အပိုင်း ၁၀၂
Viewers 23k

ဖုကျန်းနှင့် ကျန်းဟန်ရှုသည် သူငယ်ချင်းကောင်းများသာဖြစ်ကြသည်ဟု လူအချို့က ဆိုမြဲဆိုနေကြသော်လည်း ရိုးရိုးသားသားယောက်ျားနှစ်ယောက် မင်္ဂလာရွှေရတုညစာစားပွဲကို အတူတကွ တက်ရောက်ခြင်းက အနည်းငယ်တော့ ထူးဆန်းသလို ခံစားရလေသည်။
မည်သို့ဆိုစေ သွားပုပ်လေလွင့်သတင်းများဆိုသည်က မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားတတ်ကြသည် မဟုတ်ပါလား။ ထို့အပြင် ဤပွဲက ချန်လောင်၏ပွဲဖြစ်သည်။ ကျန်းဟန်ရှုက အငယ်အနှောင်းလေးတစ်ယောက်ခေါ်လာပြီး ချန်လောက်၏မျက်နှာကို ဖြတ်ရိုက်ခဲ့ခြင်းလည်းမဟုတ်။ ထို့ကြောင့် ဖုကျန်းနှင့် ကျန်းဟန်ရှုတို့၏ သို့လောသို့လောသတင်းများက ရုတ်ရုတ်သဲသဲ သိပ်မဖြစ်သွားခဲ့ချေ။
နောက်ပိုင်းတွင်မူ ကျန်းဟန်ရှုနှင့် ဖုကျန်း၏ဇနီးတို့သည်လည်း အချစ်ဆုံးသူငယ်များ ဖြစ်တန်ရာသည်ဟု အင်တာနက်သုံးစွဲသူတို့က ထင်ကြေးပေးလာကြ၏။ သူတို့၏ဇနီးတို့သည် ညစာစားပွဲကို အတူတကွတက်ရောက်ကြသည့်တိုင် ပါပါရာဇီများက သူမတို့ကို မသိသဖြင့် ပုံမရိုက်ကူးနိုင်ခဲ့ခြင်း ဖြစ်မည်ဟု မှန်းဆကြလေ၏။
အကယ်၍ သူတို့နှစ်ဦးကြားတွင် တစ်ခုခုရှိရိုးမှန်ပါက မင်္ဂလာရွှေရတုညစာစားပွဲကို ကျိန်းသေပေါက် ပေါ်ပေါ်ထင်ထင် လူလုံးထွက်ပြကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့နှစ်ဦးသည် အဖြောင့်များသာဖြစ်နိုင်၏။ အဖြောင့်ယောက်ျားများမှသာ ဤသို့ရဲရဲတင်းတင်းနေရဲတာဖြစ်သည်။
Erwin Schrodinger ၏ အဖြောင့်စစ်စစ်တို့ အချစ်ကြိုးသီဇာတ်လမ်းလေးများက အင်တာနက်သုံးစွဲသူများထံတွင် တဖန်တခေတ်ထသွားပြန်တော့သည်။ ဤ CP Fans များသည် မိမိတို့၏ဆိုင်ရာ Group များကို ရောက်ရောက်ချင်း စာအိတ်နီမျာပို့ကာ အောင်ပွဲခံကြသည်။ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့သည် ချန်လောင်၏မင်္ဂလာရွှေရတုပွဲကို အတူတကွတက်ရောက်ခဲ့ကြသည်မို့ သူတို့နှစ်ယောက်၏မင်္ဂလာပွဲကလည်း သိပ်မကြာတော့ဟု စိတ်ကူးယဉ်နေကြလေသည်။
တစ်ဖက်တွင်မူ ပါပါရာဇီများမှာ လွန်စွာခေါင်းစားနေကြလေပြီ။ သူတို့သည် ဤမျှခေါင်းမာသော အင်တာနက်သုံးစွဲသူများကို ပထမဆုံးအကြိမ်ကြုံဖူးကြခြင်းပင်။ ယခင်ကဆိုလျှင် သူတို့ ကောလဟာလအနည်းငယ်လွှင့်လိုက်သည်နှင့် နဖားကြိုးတပ်သလို ပါလာကြသည်။ ဥပမာ ချင်ကျောက်၏ဖောက်ပြန်မှုပင်။ လတ်တလောကမှ အင်တာနက်သုံးစွဲသူများသည် ထာဝရအချစ်ကို မယုံကြည်တော့ဟု ပြောနေကြသေး၏။ ၎င်းက အဘယ်ကြောင့် ကျန်းဟန်ရှုနှင့် ဖုကျန်းအပေါ်တွင် သက်ရောက်မှုမရှိရသနည်း။ သူတို့မှာ မှော်စွမ်းအားတွေများ ရှိနေကြတာလား…
သူတို့မသိကြသည်က CP Fans များကတော့ ပါပါရာဇီများကို အလွန်ကြိုက်ကြသည်ဆိုတာကိုပင်။ သူတို့ခမျာ ခွေးစာစားရဖို့ ပါပါရာဇီများတင်ပေးသောပုံများကို မှီခိုနေရခြင်းဖြစ်၏။ ယနေ့ဓာတ်ပုံများမှာ အလွန်ကျေနပ်စရာကောင်းသည်။
ဖုကျန်း၏လက်တစ်ဖက်သည် ဖုကျန်း၏ပုခုံးပေါ်တွင် ရှိနေသည်။ ဖုကျန်းက အချိန်ကိုက်ပင် သူ့ကိုလှည့်ကြည့်လာသည်။ နွေးထွေးသောမီးအလင်းရောင်က ဟောလ်ခန်းထဲကနေ သူတို့ခြေထောက်နားထိ ဖြန့်ကြက်ကာထွန်းလင်းနေ၏။ တောက်ပသောအလင်းရောင်များကြားဝယ် နှစ်ဦးသား၏အရိပ်များက သွယ်ယှက်နေကြပေ၏။
CP Fans များသည် ထိုပုံကို လျင်လျင်မြန်မြန်ပဲ ဆေ့ဖ်လိုက်ကြသည်။ Editting အရာ၌ကျွမ်းကျင်သော ဆရာသမား ဂုရုကြီးတစ်ယောက်ဟာ ပိုပြီးဟိုလိုလို၊ သည်လိုလိုပေါက်အောင် ပုံကို အနည်းငယ်ပြင်လိုက်လေသည်။ သို့သော် ပုံကို ဖိုတိုရှော့လုပ်နေစဉ်တွင် ဂရုကြီးသည် ကျန်းဟန်ရှုနှင့်ဖုကျန်းတို့၏ အနောက်နားရှိ ရင်းနှီးနေသော ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။
ဆရာသမားဂုရုကြီးမှာ ခဏတာ ကြောင်အမ်းသွားပြီး အလျင်အမြန်ပင် ပုံကိုအထပ်ထပ်အခါခါ ချဲ့ကာကျုံ့ကာ ကြည့်လိုက်သည်။ ထိုအမျိုးသမီးပုံရိပ်လေးသည် နာမည်ကြီးရုပ်ရှင်ကြယ်ပွင့် ကျန်းကျန်မုန့်ဖြစ်နေလေ၏။ သူမဘေးက လူမှာတော့ အရပ်သိပ်မမြင့်သဖြင့် ဘယ်သူမှန်း သဲသဲကွဲကွဲမမြင်ရချေ။ သို့သော် ယနေ့ချန်လောင်၏ပွဲကို တက်ရောက်နိုင်သူမှန်သမျှသည် ရှောပင်းမောလ်နှင့် Department store တို့မှ အသိအမှတ်ပြုလက်တွဲထားသော အနုပညာရှင်များသာဖြစ်ကြ၏။ ထို့ထက် ချက်ကျလက်ကျဆိုရပါလျှင် အများစုက ချစ်သူစုံတွဲများပင်။
ဇနီးသည်များနှင့် တကွဲတပြားရှိနေကြပုံရသော ကျန်းဟန်ရှုနှင့် ဖုကျန်းကတော့ ခြွင်းချက်ဖြစ်၏။
ဆရာသမားဂုရုကြီးမှာ သတိပြန်လည်လာပြီး ပုံကိုဆယ်ခေါက်ထက်မနည်း သေချာစူးစိုက်ကြည့်သည်။ ထိုပုံရိပ်မှာ ကျန်းကျန်မုန့်မှ ကျန်းကျန်မုန့်ဖြစ်ကြောင်း သူကောက်ချက်ချနိုင်လိုက်ပေသည်။ သို့သော် သူ ကျန်းကျန်မုန့်၏လက်ထပ်သတင်းကို မကြားမိသေးပါချေ။ ထို့အပြင် ကျန်းကျန်မုန့်က ချစ်သူကောင်လေးရှိပုံပေါ်သည်။ သူမသည် လွန်ခဲ့သောလကမှ ရသစုံရှိုးပွဲတစ်ခုတွင် ချစ်သူကောင်လေးနှင့်အတူပါဝင်ပြီး သူ့မ၏အချစ်ရေးအား ပရိတ်သတ်ကိုချပြခဲ့သည်။ လတ်တလောတွင် ကျန်းကျန်မုန့်၏လမ်းခွဲသတင်းကိုလည်း သူ မကြားမိပါချေ။
ဆရာသမားဂုရုကြီးသည် ထိုသတင်းထူးလေးကို ခပ်မြန်မြန်ပဲ ပို့စ်တင်ချလိုက်သည်။ ချက်ချင်းပင် ထိုဝေးပေါ်ပို့စ်က ပေါက်ကွဲလုမတတ် နာမည်ကြီးသွားတော့သည်။ ကျန်းကျန်မုန့်က နာမည်ကျော်ကြား၏။ ထန်ဝမ်ဝမ်နာမည်မရခင် နှစ်များကတည်းက နာမည်ကျော်ကြားခဲ့သူဖြစ်သည်။ ထန်ဝမ်ဝမ် တက်သစ်စဘဝသာရှိသေးချိန်၌ သူမက နာမည်ကြီး ပြည်တွင်းဖျော်ဖြေပွဲတစ်ချို့ကို တက်ရောက်ကာ ရုပ်ရှင်ဆုများကိုတောင်
ဆွတ်ခူးနိုင်နေပြီဖြစ်၏။ ယခုတွင်တော့ ဖောက်ပြန်ခြင်းနှင့် လက်ထပ်ခြင်းဟူသော သတင်းခေါင်းစဉ်များ ထွက်လာပြီးနောက် ဝေးပေါ်မှာ တစ်ခဏချင်း ဖရိုဖရဲဖြစ်သွားလေသည်။ ကိုယ့်အိမ်ကိုယ်ပြန်ရောက်နေပြီဖြစ်သည့် ပရိုဂရမ်ဒါရိုက်တာများကိုပင် သူတို့၏သူဌေးများက ပြန်ခေါ်ယူရသည့်အခြေအနေကိုရောက်ရှိလို့သွားသည်။
ထိုပရိုဂရမ်ဒါရိုက်တာများမှာ သူတို့၏နဖူးပြောင်ပြောင်များကို သပ်လိုက်ကြသည်။ ဤသတင်းကို အလျင်အမြန် ထိန်းချုပ်ရုံကလွဲလို့ ဘာတတ်နိုင်ပါဦးမည်နည်း။
အစကတော့ အင်တာနက်သုံးစွဲသူများမှာ မယုံကြည်နိုင်ကြောင်း တစ်ယောက်ပြီးတစ်‌ယောက်ပြောကြ၏။ အထူးသဖြင့် ကျန်းကျန်မုန့်၏ပရိတ်သတ်များက ဝမ်းနည်းကြလေသည်။ သို့သော် အစွန်းရောက်ပရိတ်သတ်များက ယခုထိ ကျန်းကျန်မုန့်ကို ကာကွယ်ပေးနေကြဆဲပင်။
အင်တာနက်သုံးစွဲသူများက ထိုအစွန်းရောက်ပရိတ်သတ်များနှင့် အတော်ကြာသည်ထိ ငြင်းခုန်ရန်ဖြစ်နေခဲ့ကြ၏။ သို့သော် သာမန် fan လေးများဟူသည် အင်တာနက်သုံးစွဲသူများ၏ ပြိုင်ဘက်တောင်မဟုတ်ပါချေ။ ဤသို့ဖြင့် အဆုံး၌ ထိုfan များလည်း ပြိုင်ငြင်းခုန်နေခြင်းမှ လက်လျှော့လိုက်ကြသည်။ အင်တာနက်သုံးစွဲသူများသည် ကျန်းကျန်မုန့်က သူမဘေးကလူဟာ သူမ၏အဖေဖြစ်သည်ဟု မပြောမချင်း သူမကိုယုံကြည်မည်မဟုတ်ဟု ဆိုလိုက်ကြပေသည်။
သို့သော် ၎င်းက မဖြစ်နိုင်ပါချေ။ ကျန်းကျန်မုန့်၏အဖေမှာ သူမ မမွေးခင်နှစ်ကတည်းက ဆုံးသွားကြောင်းလူတိုင်းသိကြသည်။
အမှန်တကယ်တွင် ကျန်းကျန်မုန့်သည် ဤအတောအတွင်းတွင် ပါပါရာဇီများ၏လျှို့ဝှက်ရိုက်ကူးမှုကို အကြိမ်များစွာခံခဲ့ရဖူး၏။ သို့သော် သူမသည် လူထုဆက်ဆံရေးများအတွက် ငွေအမြောက်အမြားသုံးကာ ဖုံးဖိထားခြင်းသာဖြစ်သည်။ ယခုတွင်မူ ကျန်းဟန်ရှုနှင့် ဖုကျန်းတို့ လျှို့ဝှက်ရိုက်ကူးခံရသည့် ဓာတ်ပုံထဲမှ သူမ၏ပုံရိပ်ကို Fans များက တွေ့ရှိသွားခြင်းဖြစ်သဖြင့် သူမမှာ လွန်စွာဒေါသထွက်နေတော့သည်။
ယနေ့ညတွင် သူမသည် သူဌေးကျင်းဟောက်နှင့်အတူ ညစာစားပွဲကို တက်ရောက်လာခြင်းဖြစ်သည်။ သူမနှင့် ကျင်းဟောကက် ချစ်သူဖြစ်သည်မှာကြာပြီဖြစ်သော်လည်း သူမတို့ လက်ထပ်ဖြစ်၊ မဖြစ်ကမသေချာပေ။
ပရိတ်သတ်များသည် သက်လတ်ပိုင်းမင်းသမီးများကို အမြဲတစေ ဝေဖန်မှုမြင့်မားကြသည်ဟု ကျန်းကျန်မုန့် ယုံကြည်ထားသည်။ မကြာသေးခင်က သူမသည် သဘောတူစာချုပ်အရ သူမ၏ရည်းစားဟောင်းနှင့်အတူ ရသစုံရှိုးပွဲတွင်ပါဝင်ဖြစ်ခဲ့သည်။ ယခုတွင်တော့ အင်တာနက်ပေါ်က စကားလုံးများမှာ နားမခံသာလောက်အောင် လွန်စွာဆိုးဝါးနေလိမ့်မည်။ သူမအနေနှင့် ငွေသုံးပြီး Hot Search ကို ဖုံးဖိဖို့ကလည်း မဖြစ်နိုင်တော့ပေ။
ဤမတော်တဆဖြစ်ရပ်က သူမအတွက် တကယ့်ကို ကံဆိုးမိုးမှောင်ကျခြင်းပင်။ ၎င်းက သိသာစွာ ကျန်းဟန်ရှုနှင့် ဖုန်ကျန်း၏ လျှို့ဝှက်ဓာတ်ပုံများသာဖြစ်ပါသော်လည်း အဆုံး၌ ဆွဲချခံလိုက်ရသူက သူမဖြစ်နေသည်။
သို့သည့်တိုင် ကျန်းမိသားစု၏ အရှိန်အဝါကကြီးမားလွန်းသဖြင့် သူမမှာ ဘာမှမတတ်နိုင်ဘဲ အခဲမကြေမှုကို ဝမ်းတွင်း၌သာ ကြိတ်မှိတ်မြိုချထားရလေသည်။
ကျန်းကျန်မုန့်မှာ နောက်ဆုံးတွင် ရွေးချယ်စရာမရှိတော့ပေ။ သူတို့အားလုံးသည် အနုပညာအသိုင်းအဝိုင်းထဲမှ လူများဖြစ်ကြသည်မို့ အလွန်သရုပ်ပျက်ပြနေလို့မဖြစ်ပါချေ။ ထို့ကြောင့် သူမသည် သူမ၏ရည်းစားဟောင်းကိုတိုင်ပင်ပြီး နှစ်ယောက်စလုံးက တစ်ချိန်တည်းပင် ကြေညာချက်တစ်ခုထုတ်လိုက်လေသည်။ ကြေညာချက်ထဲတွင် သူမတို့နှစ်ယောက်သည် ရသစုံရှိုးပွဲ ပြီးဆုံးပြီးမကြာခင် အေးချမ်းစွာလမ်းခွဲခဲ့ကြကာ သူမနှင့်သူဌေးကျင်းဟောက်၏ဆက်ဆံရေးမှာလည်း ပုံမှန်သာဖြစ်သည်ဟု ဆိုထားလေသည်။
နောက်ဆုံးတွင် သတင်းများက အနည်းငယ်ငြိမ်ကျသွားပြီး ဆွေးနွေးမှုများလည်း တဖြည်းဖြည်းလျော့နည်းလာကာ သူမ၏ထိခိုက်နစ်နာမှုကလည်း အနည်းဆုံးသို့ ယုတ်လျော့သွားသည်။ သို့သော်ငြားလည်း ကျန်းကျန်မုန့်က အခဲမကြေနိုင်သေးချေ။ သူမသည် ကျန်းကျန်ရှုကို လက်တုံ့မပြန်နိုင်သော်လည်း ဖုကျန်းကိုတော့ သူမနည်းသူမဟန်ဖြင့် ပြန်လက်တုံ့ပြန်ရမှ ကျေနပ်နိုင်မည်။
ဖုကျန်းသည် ယနေ့အချိန်ထိ ဖုမိသားစုသို့ ပြန်မသွားသေးချေ။ သူမ ညစာစားပွဲတွင် ဖုကျန်းချန်နှင့် ဖုထင်ပါ တက်ရောက်ကြကြောင်းတွေ့ရှိခဲ့ရသည်။ သို့သော် သူတို့က ဖုကျန်း၏အနီးအနားကိုတောင် မသွားကြပါချေ။ ထိုအချက်က ကျန်းကျန်မုန့်ကို ပိုရဲတင်းသွားစေသည်။
ထို့အပြင် သူမသည် ချန်လောင်၏ပါတီပွဲအစကနေအဆုံးထိတိုင် မစ္စကျန်းကိုမတွေ့ခဲ့ရပေ။ ထို့ကြောင့် ကျန်းဟန်ရှုသည် တကယ်ကြီးကို ယခုလိုပွဲမျိုးသို့ ဖုကျန်းကိုသာ ခေါ်လာခဲ့ခြင်းဖြစ်မည်။ သူတို့နှစ်ဦးဟာ အမြဲတမ်းလိုလို တပူးပူးတတွဲတွဲ။ သူမသာ မစ္စကျန်းဆိုပါက သေချာပေါက် သဝန်တိုမှာပင်။
မနှစ်က ဗွီဒီယိုအရ ကျန်းဟန်ရှုသည် သူ့ဇနီးကိုလွန်စွာချစ်မြတ်နိုးကြောင်း မြင်ရပေမည်။ မစ္စကျန်းသည် ထိုလူနှစ်ယောက်၏မတော်တရော်ခံစားချက်များကို ယခုထိ သည်းခံနိုင်သေးသည်ဆိုလျှင်တောင် တစ်နေ့တစ်ချိန်ကျ ပေါက်ကွဲပါလိမ့်မည်။ ထိုအခါ ဖုကျန်းနှင့် ကျန်းဟန်ရှုလည်း တဖြည်းဖြည်း ကွဲကွာသွားလိမ့်မည်။
သူမသည် ဖုကျန်းကို ညစ်ညမ်းပျက်ပြားသူဖြစ်သူအောင် လုပ်ဖို့ရည်ရွယ်ခြင်းမဟုတ်။ သူနှင့်ကျန်းဟန်ရှု၏ ဆက်ဆံရေးကို မီးမြှိုက်ကာဆီဖြန်းပေးလိုခြင်းသာဖြစ်ပြီး ထိုမှတစ်ဆင့် မစ္စကျန်းနှင့်ဆက်သွယ်နိုင်မည့် အခွင့်အရေးကို ရှာလိုခြင်းဖြစ်၏။ ထို့အပြင် သူမက ကျင်းဟောက်၏ချစ်သူကောင်မလေးမဟုတ်ပါလား။
ပါပါရာဇီများသည် ကျန်းဟန်ရှုနှင့် ဖုကျန်းတို့အား လျှို့ဝှက်ဓာတ်ပုံရိုက်ကူးနေမှုကို လက်လျှော့လိုက်ကြသည်။ ထိုအင်တာနက်သုံးစွဲသူများကား သစ်သားလိုပင်။ သူတို့၏ဦးနှောက်က အသေအလား၊ တိုက်ရိုက်ပြောလျှင်တောင် မသိချင်ယောင်ဆောင်ကာ တခြားအကြောင်းအရာကို ချောတောငေါ့၍ တွေးကြသည်။
သို့သော် ထိုအချိန်တွင် သူတို့ဖုန်းကောလ်တစ်ခု လက်ခံရရှိလိုက်ကြ၏။ တစ်ဖက်ဖုန်းလိုင်းကလူဟာ ကျန်းဟန်ရှုနှင့် ဖုကျန်းတို့ကို ဆက်လက်ဓာတ်ပုံရိုက်ကူးနေလျှင် ငွေမြောက်မြားစွာပေးမည်ဟု ပြောလာ၏။
<< အဖြူရောက်ရဲတိုက် >> ၏ Box Office သည် << ယမန်နေ့ည အနောက်အရပ်လေ၊ ပင်စိမ်းရွက်နွယ် ညှိုးနွမ်းစေ >> ကိုကျော်တက်သွားပြီး << ယမန်နေ့ည >> က နောက်တွင် ကျန်ရစ်ခဲ့လေသည်။ ဖုကျန်းနှင့် လောဖျင်ဖျင်တို့၏ စာချုပ်အရ သူ မူပိုင်ခွင့်ကြေးပေးဖို့မလိုအပ်ပေ။ သို့သော် ဖုကျန်းက ဇာတ်ညွှန်းရေးဆရာဘောနပ်စ်ဟုဆိုကာ လောဖျင်ဖျင်၏အကောင့်ထဲကို ငွေ ၅ သန်း ထည့်ပေးခဲ့သည်။
ဖုကျန်း ညစာစားပွဲနေ့ကတည်းက နောက်ရုပ်ရှင်အသစ်အတွက် ဇာတ်ညွှန်းကိုပြင်ဆင်နေခဲ့လေ၏။ သူ ရက်အနည်းငယ် အခန်းအောင်း၍ လေ့လာရှာဖွေခဲ့ပါသော်လည်း ပြန်ထွက်လာသောအခါ၌မူ မှိုင်တွေညှိုးနွမ်းနေခဲ့သည်။ သူ ဇာတ်လမ်းအဖွင့်အတွက် ပုံစံမျိူးစုံကို ဦးနှောက်ခြောက်လုမတတ် စဉ်းစားခဲ့ပါသော်လည်း အဆုံးတွင် အားလုံးကိုပယ်ဖျက်လိုက်သည်။
ကျန်းဟန်ရှု ဖုကျန်း၏လက်ထဲက စာရွက်အထပ်လိုက်ကိုဆွဲယူလိုက်ပြီး ခေါင်းစဉ်ကိုကြည့်ကာ အသံဖျော့ဖျော့ဖြင့် ရွတ်ဖတ်လိုက်သည်။
“လွတ်မြောက်ခြင်း…”
ဖုကျန်းကခေါင်းညိတ်၏၊ ကျန်းဟန်ရှုက ပြုံးကာစာရွက်အနည်းငယ်ကို လှန်လျောကြည့်လိုက်လျှင် စာရွက်အားလုံးက ဗလာများဖြစ်နေကာ စာတစ်လုံးမှမရှိနေသည်ကို တွေ့လိုက်ရသည်။
“ ဘာမှမရေးရသေးဘူးလား…”
ဖုကျန်းကဆို၏။
“ ကျွန်တော့်မှာစိတ်ကူးတွေရှိပေမယ့် ချရေးကြည့်လိုက်တိုင်း သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်လို မခံစားရဘူး…”
သူက သက်ပြင်းချသည်။
“ ကျွန်တော် သည်းထိတ်ရင်ဖိုရုပ်ရှင်တွေ အများကြီးကြည့်ခဲ့ပြီးပြီ။ ပြည်တွင်းရော၊ ပြည်ပရော၊ ကောင်းတာရော၊ မကောင်းတာရော။ အခု ကျွန်တော် ဦးနှောက်တွေအရမ်းခြောက်နေပြီ…”
“ မင်း ဆရာတစ်ယောက် ရှာလို့ရတယ်လေ၊ ဒါမှမဟုတ် ဒီနယ်ပယ်မှာကျွမ်းကျင်တဲ့ လူတစ်ယောက်ဖြစ်ဖြစ်…”
ဖုကျန်းက ခေါင်းမော့လာကာ ကျန်းဟန်ရှုကို ခပ်ဖျော့ဖျော့ပြုံးပြသည်။
“ ကျွန်တော်လိုချင်နေတာလဲ အဲ့တာပဲ…”
သူသည် ဤနှစ်ရက်အတွင်းတွင် သည်းထိတ်ရင်ဖိုရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရှာဖွေကြည့်ရှုခဲ့ရာမှ အဆုံး၌ ခေတ်ပေါ်အဆွေးဒရမ်မာများရေးသော ဇာတ်ညွှန်းရေးဆရာတစ်ယောက်ကို မထင်မှတ်ဘဲ ရှာတွေ့ခဲ့လေသည်။
ထိုညက ဖုကျန်းသည် ဝေ့သျဲချီဟုခေါ်သော မထင်မရှားဇာတ်ညွှန်းရေးဆရာတစ်ယောက်ကို ဆက်သွယ်ခဲ့ပြီး ထိုသူကို ဤရုပ်ရှင်ထုတ်လုပ်ရေးတွင် ပါဝင်ဖို့အတွက် ဖိတ်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။ တစ်ဖက်လူသည် ဖုကျန်း၏စကားများကို အချိန်တစ်ခုစာမျှ တိတ်ဆိတ်စွာနားထောင်နေအပြီးတွင် သူ့ကိုအကြံပြုလာသည်။
“ မင်းရဲ့ဇာတ်ညွှန်းက အတော်လေးကောင်းပါတယ်။ ဒါပေမဲ့ မင်း ငါ့ကိုပြောပြတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကွက်ပုံစံက ပွဲဦးထွက်ကောင်းမယ့်ပုံတော့မရှိဘူး…”
“ မင်းသိလား…” တစ်ဖက်ဖုန်းထဲမှ ဝေ့သျဲချီ၏ရယ်သံစွက်နေသော စကားသံကိုကြားလိုက်သည်။ “ ကြောက်ဖို့အကောင်းဆုံးနေရာက ရင်ခွဲရုံတွေ၊ အလောင်းထားတဲ့နေရာတွေမဟုတ်ဘူး။ မင်းရဲ့အလုံခြုံဆုံးဆိုတဲ့ နေရာပဲ…”
“ ကြောက်ဖို့အကောင်းဆုံးအရာက မျက်နှာမပါဘဲ ဆံပင်ဖားလျားချထားတဲ့ သရဲမလည်းမဟုတ်သလို၊ သွေးရွှဲနေတဲ့အလောင်းကောင်ကြီးလည်းမဟုတ်ဘူး။ တကယ်တော့ မင်းနဲ့အနီးကပ်ဆုံးက လူပဲ…”
ဝေ့သျဲချီက ဆက်ကာပြော၏။ “ ပြောရရင် ဒီလိုအကြောက်တရားမျိုးကို ခံနိုင်ရည်ရှိတဲ့ ပရိတ်သတ်တစ်ချို့လည်းရှိတယ်။ ဒါကြောင့် ဒါရိုက်တာတစ်ယောက်အနေနဲ့ မင်းက ရိုက်ကူးရေးနဲ့ တည်းဖြတ်ရေးမှာ ပိုပြီးအင်အားစိုက်ထုတ်ရလိမ့်မယ်။ အဲ့ဒီကဏ္ဍကတော့ ငါလည်း သိပ်တော့မသိပါဘူး…”
ဖုကျန်းက “အင်း”ဟုအသံပြုလိုက်ပြီးနောက် အမေးစကားပြုလိုက်လေသည်။
“ ဒါဆို ခင်ဗျားကျွန်တော့်ကို ဇာတ်ညွှန်းကူရေးပေးချင်လား…”
“ ငါဇာတ်ညွှန်းတွေအများကြီးရေးခဲ့ဖူးတာ မင်းလည်းသိတာပဲ…”ဝေ့သျဲချီက သက်ပြင်းချ၏။ သူ့အမူအရာက ကလေးငယ်တစ်ယောက်ကို မလှည့်ဖျားလိုသော သဘောကောင်းကောင်း ဦးလေးကြီးတစ်ယောက်နှယ်။ “ ဒါပေမဲ့ Douban အဆင့်စံနှုန်းက ဘယ်တုန်းကမှ ၅ မကျော်ခဲ့ဘူးလေ။ ဒီလိုဆိုရင်တောင် မင်းငါနဲ့လက်တွဲချင်သေးတာလား…”
[ Douban = တရုတ်လူမှုကွန်ရက်ဝက်ဘ်ဆိုက်]
“ ခင်ဗျားရေးတဲ့ဇာတ်ညွှန်းက အရမ်းအဆင်ပြေပါတယ်…” ဖုကျန်းက တစ်ခဏ စကားရပ်လိုက်ပြီးမှ ဆက်ပြောသည်။ “ ဒါပေမဲ့ ခေတ်ပေါ်အဆွေးဒရမ်မာတွေက နည်းနည်းပေါများနေတော့…”
ဝေ့သျဲချီသည် သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားတစ်ကားသာ ရိုက်ခဲ့ဖူး၏၊ အဆင်မချောသော ဒါရိုက်တာ၊ သရုပ်ဆောင်များနှင့် Special effect များကြောင့် Box Office က အားရကျေနပ်စရာ မရှိခဲ့ချေ။ ထိုအချိန်မှစ၍ သူသည် ခေတ်ပေါ်အဆွေးဒရမ်မာများဘက်သို့ လမ်းပြောင်းခဲ့သည်။
အဆွေးဒရမ်မာများက ပေါသောနေသည်မို့ သူ့ဒရမ်မာက အသိအမှတ်အပြုခြင်း သိပ်မခံခဲ့ရသည်မှာ အံ့ဩစရာမရှိတော့ချေ။
ဝေ့သျဲချီက ရှက်ရွံ့ပုံမပြဘဲ ရယ်မောလျက် ပြောလာသည်။
“ ငါမင်းလို ရိုးသားတဲ့လူငယ်လေးတွေကို သဘောကျတယ်…”
“ ဒါဆိုခင်ဗျားသဘောတူဖို့ ဆန္ဒရှိပြီလား…”
“ ငါဇာတ်ညွှန်းကိုက ရေးလို့ရပါတယ် ဒါပေမဲ့ အဖိုးအခကိုတော့...” ဝေ့သျဲချီက နှုတ်ခမ်းများကို ပွင့်ဟလိုက်ပြီး ဖုကျန်းကိုပြောလိုက်သည်။ “ ငါအများကြီးလိုချင်တာ…”
“ ခင်ဗျားသာပြောလိုက်ပါ…”
“ ၂ သန်း…” ဝေ့သျဲချီက ဆိုသည်။
အမှန်အတိုင်းဆိုရပါလျှင် ဝေ့သျဲချီကဲ့သို့ မထင်မရှားဇာတ်ညွှန်းရေးဆရာတစ်ယောက်အတွက် နှစ်ထောင်၊ သုံးထောင်က လုံလောက်နေလေပြီ။ ၂ သန်းဆိုသည်က အင်မတန်လောဘကြီးလွန်းနေပြီ ဖြစ်၏၊
သို့သော် ဖုကျန်းက တုံ့ဆိုင်းမနေပေ။ “ ကျေးဇူးအများကြီးတင်ပါတယ်”
“ ကျေးဇူးတင်စရာမလိုပါဘူး။ ပျော်ရွှင်ဖွယ် ပူးပေါင်းလက်တွဲမှုလေး ဖြစ်ပါစေ”
xxxxxx