အပိုင်း ၁၀၄
Viewers 23k

ဒုတိယဇာတ်ဆောင်မင်းသားနေရာအတွက် audition လာရောက်ဖြေဆိုသည့် သရုပ်ဆောင်များ၊ စတားများမှာ ဖုကျန်းထင်ထားသည်ထက် ပိုများနေသည်။ ထို့အထဲမှ အများစုက ကျန့်ရှင်းခယ်၏အေးဂျင့်နှင့် အတွေးချင်းတူသူများပင်။ ဖုကျန်းက သူတို့၏သရုပ်ဆောင် အရည်အသွေးများကို မြေတောင်မြှောက်ပေးဖို့ မျှော်လင့်ချက်ထားပြီးလာကြခြင်းဖြစ်၏။ ထိုအခါမှသာ ပရိတ်သတ်များ၏ မျက်လုံးထဲတွင် သူတို့၏ပုံရိပ်က တစ်ဆစ်ချိုးပြောင်းလဲသွားပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုရလာမှာဖြစ်သည်။
ဤတစ်ကြိမ်တွင် ဖုကျန်းသည် သရုပ်ဆောင်ကောင်းသည့် မင်းသားတစ်လက်ကိုသာ အလိုရှိခြင်းဖြစ်၏။ ကောင်းထျန်းတစ်ယောက်နှင့်တင် လုံလောက်နေပြီ။ ထို့အပြင် ကျိုးဝမ်လျန်ကလည်း ဤဇာတ်ကားထဲတွင် အဓိကဇာတ်ဆောင်ဖြစ်သည့်အားလျော်စွာ ကောင်းထျန်းကိုတစ်ခန်းချင်းစီ အသေးစိတ်ချက်ကျလက်ကျ သင်ပေးတုန်းကလို အချိန်ရနိုင်မည်မဟုတ်တော့ပါချေ။
ဒုတိယဇာတ်ဆောင်မင်းသား၏ အခန်းများက အလွန်များများစားစား မပါသော်လည်း သရုပ်ဆောင်မကျွမ်းကျင်ပါက အင်မတန်ကို အချိန်ကုန် လူပင်ပန်းစေလိမ့်မည်။
ကျန့်ရှင်းခယ်၏အေးဂျင့်က ဖုကျန်းအား တသီးတသန့်သွားရောက်၍ ဆွေးနွေးညှိနှိုင်းမှုပြုလေသည်။
" ကျန့်ရှင်းခယ်က သရုပ်ဆောင်ကြေးမယူဘဲ ဒီရုပ်ရှင်ထဲမှာ ပါဝင်ဖို့ဆန္ဒရှိပါတယ်တဲ့…"
ထိုစကားက ဖုကျန်းအား ဆွဲဆောင်နိုင်ခြင်းမရှိ။ သူသည် ဒုတိယဇာတ်ဆောင်မင်းသားကို
သရုပ်ဆောင်ကြေး ယွမ်တစ်သိန်းပေးဖို့ ဝေစုခွဲထားပြီးသားဖြစ်သည်။ ထို့ကြောင့် ကျန့်ရှင်းခယ် သရုပ်ဆောင်ကြေးယူခြင်း၊ မယူခြင်းက သူ့စိတ်ကို ယိုင်နဲ့စေခြင်းအလျဉ်းမရှိချေ။
ဖုကျန်းက တည်ငြိမ်မြဲတည်ငြိမ်နေသည်ကို မြင်လျှင် အေးဂျင့်ကဆက်ပြောလာ၏။
" ဒါရိုက်တာဖု၊ ကျွန်တော်တို့ coco လေးရဲ့ သရုပ်ဆောင်စွမ်းရည်က သိပ်အကောင်းကြီးတော့မဟုတ်ပေမယ့် သူက အရမ်းအလုပ်ကြိုးစားတဲ့ကလေးမို့ ရိုက်ကူးရေးကိုတော့ လုံးဝနှောင့်နှေးစေမှာ မဟုတ်ပါဘူး…"
Fans များက ကျန့်ရှင်းခယ်ကို "ရှင်းရှင်း" ဟုခေါ်ကြသော်လည်း သူ၏မန်နေဂျာကသာ cocoဟု ခေါ်ခြင်းပင်။
နှုတ်ခမ်းကိုတင်းတင်းစေ့လျက် အေးဂျင့်၏ကမ်းလှမ်းလာမှုကို အလေးအနက်မထားသည့် ဖုကျန်းသည် cocoဟူသောအမည်လေးကိုကြားလိုက်ရလျှင် သူ့အိမ်က cocoလေးကိုသတိရသွားကာ မသိလိုက်ခင်မှာပဲ မျက်နှာထက် အပြုံးလေးပွင့်လန်းလာတော့သည်။
ဖုကျန်းပြုံးသွားသည်ကို မြင်လိုက်ရ၍ အေးဂျင့်မှာ ဇာတ်ကောင်နေရာအတွက် အခွင့်အရေးရလိုက်ပြီဟု ထင်လိုက်ကာ ဖုကျန်းကိုဆက်လက်ဆွဲဆောင်သည်။ " ကျွန်တော်တို့cocoက ဥက္ကဋ္ဌဇာတ်ရုပ်တွေမှာ အများကြီးသရုပ်ဆောင်ခဲ့ဖူးတယ်။ ကျွန်တော် ဇာတ်ညွှန်းကို နည်းနည်းလောက်ဖတ်ကြည့်လိုက်တော့ ဒီဇာတ်ကောင်က သူနဲ့ အရမ်းသင့်တော်တယ်…"
ဖုကျန်းက သူ့နဖူးကို ဖိလိုက်သည်။ ကျန့်ရှင်းခယ်သည် ဥက္ကဋ္ဌအခန်းများစွာကို သရုပ်ဆောင်ခဲ့ဖူးသည်မှာ မှန်သော်လည်း သူနှင့်လက်ရည်တူသည့် တခြားမင်းသားများနှင့်ယှဉ်ကာ မဲခွဲစနစ်ဖြင့် ရွေးချယ်ကြည့်လိုက်လျှင် ကျန့်ရှင်းခယ်က စာရင်း၏နောက်ဆုံးနေရာ၌သာ ကျန်ခဲ့လိမ့်မည်။
အေးဂျင့်သည် ကျန်ရှင်းခယ်၏အရည်အချင်းများကို ဖုကျန်းအား အသေးစိတ်ပြောပြနေသည်မှာ သူက ဒုတိယဇာတ်ဆောင်မင်းသားနေရာကို ကျွမ်းကျင်ပိုင်နိုင်စွာ အပြည့်စုံဆုံး သရုပ်ဆောင်နိုင်မည့်အလား။ အဆုံး၌ သူကဆိုသည်။ " ဒါရိုက်တာဖု၊ ကျွန်တော်တို့ cocoလေးကို အခွင့်အရေးပေးပါဦး..."
အမှန်အတိုင်းဆိုရလျှင် ယနေ့ ဒုတိယဇာတ်ဆောင်မင်းသားနေရာအတွက် audition လာဖြေသော သရုပ်ဆောင်များက ကျန့်ရှင်းခယ်နှင့် အရည်အချင်းချင်း ယှဉ်နိုင်သူချည်းများသာ။ ထိုသို့ဆိုလျှင်တောင် ဖုကျန်းက ကျန့်ရှင်းခယ်ကို ထည့်သုံးဖို့မရည်ရွယ်ထားပေ။ သို့သော် အေးဂျင့်ထံမှ " coco,coco" ဟု ခေါ်သော အမည်နာမလေးကြောင့် ဖခင်တစ်ဦးဖြစ်သည့် ဖုကျန်း၏နှလုံးသားလေးမှာ နူးညံ့ပျော့ပြောင်းသွားပြီး အဆုံးတွင် ခေါင်းညိတ်လက်ခံလိုက်လေသည်။
" ဒါဆိုလဲ စမ်းကြည့်ကြတာပေါ့၊ ဒါပေမယ့် ကျွန်တော် တစ်ခုတော့ကြိုပြောထားချင်တယ်။ သူ ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် သူ့နေရာမှာ တခြားတစ်ယောက်ကို ချက်ချင်းအစားထိုးလိုက်မှာ…"
အေးဂျင့်မှာ ဝမ်းသာစွာ ခေါင်းငုံ့ဂါရဝပြုလိုက်သည်။ ဖုကျန်းက ကျန့်ရှင်းခယ်ကိုရွေးချယ်လိုက်သရွေ့ ကျန့်ရှင်းခယ်၏သရုပ်ဆောင်ကောင်းမကောင်းကို နောက်မှဆက်ဆွေးနွေးလို့ရသည်။ ဖုကျန်းက ကောင်းထျန်း၏သရုပ်ဆောင်စွမ်းရည်ကိုတောင် သည်းခံနိုင်ပြီး မြေတောင်မြှောက်ပေးနိုင်ခဲ့သည်ဆိုလျှင် ကျန့်ရှင်းခယ်လောက်က ဘာမှမဟုတ်တော့ပေ။
ပြန်ရောက်ရောက်ချင်းပင် အေးဂျင့်သည် ကျန်ရှင်းခယ်ကို သတင်းကောင်းလေးပြောပြပြီး သူ့အား ဖိအားပေးတော့သည်။ " ရိုက်ကွင်းကိုရောက်ရင် လိမ်လိမ်မာမာနေ၊ ဘာပြဿနာမှရှာဖို့ မတွေးနဲ့။ ဒါရိုက်တာရဲ့ ပြောစကားကိုနားထောင်၊ ပြောတာကြားလား…"
" သိပြီလို့၊ သိပြီ… "
ကျန့်ရှင်းခယ်က လက်ကိုသာဝေ့ယမ်းပြသည်။ သူ့မျက်နှာထားမှာမူ အနည်းငယ် စိတ်မရှည်လက်မရှည်ဖြစ်နေလျက်သား။
ဖုကျန်းက အလွန်အရည်အချင်းရှိသော ဒါရိုက်တာဖြစ်ကြောင်း သူသိပါသော်လည်း သရုပ်ဆောင်ကြေးမယူဘဲ ဒုတိယဇာတ်ဆောင်မင်းသားနေရာကို သရုပ်ဆောင်ပေးရမည်ဆိုသည်က သူ့အား အနည်းငယ်အင်တင်တင်ဖြစ်စေသည်၊ ထို့အပြင် ထိုဇာတ်ကောင်ကလည်း ဇာတ်လမ်းဇာတ်ရှိန်တက်ပြီး မကြာခင်သေသွားသေးသည်။
ကျန့်ရှင်းခယ်၏ပရိတ်သတ်များသည် ကျန့်ရှင်းခယ်က ဖုကျန်း၏သည်းထိတ်ရင်ဖိုဇာတ်လမ်းတွင် ပါဝင်မည်ဟု သိလိုက်ရသောအခါ အလွန်အံ့သြသွားကြသည်။ သူတို့က Fan Group ခေါင်းဆောင်ကို ဤဇာတ်ရုပ်အတွက် သရုပ်ဆောင်ကြေးက များရဲ့လားဟု မေးမြန်းကြသည်။ Fan Group ခေါင်းဆောင်သည် ထိုအကြောင်းကို အေးဂျင့်ဆီ တစ်သီးတသန့်စာပို့ကာသွားမေးသည်။ အေးဂျင့်သည် သက်ပြင်းသာချပြီး ပြန်စာမပို့ချေ။ ကျန့်ရှင်းခယ်သည် ဤဇာတ်ကောင်နေရာကိုရဖို့အတွက် သရုပ်ဆောင်ကြေးမယူခဲ့ရကြောင်း Fans များကိုအသိပေးရမှာ သူရှက်လှသည်။
အင်တာနက်သုံးစွဲသူများကလည်း ထိုသတင်းကိုကြားသိပြီး တုံ့ပြန်ချက်များများစားစားမပေးကြချေ။ ယခင်ကလည်း ဖုကျန်းက ကောင်းထျန်းကို << အဖြူရောင်ရဲတိုက် >> အတွက် ရွေးလိုက်သည်ဟု ကြားကြားချင်း သူတို့သည် ချက်ချင်းလက်ငင်းကို ဤရုပ်ရှင်ကတော့ ဆိုးဝါးစုတ်ပြတ်တော့မည်ဟု ကောက်ချက်ချခဲ့ကြရာ နောက်ဆုံးတွင် သူတို့မျက်နှာကို ဖြတ်ရိုက်ခံခဲ့ရသည်သာ။
ယခုကျန်ရှင်းခယ်အလှည့်တွင်လည်း ရုပ်ရှင်ထွက်လာချိန်၌ ကောင်းထျန်းတုန်းကလို မထင်မှတ်ထားအောင် ကောင်းမွန်နေလိမ့်မည်။ ထိုအတွေးဖြင့် သူတို့သည် မျက်နှာကိုထပ်ဖြတ်အရိုက်ခံရအောင် နောက်ပါးတစ်ဖက်ကို ထိုးမပေးချင်တော့ချေ။
<< လွတ်မြောက်ခြင်း >> ၏ အခန်းတိုင်းလိုလိုသည် indoor scene များသာဖြစ်ပြီး အချိန်က ညဘက်သာများသည်။ ထို့ကြောင့် ဖုကျန်းသည် ညဉ့်နက်သည်အထိ နေဖို့လိုပြီး ကျန်းဟန်ရှုသတ်မှတ်ပေးထားသည့် အချိန်ဇယားကိုလည်း လိုက်နာဖို့မဖြစ်နိုင်တော့ပေ။
ဖုကျန်းမှာ ခွင့်ပြုချက်မရမချင်း ကျန်းဟန်ရှုကို အချိန်အကြာကြီး တောင်းပန်လိုက်ရသည်။ သို့သော် ကျန်းဟန်ရှုက ဤရုပ်ရှင်ကိုရိုက်ပြီးလျှင် နားရက်ယူပြီး ယခုထိ မထွက်ဖြစ်သေးသည့် ဟန်းနီးမွန်းခရီးကို လိုက်ခဲ့ရမည်ဖြစ်ကြောင်း ရာဇသံပေးသည်။
ဖုကျန်းကလည်း တစ်ခါတည်း ခေါင်းညိတ်သည်။
ဝေ့သျဲချီသည် << လွတ်မြောက်ခြင်း >> ၏ဇာတ်ညွှန်းကို လျင်မြန်စွာရေး၍ပြီးစီးသွား၏။ ထို့အထဲမှ သည်းထိတ်ရင်ဖိုဇာတ်ကွက်များ အားလုံးက သူ၏ လျှပ်တစ်ပြက်ပေါ်လာသည့်အကြံများကို စုစည်း၍ရေးထားခြင်များဖြစ်၏။ ခေတ်ပေါ် ခံစားမှုရသဒရမ်မာများ ရေးခဲ့သည့် ဤနှစ်တွေထဲ မည်သူ့ကိုမှ ထုတ်မပြဖြစ်ခဲ့သော အရည်အချင်းများဆိုလည်းမမှားပေ။
သူ ခေတ်ပေါ်အဆွေးဒရမ်မာများ ရေးခဲ့စဉ်ကလည်း သည်းထိတ်ရင်ဖိုဇာတ်ကွက်တစ်ချို့ကို ထည့်လေ့ရှိခဲ့သည်။ ကြည့်ရှုသူများမှာ ကြက်သီးတဖြန်းဖြန်းထပြီး ချွေးတအေးအေးဖြင့် ကြည့်ရမည်မှာ မလွဲဧကန်။
ဇာတ်ညွှန်းကိုအပြီးသတ်ပြီးသည်နှင့် ဝေ့သျဲချီသည် ဖုကျန်းထံကို ပထမဆုံးအကြိမ် ပေးပို့လိုက်သည်။ ဇာတ်ညွှန်းကိုဖတ်ပြီးသည်နှင့် ဖုကျန်းမှာ အံ့သြဘနန်းဖြစ်သွားရ၏။ ပရော်ဖက်ရှင်နယ် သည်းထိတ်ရင်ဖိုဇာတ်ညွှန်းဆရာတစ်ယောက်တောင်မှ သူလောက်ထူးထူးခြားခြားမရှိဟု ဆိုရမှာပင်။
အဘယ်ကြောင့်ဆိုသော် ဖုကျန်းမှာ တစ်ညလုံးအိပ်မက်ဆိုးများ မက်ခဲ့သောကြောင့်ပင်။ကျန်းဟန်ရှုက သူ့ဘေးတွင် တစ်ချိန်လုံးရှိနေပေး၍သာ တော်တော့သည်။ မဟုတ်လျှင် သူတစ်ညလုံး မျက်လုံးတောင် မှိတ်ရဲမှာမဟုတ်ပေ။ နောက်တစ်နေ့ သူ ဝေ့သျဲချီကို သွားတွေ့ချိန်တွင် မျက်လုံးနှစ်အောက်၌ မျက်ကွင်းများ အကွင်းလိုက်ညိုနေတော့သည်။
ဝေ့သျဲချီက ဖုကျန်း၏မျက်တွင်းချောင်နေသော မျက်နှာကိုကြည့်ပြီး ပြောသည်။
" ဒါရိုက်တာဖု၊ မနေ့ညက မစ္စဖုနဲ့ အတော်လေး အချစ်ကြမ်းလိုက်တယ်နဲ့တူတယ်…"
" ခင်ဗျားရဲ့ဇာတ်ညွှန်းကြောင့် ကျွန်တော် တစ်ညလုံး အိပ်မက်ဆိုးတွေမက်လို့…"
ဖုကျန်းက သက်ပြင်းချပြီး လန်းဆန်းသွားအောင် စားပွဲထိုးကို ကော်ဖီနှစ်ခွက်မှာလိုက်သည်။ ပြီးနောက် ပရင့်ထုတ်ထားသည့် ဇာတ်ညွှန်းကို ဝေ့သျဲချီရှေ့ တွန်းပို့လိုက်ကာ ပြောလေ၏။
" ကျွန်တော့်အထင် ဇာတ်သိမ်းကိုပြောင်းလိုက်တာ ပိုကောင်းမယ်…"
ဝေ့သျဲချီက ခေါင်းငုံ့လိုက်ပြီး ဇာတ်ညွှန်းကို နောက်ဆုံးပိုင်းအထိ တစ်ချက်တည်းလှန်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ပီပီသသအပြုံးတစ်ခုပေါ်လာပြီး ဖုကျန်းအားမော့ကြည့်ကာ ဆိုသည်။ " ရုပ်ရှင်ရုံလား…"
ဖုကျန်းက ခေါင်းညိတ်သည်။
ဝေ့သျဲချီ၏မျက်နှာပေါ်မှ အဓိပ္ပာယ်ပါပါအပြုံးက ပိုပြီးလေးနက်လာကာ ခေါင်းကိုတဆတ်ဆတ်ခါရမ်းရင်း ဖုကျန်းကို ဝေဖန်ပြစ်တင်ဟန်ပြောဆိုလေ၏။ " မင်း..မကောင်းတဲ့လူအိုကြီး တကယ်ကိုဆိုးလိုက်တာ…"
ဧပြီလအစောပိုင်းတွင် ဇာတ်ညွှန်း၊ ရိုက်ကူးမည့်နေရာ၊ ဝတ်စုံများနှင့် ရုပ်ရှင်အသုံးအဆောင်ပစ္စည်းများ သာမက သရုပ်ဆောင်များပါ << လွတ်မြောက်ခြင်း >> ကို စတင်ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေကြပြီ။
ရိုက်ကူးရေးမစခင်တွင် ဝတ်ပြုဆုတောင်းပွဲလေးတစ်ခု စီစဉ်ထားသေးသည်။ အဘယ်ကြောင့်ဆိုသော် << လွတ်မြောက်ခြင်း >> တွင် လူအမြောက်အမြား သေကြေကြမည်ဖြစ်သဖြင့် ယခုအချိန် ဝတ်ပြုဆုတောင်းပွဲလေးလုပ်ထားခြင်းက ပိုပြီးသဘာဝကျကျလေးရှိသည်။ ဖုကျန်းသည် စာအိတ်နီလေးများကို ပြင်ဆင်ထားပြီး နေ့လယ်စာဗူးနှင့်အတူ သရုပ်ဆောင်များကို
ဝေပေးလိုက်သည်။
ဝတ်ပြုဆုတောင်းပွဲနှင့် စားသောက်ပွဲပြီးလျှင် နောက်တစ်နေ့၌ ရိုက်ကူးရေးစလေပြီ။
ဖုကျန်းသည် ရိုက်ကွင်းကိုရောက်ပြီး နေရာစုံကို လှည့်ပတ်စစ်ဆေးလိုက်သည့်အခါ သရုပ်ဆောင်တစ်ယောက် ပျောက်နေကြောင်း သတိထားမိလိုက်သည်။ သူက လက်ထောက်ဒါရိုက်တာကို မေးလိုက်၏။
" ကျန့်ရှင်းခယ်က ဘာလို့မရောက်လာသေးတာလဲ…"
လက်ထောက်ဒါရိုက်တာက ဖုကျန်းကို ရှင်းပြသည်။ " သူ တခြားမြို့မှာ တရေးတကြီးချိန်းထားတာရှိလို့ မလာနိုင်ကြောင်းပြောပြီး ခွင့်ယူထားပါတယ်…"
ဖုကျန်း၏နှုတ်ခမ်းများက တစ်စုံတစ်ခုပြောရန် လှုပ်ရှားသွားသော်လည်း သူ့မျက်ဝန်းများက ရိုက်ကွင်းဆီ ပြန်ရောက်သွားသောအခါ စကားလုံးများကို ပြန်မျိုချလိုက်သည်။ သူ လက်ထောက်ဒါရိုက်တာအား ပြောလိုက်၏။
" ဒါဆိုလဲ တခြားအခန်းကိုပဲ အရင်ရိုက်ကြတာပေါ့…"
မိတ်ကပ်ပြင်ဆရာက ကျိုးဝမ်လျန်နှင့် ကျန်းယင်းကို လက်ရာပီပြင်စွာ မိတ်ကပ်ပြင်ပေး၏။ ကျန်းယင်းက ရုပ်ရှင်ထဲတွင် ကျိုးဝမ်လျန်၏အမေနေရာ၌ သရုပ်ဆောင်ရမည်ဖြစ်သည်။ သူမသည် အသက်နှစ်ဆယ်မှ အသက်ငါးဆယ်အမျိုးသမီးတစ်ဦးအရွယ်ထိ သရုပ်ဆောင်ရမည်ဖြစ်သည်။ သို့သော်လည်း ဖုကျန်းနှင့် ကျိုးဝမ်လျန်က သူမ၏သရုပ်ဆောင်အရည်အချင်းအား ယုံကြည်မှုမပျက်ခဲ့ပေ။
" အိုကေ၊ ကတ်…"
ဖုကျန်း၏မျက်လုံးများက မော်နီတာဖန်သားပြင်မှ ဖယ်ခွာသွားပြီး နောက်တစ်ခန်းကိုထပ်ရိုက်ရန် ကျိုးဝမ်လျန်အားပြောတော့မည်ပြုစဉ် ဖုကျန်းချန်ကို ရိပ်ခနဲမြင်လိုက်ရသည်။ ဖုကျန်းချန်သည် လူအုပ်စုနှင့်သိပ်မဝေးသည့်နေရာတွင် ရပ်နေပြီး သူ့အား နူးညံ့ငြင်သာစွာ ကြည့်နေသည်။
ဖုကျန်းသည် ခဏတာ တွန့်ဆုတ်သွားသော်လည်း ခုံမှထလိုက်ကာ ဖုကျန်းချန်ရှိရာသို့ လျှောက်သွားလိုက်သည်။ သူ ဖုကျန်းချန်ကို လူအုပ်ကြားထဲမှ ဆွဲခေါ်ခဲ့ကာ မေးလိုက်သည်။
" ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ…"
ဖုကျန်းချန်က ဖြေ၏။ " မင်း ဒီမှာ ရိုက်ကူးရေးလုပ်နေတယ်ကြားလို့ ငါလည်း အလုပ်မရှိတာနဲ့ မင်းကိုတွေ့ဖို့လာခဲ့လိုက်တာ…"
ဖုကျန်းမှာ ဘာပြောရမှန်းမသိ။ ရိုက်ကူးရေး Staff တစ်ယောက်က ထိုင်ခုံလာချပေးသည့်အခါမှ ဖုကျန်းချန်အား ထိုင်ဖို့ပြောရန်သတိရသည်။ " ဒီမှာခဏထိုင်ဦး…"
" မင်းစားပြီးပြီလား…" ဖုကျန်းချန်က မေးလာ၏။
ဖုကျန်းက ခေါင်းခါပြလိုက်သည်။ " မစားရသေးဘူး။ နောက်တစ်ခန်းရိုက်ပြီးတဲ့အထိစောင့်ဦး ပြီးမှစားမယ်…"
" မင်းအလုပ်များနေတာပဲ။ ငါ့ကို စိတ်ထဲထားစရာမလိုပါဘူး…"
" အင်း "
ဖုကျန်းက လှည့်ထွက်သွားပြီး မော်နီတာရှေ့တွင် ပြန်ထိုင်သည်။ သူ မထိုင်ခင် ဖုကျန်းချန်ကို ပြန်လှည့်ကြည့်လိုက်ရာ ထိုသူက အဝေးကိုသာကြည့်နေလေ၏။
ဖုကျန်း သူ့အကြည့်များကို ပြန်သွေဖယ်လိုက်ပြီး သရုပ်ဆောင်များကို မှာကြားလိုက်သည်။
" ပြန်စမယ်…"
အနောက်မှ စူးရှသောအော်သံများ တရစပ်ထွက်လာသောကြောင့် တံခါးရွက်အနောက်တွင် ပုန်းခိုနေသည့် ကျိုးဝမ်လျန်မှာ တုန်လှုပ်ခြောက်ခြားလာသည်။ ခြေသံများ နီးကပ်လာသည်နှင့်အမျှ သူ၏လက်ချောင်းများမှာလည်း တသိမ့်သိမ့်တုန်ယင်နေသည်။ သူခေါင်းမော့ကြည့်လိုက်ရာဝယ် လွန်ခဲ့သည့်နှစ်နှစ်က သေဆုံးသွားခဲ့သော သူ့မိခင်က သူ့အရှေ့တည့်တည့်တွင်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
...............
ကျန့်ရှင်းခယ်သည် ရှိုးပွဲပြီးပြီးချင်း သူ့အေးဂျင့်ဆီမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။
" မင်း ဒီနေ့ ရိုက်ကူးရေးကို မသွားဘူးလား…"
" ခင်ဗျားမေ့နေပြီလား ကျွန်တော်ဒီနေ့ Fan တွေနဲ့ တွေ့ဆုံပွဲရှိတယ်လေ…" ကျန့်ရှင်းခယ်က ဂရုမစိုက်စွာပြောသည်။ ရိုက်ကူးရေးထက် ပရိတ်သတ်များက ပို၍အရေးပါသည်မဟုတ်ပါလား။
" ငါ မင်းကို ဖျက်ဖို့မပြောလိုက်ဘူးလား။ မင်း ဘာလို့ လက်ခံလိုက်တာလဲ…"
" ကျွန်တော် ရိုက်ရမဲ့အခန်းတွေက သိပ်မများဘူး။ အဲ့ဒါကြောင့် နှစ်ရက်သုံးရက်လောက်အတွင်း ကျွန်တော့်အခန်းတွေအကုန်လုံးကို အပြီးရိုက်ပြီးရင် ထွက်ဖို့ ဒါရိုက်တာကိုပြောလိုက်တယ်…"
ကျန့်ရှင်းခယ် သူ့အေးဂျင့်ကို မပြောပြခဲ့သည်က သူထွက်ဖို့ပြောခဲ့သည့်ဒါရိုက်တာမှာ လက်ထောက်ဒါရိုက်တာဖြစ်သည်ကိုပင်။
" ကျန့်ရှင်းခယ်၊ မင်းငါ့ကို သတ်ဖို့ကြံစည်နေစတာလား၊ မင်းအတွက် ဒီနေရာကိုရဖို့ ငါဘယ်လောက် ခက်ခက်ခဲခဲကြိုးစားခဲ့ရလဲ မင်းသိလား…"
" ကျွန်တော်ကရော ဒီနေရာကို ရချင်နေတယ်ထင်လို့လား…" ကျန့်ရှင်းခယ်၏အသံက အနည်းငယ်ကျယ်လာ၏။
ကျန့်ချင်းခယ်နှင့် စကားများရချိန်တိုင်း သူ့အသံက ကလေးတစ်ယောက်လို ဂဂျီဂဂျောင်ကျနေသည်နှင့်တူလှသည်။ အစပထမတွင် မန်နေဂျာမှာ စိတ်ရှုပ်ထွေးရပါသော်လည်း ကြာလာသည်နှင့်အမျှ ကျင့်သားရလာကာ ဖုန်းထဲကနေ သူ့ကိုပြန်အော်လိုက်သည်။
" မင်း နည်းနည်းလောက် အားတက်သရောရှိလို့မရဘူးလား၊ လူတွေက တစ်ချိန်လုံး မင်းကို မသတီစရာဥက္ကဋ္ဌလို့ပဲ ဆူဆဲနေကြမှာကို မင်းခံချင်တာလား၊ မင်း အမြဲတမ်း အဲ့လိုအိုင်ဒေါဘဝနဲ့ပဲ နေသွားတော့မှာလား…"
ကျန့်ရှင်းခယ်က ပါးများကိုစူဖောင်းကာလေပူများမှုတ်ထုတ်လိုက်ပြီး ဘာမှမပြော။ သူ့ပုံက ရန်ပဲထဖြစ်တော့မည်ပုံစံ။
" မင်းရိုက်ကွင်းကို အမြန်ဆုံးသွားပြီး ဒါရိုက်တာကို သွားတောင်းပန်။ ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းခဲ့…"
ကျန့်ရှင်းခယ်က အသံထွက်ရုံတုံ့ပြန်လိုက်သည်။ သို့သော် သူ့စိတ်ထဲတွင်မူ ဖြေရှင်းရမည့်ပြဿနာက အေးဂျင့်ပြောင်းရမည့်ကိစ္စပဲဖြစ်သည်ဟု တွေးနေမိသည်။ ထိုသို့တွေးသည်ကလည်း ပထမဆုံးအကြိမ်တော့မဟုတ်။
ဤလူက သူ့ကို သရုပ်ဆောင်ကြေးမယူဘဲ ရုပ်ရှင်ရိုက်ခိုင်းသည်။ သူက အသက်၁၈နှစ်တည်းရှိသေးတာတောင်မှ ကျိုးဝမ်လျန်လို အဓိကဇာတ်ဆောင်နေရာကိုမရနိုင်ခဲ့ချေ။
ကျန့်ရှင်းခယ်သည် ကားပေါ်တက်ပြီး ဖျင်ဟိုင်မြို့သို့ ပြန်သွားကာ << လွတ်မြောက်ခြင်း>> ကိုရေးသည့် ဇာတ်ညွှန်းရေးဆရာကို စုံစမ်းကြည့်လိုက်သည်။ ဇာတ်ညွှန်းရေးဆရာမှာ ခေတ်ပေါ်အဆွေးဒရမ်မာများရေးသည့် တတိယတန်းစား ဇာတ်ညွှန်းရေးဆရာဖြစ်ကြောင်းသိရှိလိုက်ရသည်။ ကျန့်ရှင်းခယ်မှာ အင်မတန် ပျော်ရွှင်သွားသည်။
သူ ဖုကျန်းကို နေရာမတောင်းနိုင်လျှင်တောင် ဤဇာတ်ညွှန်းရေးဆရာ အငယ်စားလေးကိုတော့ လွယ်လွယ်ကူကူ ကိုယ်တွယ်နိုင်ပါလိမ့်မည်။
အခန်းသိပ်မများဘူး၊ အခန်းတွေထပ်ထည့်၊ အခန်းတွေထပ်ထည့်ပစ်ရမယ်။
ပိုက်ဆံပေးပြီး အခန်းတွေများများထပ်ထည့်ခိုင်းရမယ်။
xxxxxx