အပိုင်း ၁၀၃
Viewers 23k

ဖုကျန်းအား အင်တာဗျူးခဲ့သည့် အစီအစဉ်သည် နှစ်ပတ်အကြာတွင် ထုတ်လွှင့်ပြသခဲ့လေသည်။ အင်တာနက်သုံးစွဲသူအချို့သည် ဖန်သားပြင်အရှေ့၌ ရပ်ကြည့်နေကြပြီး ဖုကျန်း၏နှုတ်ထွက်စကားများကို စိတ်အားထက်သန်စွာ နားစွင့်နေခဲ့ကြသည်။ သို့သော် ရရှိဖို့ခက်ခဲလွန်းသည့် Box Office စံချိန်ကိုတောင် ဖုကျန်းက အရေးမစိုက်ကြောင်း ကြားသိလိုက်ရသည့်အခါ အားလုံးစိတ်ပျက်အားလျော့သွားကြသည်။
ထို့အပြင် အင်တာနက်သုံးစွဲသူများသည် သူတို့ရှာတွေ့ထားသည်ထက်ပိုများသော သဲလွန်စမြှုပ်ကွက်များ ရှိသေးကြောင်း ထိုအစီအစဉ်မှတစ်ဆင့် သိရှိလိုက်ရသည်။ သို့သော်ငြား << အဖြူရောင်ရဲတိုက် >> က ပြီးဆုံးသွားပြီမို့ ကျန်နေသည့်သဲလွန်စမြှုပ်ကွက်များကိုရှာရန် ဇာတ်ကားကိုပြန်ကြည့်လို့ကလည်း မရတော့ချေ။ မည်သို့ဆိုစေ အင်တာနက်သုံးစွဲသူများက အကောင်းဆုံးရှာပြီးခဲ့ပြီဖြစ်သဖြင့် ကျန်ရှိသည့်သဲလွန်စများကို ကျန်းဟန်ရှုတစ်ယောက်သာလျှင် ရှာနိုင်ပေလိမ့်မည်။
[ Easter eggs = သဲလွန်စမြှုပ်ကွက်များ ]
အစီအစဉ်အဆုံးတွင် ဖုကျန်းက သည်းထိတ်ရင်ဖိုရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ် ထပ်ရိုက်ဖို့ပြင်ဆင်နေကြောင်း အသိပေးခဲ့သည်။ အင်တာနက်သုံးစွဲသူများမှာ နားမလည်နိုင်ဖြစ်သွားကြသည်။ ဖုကျန်းက အဘယ်ကြောင့် သည်းထိတ်ရင်ဖိုဇာတ်လမ်းကို ရိုက်ချင်ရပါသနည်း။
ပထမတစ်ချက်က သည်းဖိုရင်ဖိုရုပ်ရှင်များသည် အခြားရုပ်ရှင်များလောက် မကျယ်ပြန့်ပေ။ ထိုအရသာကို လက်တည့်စမ်းချင်သော အချို့လူငယ်များရှိသည့်တိုင် သည်းထိတ်ရင်ဖိုဇာတ်လမ်းကြည့်ရန် ရုပ်ရှင်ရုံသွားသည့် လူအရေအတွက်က နည်းနေဆဲဖြစ်သည်။
နောက်တစ်ချက်မှာ လတ်တလောကာလတွင် သည်းထိတ်ရင်ဖိုရုပ်ရှင်ထုတ်လုပ်မှုများကို ကန့်သတ်ထားခြင်းမရှိပါသော်လည်း 14 နှစ်အောက်ကလေးသူငယ်များအား ရုပ်ရှင်ရုံတွင် သည်းထိတ်ရင်ဖိုဇာတ်ကားများ ကြည့်ရှုခြင်းကိုတော့ တားမြစ်ထားဆဲဖြစ်သည်။ ထို့ကြောင့် သည်းထိတ်ရင်ဖိုရုပ်ရှင်လက်မှတ်ဝယ်မည်ဆိုပါက ID ကဒ်ပြဖို့လိုအပ်သည်။ ဤသို့ဖြင့် အလုပ်ရှုပ်မခံချင်သည့်လူငယ်အများစုမှာ တခြားရုပ်ရှင်လက်မှတ်ကိုသာ ပြောင်းဝယ်ကြတော့သည်။
ထို့ကြောင့် အင်တာနက်သုံးစွဲသူအများစုက ထိုရုပ်ရှင်၏ Box Office အတွက် မျှော်လင့်ချက်သိပ်မရှိကြချေ။
သို့သော်လည်း သူတို့ ဖုကျန်း၏အရည်အချင်းကိုတော့ ကျိန်းသေပေါက်ယုံကြည်ကြ၏။ ၎င်းကို ဖုကျန်းက ရုပ်ရှင်နှစ်ပုဒ်ရိုက်ကူး၍ ပရိတ်သတ်များ၏မျက်ကိုဖြတ်ရိုက်ကာ သက်သေပြခဲ့ပြီးဖြစ်၏။ ဖုကျန်း၏သည်းထိတ်ရင်ဖိုရုပ်ရှင်က ဆိုးဝါးညံ့ဖျင်းနေလိမ့်မည်ဟု ယခုထက်ထိ ဆိုမြဲဆိုနေပါက မိမိကိုယ်မိမိ ဦးနှောက်မရှိသောဗီလိန်အဖြစ် ပြောင်းလဲပစ်ရာကျသွားလိမ့်မည် မဟုတ်ပါလား…
သို့သော် Box Office ကိစ္စကိုတော့ အများကြီးမျှော်လင့်ပြီး ဖိအားထားလို့မရနိုင်ပေ။ အဘယ်ကြောင့်ဆိုလျှင် သည်းထိတ်ရင်ဖိုရုပ်ရှင် ပရိတ်သတ်များက များများစားစားမရှိသဖြင့် Box Office မှာလည်း ပုံသေတစ်သတ်မတ်တည်း ရှိလိမ့်မည်မဟုတ်ချေ။
ထို့ကြောင့်ပင် သာမန်သည်းထိတ်ရင်ဖို ရုပ်ရှင်ကားတစ်ကားဆိုလျှင် Box Office က အရမ်းကြီးဆိုးဆိုးရွားရွားဖြစ်လိမ့်မည်မဟုတ်သလို၊ ရုပ်ရှင်ကောင်းတစ်ပုဒ်ဆိုလျှင်လည်း Box Office က အရမ်းကြီးမြင့်လိမ့်မည် မဟုတ်ပေ။
သို့ပေသည့် ဖုကျန်းက Box Office ကိုအရေးမထားဟု ပြောပြီးသားဖြစ်သဖြင့် ဤသည်းထိတ်ရင်ဖိုဇာတ်လမ်းက သူ့အိပ်မက်ကိုအကောင်အထည်ဖော်ရုံမျှသာဖြစ်ကာ သူတို့တောင် စိတ်ပူပေးနေဖို့မလိုအပ်ပေ။
အင်တာနက်သုံးစွဲသူများက ဖုကျန်း၏ Box Office စံချိန်အတွက် စိတ်မပူကြသော်လည်း ငွေ ၂ သန်း ယူထားသော ဝေ့သျဲချီမှာ စိတ်မပူဘဲ မနေနိုင်ချေ။
" မင်း ဒီရုပ်ရှင်အတွက် ဘယ်လောက်ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားလဲ…” ဝေ့သျဲချီသည် ဇာတ်ညွှန်းကို အကြမ်းခြစ်ရေးနေရင်း ဖုန်းတစ်ဖက်ခြမ်းကနေ ဖုကျန်းကိုမေးလိုက်၏။
ဖုကျန်းက တွေးတွေးဆဆဖြင့် ပြန်ဖြေ၏။ " ၁၀ သန်းထက်မပိုဘူး…"
ဝေ့သျဲချီမှာ ထိုအဖြေကြောင့် ထိတ်လန့်တကြားဖြစ်သွားရသည်။ သူ အချိန်အတော်ကြာထိ နှုတ်ဆိတ်သွားပြီးနောက်မှ ဖုကျန်းကိုစကားဆိုလာသည်။
" အဲ့ဒီ ၁၀ သန်းထဲမှာ ငါ့လစာတော့ မပါဘူးမဟုတ်လား…"
" အသေအချာကို ပါတာပေါ့ဗျာ…" ဖုကျန်းက အပြုံးတစ်ပွင့်ဖြင့် ဆိုလိုက်ပေသည်။
" ခင်ဗျားတစ်ယောက်တည်းနဲ့တင် ကျွန်တော့်ရင်းနှီးမြှုပ်နှံမှုရဲ့ ငါးပုံတစ်ပုံကိုသုံးပြီးနေပြီ။ ဒါကြောင့် ဇာတ်ညွှန်းကိုတော့ အကောင်းဆုံးရေးမှ ဖြစ်မယ်…"
ဝေ့သျဲချီသည် သက်ပြင်းချလိုက်ပြီး ဘောပင်ကိုအောက်ချလိုက်ကာ ဆိုသည်။
" ငါ ဘာဖြစ်လို့ သူခိုးကြီးလှေထဲရောက်နေတယ်လို့ ခံစားနေရတာပါလိမ့်…"
ဖုကျန်းက သူ၏တောင်းဆိုချက်ကို သဘောတူလိုက်သည်ကိုကြည့်ခြင်းအားဖြင့် ငွေအမြောက်အမြား အကုန်အကျခံထားသော အကြီးစားရုပ်ရှင်ထုတ်လုပ်မှုမျိုးဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်းဖြစ်၏။ သို့သော် ယခုမူ ထုတ်လှုပ်မှုအတွက် ရင်းနှီးမြှုပ်နှံမည့်ပမာဏက ၈ သန်းသာရှိနေသည်။ ကံကောင်းထောက်မ၍ ထို့အထဲတွင် သရုပ်ဆောင်ကြေးမပါ၍ တော်သေးသည်။
ဝေ့သျဲချီသည် ခပ်ပြင်းပြင်းပင့်သက်ရှိုက်လိုက်ပြီး သူ့ဇာတ်ညွှန်းထဲက တစ်ချို့အပိုင်းများကို ပြန်ပြောင်းသင့်တာပြောင်းရမည်ဟု တေးမှတ်ထားလိုက်တော့သည်။
ဖုကျန်း ကျန်းဟန်ရှု၏ပုခုံးပေါ်ကို မှီချလိုက်ပြီး တစ်ဖက်ဖုန်းက ဝေ့သျဲချီကိုစကားဆိုသည်။
" ကျွန်တော်က Box Office အတွက် မျှော်လင့်ချက်ကြီးကြီးမားမားမထားပေမယ့် ကျွန်တော့်ပိုက်ဆံကိုတော့ မရှုံးချင်ဘူး…"
" ကောင်းပါပြီ။ မစ္စတာဖူ ၊ မင်းလဲ မိသားစုကိုထောက်ပံ့ရသေးတာမလား…"
ဖုကျန်းက မငြင်းပေ၊ ထို့အစား ရေလိုက်ငါးလိုက်လေးပါ ပြောလိုက်သေးသည်။ " မစ္စဖုက သူ့အတွက် ကျွန်တော် ပုလဲတွေဝယ်လာပေးမှာ မျှော်နေတာဗျာ။ ဒါကြောင့် မစ္စတာဝေ့ ၊ ခင်ဗျား အကောင်းဆုံးကြိုးစားမှဖြစ်မယ်နော်…"
ဝေ့သျဲချီသည် မိမိ၏ဇာတ်ညွှန်းအပေါ်တွင် အပြည့်အဝ ယုံကြည်မှုရှိသည်။ မဟုတ်လျှင် အဘယ်မှာ ဖုကျန်းကို ငွေ နှစ်သန်းလုံး တစ်ထိုင်တည်း တောင်းရဲပါမည်နည်း ။ သို့သော်ငြား သူ့တွင် အားနည်းချက်ရှိစမြဲပင်။
" ငါ အရင်ဆုံးကြိုပြောထားပါရစေ။ ငါ ခံစားမှုရသအပိုင်းတွေကို မရေးနိုင်ဘူး…"
ဖုကျန်းကဆိုလိုက်၏၊ " အဲ့ဒီအတွက်မပူပါနဲ့။ ခံစားမှုရသအပိုင်းအတွက်က လောဖျင်ဖျင်ကို ကူရေးပေးဖို့ ကျွန်တော် အကူအညီတောင်းလို့ရတယ်…"
ထိုစကားကိုကြားမှ ဝေ့သျဲချီမှာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။ သူက ဖုကျန်းကို မေးမြန်းလိုက်၏။
" မင်းရဲ့ ငွေ ၁၀သန်း ရင်းနှီးမြှုပ်နှံမှုနဲ့ ဘာတွေလုပ်မလဲ ငါ့ကိုပြောပါ။ အခုဆို သရုပ်ဆောင်ကောင်းကောင်းတစ်ယောက်ကို ငှားဖို့တောင် သန်းနဲ့ချီပြီးကုန်ကျတာ…"
" ကျွန်တော့်မှာ သိပ်စရိတ်မများတဲ့ လူတစ်ချို့ရှိတယ်…"
သရုပ်ဆောင်ငှားရန်အတွက်က ဖုကျန်းတွင် ကိုယ့်အကြံနှင့်ကိုယ်ရှိသည်။ နာမည်ကြီးသရုပ်ဆောင်အများစုမှာ သည်းထိတ်ရင်ဖိုဇာတ်လမ်းနှင့် သိပ်မလိုက်ဖက်သလို သူ ခံစားရသည်။ ထို့အပြင် သူကလည်း အများကြီးငွေကုန်ကြေးကျခံဖို့ အစီအစဉ်မရှိပေ၊ သို့ဖြစ်၍ ထိုသရုပ်ဆောင်များကို ဖိတ်ကြားဖို့လည်း မရည်ရွယ်ထားပါချေ။
သို့သော် သည်းထိတ်ရင်ဖိုရုပ်ရှင်ရိုက်ကူးခြင်းဟူသည် သရုပ်ဆောင်စွမ်းရည်ကို အရည်အချင်းစစ်ခြင်းဖြစ်ပြီး၊ သရုပ်ဆောင်တစ်ယောက်သည် စိန်းစိန်းဝါးဝါးကြည့်တတ်ရုံ ပါးစပ်ဖြင့် အော်တတ်၊ ဟစ်တတ်ရုံဖြင့် မလုံလောက်ပေ။ ထို့ကြောင့် သူ သရုပ်ဆောင်ကဏ္ဍအတွက် လူကို သေချာလေးရွေးဖို့ လိုအပ်လိမ့်မည်။
ဤဇာတ်ကားအတွက် အဓိကအမျိုးသားဇာတ်ဆောင်ကိုမူ ကျိုးဝမ်လျန်ကိုရွေးရန် ဟိုးယခင်ကတည်းက ဖုကျန်းက ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
<< အဖြူရောင်ရဲတိုက် >> တွင် ကျိုးဝမ်လျန်၏ဇာတ်ကောင် အသတ်ခံလိုက်ရပြီးကတည်းက သူသည် ဤကိစ္စကို ကျိုးဝမ်လျန်နှင့်တိုင်ပင်ဖြစ်ခဲ့သည်။ ကျိုးဝမ်လျန်က ဖုကျန်းအနေနှင့် ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးတစ်ဦးကို အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ထားသင့်ကြောင်းပင် အကြံပေးခဲ့သည်။
ဖုန်းချပြီးသည်နှင့် ဖုကျန်းက ရေချိုးခန်းထဲသို့ ဝင်သွားသည်။ သူ ပြန်ထွက်လာသောအခါ အိပ်ယာပေါ်တွင်ထိုင်လျက် Tablet တစ်လုံးနှင့် << အဖြူရောင်ရဲတိုက် >> ဇာတ်ကားကို ကြည့်နေသော ကျန်းဟန်ရှုကို တွေ့လိုက်ရလေသည်။
ဖုကျန်းက သူ့ထံသွား၍ သူ့ခေါင်းလေးကို ကျန်းဟန်ရှု၏ပုခုံးထက် တိုးဝှေ့ရင်း မေးလိုက်သည်။ " ခင်ဗျား ဘာလို့ ထပ်ကြည့်နေတာလဲ…"
" မင်းကိုယ့်အတွက်ရည်ရွယ်ထားတဲ့ သဲလွန်စမြှုပ်ကွက်တွေကို ရှာနေတာ…"
" ခင်ဗျား အကုန်ရှာတွေ့ပြီလား …"
" အားလုံးပေါင်း ဘယ်နှနေရာလောက်ပါတာလဲ…" ကျန်းဟန်ရှုသည် ဖုန်းစခရင်ပေါ်မှ ခေတ္တရပ်တန့်သည့် ခလုပ်ကိုနှိပ်လိုက်သည်။
ဖုကျန်းသည် ခဏကြာ ပြန်စဉ်းစားကြည့်လိုက်ပြီးမှ ကျန်းဟန်ရှုအား ပြောလိုက်၏။ " ဆယ်သုံးနေရာလောက်များ ဖြစ်မလား.."
ကျန်းဟန်ရှုက စကားမဆို၊ ဖုကျန်းသည် ကျန်းဟန်ရှု၏ပုခုံးပေါ်မှ ခေါင်းကိုရွေ့လိုက်ပြီး ခပ်မတ်မတ်ပြောင်းထိုင်ကာ သူ့ကိုမေးသည်။ " ခင်ဗျား အခုဘယ်လောက်ရှာတွေ့ပြီလဲ…"
" .......ကိုးနေရာ "
ထို့အထဲမှ ခုနစ်နေရာက အင်တာနက်သုံးစွဲသူများ ရှာတွေ့ထားခြင်းဖြစ်၏။
ဖုကျန်းက ကျန်းဟန်ရှု၏ပုခုံးကိုပုတ်ကာ အားပေးစကားပြောလိုက်သည်။ " ဆက်ပြီးရှာလိုက်ပါဦး… "
ကျန်းဟန်ရှုက ခပ်ဖျော့ဖျော့ရယ်ရင်း ဖုကျန်းကို သူ့လက်မောင်းထဲဆွဲဖက်လိုက်ကာ ပြောသည်။ " ကိုယ် ရုပ်ရှင်အစကနေအဆုံးထိတောင် အလွတ်ရခါနီးပြီကွာ ဒါပေမဲ့ ရှာလို့မတွေ့နိုင်သေးဘူး…"
ဖုကျန်းက မျက်ဝန်းများကိုပင့်ကာ သူ့ကို တစ်ခဏခန့်စိုက်ကြည့်ပြီး မေးလိုက်၏။ " သိချင်လား… "
ကျန်းဟန်ရှုက ခေါင်းညိတ်သည်။ သူက လက်နှစ်ဖက်ဖြင့် ဖုကျန်း၏ပုခုံးလေးကို နှစ်ကြိမ်ခန့် နှိပ်နယ်ပေးလိုက်လျှင် ဖုကျန်းမှာ အလွန်နှစ်ခြိုက်သဘောကျစွာ ပုခုံးများကိုဖြေလျှော့ပေးလိုက်၏။
သို့သော် ကျန်းဟန်ရှု၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် ဖုကျန်းက အိပ်ယာကို ဘယ်ဘက်လက်ဖြင့် နှစ်ကြိမ်ခန့်ပုတ်ကာ မျက်နှာကို လေးနက်တည်ကြည်စွာထား၍ ကျန်းဟန်ရှုအား ပြောလိုက်သည်။ " အခု ခင်ဗျားရဲ့အပြုအမူမျိုးကို ဘာလို့ခေါ်လဲသိလား…"
" ဘာကိုလဲ…" ကျန်းဟန်ရှုက မေး၏။
ဖုကျန်းက ပြောင်ပြောင်တင်းတင်းပင် ဆိုလိုက်သည်။ " တရားသူကြီးကို လာဘ်ထိုးနေတာ…"
ကျန်းဟန်ရှုက တရားသူကြီးလေး၏ အနည်းငယ်အေးမြနေသော လက်ကလေးကို ဆွဲယူလိုက်ပြီး သူ့ရင်ဘတ်ပေါ် ကပ်ထားလိုက်သည်။
" ဒါဆို တရားသူကြီးလေးကပဲ အဖြေကိုပြောပြပေးလို့ရနိုင်မလားခင်ဗျာ…"
" ဒါကတော့ ခင်ဗျား ဘယ်လိုလာဘ်ထိုးသလဲဆိုတဲ့ အပေါ်မှာမူတည်တယ်"
ကျန်းဟန်ရှုက တိတ်ဆိတ်သွားကာ ဘာလုပ်ရမလဲ တွေးတောနေဟန်။ ခဏကြာတော့မှ မျက်ဝန်းများပင့်ကာ ဖုကျန်းအား အမေးရှိလာသည်။
" မြူစွယ်မယ်ဆိုရင်ရော အလုပ်ဖြစ်လား…"
ဖုကျန်းက ဖြည်းညင်းစွာ လည်ချောင်းကိုရှင်းလိုက်သည်။ " ခင်ဗျား အလုပ်ဖြစ်မဖြစ်သိချင်ရင် အရင်ဆုံးမြူစွယ်ကြည့်လေ…"
............
ထို့နောက်တွင်တော့ ကျန်းဟန်ရှုသည် အိပ်ယာပေါ်ထိုင်ချကာ ဖုကျန်းကို နှိပ်နယ်ပေးတော့သည်။ သူက ဖုကျန်းကိုမေး၏။ " ဆရာ ၊ ဝန်ဆောင်မှုကို သဘောကျပါရဲ့လား…"
ဖုကျန်းက တွေးတွေးဆဆဖြင့် ယတိပြတ်ပြောချသည်။ " ညံ့တယ်…"
" ဆရာ ကျွန်တော့်မှာ ဒီပြဿနာကိုဖြေရှင်းဖို့ တခြားနည်းလမ်းရှိသေးတယ်၊ ကျွန်တော်တို့ ထပ်ကြိုးစားကြည့်ရအောင်လေ…"
ဖုကျန်း "............."
ဖုကျန်းက ဘာစကားမှခွန်းတုံ့မပြန်လာသည်ကို မြင်လျှင် ကျန်းဟန်ရှုမှာ ရယ်သာရယ်မိတော့သည်။ သူသည် လက်ကိုဆန့်ထုတ်လိုက်ပြီး ဖုကျန်း၏နဖူးလေးကို ခပ်သာသာတောက်လိုက်သည်။
ဖုကျန်းက ရယ်ကျဲကျဲဖြင့် စောင်လေးကို သူ့ကိုယ်ပေါ် လွှမ်းခြုံလိုက်ရင်း ကျန်းဟန်ရှုအား မေးလေသည်။
" သဲလွန်စမြှုပ်ကွက်နှစ်ခုကို ခင်ဗျား ဘယ်မှာရှာတွေ့တာလဲ…"
ကျန်းဟန်ရှုက သူရှာတွေ့ခဲ့သည့်နေရာမှာ ရဲတိုက်နှင့် music box တွင်ဖြစ်ကြောင်း ပြောပြသည်။ ဖုကျန်းက အသေအချာကို ထိုနှစ်နေရာတွင် ထည့်ခဲ့ခြင်းဖြစ်၏။ ထိုနှစ်နေရာဟာ ရှာတွေ့ဖို့အလွန်ခက်ခဲသောကြောင့် အင်တာနက်သုံးစွဲသူများမှာ ထိုနှစ်ခုကို သတိမပြုမိခဲ့သည့်အလျောက် ဆက်စပ်ပြီးလည်း မတွေးတတ်ခဲ့ကြချေ။ သို့သော် ကျန်းဟန်ရှုက ရှာတွေ့ခဲ့လေ၏။
သူသည် သမ်းဝေလိုက်ရင်း ကျန်းဟန်ရှုအား တနူးတညံ့ကြည့်ကာ အခြားကျန်သည့်နေရာများကို ပြောပြလိုက်လေသည်။
" ကျန်တဲ့လေးနေရာက ရုပ်ရှင်ရဲ့မိနှစ်နှစ်ဆယ်နားလောက်က ဝူကျန်း ဓာတ်ပုံပြခန်းထဲဝင်သွားတဲ့နေရာမှာ...."
ဖုကျန်းသည် ကျန်းဟန်ရှုအား တစ်ခုပြီးတစ်ခုပြောပြလာ၏။ ကျန်းဟန်ရှုသည် တစ်ဝက်လောက်ရောက်ပြီးသား ရုပ်ရှင်ကို နောက်တစ်ကြိမ်ပြန်ကြည့်ကာ သဲလွန်စမြှုပ်ကွက် ၁၃ ခုလုံးကို ရှာတွေ့သွားပေတော့သည်။
...........
ကျန့်ရှင်းခယ်၏အေးဂျင့်သည် ဖုကျန်းထံမှ audition ဖြေဆိုခွင့် ဖိတ်ကြားစာတစ်စောင် ရရှိခဲ့ပြီး ကျန့်ရှင်းခယ်အား လက်လွှဲပေးလိုက်၏။ သို့သည့်တိုင် ကျန့်ရှင်းခယ်က သူ့စိတ်တိုင်းကျသာ လုပ်ချင်သလိုလုပ်ကိုင်နေသည့် သူ့အေးဂျင့်ကို မကျေမချမ်းဖြင့် ပြောဆိုလာသည်။
" ခင်ဗျား ဘယ်လိုဖြစ်လို့ ဒီလိုဟာမျိုးကို ကျွန်တော့်အတွက် လက်ခံလိုက်ရတာလဲ…"
သူက ဘယ်သူမို့လဲ။ သူက ပရိတ်သတ်သန်းနဲ့ချီပြီးရှိတဲ့ ကျန်းရှင်းခယ်လေ။ ဆယ်လ်ဖီပုံလေးတစ်ပုံတင်လိုက်ရုံနဲ့တင် Hot Search အထိရောက်တဲ့ တက်သစ်စလူငယ်လေး။ သူလိုလူက ဘာဖြစ်လို့ အရံသရုပ်ဆောင်နေရာမှာ ဝင်သရုပ်ဆောင်ရမှာလဲ…
သူ့အေးဂျင့်က စိတ်ရှည်စွာ အကြံပေးသည်။ " ငါ မင်းကောင်းဖို့အတွက် ဒီဖိတ်ကြားစာကိုလက်ခံခဲ့တာပါ…”
ကျန့်ရှင်းခယ်၏ ယခင်အနုပညာလုပ်ရှားမှုများက အများအားဖြင့် လူငယ်တက္ကသိုလ်ကျောင်းသား ဒရမ်မာများ၊ အထက်စီးဆန်မောက်မာသော ဥက္ကဋ္ဌဇာတ်ရုပ် ဒရမ်မာများ စသဖြင့်ပင်။ အကျဉ်းချုံးဆိုရလျှင် သူ၏သရုပ်ဆောင် အရည်အချင်းမှာ သိပ်မကောင်း။ သူသည် အတိတ်တစ်ချိန်က ကောင်းထျန်းနှင့် တန်းတူညီမျှသာဖြစ်၏။ ဖြတ်သွားဖြတ်လာကြည့်ရှုသူများက သူပါဝင်သရုပ်ဆောင်ထားသော ဇာတ်ရုပ်များကို မသတီစရာပမာ ဝေဖန်ပြစ်တင်ကြသည်။ သူသည် Fans များကြောင့်သာ အားပေးနှစ်သက်မှုကို ရရှိနေခြင်းဖြစ်သည်။
သို့သော် ကျန့်ရှင်းခယ်က အေးဂျင့်၏ ကောင်းစေချင်သည့်ဆန္ဒကို နားမလည်ချေ။ " ဘယ်လိုလုပ်ပြီး ကျွန်တော့်အတွက်ကောင်းတယ်ဖြစ်ရမှာလဲ၊ သရဲကားရိုက်ပြီး အရံဇာတ်ကောင်လေးပဲ ရတာကလေ...။ ကျွန်တော်မလုပ်နိုင်ဘူး…"
" မင်းဘာလို့ အဲ့လောက်တုံးရတုန်း။ သရဲကားဖြစ်တော့ရော ဘာဖြစ်လဲ။ အရံဇာတ်ကောင်လေးဆိုတော့ရော ဘာဖြစ်လဲ။ ရိုက်မယ့် ဒါရိုက်တာက ဖုကျန်းလေ…" အေးဂျင့်မှာလည်း အလွန်ဒေါသထွက်လာချေပြီ။
" ကောင်းထျန်းက အခုဆို သရုပ်ဆောင် ဖိတ်ကြားစာတွေ ဘယ်လောက်ရနေလဲမင်းကြည့်စမ်းပါ။ မင်းကိုယ်မင်းရော ပြန်ကြည့်စမ်း။ အင်တာနက်သုံးစွဲသူတွေ မင်းအကြောင်းကို ဘယ်လိုပြောနေကြလဲ။ ငါပြောလိုက်မယ်၊ မင်း ဒီရုပ်ရှင်ကို လက်ကိုလက်ခံရမယ်…"
ကျန့်ရှင်းခယ် မျက်မှောင်ကြုတ်သွားပြီး နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ကာ အနည်းငယ် စိတ်ညစ်ညူးသွားသည်။ သူသည် လူအများနှင့်တွဲဖက်လုပ်ကိုင်ရသည်ကို သိပ်သဘောမတွေ့ပါချေ။
အေးဂျင့်သည် စားပွဲခုံကို လက်ဖဝါးဖြင့် ကြမ်းကြမ်းတမ်းတမ်းရိုက်ချလိုက်သည်။
" မင်းသရုပ်မဆောင်ချင်ဘူးဆိုရင် မဆောင်နဲ့။ ဒါရိုက်တာက မင်းလိုလူကိုလည်း သုံးစားချင်မှာမဟုတ်ဘူး…"
" သူ ဘာလို့ကျွန်တော့်လိုလူကို မသုံးစားချင်ရမှာလဲ…"
ကျန့်ရှင်းခယ်သည် လည်ပင်းကြောများထောင်လျက် ပြန်ပြောလိုက်သည်။ သူ့ Fan အင်အားနဲ့တင် ဖုကျန်း၏သည်းထိတ်ရင်ဖိုရုပ်ရှင်ဇာတ်ကားကို လက်မှတ်အကုန်ရောင်းထွက်အောင်လုပ်ပြီး ပိုက်ဆံတောင် ပြန်အမ်းပေးလိုက်လို့ရသည်။
" ဒါဆိုလဲ မင်းသွားပြီးကြိုးစားကြည့်လိုက်စမ်းပါ ဟမ်…" အေးဂျင့်မှာ ကျန့်ရှင်းခယ်အား ဤနည်းလမ်းကို အသုံးချလိုက်သည်။
ကျန်းရှင်းခယ်မှာ အလွန်ငယ်လွန်းသေးသူဖြစ်သဖြင့် သူ့အကြံအစည်အောက်ဝယ် ကျရှုံးသွားသည်။ " ကျွန်တော် လုပ်ပြမယ်…"
<< လွတ်မြောက်ခြင်း>> ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဇာတ်ကောင်နေရာမှာ ၃ နေရာစာသာလိုတော့သည်။ အမျိုးသမီးဇာတ်ဆောင်နေရာအတွက်က ကျိုးဝမ်လျန် အကြံပြုခဲ့သည့် ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးကို ရွေးချယ်ခဲ့သည်။ သူမ၏နာမည်မှာ ကျန်းယင်းဖြစ်ပြီး အသက်လေးဆယ်ရှိပြီဖြစ်ကာ သရုပ်ဆောင်စွမ်းရည်အလွန်ကောင်းပြီး သရုပ်ဆောင်ကြေးကတော့ နည်းလေသည်။
ဖုကျန်းက ဇာတ်လမ်းအသစ်ရိုက်နေပြီဟု ကြားသည့်အခါ ချန်မုန့်သည် ဖုကျန်းကိုချက်ချင်း ဖုန်းခေါ်ပြီး သူမလည်း တစ်နေရာစာရချင်ကြောင်း တောင်းဆိုလာ၏။ ထိုအချိန်က ဒါရိုက်တာအများအပြားက သူမကို ဖိတ်ကြားစာလွှာများစွာပို့နေခဲ့ကြသော်လည်း သူမက အားလုံးကိုငြင်းပယ်ခဲ့လေ၏။
" ဒီမှာ မင်းအတွက် သင့်တော်တဲ့ဇာတ်ကောင်မရှိဘူး။ ပြီးတော့....." ဖုကျန်းက ခဏစကားရပ်လိုက်ပြီး ချန်မုန့်အား ဆက်ပြော၏။
" မင်းက နောက်လနည်းနည်းလောက်နေရင်ပဲ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရတာ့မှာမလား။ ဒီအတောတွင်းမှာ စာလေ့လာတဲ့နေရာမှာပဲ အာရုံစိုက်ထားသင့်တယ်…"
ချန်မုန့်မှာ အနည်းငယ် စိတ်ပျက်အားလျော့သွားသော်ငြား ဖုကျန်း၏စကားကိုနားထောင်ကာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပြင်ဆင်ဖို့အတွက်သာ အာရုံစိုက်ထားလိုက်တော့သည်။
xxxxxxxx