် သူက ထထိုင်လိုက်ပြီး မျက်လုံးများက ဟိုသည်ရွေ့ကာ တစ်စုံတစ်ခုကို ရှာဖွေနေဟန်ရှိ၏။ တစ်ခဏမျှ ကြာပြီးနောက်တွင် သူက ကျန်းဟန်ရှုလက်ထဲမှအင်္ကျီများကို ဆွဲလုလိုက်ပြီး ခပ်တိုးတိုးမေး၏။ " ကျွန်တော့်အမြှီးဘယ်မှာလဲ..."
" ဘာအမြှီးလဲ..."
" ကျွန်တော့် အမြှီးဘယ်မှာလဲလို့၊ လမ်းလျှောက်ရတာ အရမ်းနာနေပြီ..." ပြောနေရင်းပင် ဖုကျန်းမှာ တအိအိ ရှိုက်ကာငိုလေတော့သည်။
အရက်မူးနေသူကို ပုံမှန်အတိုင်းစကား သွားပြော၍ မရပေ။ အရက်မူးနေသူ၏ အတွေးများကို နားလည်ဖို့ ကြိုးစား၍သာရမည်။
ဖုကျန်းက ရေသူမလေးမုဒ်ဝင်နေပြီမှန်း ကျန်းဟန်ရှု သိရှိသွား၏။ ထို့ကြောင့် ဗီရိုထဲက ငါးအမြှီးစကတ်လေးကို ထုတ်ကာ ဖုကျန်းကိုပေးလိုက်ရင်း မေးလိုက်သည်။ " ဒီစကတ်လေးလား..."
ဖုကျန်းက ပလုတ်တုတ်အရုပ်ပမာ ခေါင်းကို တသွင်သွင်ခါရမ်းသည်။ " ဟုတ်ဘူး၊ ဟုတ်ဘူး၊ အမြှီးပါဆိုနေ စကတ်မဟုတ်ဘူး..."
ကျန်းဟန်ရှုမှာ စကားကိုပြောင်းကာ မေးလိုက်ရပေတော့သည်။ " ဒီအမြှီးလား..."
ဖုကျန်းမှာ မူးနေခြင်းဖြစ်ပါသော်လည်း သူ့မှတ်ဉာဏ်ကို လျော့တွက်၍တော့မရပေ။ သူက ကျန်းဟန်ရှုကို မျက်စောင်းထိုးလိုက်ပြီး ပါးနှစ်ဖက်စလုံးကို စူပုတ်ထားကာ သုန်မှုန်ချိတ်ကောက်လျက် အိပ်ယာပေါ်၌ သွားထိုင်လေသည်။
ဤသို့ဖြင့် ကျန်းဟန်ရှုမှာ သူ၏ပျောက်ချင်းမလှပျောက်နေသည့် အမြှီးကို တစ်အိမ်လုံးအနှံ့ကူရှာပေးရတော့သည်။
နောက်တစ်နေ့မနက်တွင် ဖုကျန်းနိုးလာချိန်၌ ဆယ်နာရီပင်ထိုးတော့မည်။ထို့အပြင် သူ့လက်ထဲတွင်လည်း ဝေလငါးအရုပ်ကြီးတစ်ရုပ်ကို ဖက်ထားသေး၏။ သူ ခဏတာမျှ ကြောင်အမ်းနေပြီးနောက်မှ မနေ့ညက အကြောင်းအရာများကို ပြန်လည်မှတ်မိလာတော့သည်။
သူသည် အစပထမ၌ ကျန်းဟန်ရှုအား သူ့အမြှီးကိုရှာပေးဖို့ နားပူနားဆာလုပ်ခဲ့ရာ ကျန်းဟန်ရှုက ဗီရိုထဲရှိ ဝတ်စုံတစ်ထပ်လိုက်ကြီးကို ထုတ်ပေးခဲ့ပါသော်လည်း သူကား မကျေနပ်ခဲ့ချေ။
ကြိုးစားရှာဖွေမှုမှန်သမျှက အချည်းနှီးသာ ဖြစ်ခဲ့ရသည့်အတွက် ကျန်းဟန်ရှုမှာ Coco၏အရုပ်များကို သွားယူရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ၊ သို့တိုင် ဖုကျန်းက ကျေနပ်ပုံမရသေးပါချေ။ သူသည် ဝေလငါးအမြှီးကိုမကြိုက်ကြောင်း၊ ဝေလငါးအမြှီးနှင့် မလုံလောက်ကြောင်း စရစ်လေသည်။ ကျန်းဟန်ရှုမှာ မနည်းချော့မော့ပြီး ပြောလိုက်ပါမှ သူဟာ ဝေလငါးအရုပ်ကိုဖက်လျက် အိပ်ပျော်သွားတော့သည်။
ကျန်းဟန်ရှုသည် အိပ်ခန်းအပြင်မှ အထဲသို့ဝင်လာချိန်၌ အိပ်ယာပေါ်တွင် ပြန်လည်သုံးသပ်နေဟန် ခေါင်းငုံလျက်ထိုင်နေသော ဖုကျန်းကိုတွေ့လိုက်ရသည်။ သူက အိပ်ယာနံဘေးသို့သွားကာ ဖုကျန်းကို ငုံ့ကြည့်လိုက်ရင်း ပြုံးလျက် ဆိုလိုက်၏။ " မင်း နောက်တစ်ခါကျရင် အရက်သောက်လို့ မဖြစ်တော့ဘူးနော်..."
ဖုကျန်းက မော့ကြည့်လာကာ ကျန်းဟန်ရှုအား လက်သုံးချောင်းထောင်ပြလိုက်သည်။ " အများကြီးမသောက်လိုက်ပါဘူး၊ သုံးခွက်တည်းပဲ..."
" အခုတော့ သုံးကိုသိသွားပြီပေါ့..." ကျန်းဟန်ရှုက သူ့အား ပြုံးစစဖြင့် မေးလိုက်၏။
ဖုကျန်း၏မျက်နှာက တစ်မုဟုတ်ချင်း နီမြန်းသွားလေသည်။ ကျန်းဟန်ရှုက ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး သူ့၏ပါးလေးကို အသာအယာပုတ်လိုက်သည်။
" ဟုတ်ပါပြီ၊ အရင်ထပြီး ထမင်းသွားစားတော့၊ ပြီးရင် ကိုယ်တို့ ညစားစာပွဲမသွားခင် cocoကို အိမ်ပို့ထားရဦးမယ်..."
" အမ်း..." ဖုကျန်းက ဖြေလိုက်၏။
ညနေပိုင်းတွင် ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ ချန်လောင်၏ညစာစားပွဲသို့ ရောက်သွားကြချိန်၌ လူအတော်များများပင် စုံနေကြလေပြီ။
သူနှင့် ကျန်းဟန်ရှုသည် ချန်လောင်ကို နှုတ်ဆက်ပြီးသည့်အခါ ဖုကျန်းမှာ ကျန်းဟန်ရှု၏ ဘေးမှာသာ ကပ်နေလေ၏။ ကျန်းဟန်ရှုသည် ယခုလိုစားပွဲသောက်ပွဲမျိုးတွင် လုပ်ငန်းကိစ္စအကြောင်း၊ စီးပွားရေးပူပေါင်းမှုများအကြောင်း ပြောလေ့ပြောထမရှိ၍သာ အဆင်ပြေတော့၏။
နှစ်ဦးသားမှာ အင်မတန်ပင် စိတ်လက်သက်သောင့်သက်သာ ရှိနေခဲ့ကြသည်၊ သို့သော် သူတို့နှစ်ဦးအဖို့ စားစရာများ သွားယူသည့်အခိုက်တွင် ဖုကျန်းမှာ ထူးခြားသည့်သတင်းတစ်ခုကို ကြားလိုက်ရသည်။
သက်လတ်ပိုင်း ဂုဏ်သရေရှိအမျိုးသမီးနှစ်ဦးဟာ အတူတကွလမ်းလျှောက်ဝင်လာကြပြီး တစ်ဦးက အရပ်အနည်းငယ် ပိုမြင့်သည်။ သူမက အဖော်ဖြစ်သူကို အမေးစကားဆို၏။
" ချင်မိသားစုက ဘာဖြစ်လို့ တစ်ယောက်မှမလာကြတာလဲ..."
" နင်ပြောတာ ချင်ကျောက်နဲ့ ထန်ဝမ်ဝမ်ကိုလား..."
" အင်းလေ၊ ချန်လောင်က သူတို့ကို မဖိတ်တာတော့ မဖြစ်နိုင်ပါဘူး။ ချန်မိသားစုနဲ့ ချင်မိသားစုက အမြဲတမ်း ဆက်ဆံရေးကောင်းမွန်လာကြတာပဲ မဟုတ်ဘူးလား..."
" နင်အခုထိ မသိသေးဘူးထင်တယ်..."
" ဘာကိုမသိတာလဲ..." ထိုအမျိုးသမီးက စိတ်ရှုပ်ထွေးသွားပုံပေါ်၏။
" ချင်ကျောက်က ဖောက်ပြန်နေတာကိုလေ..."
အမျိုးသမီးမှာ သူမ၏သူငယ်ချင်းဖြစ်သူ အံ့သြတုန်လှုပ်သွားပုံကို မေးကိုပင့်လိုက်လျက်သာ ကြည့်နေလိုက်သည်။
" ပြီးတော့ သူဖောက်ပြန်နေတဲ့လူက ထန်ဝမ်ဝမ်ရဲ့ညီမပဲ..."
" ငါကြားလေ နားရှုပ်လာလေပဲ။ ထန်ဝမ်ဝမ်က မိဘမဲ့မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ညီမအရင်းက ပေါ်လာရတာလဲ..."
" နင်မသိပြန်ဘူးလား၊ ချင်ကျောက်က ထန်ဝမ်ဝမ်ရဲ့ မိဘအရင်းတွေကို ကူရှာပေးခဲ့တာလေ..." အမျိုးသမီးက ရယ်၏။
" နည်းနည်းချမ်းသာတဲ့မိသားစုပါပဲ။ ကြားရတာတော့ ထန်ဝမ်ဝမ်ရဲ့ညီမက ကျန်းမာရေးသိပ်မကောင်းဘူးတဲ့၊ ကျောက်ကပ်မှာတစ်ခုခုဖြစ်နေတာထင်တယ်။ ချင်ကျောက်က သူ့ကိုကယ်ပေးနိုင်မယ့် တစ်ယောက်ယောက်ကို အသည်းအသန် ရှာနေတယ်..."
အမျိုးသမီးက အဆုံး၌ သက်ပြင်းချ၏။
" ငါထင်တယ် အခုနေ ထန်ဝမ်ဝမ်တော့ ယင်ကောင်တွေစားရတာထက်တောင် ပိုပြီးမအီမသာဖြစ်နေလောက်ပြီ"
ဖုကျန်းသည် ညစာပန်းကန်ကိုယူ၍ ကျန်းဟန်ရှုကိုရှာရန် လှည့်ထွက်သွားလိုက်သည်။ သူ ဖြစ်စဉ်လေးကို ကြားလိုက်ရအပြီး ရယ်သွမ်းသာသွေးမိသည်။ ၎င်းက မှန်၏လော၊ မှား၏လောကို သူဂရုမစိုက်။ သို့ပေမည့် စိတ်ကျေနပ်စေသည်တော့ အမှန်ပါပင်။
ဖုကျန်းသာ လတ်တလောအတင်းအဖျင်းများကို သတိထားမိခဲ့မည်ဆိုပါက ပါပါရာဇီများရိုက်ကူးထားမိသည့် ချင်ကျောက်နှင့် ထန်ဝမ်ဝမ်၏ညီမတို့ ကော်ဖီဆိုင်တစ်ခုတွင် ချိန်းတွေ့နေခဲ့ကြသည်ဟူသောဓာတ်ပုံကို အတန်အကြာက အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေခဲ့ကြောင်းကို သိရှိရပေလိမ့်မည်။
ထိုပုံကိုမြင်လိုက်ကြရသည့် အင်တာနက်သုံးစွဲသူများမှာ ထာဝရအချစ်ကို ယုံကြည်လိုခြင်းမရှိကြတော့ချေ။ သူတို့သည် ထန်ဝမ်ဝမ်ကို သဘောမကျကြသည့်တိုင် ချင်ကျောက်အနေနှင့် ဇနီးသည်ကို ဤကဲ့သို့ မလုပ်သင့်ကြောင်း ဝေဖန်ကြပေသည်။
နိဂုံးချုပ်ရလျှင်တော့ တစ်ချိန်တစ်ခါက ထန်ဝမ်ဝမ်အပေါ် နက်ရှိုင်းလေးနက်စွာ ချစ်မြတ်နိုးခဲ့သည့် ချင်ကျောက်၏အချစ်များဟာ ယခုတွင်မူ ပြောင်းလဲသွားခဲ့ပေပြီ။ တစ်ချိန်က မိုးမြေတိုင်တည်ကာ ကတိသစ္စာစကားဆိုခဲ့ခြင်းများက ယခုတော့ အချည်းနှီးစကားမျှသာ၊ ယင်းက သူတို့အား အလွန်အင်မတန်စိတ်ပျက်လက်ပျက်ဖြစ်စေသည်။
သို့ပေသော်ငြား သူတို့သည် ကျန်းဟန်ရှုနှင့် မစ္စကျန်း၏ဆက်ဆံရေးကတော့ ပြိုပျက်သွားနိုင်ခြင်း အလျဉ်းမရှိဟူ၍လည်း ယုံကြည်ထားခဲ့ကြသေးသည်။ ထို့အပြင် ဖုကျန်းကဲ့သို့ သူငယ်ချင်းကောင်းနှင့်သာ အနေနီးသောကြောင့် ကျန်းဟန်ရှုတွင် အခြားသော မည်သည့်အတင်းအဖျင်းများပျံ့လွင့်လာခြင်း မရှိခဲ့ဖူးပေ။ ထို့ကြောင့် ထာဝရအချစ်ကို ယုံကြည်ဖို့
မျှော်လင့်ချက်တော့ ရှိသေးပေသည်။
သို့ပေမည့် ပါပါရာဇီများသည် မကြာမီပင် အခြားသော ဓာတ်ပုံတစ်ပုံကို တင်လိုက်ကြပြန်သည်။ ထိုဓာတ်ပုံမှာ ကျန်းဟန်ရှုနှင့် ဖုကျန်းက ချန်လောင်၏မင်္ဂလာရွှေရတု ညစာစားပွဲကို အတူတကွတက်ရောက် လာကြသောပုံဖြစ်လေသည်။
အင်တာနက်သုံးစွဲသူများမှာ လွန်စွာစိတ်ရှုပ်သွားကြသည်။
မင်္ဂလာရွှေရတုညစာစားပွဲကို သူငယ်ချင်းကောင်းအား ခေါ်ဆောင်သွားသည်က ဘာများပြဿနာ ရှိပါသနည်း ။
xxxxxx