အပိုင်း ၁၀၆
Viewers 23k

<<အဖြူရောင်ရဲတိုက်>> ထဲမှ ချစ်ခြင်းမေတ္တာနှင့် ကတိကဝတ်များသည် ကြည့်ရှုသူများကို အင်မတန်ပင်ထိရှစေသည်။ သို့သော်လည်း ရုပ်ရှင်ကြည့်ပြီး ဘာမှအထွေအထူးမခံစားရသူများလည်းရှိသလို၊ ဖန်သားပြင်ကို ရိုက်ခွဲပစ်ချင်လောက်အောင် မကျေမချမ်းဖြစ်သူများလည်းရှိပေသည်။
ထန်ဝမ်ဝမ်က တတိယလူအမျိုးအစားပင်။
သူမသည် ရုပ်ရှင်ကိုကြည့်ပြီးသွားချိန်၌ သူမဖုန်းထဲတွင် အခြားကောလဟာလသတင်းတစ်ခု တက်လာခဲ့လေသည်။ ချင်ကျောက်နှင့် သူ့ခယ်မဖြစ်သူတို့ နောက်တစ်ကြိမ် ရုပ်ရှင်သွားကြည့်ကြခြင်းကို ပါပါရာဇီများက လျှို့ဝှက်ဓာတ်ပုံရိုက်ကူးမိထားသည့် သတင်းပင်ဖြစ်လေ၏။
ဓာတ်ပုံထဲမှလူနှစ်ယောက်ဟာ ကြားလေမတိုးအောင် ဖက်ထားကြသည်။ ထိုမျှချစ်ကျီစယ်နေကြသည့် လူနှစ်ယောက်ကို ကြည့်ပြီး ထန်ဝမ်ဝမ် မူးဝေလာသည်။ ချင်ကျောက်နှင့် ထိုမိန်းမတို့ ချိန်းတွေ့နေကြသည်ကို မြင်ရသည်က ထန်ဝမ်ဝမ်အတွက် ပထမဆုံးအကြိမ်မဟုတ်တော့။ လောလောလတ်လတ်တွင် ချက်ကျောက်နှင့်ထိုမိန်းမက ပိုပိုမျက်နှာပြောင်တိုက်လာကာ မစ္စချင်ဖြစ်နေဆဲသူမကို မရှိသည့်လူပမာဆက်ဆံနေကြသည်။ ထန်ဝမ်ဝမ်မှာ ချင်ကျောက်၏အင်္ကျီစကို ကိုင်ဆွဲပြီး တငိုငိုတရယ်ရယ်ဖြင့် အော်ဟစ်သည်။ “ ဘာလို့လဲ၊ ရှင်အစတုန်းက ကျွန်မကိုသေချာပေါက်ချစ်ခဲ့တာပါ၊ အခုမှ ဘာလို့ အဲ့ဒီမြေခွေးမမြူဆွယ်တာကို ခံနေရတာလဲ…”
“ ငါအမျိုးသမီးတစ်ယောက်ကို ဘယ်တော့မှမရိုက်ဘူး…” ချင်ကျောက်မှာ ထန်ဝမ်ဝမ်၏စကားကြောင့် ဒေါင်းခနဲဒေါသထွက်သွားပြီး ချက်ချင်းခေါင်းလှည့်လာကာ သူမကို ခက်ခက်ထန်ထန်ကြည့်ပြီးပြောသည်။ “ဒါပေမဲ့ မင်းမှာသူ့ကို အဲ့လိုပြောပိုင်ခွင့်မရှိဘူး…”
ထန်ဝမ်ဝမ်မှာ ချင်ကျောက်၏ရင့်သီးသော ခြိမ်းခြောက်စကားကြောင့် ထိတ်လန့်တကြားဖြစ်သွား၏။ သို့သော်လည်း ဒေါသတရားက အကြောက်တရားကိုအသာစီးရသွားသည်။ သူမ ချင်ကျောက်ကို ကြည့်လျက် ပြောလိုက်၏။
“ပြောမှာပဲ၊ ခဲအိုကို မြူဆွယ်တဲ့ အဲ့ဒီတိရစ္ဆန်မအကြောင်းကို ကျွန်မက ဘာဖြစ်လို့မပြောရဲရမှာလဲ…”
ချင်ကျောက်က ခပ်ပြင်းပြင်းပင့်သက်ရှိုက်လိုက်ပြီး လက်သီးဆုပ်များဖြစ်သည်အထိ လက်ကိုတင်းတင်းဆုပ်လိုက်သည်။ သူ ထန်ဝမ်ဝမ်ကို တစ်လုံးချင်း ပြတ်ပြတ်သားသားပြောလိုက်သည်။
“ထန်ဝမ်ဝမ်၊ ငါမင်းအပေါ်အကောင်းဆုံး တာဝန်ကျေခဲ့ပြီးပြီထင်တယ်။ ငါ့ချင်မိသားစုရဲ့ကာကွယ်မှုကြောင့်သာ မဟုတ်ရင် မင်းဒီနေ့ထိ အသက်ရှင်နေနိုင်ပါ့မလား။ ဖုကျန်းနဲ့ ဖုထင်က မင်းကိုသတ်ပစ်ပြီးတာတောင် ကြာနေလောက်ပြီ…”
ထန်ဝမ်ဝမ်အတွက်ကြောင့် ချင်မိသားစုဟာ ဖုမိသားစု၏အတိုက်အခိုက်များစွာကို ခံခဲ့ရသည်။
ပြောစကားကုန်သွားသည့် ချင်ကျောက်က တစ်ဖက်သို့လှည့်ကာ ထွက်သွားမည်ပြုသည်။ ထန်ဝမ်ဝမ်က ကိုယ်ကိုကိုင်းကာ သူ့ကိုဖက်တွယ်လိုက်ပြီး ရှိုက်ငင်သောအသံဖြင့်မေးလေသည်။
“ဒါဆို ဘာဖြစ်လို့ ကျွန်မကိုချစ်တယ်ပြောခဲ့သေးလဲ…”
“အဲ့ဒီစကားက မင်းအတွက်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်မှားမနေနဲ့…”
ဒုတိယအထပ်တွင်ရှိနေသည့် မဒမ်ချင်က ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။ သူမသားက အပြင်တွင် အချစ်သစ်တစ်ယောက်ရှာနိုင်ခဲ့ခြင်းကို အလွန်ကျေနပ်ပီတိဖြစ်မိသည်။ မည်သို့ဆိုစေ သူမလည်း ထန်ဝမ်ဝမ်ကို လုံးဝသဘောမကျပါချေ။
ထန်ဝမ်ဝမ်၏ညီမပေါ်ပေါက်လာခြင်းသည် သူမကိုသိပ်ဘဝင်မကျစေပါသော်လည်း အနည်းဆုံးတော့ ၎င်းက ထန်ဝမ်ဝမ်ထက်စာလျှင်တော့ အများကြီးကောင်းသေးသည်။
“လွှတ်ပေး…” ချင်ကျောက်က ပြော၏။
ထန်ဝမ်ဝမ်မှာ သူ့စကားကိုကြားဟန်မတူဘဲ သူ့ကိုသာ တင်းကြပ်စွာဖက်ထားဆဲပင်။ ချင်ကျောက်က ထန်ဝမ်ဝမ်ကို အားအနည်းငယ်သုံး၍ ကြမ်းပြင်ပေါ်တွန်းချလိုက်သည်။ ထို့နောက် ချင်ကျောက်သည် ထွက်သွားရန် အခန်းတံခါးကိုဖွင့်လိုက်သည်။ ထန်ဝမ်ဝမ်မှာ ကြမ်းပြင်ပေါ်ဆောင့်ကြောင့်လေးလဲကျသွားပြီး သူမ၏ဝမ်းဗိုက်ကိုထွေးပိုက်လိုက်၏။
“ချင်ကျောက် ကျွန်မဗိုက်နာတယ်…”
ချင်ကျောက်က အလွန်ပင်ရိုးရှင်းလှသော စကားစုတစ်ခုကိုသာ ဆိုလာသည်။
“ မင်းလဲကျသွားတာ တင်ပါးနဲ့၊ နာရင်တောင် တင်ပါးပဲနာရမှာ ဟန်ဆောင်မနေစမ်းနဲ့…”
“ ကျွန်မမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ရှင်မေ့နေပြီလား…” ထန်ဝမ်ဝမ်က ချင်ကျောက်ကို မကျေမနပ်ဟန် မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်လေသည်။
သို့သည့်တိုင် ထိုစကားက ချင်ကျောက်အား အနည်းငယ်မျှတောင် သက်ရောက်မှုမရှိချေ။ ချင်ကျောက်သည် “အာ”ဟူ၍သာ တုံ့ပြန်သံပေးပြီး သူမကို မျက်လုံးထောင့်ကနေ ခပ်စောင်းစောင်းကြည့်ကာ လှည့်ထွက်သွားတော့သည်။
ဖြစ်အင်လေးက ဤတွင်သာ ပြီးဆုံးသွားသော်ငြား မဒမ်ချင်မှာ အလွန်ပင်ကျေနပ်မိသည်။ သူမသည် အပေါ်ထပ်ကို ဖြည်းဖြည်းချင်းတက်သွားပြီး ထန်ဝမ်ဝမ်ရှိရာသို့ လျှောက်သွားကာ သူမကို မတူမတန်သလို ကြည့်လိုက်သည်။
“ မင်းမှာ အသိတရားရှိရင် ငါတို့ကျောက်အာလေးနဲ့ မြန်မြန်ကွာရှင်းတော့…”
ထန်ဝမ်ဝမ်မှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင်ရှုံ့တွိသွားသည်။ သို့သော် သူမဒေါသဖြစ်လေလေ ဗိုက်ထဲမှနာကျင်မှုက ပို၍ပြင်းထန်လာလေလေပင်။ ယခင်ကကဲ့သို့ မဒမ်ချင်ကို ခွန်းတုံ့ပြန်ပြောဆိုစွမ်း သူမတွင်မရှိချေ။
အစကနဦးက မဒမ်ချင်သည် ထန်ဝမ်ဝမ်ဗိုက်ထဲက ကလေးကို တပ်မက်ခြင်းမရှိခဲ့ပေ။ သို့သော်လည်း ယခုတော့ မွေးတောင်မမွေးလာသေးသည့် သနားစဖွယ် သူမမြေးငယ်လေး၏မျက်နှာကိုထောက်၍ ဤမြင်ကွင်းကို အလားတူရပ်ကြည့်နေသည့် အိမ်တော်ထိန်းကို ပြောလိုက်သည်။
“အိမ်တော်ထိန်း ၊ သူ့အတွက် လူနာတင်ကားခေါ်ပေးလိုက်…”
ဆေးရုံ၌ ထန်ဝမ်ဝမ်သည် အေးစက်သော‌ ဆေးရုံကုတင်ပေါ်တွင်တစ်ကိုယ်တည်း လှဲလျောင်းနေသည်။ တစ်ခန်းလုံး၌ သူမတစ်ယောက်ထဲသာရှိနေပြီး ဘာအသံမှလည်းမကြားရပါချေ။ တစ်ခါတစ်ရံ သူမ ကိုယ်သူမ လူသေအလောင်းရုံထဲ ရောက်နေသလားဟုတောင် ထင်မှတ်မှားမိသည်။
သူမ ဆေးရုံရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း လာကြည့်ပေးမည့်သူမည်သူမျှမရှိ။ ဟိုအရင်က သာယာလှပသောနေ့ရက်များကို သူမ ပြန်မြင်ယောင်မိသည်။ သူမ အနည်းငယ် မမွန်းကြပ်ဘဲ မနေနိုင်။ ဖုသားအဖ နှင့် ယခု ချင်ကျောက်၊ သူမကို ကမ်းကုန်အလိုလိုက်အကြိုက်ဆောင်ပေးပြီး ချစ်ပေးခဲ့သူမှန်သမျှသည် သူမအားစွန့်ခွာသွားကြသည်။
ထို့အပြင် သူမကိုယ်ဝန်လွယ်ထားရသည့်အချိန်မှစ၍ System က နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေပြီး သူမ မည်မျှပင်ခေါ်ပါစေ System အားခေါ်လည်းမရသလို၊ ပေါ်လည်းမလာပါချေ။ ထန်ဝမ်ဝမ်မှာ ထိုအကြောင်းကိုတွေးမိလျှင် တစ်ညလုံးအိပ်မပျော်တော့ဘဲ ဆေးရုံကုတင်ထက်၌ လှဲ၍သာနေလေသည်။
နောက်တစ်နေ့အရုဏ်တက်ချိန်တွင် ရင်းနှီးနေသော တတီတီမြည်သံတစ်ခုကို သူမ၏စိတ်ထဲတွင် ရုတ်တရက်ကြားလိုက်ရသည်။ System ပြန်ပေါ်လာပြီမှန်း သူမသိလိုက်ပြီ။
ထန်ဝမ်ဝမ်က System ကိုမေးလိုက်သည်။ “ ချင်ကျောက်က ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ…”
ချင်ကျောက်က သူမကို အင်မတန်ချစ်ခဲ့သည်၊ ထို့ကြောင့် သူ့ကို ဘယ်တုန်းကမှ Systemကို သုံး၍ မထိန်းချုပ်လိုခဲ့ပေ။ သို့ရာတွင် သူဟာ အဘယ်ကြောင့်များ စွန့်ခွာသွားရပါသနည်း ။
“ လူထုရဲ့တုံ့ပြန်မှုတွေကြောင့်ပါ…” System ၏အသံက နဂိုအတိုင်း အေးစက်ကာ စက်ရုပ်အသံကဲ့သို့ပင်။
“ လူထုတုံ့ပြန်မှုက ဘာလဲ…” ထန်ဝမ်ဝမ်က System ၏စကားကို နားမလည်ဟန် မေးလိုက်သည်။
“အရှင်းဆုံးပြောရရင် မင်းက ဖုကျန်း၊ ဖုထင်နဲ့ တခြားသောလူတွေရဲ့ အချစ်ကိုရဖို့ မင်းရဲ့ achievement point တွေနဲ့လဲလိုက်တာလေ၊ အခု ဘာ Point မှမရှိတော့ဘူး။ မင်းငါ့ကိုလည်း အကြွေးတင်နေသေးတယ်။ အဲ့ဒီအတွက် မင်း ချင်ကျောက်ရဲ့အချစ်ကို အသုံးချပြီး Point တွေကို ပြန်စုဖို့လိုတယ်…”
ထန်ဝမ်ဝမ်က System ၏စကားအသွားအလာကို နားလည်စပြုလာသဖြင့် ဆက်၍မေးလိုက်သည်။
“ဒါဆိုဟိုတိရစ္ဆာန်မလေးက ဘယ်လိုရသွားတာလဲ။ သူ့မှာလည်း System ရှိတာလား…”
“ငါကပြိုင်ဘက်ကင်းတစ်ယောက်တည်းပဲ…” System ၏အသံက စက်ရုပ်လိုအသံပင်ဖြစ်သော်ငြား သေချာနားထောင်ကြည့်လိုက်မည်ဆိုပါက အနည်းငယ် ဂုဏ်ယူဝင့်ကြွားသောအရိပ်အယောင်များ ပါဝင်နေ၏။
“ ချင်ကျောက် ဘာလို့သူ့ကိုကြိုက်သွားရသလဲ ဆိုတာကတော့ ငါလည်းသေချာမသိဘူး။ ဖြစ်နိုင်တာ သူကံကောင်းသွားလို့ပဲနေမယ်၊ မင်းရဲ့အညိုးထားခြင်းခံရတဲ့ ကံဆိုးသူမောင်ရှင်ဖုကျန်းလိုပဲ ဖြစ်မှာပေါ့…’
ထိုစကားကိုကြားလျှင် ထန်ဝမ်ဝမ်မှာ ဒေါသထွက်ရလွန်းသဖြင့် မျက်နှာပင်စိမ်းဖန့်လာသည်။ သို့သော် သူမ တတ်နိုင်တာဘာမှမရှိပါချေ။ သူမ System ကိုသာ ထပ်မေးလိုက်၏။
“ အရာအားလုံးကို မူလအတိုင်းပြန်ရဖို့ ငါဘာလုပ်ရမလဲ…’
“ငါအခု မင်းဆီက ဘာ achievement point မှ စုလို့မရတော့ဘူး။ တကယ်လို့ မင်း အရင်လိုနေ့ရက်တွေ ပြန်ရချင်တယ်ဆိုရင် အရင်ကထက် achievement point တွေပိုရမှဖြစ်မယ်၊ ဒါမှမင်းလိုချင်တာကို Point တွေနဲ့လဲလို့ရမှာ။ ငါတွက်ကြည့်သလောက်တော့ အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းက သုညနားကိုကပ်နေတယ်။ တကယ်လို့ အောင်မြင်ခဲ့ရင်တောင် System ရဲ့ တစ်ကြိမ်အထိန်းချုပ်ခံရပြီးသားလူကို နောက်တစ်ကြိမ်ထပ်ထိန်းချုပ်လို့ မရနိုင်တော့ဘူး။ မင်း အဲ့ဒါကို နောက်ဆုံးအကြိမ် ဖုအိမ်တော်ကို ရောက်တဲ့အချိန်တုန်းက မခံစားမိဘူးလား…”
“ ဒါဆို ဘာနည်းလမ်းမှမရှိတော့ဘူးလား…” ထန်ဝမ်ဝမ်က ဆန္ဒစောစွာမေးသည်။
“ရှိတယ်…”
System ၏အတည်ပြုချက်အဖြေကို ကြားလိုက်ရလျှင် ထန်ဝမ့်ဝမ်၏နှလုံးတွင်း၌ မျှော်လင့်ချက်များ တစ်ခဏချင်း ပြည့်လျှံသွားသည်။ ထိုစဉ် System၏ စကားဆိုလာသံကို ကြားလိုက်ရ၏။
“ ငါ မင်းရဲ့ ဝေဒနာသောက Points တွေကို ကိန်းဂဏန်းတစ်ခုရောက်တဲ့အထိ စုဆောင်းဖို့လိုတယ်။ ဒီလိုဆို ချင်ကျောက်ကို မင်းဘေးနားရောက်အောင် ပြန်ပို့ပေးလို့ရတယ်…”
“ ဝေဒနာသောက points ဆိုတာက…”
“အဲ့တာက မင်း နာကျင်ခံစားရမှာကိုပြောတာ။ မင်းနာကျင်ခံစားရလေ၊ ပိုပြီးသောကရောက်လေ၊ ဝေဒနာသောက Points တွေ ပိုများများ စုဆောင်းမိလေပဲ…”
System မပြောခဲ့သည်က သူမသာ ဝေဒနာသောက Points များကို မှီခိုပြီး သူ့ထံအကြွေးတင်နေသော Points များကိုပြန်ဆပ်မည်ဆိုပါက သူမ ဒုက္ခိတရောက်သွားနိုင်ခြေအထိ ရှိသည်ဆိုတာကိုပင်။
သို့သော်လည်း System ပင် ဘာမှမပြောနိုင်သေးခင် ထန်ဝမ်ဝမ်က ယတိပြတ်ငြင်းဆိုလိုက်သည်။
“ ငါလက်မခံနိုင်ဘူး…”
သူမ နာကျင်မခံစားလိုပါ။
System က ခပ်ဖွဖွရယ်သည်။
“ဒါဆိုလည်းပြီးတာပါပဲ…” ပြီးသည်နှင့် သူ ထန်ဝမ်ဝမ်၏အတွေးထဲမှ ပျောက်ကွယ်သွားတော့သည်။
မည်သို့ပင်ဖြစ်စေ system က သူမကို လုံးဝလက်လျှော့မည်မဟုတ်ပါချေ။ ထန်ဝမ်ဝမ်သည် ပိုကောင်းမွန်သည့်ဘဝမျိုးရဖို့ achievement points များလဲလှယ်ရန် သဘောတူလိုက်ကတည်းက သူနှင့်စာချုပ်ချုပ်ဆိုလိုက်ခြင်းပင် ဖြစ်လေသည်။ သူအလိုရှိတာမှန်သမျှ ထန်ဝမ်ဝမ်က ငြင်းဆန်လို့ရမည်မဟုတ်ပေ။
ဤကမ္ဘာတွင် ဆင်းလုံးချောသည့်အရာဟူ၍ မရှိပါချေ။ သူက အကျိုးအမြတ်လိုချင်သည်ဆိုမှတော့ ထန်ဝ‌မ်ဝမ်က တန်ကြေးပေးရမည်ပင်။
ထန်ဝမ်ဝမ်ညီမ၏ကျောက်ကပ်က အခြေနေမကောင်း။ ချင်ကျောက်က ထန်ဝမ်ဝမ်၏ကျောက်ကပ်ကို မျက်စိကျလာဖို့ သိပ်မလိုတော့ဟု သူ့စိတ်ထဲထင်နေသည်။ ထိုအချိန်ရောက်လျှင် သူ ဝေဒနာသောက Points များစွာရနိုင်သည်။ ထိုမှသာ သူ့အား လိုက်ဖမ်းနေသူများကို ရှောင်နိုင်လိမ့်မည်ဟု သူမျှော်လင့်မိတော့သည်။
……………..
ကျန့်ရှင်းခယ်မပါတော့ ရိုက်ကူးရေးက အလွန်အဆင်ပြေကာ ချောမွေ့နေသည်။ ဖုကျန်းသည် ဒုတိယဇာတ်ဆောင်မင်းသား၏အခန်းများကို ဝေ့သျဲချီအား ဖျက်ပစ်ခိုင်း၏။ ပြီးလျှင် ငွေအမြောက်အမြားအကုန်အကျခံကာ နိုင်ငံခြား ရုပ်ရှင်မင်းသားဟောင်းကြီးတစ်ယောက်ကို ငှားရမ်းလိုက်မည်ဟု စီစဉ်ထားသည်။
ယနေ့ထပ်မလာလောက်တော့ တွေးထားခဲ့သည့် ကျန့်ရှင်းခယ်က နံနက်ပိုင်း ရိုက်ကူးရေးပြီးခါနီးအချိန်၌ ရောက်လာခဲ့လေသည်။ သူက ဖုကျန်းကို လှမ်းအော်ခေါ်လာသည်။
“ ဒါရိုက်တာဖု…”
ဖုကျန်းက သာမန်ကာလျှံကာမျှသာ ပြန်ထူးလိုက်ပြီး မျက်ဝန်းများကတော့ သူ့အရှေ့က မော်နီတာ ဖန်သားပြင်ကိုသာ မြဲမြံစွာစိုက်ကြည့်နေဆဲဖြစ်၏။ ကျန့်ရှင်းခယ်က ဖုကျန်းကို ဘာသိဘာသာမေးမြန်းလိုက်သည်။
“ ဒါရိုက်တာဖု၊ ဒီနေ့ ကျွန်တော်ရိုက်ရမဲ့ အခန်းပါလား…”
ဖုကျန်းက သူ့ကို တစ်ချက်လှည့်ကြည့်ကာ ပြောသည်။
“မင်းရဲ့အေးဂျင့်က မင်းကို မပြောဘူးလား။ ငါတို့မင်းနဲ့ သဘောတူစာချုပ်ကို ဖျက်သိမ်းလိုက်ပြီ။ အနာဂတ်မှာ မင်း ရိုက်ကွင်းကို ထပ်လာစရာမလိုတော့ဘူး…”
ကျန့်ရှင်းခယ် ပြုံးတုံ့တုံ့နှင့်။
“တကယ်ကြီးလား။ ကံဆိုးလိုက်တာ။ ကျွန်တော့်အေးဂျင့်က မနေ့ကတင် ကျွန်တော့်ကြောင့် အလုပ်ထွက်သွားတော့…”
ဖုကျန်း ; “ကိစ္စမရှိဘူး၊ မင်းအခုသိရင်ရပြီ…”
“ ဒါရိုက်တာဖု…”
ကျန့်ရှင်းခယ်၏စကားအဆုံးမသတ်ခင် ဖုကျန်းက သူ့ကို ဖြတ်တားလိုက်သည်။
“မင်းအသံကိုတိုး၊ ငါတို့ ရိုက်ကူးရေးလုပ်နေတာ…”
ကျန့်ရှင်းခယ်က သူ့အသံကို တိုးလိုက်သည်။ “ ကျွန်တော့်ကို ခဏလောက်ကြည့်…”
ဖုကျန်းက သူ့စကားကို ထပ်မံဖြတ်တားလိုက်ပြန်သည်။ “ ငါနောက်မှပြောမယ်…”
ကျန့်ရှင်းခယ်မှာ ရွေးချယ်စရာမရှိတော့ဘဲ စိတ်လျှော့လိုက်ရတော့သည်။ သို့သော်ငြား သူ့ရင်တွင်း၌မူ ဒေါသတရားနှင့် မကျေနပ်စိတ်များက တဖြည်းဖြည်းစုပုံလို့လာသည်။ ၎င်းသာ အထွဋ်အထိပ်သို့ရောက်ရှိသွားပါက စိတ်ထိန်းထားသမျှ တစ်ဟုန်ထိုးပေါက်ထွက်လာပြီး လူတိုင်းကိုပါ ထိတ်လန့်တကြီးဖြစ်သွားစေမှာ သူစိုးရိမ်မိသည်။
ကျိုးဝမ်လျန်နှင့် ကျန်းယင်းတို့၏သရုပ်ဆောင်မှုပြီးလျှင် ဖုကျန်းက “ကတ်” ဟုအော်လိုက်သည်။ “ အားလုံးခဏနားမယ်၊ နေ့လယ်ပိုင်းမှ ရိုက်ကူးရေးပြန်စမယ်…”
ထို့နောက် သူသည် ကျန့်ရှင်းခယ်ဘက်သို့လှည့်ကာ မေးလိုက်သည်။ “ပြော၊ မင်းဘာလိုအပ်တာရှိလို့လဲ…”
ကျန့်ရှင်းခယ်က မိမိကိုယ်မိမိပင် သတိမထားမိလိုက်ဘဲ ဖုကျန်းအားမေးလိုက်လေသည်။ “ ဒါရိုက်တာဖု၊ ကျွန်တော် အလုပ်ကောင်းကောင်းမလုပ်ဘူးလို့ ခင်ဗျားဘာဖြစ်လို့ထင်လိုက်တာလဲ၊ ကျွန်တော်သရုပ်ဆောင်ကြေးတောင်မယူဘဲ လုပ်ပေးတာ၊ မနေ့ညကလည်း ခင်ဗျားညွှန်ကြားသမျှကို အထပ်ထပ်အခါခါ သဝေမတိမ်းလိုက်လုပ်ပေးတာပဲ၊ ဒါတောင်ကျွန်တော် ပင်ပန်းကြောင်းပြခဲ့လို့လား၊ တစ်ခါတောင်မပြခဲ့ဘူး…”
ဖုကျန်းက ကျန့်ရှင်းခယ်အား ခဏကြာစိုက်ကြည့်နေလိုက်ပြီးမှ ဤလူဟာ သူ့ကို လာနောက်ပြောင်နေခြင်းမဟုတ်တာ သေချာပါရဲ့လားဟု ဆန်းစစ်ကြည့်လိုက်လိုက်သည်။ ထိုသူဟာ အလွန်အမင်းကို မတရားခံနေရသည့်ပုံပမာ။
ဖုကျန်းကမူ သူ့ကို မျက်နှာသာလုံးဝမပေးဘဲ တည့်တိုးသာပြောလိုက်လေသည်။
“ပထမအချက်၊ ဇာတ်ညွှန်းစာသားတောင် အလွတ်မပြောနိုင်ဘဲ တစ်၊ နှစ်၊ သုံး၊ လေးပဲ ရွတ်တတ်တဲ့ သရုပ်ဆောင်မျိုးကို ငါတို့မလိုချင်ဘူး…”
“ဒုတိယအချက်၊ ဒီဇာတ်ကောင်ကို အကောင်းဆုံးသရုပ်ဆောင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုမျိုး မင်းမှာမရှိဘူး၊ ဒီဇာတ်ကောင်ကို မင်းသဘောမကျတဲ့အပြင် စိတ်နှစ်ကိုယ်နှစ်ခံစားသရုပ်ဆောင်ခြင်းလုံးဝမရှိဘူး…”
“ အဲ့တော့ ခင်ဗျားကျွန်တော့်ကို မလိုတော့ဘူးလား…” ကျန့်ရှင်းခယ်က ဖုကျန်းကို စိန်းစိန်းဝါးဝါးကြည့်လျက် ဒေါသတကြီးပြောသည်။ “ ကျွန်တော့် ဦးလေး ဘယ်သူလဲဆိုတာ ခင်ဗျားသိလား…”
ဖုကျန်းမှာ ခေါင်းရမ်းမိသည်။ ဤအနုပညာလောကက ဘယ်လိုများဖြစ်ကုန်သနည်း၊ သူက သရုပ်ဆောင်လေးတစ်ယောက်ငှားရုံသာဖြစ်သည်ကို သူတို့အမျိုးတွေကိုပါ စုံစမ်းလေ့လာဖို့ လိုသေးသည်လား…
“ကျွန်တော့် ဦးလေးက လော့ရှုရှန်းဗျ…”
ဖုကျန်းက ကျန့်ရှင်းခယ်ဆိုလိုချင်သည့် အဓိပ္ပာယ်ကိုအခုထိနားမလည်သေး။ သူ ဝေါ်ကီတော်ကီစက်ကို ကောက်ကိုင်ပြီး ညွှန်ကြားလိုက်၏။ “ သက်ဆိုင်ရာအဖွဲ့သားတွေအကုန်လုံး နောက်ရိုက်ကူးရေးကိုချက်ချင်းစမယ်…”
“ ဒါရိုက်တာ ခုနကပဲ ခဏနားဖို့ပြောလိုက်တာ မဟုတ်ဘူးလား…” နံဘေးမှလက်ထောက်ဒါရိုက်တာက မေးလာ၏။
ဖုကျန်းက အလျင်အမြန်တောင်းပန်လိုက်သည်။ “ဆောရီး၊ ကျွန်တော်စိတ်ရှုပ်သွားလို့…”
“လော့ရှုရှန်းက ဘယ်သူလဲခင်ဗျားသိလား…” ကျန့်ရှင်းခယ်က ဖုကျန်းအားမေးသည်။
ဖုကျန်းက ခေါင်းခါကာ ကျန့်ရှင်းခယ် ပြန်ဖြေလာမည်ကို မစောင့်ဘဲ သူ့ဘက်က အရင်ဦးစွာပြန်မေးလိုက်၏။ “ အဲ့ဒီတော့ဘာလဲ။ မင်းဦးလေး လော့ရှုရှန်းက လက်ရှိမင်းရဲ့ပြဿနာနဲ့ သက်ဆိုင်တာရှိလို့လား…”
“ ကျွန်တော့်ဦးလေးက ထျန်းရှီအင်တာတိန်းမန့်ရဲ့ သူဌေးဗျ…”
ဖုကျန်းက မထူးဆန်းသည့်ပမာ ဪဟုသာ အသံထွက်လိုက်၏။
“ ဒီမှာအချိန်လာမဖြုန်းနေနဲ့၊ ငါမင်းကိုမမြင်ချင်ဘူး…”
“ ကျွန်တော် မသွားဘူး…” ကျန့်ရှင်းခယ်က အော်ပြောလိုက်လေသည်။
xxxxxx