အပိုင်း ၁၀၅
Viewers 23k

ကျန့်ရှင်းခယ်ရောက်လာချိန်၌ ညနေပင်စောင်းလုနေပြီး ဖုကျန်းက ရိုက်ကူးရေးပင်သိမ်းနေလေပြီ။
ထိုအချိန်က ဖုကျန်းသည် ဝေ့သျဲချီ၊ လောဖျင်ဖျင်တို့နှင့်အတူ ဇာတ်ညွှန်းအတွက် ပြင်ဆင်သင့်တာပြင်ဆင်ဖို့ တိုင်ပင်နေချိန်ဖြစ်၏။
ကျန့်ရှင်းခယ်က ဖုကျန်းရှိရာသို့ လျှောက်လာလျက် ဆိုသည်။
" တောင်းပန်ပါတယ် ဒါရိုက်တာ၊ ကျွန်တော် ဒီနေ့ ဖန်မီတင်တက်စရာလေး ရှိနေခဲ့လို့ပါ..."
သူက ဖုကျန်းနှင့် သက်တူရွယ်တူနီးပါးဖြစ်သောကြောင့် ဖုကျန်းကို ဒါရိုက်တာအဖြစ် လေးလေးစားစားဆက်ဆံဖို့ အင်မတန်ခက်ခဲလှသည်။ သူက ပါးစပ်ကသာ တောင်းပန်နေသော်ငြား မျက်လုံးထဲတွင်တော့ တောင်းပန်သည့်အရိပ်အယောင် စိုးစဉ်းမျှမရှိပါချေ။
သူသည် အလိုလိုက်ခံထားရ၍ ပျက်စီးနေသော စိတ်ကြီးဝင်နေသည့် လူငယ်တစ်ယောက်ပမာ ပြုမူပြောဆိုလေသည်။
သဘောတူစာချုပ်မချုပ်ဆိုခင်က ကျန့်ရှင်းခယ်၏အေးဂျင့်သည် ကျန့်ရှင်းခယ်ဟာ ဤအတောအတွင်း ဘာပွဲအစီအစဉ်မှမရှိဘဲ ရိုက်ကွင်း၌သာ နေလိမ့်မည်ဟု ဖုကျန်းကို ကတိပေးခဲ့သည်။ သို့သော် ပထမဆုံး ရိုက်ကူးရေးစသည့်နေ့၌ ဤလူက ရောက်မလာခဲ့ချေ။
ဖုကျန်းက အသံထွက်ရုံမျှတုံ့ပြန်ကာ ဘဝင်မကျမှုကို ချုပ်တည်းထားလိုက်ပြီး ကျန့်ရှင်းခယ်အား ပြောလိုက်၏။ "သွားပြီး မိတ်ကပ်ပြင်လာခဲ့..."
ကျန့်ရှင်းခယ်သည် ယနေ့ရှုတင်ကိုမလာချင်၍ အပြင်တွင် တမင်တကာ အချိန်ဖြုန်းနေခဲ့ခြင်းသာ ဖြစ်လေ၏။ သူက ဝေ့သျဲချီကို ဇာတ်ညွှန်းပြောင်းရေးခိုင်းဖို့ စီစဉ်ထားပြီးဖြစ်၍ ယနေ့ရိုက်မည့် အခန်းဟာလည်း နောက်ပိုင်းတွင် ပြန်ဖျက်ရမည့် ရာခိုင်နှုန်းများသဖြင့် သူမလာလိုခဲ့ခြင်းပင်။
ဤသို့ ဇာတ်ညွှန်းပြောင်းစေကာ အခန်းပိုများထပ်ထည့်ခိုင်းခြင်းသည် သူ့အတွက် ပထမဆုံးအကြိမ်တော့မဟုတ်ချေ။ ဝေ့သျဲချီက သူ့ကိုဆန့်ကျင်ရဲတဲ့အထိ ဘဝင်မြင့်မနေလောက်ဟု တွေးကာ သူ ပို၍ ရဲတင်းနေသည်။
ဒါရိုက်တာ ဖုကျန်းက ဤသည်းထိတ်ရင်ဖိုရုပ်ရှင်ဇာတ်ကားအတွက် ဝေ့သျဲချီကို တကူးတက ရှာယူခဲ့ကြောင်း သူသတင်းကြားထားသည်။ ထိုကြောင့် သူက ဝေ့သျဲချီကိုသာ ဂရုစိုက်ဖို့လိုအပ်ပြီး ဖုကျန်းက ဝေ့သျဲချီပြောသမျှ နာခံကာ လိုက်လုပ်မည်ဆိုလျှင် အရာအားလုံးက ပြေလည်ပြီသာ။
၎င်းအစီအစဉ်က ကျန့်ရှင်းခယ်အား မျှော်လင့်ချက် အပြည့်အဝပေးနေသည်။
" ဒါရိုက်တာ ၊ မှောင်တောင်မှောင်တော့မှာကို ကျွန်တော်တို့ ရိုက်ကူးရေးလုပ်ရဦးမှာလား..." ကျန့်ရှင်းခယ်က မေးသည်။
ဖုကျန်းက ခေါင်းညိတ်၏။ " ငါတို့ ဒီနေ့ည ညပိုင်းအခန်းတွေ ရိုက်မယ်..."
ကျန့်ရှင်းခယ်မှာ အထွန့်မတက်ရဲတော့ဘဲ နာခံစွာသာ မိတ်ကပ်လိမ်းပြီး အဝတ်အစားလဲကာ လူအများရှေ့မှောက်၌ နေရာယူလိုက်သည်။ ကျန့်ရှင်းခယ်က တကယ်စင်စစ်ချောမောလှသည်။ မဟုတ်လျှင် ပရိတ်သတ်ငယ်လေးများကို အဘယ်မှာ ဆွဲဆောင်နိုင်ပါ့မည်နည်း။ ယခုမူ မတူကွဲပြားသော မိတ်ကပ်ကြောင့် လူတစ်ကိုယ်လုံးပြာနှမ်းနေသလိုရှိသော်ငြား မျက်နှာလေးကတော့ ကြည့်ကောင်းနေဆဲပင်။ သို့သော် ယခင်ကလို သိမ်မွေ့ကြော့ရှင်းမှုများတော့ မရှိတော့ချေ။
" စမယ်..."
ဖုကျန်း၏စကားအသံဆုံးသည်နှင့် ရိုက်ကွင်းဒါရိုက်တာက ဘုတ်ပြားကိုထောင်လိုက်သည်။ ကင်မရာက ကျန်ရှင်းခယ်နှင့် ကျိုးဝမ်လျန်တို့ကို ချိန်ထားလျက် စတင်ရိုက်ကူးလေတော့သည်။
ကျိုးဝမ်လျန်က ပင့်သက်ရှိုက်ပြီး ကျန်ရှင်းခယ်ကို မေးလေသည်။ " မင်း အခုလေးတင် တစ်ခုခုနဲ့ တွေ့လာခဲ့ရတာလား..."
သို့သော် ရိုက်ကူးရေးတစ်ဖွဲ့လုံး မမျှော်လင့်ထားသည့်လုပ်ရပ်ကို ကျန့်ရှင်းခယ်က လုပ်လိုက်သည်။ သူက သူ၏ဇာတ်ညွှန်းစာသားကို အလွတ်ရွတ်ဆိုနိုင်ခြင်းမရှိခဲ့ချေ။ ထို့အစား သူက ကျိုးဝမ်လျန်ဘက်လှည့်ကာ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ဟူ၍ ကိန်းဂဏန်းများကို စတင်ရေရွတ်လေသည်။ ကျိုးဝမ်လျန်သာ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရသူ မဟုတ်ပါက ချက်ချင်းကို ခွက်ထိုးခွက်လန် ထရယ်မိမှာစိုးရသည်။ အဆိုးဆုံးအရာက ကျန့်ရှင်းခယ်သည် သူ့ကိုယ်သူ အထက်စီးဆန်ဆန်ဥက္ကဋ္ဌဇာတ်ကောင်နေရာ၌ ဝင်သရုပ်ဆောင်နေသည်ဟု ထင်နေသလားမသိ၊ ဤကဲ့သို့ အခြေအနေမှာပင် ကျိုးဝမ်လျန်အား ပြုံးပြနိုင်နေသေးသည်။
ထိုတစ်ပိုင်းမှာ အဆုံး၌ ရိုက်ကူး၍ ပြီးစီးသွားသည်။ ရိုက်ကူးရေးဝန်ထမ်းများမှာ နှစ်ခြင်းအသင်းတော်၌ ရောက်နေသလိုပင်ခံစားလိုက်ကြရ၏။ သူတို့မှာ ကျန့်ရှင်းခယ်ကို ကြည့်ပြီး လူတစ်ယောက်၏ သရုပ်ဆောင်အရည်အချင်းက မည်မျှထိဆိုးဝါးနိုင်ကြောင်း သိရှိလိုက်ရသလိုပါပင်။
" နောက်တစ်ခန်းကို ပြောင်းရိုက်မယ်..." ဖုကျန်းက ကျန့်ရှင်းခယ်၏သရုပ်ဆောင် အရည်အချင်းကို ကောင်းစွာနားလည်သဘောပေါက်သွားသည်။ သူက ကျန်ရှင်းခယ်နှင့် တွဲရိုက်နေသည့် ကျိုးဝမ်လျန်ကို လှမ်းပြောလိုက်၏။ " မစ္စတာကျိုး၊ ပြန်ပြီးအနားယူလို့ရပါပြီ။ ခင်ဗျား ဒီနေ့တစ်နေ့လုံး ရိုက်ကူးခဲ့ရတာ..."
ကျိုးဝမ်လျန်က ဖုကျန်းထံ လျှောက်လာလျက် မေးလေသည်။ " ဒါဆို ဒီနေ့အတွက် ကျွန်တော့်တာဝန် ပြီးပြီပေါ့..."
ဖုကျန်းက တွေးတွေးဆဆဖြင့် ခေါင်းညိတ်ပြလိုက်သည်။
" အစောကတစ်ပိုင်းက အဆင်ပြေလိုက်လား ဒါရိုက်တာ..."
ရိုက်ကွင်းဒါရိုက်တာက ရောက်လာကာ အမေးစကားပြု၏။
" ဖျက်ပစ်လိုက်ပြီ..."
ရိုက်ကွင်းဒါရိုက်တာမှာ နှာမှုတ်လိုက်သည်၊ ထိုစဉ် ဖုကျန်း၏စကားသံကို သူ ကြားလိုက်ရလေ၏။
" အခန်းဆယ့်သုံးကိုရိုက်မယ်..."
ကျန့်ရှင်းခယ် ဇာတ်ညွှန်းကို တစ်ချက်ကြည့်လိုက်သည်။ နောက်အခန်းက အခန်းတစ်ခန်းထဲ၌ သူ တစ်ယောက်တည်းရောက်နေကာ ထွက်ပေါက်အတွက် သဲလွန်စကိုရှာဖွေနေခြင်းဖြစ်၏။ အများစုက တစ်ကိုယ်တည်းစကားပြောခန်းများဖြစ်ကာ ဇာတ်ညွှန်းစာသားလည်းများလှသည်။ ပြဿနာက ကျန့်ရှင်းခယ်က သူပြောရမည့်ဇာတ်ညွှန်းစာသားများကို မကျက်ခဲ့ခြင်းပင်။ ယခင်ကလည်း မကျက်ခဲ့သလို ယခုလည်း မကျက်ပါချေ။ ကျန့်ရှင်းခယ်က ယုံကြည်မှုအပြည့်ဖြင့် နေရာယူပြီး 'Action' ဟု ကြားလိုက်သည်နှင့် စတင်သရုပ်ဆောင်သည်။
ထိုအခန်းပြီးသွားသည့်အခါ ဖုကျန်းက သူ့သရုပ်ဆောင်ထားသည့်ပုံရိပ်များကို မျက်နှာသေဖြင့် ပြန်ကြည့်လိုက်ရင်း ခေါင်းကိုမော့ကာ ကျန့်ရှင်းခယ်အားပြောလိုက်သည်။ " ပြန်စမယ်... "
အကြိမ်ရေမနည်းပြန်ရိုက်ကူးပြီးသည်အထိ အခြေအနေက ပိုကောင်းမလာခဲ့ချေ။ ကျန့်ရှင်းခယ်မှာ စိတ်ညစ်ညူးလာပြီး မျက်နှာကပုတ်သိုးလာသည်။
တစ်ဖက်တွင်လည်း ဖုကျန်းမှာ ဖခင်စိတ်ထားမိခဲ့ခြင်းကို အင်မတန်ပင်နောင်တရနေလေပြီ။ သူ အေးဂျင့်ကို ကျန့်ရှင်းခယ်အား လက်ခံမည်ဟု ကတိပေးထားခဲ့မိသည်။ ထိုသူသာ ကောင်းထျန်းလို ဇွဲ၊လုံ့လလေးရှိပါက အောင့်အည်းသည်းခံလို့ရသေးသည်။ ထို့ထက် ဒုတိယအမျိုးသားဇာတ်ဆောင်၏အခန်းများက သိပ်မများသောကြောင့် အေးဂျင့်ကို ဆရာတစ်ယောက်ခေါ်ခိုင်းပြီး သင်ခိုင်းဖို့ကလည်း မဖြစ်နိုင်ပြန်။
ကျန့်ရှင်းခယ်ကို ကြည့်ပြန်လျှင်လည်း ထိုသူကအနည်းငယ် ဘဝင်မြင့်ကာ နာခံကျိုးနွံတတ်သည့်ပုံမရှိချေ။
ဖုကျန်း နှုတ်ဆိတ်သွားသည်။ ကျန့်ရှင်းခယ်၏သရုပ်ဆောင်မှုကြောင့် သူ အလွန်ရှော့ခ်ရနေကာ သူ သူ့ကိုနားလည်အောင် အတတ်နိုင်ဆုံးရှင်းပြလိုက်သည်။
" ဒါက သည်းထိတ်ရင်ဖိုဇာတ်လမ်းဆိုပေမယ့် ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာ လူတိုင်းက အော်ဟစ်နေ၊ ကြောက်လန့်နေရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ မင်း ဇာတ်ကောင်ရဲ့ စရိုက်အနေအထားကို ကြည့်ပြီးပြီလား။ မင်းရဲ့စိတ်ကအရမ်းသန်မာတယ်။ နားလည်ရဲ့လား..."
ဖုကျန်းသည် အချိန်အတော်ကြာ ရှင်းပြလိုက်ပါသော်လည်း နောက်တစ်ဖန်ပြန်ရိုက်ကူးသည့်အခါ၌ ကျန့်ရှင်းခယ်၏သရုပ်ဆောင်မှုက ယခင်အတိုင်း မထူးမခြားမနားဖြစ်နေဆဲပင်။ ဖုကျန်းမှာ ကျန့်ရှင်းခယ်၏အခန်းများပြီးသည့်နေ့အထိ သူတော့ ဘတ်ဂျက်ငွေမလောက်မငှဖြစ်တော့မည်ဟု ပထမဆုံးအကြိမ် ခံစားလာရသည်။
ဖုကျန်း အနည်းငယ်ဒေါသထွက်နေသည်။ ပထမအချက် ထိုသူက ကောင်းကောင်းသရုပ်မဆောင်နိုင်ခြင်းကြောင့်၊ နောက်တစ်ချက်က ကောင်းကောင်း သရုပ်မဆောင်ခြင်းကြောင့်ပင်။ ကျန့်ရှင်းခယ်၏စိတ်များက သရုပ်ဆောင်နေသည့်အပေါ်၌ လုံးဝရှိမနေကြောင်း ထင်ရှား၏။ ဖုကျန်းမှာ ဤလူသစ်လေးနှင့် တစ်ပွဲတစ်လမ်း ဆင်နွှဲပစ်ချင်လာသည်။
ကံကောင်းထောက်မစွာ ထိုအချိန်တွင် ဖုန်းဝင်လာသဖြင့် သူ့ဒေါသများကို ပြန်မြိုချလိုက်ရသည်။
ဖုန်းခေါ်လာသူက ကျန်းဟန်ရှုဖြစ်၏။ ကျန်းဟန်ရှုမှာ ဖုကျန်း၏အသံကိုကြားလိုက်ရချင်း အသံကမူမမှန်နေကြောင်း ချက်ချင်းသတိထားမိသွားကာ မေးလာ၏။
" ဘာအဆင်မပြေဖြစ်လို့လဲ၊ စိတ်တိုနေတာလား..."
ဖုကျန်းက သက်ပြင်းချလိုက်၏။ ထို့နောက် အမိုးအောက်တွင် အဖိုးအိုကြီးလိုထိုင်ကာ ဘေးနားက လက်ထောက်က သူသောက်ဖို့ရေဘူးကို ကိုင်ပြီးစောင့်ပေးနေရသည့် ကျန့်ရှင်းခယ်ထံ အကြည့်ပို့လိုက်သည်။ ဖုကျန်း အကြည့်များကိုပြန်သွေဖယ်လိုက်ပြီးနောက် ကျန်းဟန်ရှုအား ပြောလိုက်၏။
"ဆဲချင်နေတာ..."
ဖုကျန်းမှာ ကျန့်ရှင်းခယ်လို သရုပ်ဆောင်မျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်။ သူက သရုပ်ဆောင်နိုင်စွမ်းလည်းမရှိသလို သင်ယူမှုအားကလည်း မကောင်းပေ။ သရုပ်ဆောင်မကောင်းသည်ကို အသာထား၊ ဇာတ်ညွှန်းစာသားလေးကိုတောင်မရဘဲ တစ်၊ နှစ်၊ သုံး၊ လေးဟု တစ်ကနေ တစ်ရာအထိသာ ရွတ်တတ်သည်။ အဆိုးဆုံးက မည်သည့်အကြံပေးချက်ကိုမှ နားမထောင်ခြင်းပင်။
ဖုကျန်းမှာ ပို၍ပင် ဒေါသထွက်လာရချေ၏။ သူ ကျန့်ရှင်းခယ်ကို ရိုက်ကူးရေးအဖွဲ့ကနေ ချက်ချင်း ထုတ်ပစ်လိုက်ချင်သည်။ သို့သော် ဖုန်းထဲမှ coco ၏ မပီကလာပီကလာအသံလေးကို ကြားလိုက်ရသောအခါ သူ့မျက်နှာထားမှာ တစ်မုဟုတ်ချင်း နူးညံ့ပျော့ပြောင်းသွားပြီး ကျန်းဟန်ရှုအား အမေးစကားဆိုလိုက်လေ၏။ " ခင်ဗျား အိမ်မှာလား..."
ကျန်းဟန်ရှုက ခပ်ဖွဖွညည်းလိုက်ပြီး ဖုကျန်းအား မေးလာသည်။ " မင်း ဘယ်အချိန်မှ အိမ်ပြန်လာမှာလဲ..."
" နည်းနည်းလောက်စောင့်ဦး..." ဖုကျန်းက မိတ်ကပ်ပြန်ပြင်နေသည့် ကျန့်ရှင်းခယ်ကို အကြည့်ပို့လိုက်ပြန်သည်။
" ဒီအခန်းမအောင်မြင်မချင်း ဘယ်နှခေါက်လောက်ထပ်ရိုက်ရဦးမလဲဆိုတာ ကျွန်တော်ကြည့်ဦးမယ်..."
ဖုကျန်းက ကျန်းဟန်ရှုနှင့် ထွေရာလေးပါးပြောဆိုပြီးနောက် ဖုန်းချလိုက်ကာ ဝေါ်ကီတော်ကီစက်ကို ကောက်ကိုင်လိုက်သည်။
" သက်ဆိုင်ရာအဖွဲ့သားအားလုံး ရိုက်ကူးရေးပြန်စဖို့ အဆင့်သင့်ဖြစ်ကြပြီလား..."
ဖုကျန်းသည် ကျန့်ရှင်းခယ် ဤအခန်းကိုဘယ်အချိန်မှ ကျော်ဖြတ်နိုင်မည်လဲ ကြည့်ဦးမည်ဟု ကျန်းဟန်ရှုအား ပြောခဲ့သော်လည်း သူနှင့်အတူ ဝန်ထမ်းများစွာကို ဤနေရာတွင် ဒုက္ခခံခိုင်းလိမ့်မည် မဟုတ်ပါချေ။ အကယ်၍ ဤတစ်ကြိမ်မှ မအောင်မြင်ခဲ့လျှင်လည်း ယနေ့ကိစ္စကို ဒီတိုင်းကျော်သွားလိုက်တော့မည်ဟု ဖုကျန်းက ဆုံးဖြတ်ထားပြီးသားပင်။
ဖုကျန်းက မေ့ပစ်လိုက်ဖို့ဆုံးဖြတ်ထားသည့်တိုင် ကျန့်ရှင်းခယ်ကတော့ အမျက်ခြောင်းခြောင်းထွက်နေလေပြီ။ သူကောင်းကောင်း သရုပ်ဆောင်နေသည်ဟု ထင်မိ၏၊ ဇာတ်ညွှန်းစာသားမရသည်မှတစ်ပါး သူလည်း အကောင်းဆုံးကြိုးစားခဲ့သည်ပင်။ ဖုကျန်းက သူ့ကို တမင်မဲနေခြင်းသာ ဖြစ်လိမ့်မည်။
ကျန့်ရှင်းခယ်ဆိုတာ ဘယ်တုန်းက ဒီလိုဆက်ဆံခံရဖူးလို့လဲ...။ သူ ပွဲဦးထွက်ကတည်းက ဖားယားမြှောက်ပင့်မှုများစွာ ရရှိခဲ့သည်။ အနုပညာလောကတွင် ပေါက်ပေါက်မြောက်မြောက်ရှိသော သူ့ဦးလေးကလည်း သူ့အနောက်မှာ ကျောထောက်နောက်ခံရှိသည်။ ဒါရိုက်တာများ၊ ထုတ်လုပ်သူများအားလုံးက သူ့ကိုဆို မိုးပေါ်ထိ မြှောက်ပင့်ခဲ့ကြသူချည်းသာ။ ယခုတွင်မူ အပိုင်းတိုင်းလိုလို ထပ်ခါထပ်ခါပြန်ရိုက်နေရသည်။ အဘယ်အကြောင်းကြောင့်များ သူ အရှက်ကွဲခံပြီး ဖုကျန်း၏ရိုက်ကွင်းတွင် ဆက်နေရမည်နည်း...။
သူ ဒေါသထွက်နေကြောင်း ပြရန်အတွက် ကျန့်ရှင်းခယ်က ယခုတကြိမ်တွင်တော့ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ဟု မရေရွတ်တော့ချေ။ ထို့အစား နေရာတွင်သာ တောင့်တောင့်ကြီးရပ်နေသည်။
ရိုက်ကွင်းတစ်ခုလုံးမှာ အပ်ကျသံပင်ကြားရသည်အထိ တိတ်ဆိတ်သွားပြီး အားလုံး ကျန့်ရှင်းခယ်အား ဝိုင်းကြည့်နေကြသည်။ ကျန့်ရှင်းခယ်က ဖုကျန်းအား ပျင်းတွဲ့တွဲ့ပြောလေ၏။
" ဒါရိုက်တာ ကျွန်တော် ဇာတ်ညွှန်းမမှတ်မိတော့ဘူး..."
ဇာတ်ညွှန်းမမှတ်မိတော့ဘူး ဟုတ်စ...။ ဘယ်လိုလုပ် ဇာတ်ညွှန်းကို မမှတ်မိနိုင်ရတာလဲ...။
ဖုကျန်းမှာ ဒေါသထွက်လွန်းသဖြင့် ဟားတိုက်ပင်ရယ်မိလုနီးပါး။ ဒီကလေးက အသက်ပဲဘယ်လောက်ရှိပြီလဲ ။ ဘာလို့ ဒီလောက် မရင့်ကျက်ရတာလဲ...။
သို့သော် သူသာ ပေါက်ကွဲလိုက်ပါက တစ်ညလုံးအချိန်ကုန်သွားရုံသာရှိပြီး ဘာမှဆက်ရိုက်ကူးလို့ ရတော့မည်မဟုတ်ချေ။ ဖုကျန်းက ထရပ်လိုက်ပြီး သူ့လေသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းလျက် ကျန့်ရှင်းခယ်အား ပြောလိုက်သည်။
" အိမ်ပြန်ပြီး မင်းရဲ့ဇာတ်ညွှန်းကို ပြန်ကျက်ခဲ့။ ဒီနေ့တော့ ဒီလောက်ပဲ..."
ကျန့်ရှင်းခယ်က ပြုံးသည်။ သူ့အမူအရာက ကြက်ဖတစ်ကောင်လို အမောက်တကားကားနှင့် စိတ်ကြီးဝင်မော်ကြွားနေဟန်။ ဖုကျန်းနှင့် စစ်မက်ခင်းရာတွင် သူအနိုင်ရသွားပြီဟု ထင်နေသလားမသိ။
ဖုကျန်းမှာ ခေါင်းသာခါမိသည်။ ဤကလေး၏ ဦးနှောက်အလုပ်လုပ်ပုံကို သူ တကယ်ကို နားမလည်နိုင်။ သူ ပစ္စည်းပစ္စယများသိမ်းဆည်းပြီး ရိုက်ကွင်းမှ ထွက်လာခဲ့သည်။ သူ ဂိတ်တံခါးမှထွက်လာလာချင်း ကားထဲတွင် သူ့ကို စောင့်နေသော ကျန်းဟန်ရှုအား တွေ့လိုက်ရ၏။ ဖုကျန်း ကားပေါ်တက်လိုက်ကာ မေးလိုက်သည်။
" ဘာလို့ရောက်လာတာလဲ..."
" မင်းအဲ့ဒီ အခန်းကို မနက်ဖြန်မနက်ထိ ရိုက်လို့မပြီးမှာ ကိုယ်စိုးရိမ်မိလို့..."
ဖုကျန်း ကျန်းဟန်ရှုကို လက်မထောင်ပြလိုက်သည်။ ရှေ့ဖြစ်ဟော နတ်ဆရာကြီးပဲ...
ဖုကျန်း အိမ်ပြန်ရောက်ပြီး coco လေးနှင့်အတူ ဆော့ကစားနေစဉ် ဝေ့သျဲချီထံမှ ဖုန်းဝင်လာသည်။ ဖုကျန်းမှာ ဖုန်းထဲကစကားသံကိုကြားလျှင် သံသယတစ်စွန်းတစ်စဖြင့် မေးလိုက်၏။
" ကျန့်ရှင်းခယ်က သူ့အတွက် အခန်းတွေထပ်ထည့်ချင်နေတယ်..."
ဝေ့သျဲချီက ခေါင်းညိတ်သည်။ " ငါ့အထင် သူက ဒီဇာတ်လမ်းကို အဓိကဇာတ်ဆောင်မင်းသားနှစ်ယောက်အဖြစ် ပြောင်းရိုက်ခိုင်းချင်နေတာထင်တယ်..."
ထိုသူဟာ ဧကန်စင်စစ်ကို ထိုသို့ အခန်းများထပ်ထည့်နိုင်စွမ်းရှိလေသည်။
ဖုကျန်းက ခဏတာ နှုတ်ဆိတ်သွားပြီးသကာလ...
" ကျွန်တော်တို့ ဒီဒုတိယမင်းသားကို ဆက်မထည့်နိုင်တော့မှာ စိုးမိတယ်..."
ဝေ့သျဲချီက သံယောင်လိုက်ပြောသည်။ " နှလုံးသားကလည်း ကြီးပါ့.."
" အဲ့ဒီဇာတ်ကောင်က ပါမှဖြစ်မှာလား..."
ဝေ့သျဲချီက အံ့သြသွားသည်။ " မင်း အဲ့ဒီဇာတ်ကောင်ကို အပြီးတိုင်ဖျက်ပစ်မလို့လား..."
" မဖြစ်ဘူးလား..."
ဝေ့သျဲချီ ခဏကြာ တွေဝေသွားပြီးမှ ဖုကျန်းကို ပြောလာ၏။
" မင်း တစ်ချို့အပိုင်းတွေကိုတော့ ဖျက်ပစ်လို့ရပါတယ်၊ ဒါပေမဲ့ အကုန်လုံးတော့မရဘူး။ သုံးပိုင်း ဒါမဟုတ် ငါးပိုင်းလောက်တော့ ချန်မှဖြစ်မယ်..."
" ကောင်းပြီ။ ကျွန်တော် သင့်တော်တဲ့နောက်တစ်ယောက်ကို ထပ်ရှာလိုက်မယ်..."
ဖုကျန်းက ဆုံးဖြတ်ချက်ချပြီးနောက်တွင် ကျန့်ရှင်းခယ်၏အေးဂျင့်ကို ဆက်သွယ်လိုက်သည်။ ထိုသူမှာတော့ ကျန့်ရှင်းခယ်အစား ထပ်တလဲလဲတောင်းပန်ကာ သူ့ကို ခွင့်လွှတ်ပေးပြီး ဆက်လက်ခံပေးဖို့ ဖုကျန်းအား မေတ္တာရပ်ခံလေသည်။
ဖုကျန်းက အသံသြရှရှဖြင့် ပြောလိုက်လေသည်။
" တကယ်လို့ ကျွန်တော်သူ့ကို ရိုက်ကူးရေးအဖွဲ့ထဲမှာ ဆက်ထားလည်း သူ့သရုပ်ဆောင်အရည်အချင်းနဲ့ ကျွန်တော် နောက်ပိုင်းပြန်တည်းဖြတ်တဲ့အခါကျရင် သူပါတဲ့အပိုင်းတွေအကုန်လုံးကို အားလုံးဖျက်ပစ်လိုက်မှာ..."
ခရီးဆုံးပြီးမှန်း သိရှိသွားသည့်အေးဂျင့်မှာ ထိုသတင်းကို ကျန့်ရှင်းခယ်အား အသိပေးဖို့သာ ရှိတော့သည်။ သို့သော် သူဘာမှမတတ်နိုင်သေးခင် ကျန့်ရှင်းခယ်၏အလုပ်ထုတ်ခြင်းကို ခံလိုက်ရလေသည်။
အေးဂျင့်မှာ ထိုအရာကိုကြုံဖူးပြီးသားဖြစ်သဖြင့် သူ့ဘောင်းဘီအိတ်ကပ်ထဲက လစာကဒ်လေးကိုထုတ်လိုက်ပြီး ငုံ့ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းလေးများ မထိန်းနိုင်စွာ ကွေးညွှတ်သွားလေသည်။
ကျန့်ရှင်းခယ်မှာ << လွတ်မြောက်ခြင်း>> ရိုက်ကွင်းထဲတွင် ဒုက္ခခံစရာမလိုတော့ကြောင်း ကြားသိလိုက်ရသည့်အခါ ဝမ်းတောင်သာနေသေးသည်။ သို့သော် သူ ရိုက်ကွင်းထဲမှ အထုတ်ခံလိုက်ရကြောင်း တွေးမိသွားသောအခါ သူ့စိတ်ထဲ အခဲမကျေဖြစ်သွားသည်။ ထို့ကြောင့် မနက်ဖြန် ရိုက်ကွင်းကို ထပ်သွားမည်ဟု တေးမှတ်ထားလိုက်သည်။
............
<< အဖြူရောင်ရဲတိုက် >> ကို webcast ပေါ်တွင် ထုတ်လွှင့်လိုက်ခြင်းက အင်တာနက်သုံးစွဲသူအများအပြားအတွက် အဆင်ပြေချောမွေ့သွားသည်။ ရုပ်ရှင်စထွက်ခဲ့စဉ်က ပရိတ်သတ်များမှာ နှစ်ကြိမ်၊ သုံးကြိမ်ပြန်ကြည့်ဖို့ အတွက် ပိုက်ဆံအမြောက်အမြားကုန်ခဲ့ကြရသည်။ သို့သော် ဝက်ဘ်ဆိုက်ပေါ်တွင်တော့ မတူတော့ချေ။ မန်ဘာကြေးပေးထားသရွေ့ ကြိုက်သလောက်ပြန်ကြည့်နိုင်သည်။ ထိုသို့ အကြိမ်ကြိမ်ပြန်ကြည့်နိုင်ပါလျှင် ယခင်က သူတို့ရှာမတွေ့ခဲ့သည့် သဲလွန်စမြှုပ်ကွက်များကိုလည်း ရှာတွေ့နိုင်ပေလိမ့်မည်။
သို့ပေသော်ငြား သူတို့ ကောင်းကင်ကြီးကိုပြောင်းပြန်လှန်လိုက်နိုင်လျှင်တောင် ရှစ်ခုမြောက်သဲလွန်စမြှုပ်ကွက်၏အရိပ်အမြွက်လေးကိုတောင် ရှာမတွေ့ကြပါချေ။ အင်တာနက်သုံးစွဲသူများမှာ ကျန်ရှိသည့် သဲလွန်စမြှုပ်ကွက်များက ဖုကျန်းနဲ့ မစ္စဖုတို့၏ နှစ်ကိုယ်ကြားလျှို့ဝှက်ချက်လေးများသာ ဖြစ်လိမ့်မည်ဟု လက်ခံလိုက်ရပေတော့သည်။
xxxxxx