အပိုင်း ၁၀၇
Viewers 23k

ကျန့်ရှင်းခယ်သည် အသက် နှစ်ဆယ်ပင်မပြည့်သေးချေ၊ ဤအရွယ်က ပုန်ကန်သောင်းကျန်းတတ်သည့် အရွယ်မဟုတ်ပါလား။
ဖုကျန်း ကျန့်ရှင်းခယ်ကို တည့်တည့်ကြည့်ပြီးပြောလိုက်သည်။
" ကျန့်ရှင်းခယ်၊ ငါသာ မင်းနေရာမှာဆိုရင် ဘယ်တော့မှ ဒီရိုက်ကွင်းကိုပြန်လာပြီး ပြဿနာလာရှာမဟုတ်ဘူး။ အခု မင်းက ငါ့ကိုဘာပြောချင်တာလဲ။ ဒီဇာတ်ကောင်နေရာမှာ ဆက်ပြီးသရုပ်ဆောင်ဖို့လား၊ ဒါပေမဲ့ မင်းရဲ့ မနေ့ကလုပ်ဆောင်ချက်တွေကတော့ အဲ့လိုဟုတ်ပုံမရဘူး..."
ဖုကျန်းက စကားခဏရပ်ကာ ဆက်ပြောသည်။ " မင်းရဲ့ဦးလေးက လော့ရှုရှန်းပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ငါ့အတွက်အရေးမပါဘူး။ ငါသိတာက မင်းက ငါ့ရိုက်ကွင်းအတွက် မသင့်လျော်ဘူးဆိုတာပဲ..."
ဖုကျန်း၏စကားလုံးများက ကျန့်ရှင်းခယ်ကို အနည်းငယ် မာနထိခိုက်စေသည်။ သို့သော်လည်း သူက ထွက်မသွားသေးဘဲ ပေကပ်ကပ်နှင့် ဖုကျန်းအား ဆက်မေးနေသည်။
" ကောင်းထျန်းရဲ့ သရုပ်ဆောင်ကလည်း မကောင်းဘူးပဲ။ ခင်ဗျားက သူ့ကိုကျ လက်ခံတယ်၊ ကျွန်တော့်ကိုကျတော့ ဘာဖြစ်လို့ လက်မခံရတာလဲ..."
ထိုစကားကနေ ကျန့်ရှင်းခယ်က အလွန်အနိုင်ယူလိုစိတ်ရှိသူမှန်း သိလိုက်ရပေသည်။ သူက သရုပ်ဆောင်လိုစိတ်မရှိပါသော်လည်း ဤရိုက်ကူးရေးက သူမပါလျှင် မပြည့်စုံဟု ဖုကျန်းအား သိစေချင်နေသည်။
" ကောင်းထျန်းရဲ့ သရုပ်ဆောင်အရည်အချင်းက မကောင်းဘူး၊ ဒါပေမဲ့ သူက သိပ်ကြိုးစားတယ်၊ သူ့ကိုယ်သူ တိုးတက်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ထားတယ်။ သူရိုက်ကွင်းကို မလာခင်ကတည်းက သူ့ဇာတ်ညွှန်းစာသားတွေကို အလွတ်ရအောင်ကျက်ထားပြီးသား။ ကျိုးဝမ်လျန် သူ့ကို သင်ပေးသမျှ သူ နှလုံးသားနဲ့ စိတ်နှစ်ကိုယ်နှစ်သင်ယူတယ်။ တစ်ခါတလေ လောဖျင်ဖျင်ကိုတောင် ဆက်သွယ်ပြီး သူ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်ရဲ့စိတ်ပညာကိုမေးတယ်။ မင်း အဲ့လိုလုပ်နိုင်လား..."
ကျန့်ရှင်းခယ်က ရပ်မြဲသာရပ်နေကာ တုံ့ပြန်မှုရှိမလာတော့ချေ။
" သွားတော့၊ ဒီနေရာက မင်းအတွက်မဟုတ်ဘူး..." ဖုကျန်းက ပြောလိုက်သည်။
ရိုက်ကွင်းတစ်ခုလုံးက သူ့ကို ဟာသပြက်လုံးတစ်ခုအလား ကြည့်နေကြသည်ဟု ကျန်ရှင်းခယ် ခံစားရ၏။ သူဆက်ပြီး မနေလိုတော့ချေ။ သူပြန်သွားသည့်အခါ သူ့ဦးလေးကို သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားရိုက်ပေးဖို့ တောင်းဆိုပြီး ဤရိုက်ကူးရေးအဖွဲ့သေးသေးလေးကို သူ့ခြေထောက်အောက်တွင် နင်းပြားပစ်မည်ဟု သူကျိန်ဆိုသည်။
ကျန့်ရှင်းခယ်က သူ့လက်ထောက်နှင့်အတူ ရိုက်ကွင်းကနေ ထွက်ခွာသွားသည်။ ဖုကျန်းမှာ ခေါင်းသာရမ်းမိပြီး မော်နီတာရှေ့က ပစ္စည်းပစ္စယများကို သိမ်းဆည်းကာ အနားယူဖို့ပြင်သည်။
ဝေ့သျဲချီသည် နေ့လယ်စာဘူးကိုကိုင်လျက် ဖုကျန်းရှိရာသို့ လျှောက်လာကာ ပြောသည်။ " သူက ဒေါသခပ်ကြီးကြီး ဗီလိန်ကောင်နဲ့မတူဘူးလား..."
ဖုကျန်းက ဝေ့သျဲချီအား ခေါင်းလှည့်ကြည့်လိုက်ရင်း မေး၏။ " ကျွန်တော်တို့ရုပ်ရှင်ထဲက ဗီလိန်လား..."
ဝေ့သျဲချီက ရယ်သည်။ " ဗီလိန်တွေက အဲ့လိုပုံစံတွေချည်းပဲလေ၊ သိတယ်မလား..."
ဖုကျန်းက ခေါင်းညိတ်သည်။ " ဟုတ်ပါ့..."
သိပ်မကြာလိုက် မနီးမဝေးနေရာမှ ဆူဆူညံညံအသံများကြားလိုက်ရသဖြင့် သူ ခေါင်းမော့ကြည့်လိုက်ရာ ခုနလေးတင်ကမှ ထွက်ခွာသွားသည့်ကျန့်ရှင်းခယ်က ပြန်ရောက်လာကြောင်း တွေ့လိုက်ရလေသည်။ ထိုလူ ဘာတွေများ တွေးနေသည်လဲ သူနားမလည်နိုင်တော့ချေ။
" မင်း ဘာလို့ပြန်လာတာလဲ..." ဖုကျန်း သူ့ကို မေးလိုက်သည်။
" ကျွန်တော် လုပ်နိုင်တယ်..."
ဖုကျန်းက သူ့စကားကို နားမလည်။
" ဘာ..."
ကျန့်ရှင်းခယ်က ပြောသည်။ " ကောင်းထျန်းတောင် လုပ်နိုင်ရင် ကျွန်တော်လည်း လုပ်နိုင်တယ်..."
" မင်းဆိုလိုတာ မင်းက ဒီရိုက်ကွင်းထဲမှာ နေချင်တယ်ပေါ့..."
" ဟုတ်တယ်..."
ဖုကျန်းမှာ ခေါင်းပင်ကိုက်လာသည်။ ကျန့်ရှင်းခယ်တွင် သရုပ်ဆောင်ပါရမီ ရှိမရှိကို မသိသော်ငြား မနေ့က သရုပ်ဆောင်မှုမှာတော့ အင်မတန်ကို ဆိုးဝါးညံ့ဖျင်းသည်။ သူ ကောင်းထျန်းလောက်တောင် ဇွဲ၊ လုံ့လ၊ ဝီရိယမရှိပါက ရိုက်ကူးရေးတစ်ဖွဲ့လုံး နှောင့်နှေးကြန့်ကြာကုန်လိမ့်မည်။ တစ်ရက်ပိုကြန့်ကြာလျှင် တစ်ရက်ပို ပိုက်ဆံကုန်လိမ့်မည်။
" ကျွန်တော် ခင်ဗျားရဲ့ထုတ်လုပ်ရေးထဲမှာ ရင်းနှီးမြှုပ်နှံမယ်..." ကျန့်ရှင်းခယ်က အတွေးတစ်ချက်ဝင်သွားပြီး ဖုကျန်းကို လက်ငါးချောင်းထောင်ပြလိုက်သည်။ " ၅ သန်းနဲ့..."
ဖုကျန်း တွေဝေသွားကာ အချိန်အတော်ကြာမှ ခေါင်းညိတ်ပြလိုက်လေသည်၊ " ကောင်းပြီ၊ ဒါဆိုလဲ ထပ်ကြိုးစားကြည့်ပါ။ ငါ မင်းကို တည့်တည့်ပဲပြောမယ်၊ မင်း မနေ့ညကလို သရုပ်ဆောင်ပုံမျိုးနဲ့ဆိုရင်တော့ သန်း ၅၀ ရင်းနှီးမြှုပ်နှံရင်တောင် မင်းကို ငါ့ရိုက်ကွင်းကနေ ထုတ်ပစ်မှာနော်..."
" နားလည်ပြီ..." ကျန့်ရှင်းခယ်က ပြန်ဖြေသည်။
မကြာလိုက်ခင်ပင် အေးဂျင့်သည် ကျန့်ရှင်းခယ်ထံမှ ဖုန်းလက်ခံရရှိလေသည်။ ကျန့်ရှင်းခယ်က ဖုန်းကိုင်ထားလျက် အချိန်အတော်အကြာကြီး တိတ်ဆိတ်နေပြီးနောက်မှ အေးဂျင့်ကိုပြောလိုက်၏။
" ခင်ဗျား၊ ပြန်လာခဲ့..."
အေးဂျင့် ; " ဟမ်..."
ကျန့်ရှင်းခယ်က အော်သည်။ " ခင်ဗျားကို ပြန်လာခွင့်ပြုတယ်၊ အခုလာရင် ခင်ဗျားရဲ့လစာက နှစ်ဆပဲ..."
အေးဂျင့်က ရယ်လေသည်။ ရိုးသားစွာ ပြောရပါလျှင် ကျန့်ရှင်းခယ် သူ့ကို အလုပ်ထုတ်ခြင်းက ပထမဆုံးအကြိမ်တော့မဟုတ်ချေ။ ဤနှစ်အနည်းငယ်အတွင်း သူ စုထားသည့်လစာစုစုပေါင်းမှာ ဖျင်ဟိုင်မြို့တွင် လုံးချင်းအိမ်တစ်လုံး တောင် ကောင်းကောင်းဝယ်လို့ရနေပြီ။ ဤသို့ လစာတိုးပေးလိုက်ခြင်းအတွက် သူ ထွေထွေထူးထူး ဝမ်းသာသွားတာမျိုး မရှိချေ။ သူ ကျန့်ရှင်းခယ်ကို မေးလိုက်သည်။
" မင်းရဲ့ ဇာတ်ကောင်နေရာကို ပြန်အဖတ်ဆယ်လို့ရပြီလား..."
ကျန်ရှင်းခယ်က ဂုဏ်ယူဝင့်ကြွားစွာပြန်ဖြေသည်။ " မဟုတ်သေးဘူး၊ ကျွန်တော် သူတို့ရိုက်ကွင်းအတွက် ငွေ ၅ သန်းတောင် ရင်းနှီးမြှုပ်နှံလိုက်တာမလို့ ဒါရိုက်တာက ကျွန်တော့်ကို လက်မခံလို့ဘယ်ဖြစ်မလဲ..."
" ဒါဆိုရင် မင်း ကောင်းကောင်းသရုပ်ဆောင်မှဖြစ်တော့မယ်..." အေးဂျင့်က ကျန့်ရှင်းခယ်ကို ပြောလိုက်၏။
ကျန့်ရှင်းခယ်က ဟောဟောဒိုင်းဒိုင်းလုပ်တတ်သည့်လူမှန်း သူသိသည်။ သူ့အသက် နှစ်ဆယ်ပဲ ပြည့်တော့မည်ဖြစ်သော်လည်း ကလေးဆန်ကာ မရင့်ကျက်ချေ။ ခံစားချက်လည်း လွှမ်းမိုးလွယ်သည်။ အဆိုးဆုံးက ကောင်းကျိုးနှင့် ဆိုးကျိုးကို ဝေဖန်မပိုင်းခြားတတ်ခြင်းပင်။ ကိုယ်တိုင်ကိုယ်ကျ မထိခိုက်၊ မနစ်နာရမချင်း ကောင်းသလား၊ ဆိုးသလား မတွေးခေါ်တတ်ပေ။
ထိုနေ့မှစ၍ ကျန့်ရှင်းခယ်က အမှန်တကယ်ကို ပြောင်းလဲသွားသည်။ သူ့ရိုက်ကူးရေးရှိသည့်နေ့ဖြစ်စေ၊ မရှိသည့်နေ့ဖြစ်စေ ရိုက်ကွင်းကို အမြဲလူလုံးလာပြတတ်ပြီး ဘယ်သောအခါမှ နောက်မကျတော့ချေ။
သူဟာ ပုံမှန်သရုပ်ဆောင်များကဲ့သို့ ဇာတ်ညွှန်းစာသားများလည်း ကျက်တတ်လာသည်။ သို့သော် သူ ဇာတ်ညွှန်းစာအုပ်ကို ကောက်ကိုင်လိုက်ချိန်၌ အဓိကကပြဿနာကို ရှာတွေ့သွားသည်။ သူက ဝေ့သျဲချီဆီ အပြေးသွားတွေ့ကာ မေးလေသည်။ " ဘာဖြစ်လို့ ကျွန်တော့်ဇာတ်ညွှန်းစာသားတွေကို ဖျက်ပစ်လိုက်ပြန်တာလဲ..."
ဝေ့သျဲချီက သူ့ကို တစ်ချက်ကြည့်ကာ ပြန်ဖြေသည်။ " မင်း ဇာတ်ညွှန်းကျက်ရတာ သက်သာအောင်လို့..."
ဝေ့သျဲချီက သူ အခန်းတွေထပ်ထည့်လိုကြောင်း ဖုကျန်းအား သေချာပေါက် ပြောလိမ့်မည်ဖြစ်ကြောင်းကို ကျန့်ရှင်းခယ်သိသည်။ သူသာ ယခုလို ဖြစ်လာမည်မှန်းကြိုသိခဲ့ပါက ထိုနည်းလမ်းကို သုံးခဲ့လိမ့်မည်မဟုတ်ချေ။
ယခုလို အဖြေကိုကြားလိုက်လျှင် သူ၏တောက်လောင်နေသောဒေါသများ ငြိမ်းသတ်သွားပြီး လက်ကို ပိုက်ထားလိုက်သည်။ ထိုနေ့ညက သူ့သရုပ်ဆောင်မှုက အလွန်ဆိုးဝါးကြောင်း သူသိလေသည်။ ထို့ကြောင့် ဖုကျန်းကို အခန်းပိုတွေထပ်ထည့်ပေးဖို့ စကားမဟရဲခြင်းပင်။ သူ ဇာတ်ညွှန်းစာအုပ်ကို ကောက်ကိုင်ကာ သုန်သုန်မှုန်မှုန်နှင့် ထွက်သွားသည်။
ဝေ့သျဲချီမှာ ကျန့်ရှင်းခယ်၏ ထွက်သွားပုံကို ကြည့်ပြီး ရယ်ချမိတော့သည်။ ဤကလေး၏ဒေါသချုပ်တည်းနိုင်စွမ်းက ဒီနှစ်ရက်အတွင်းမှာ ပိုကောင်းလာသည်။
" မင်း သူ့ကိုတကယ်သုံးတော့မလို့လား..." ဝေ့သျဲချီက ဖုကျန်းကို အမေးစကားဆိုလိုက်သည်။
ဖုကျန်းက သက်ပြင်းဖွဖွချသည်။ ကျန့်ရှင်းခယ်ကိုမြင်တိုင်း ဖခင်မေတ္တာဖြစ်ပေါ်လာတတ်သည့်စိတ်အား သူ ဝေ့သျဲချီကို ဘယ်လိုရှင်းပြရမည်မသိပါချေ။ မြင်းရုပ်လေးပေါ်တွင်ထိုင်လျက် ကျိုးဝမ်လျန်နှင့် ကျန်းယင်းတို့ဆီက သင်ယူမေးမြန်းနေသည့် ကျန့်ရှင်းခယ်ကို သူ တစ်ချက်လှည့်ကြည့်လိုက်၏။ ထို့နောက် ဝေ့သျဲချီအား ပြောလိုက်သည်။
" အရင်ဆုံး ခနလောက်တော့ စောင့်ကြည့်ဦးမယ်။ သူနဲ့ လုံးဝမကိုက်ဘူးဆိုမှ နောက်တစ်ယောက်ထပ်ပြောင်းတာပေါ့။ ပြီးတော့ အခုလိုက ကုန်ကျစရိတ်ကို ချွေတာပြီးသာလည်းဖြစ်သလို ရင်းနှီးမြှုပ်နှံမယ့်လူကို ဆွဲထားပြီးသားလည်းဖြစ်တယ်လေ..."
ဝေ့သျဲချီက စုတ်သတ်သည်။ " သူနဲ့ လုံးဝအလုပ်မဖြစ်တော့ဘူးဆိုရင်၊ ငါ့ရဲ့လစာထဲက မင်းကိုခွဲပေးမယ်လေ..."
" ဒီလိုကျ အရမ်းရှက်စရာကောင်းတာကို..." ဖုကျန်းက ဝေ့သျဲချီအနားကို ကပ်သွားလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ " ကျွန်တော် ဘယ်လောက်ရနိုင်မလဲ..."
" ထွက်သွားစမ်း၊ မင်း အရင်ရုပ်ရှင်တုန်းက ပိုက်ဆံတွေအများကြီးရထားတောင် ငါ့ဆီက ဖြတ်လုချင်နေသေးတယ်..."
ဖုကျန်းက ရယ်လျက် ဝေါ်ကီတော်ကီစက်ကို ကောက်ကိုင်လိုက်သည်။ " သရုပ်ဆောင်တွေ နေရာယူ၊ သက်ဆိုင်ရာအဖွဲ့သားတွေ ရိုက်ကူးရေးစဖို့ချက်ချင်းပြင်..."
ကျိုးဝမ်လျန်က လူငယ်ဘဝကို ပြန်ပြောင်းအမှတ်ရလို့သွားသည်။ ထိုအချိန်တုန်းက သူ့အမေက မကွယ်လွန်သေးချေ။ သူမက မျက်နှာပေါ်တွင် လှပသောမျက်နှာခြယ်မှုန့်များ လိမ်းခြယ်တတ်ပြီး တရုတ်အမျိုးသမီးဝတ် လည်ထောင်အင်္ကျီကို တစ်နေ့တစ်မျိုး အရောင်အသွေးစုံလင်စွာ ဝတ်ဆင်တတ်သည်။ သူမက အမြဲလိုလိုဆီးနှင်းများပိတ်ဖုံးနေသည့် ဤမြို့ငယ်လေးအနှံ့ သူ့ကို ခေါ်သွားလေ့ရှိခဲ့သည်။ သူ သူ့အရှေ့က တံခါးရွက်ကို တွန်းဖွင့်လိုက်သည်။ ကွယ်လွန်ပြီးသားအမေဖြစ်သူက သူ့အရှေ့တွင် ပေါ်လာပြီး သူ့နာမည်ကို တယုတယဖြင့် ခေါ်လေသည်။ သူ့လက်ထဲမှ ခရီးဆောင်အိတ်က သူ့ကို အိမ်နောက်ဖေးသို့ ခေါ်ဆောင်သွားသည်။
...........
အခန်းထဲက ခန်းဆီးလိုက်ကာများအားလုံး အလုံပိတ်ချထားပြီး အလင်းရောင်ဟူ၍ တစ်စိုးတစ်စတောင်မှ ဖြတ်ဝင်လာနိုင်ခြင်းမရှိချေ။ ကျိုးဝမ်လျန်က သူ့မျက်နှာကို ပွတ်သပ်နေသည့် အေးစက်စက်လက်တစ်စုံကို ခံစားမိသည်။ သူမျက်လုံးဖွင့်လိုက်သည့်အခါ သူ့အိမ်ယာဘေးတွင် ရပ်နေသော သူ့အမေကိုမြင်လိုက်ရလေ၏။ ထိုအချိန်တွင် သူ့အိပ်ယာအောက်ကနေ
တရှဲရှဲမြည်သံတစ်ခုကို ကြားနေရ၏။ ဝိုးတိုးဝါးတားဖြင့် တစ်စုံတစ်ယောက်က သူ၏နာမည်ပြောင်ကိုခေါ်နေသံအား သူ ကြားလိုက်ရပုံပေါ်သည်။ ထိုအသံက သူ့အမေ၏အသံဖြစ်သည်။ သူ့ကို ဤနေရာကနေ ထွက်သွားဖို့ပြောနေသည်။
သူ့အိပ်ယာဘေးတွင် ရပ်နေသည့်လူက တကယ်ပဲသူ့အမေလား...
.........
နောက်တစ်ခန်းက ကျန့်ရှင်းခယ် သရုပ်ဆောင်ရမည့် အခန်းဖြစ်သည်။ ကျန့်ရှင်းခယ်က သူ့ဘာသာသူ ဆရာများခေါ်လာကာ ရုပ်ရှင်အကြောင်းတစ်နေ့လုံး ဆွေးနွေးနေတတ်သည်။ ယနေ့ သူ၏သရုပ်ဆောင်မှုက အရမ်းမကောင်းပါသော်ငြား အနည်းဆုံးတော့ သူကျော်ဖြတ်နိုင်သွားခဲ့သည်။
" မင်းရဲ့ဦးနှောက်က အကောင်းကြီးပဲမဟုတ်ဘူးလား၊ ဘာလို့ အရင်က ဇာတ်ညွှန်းစာသားတွေကို အလွတ်မကျက်တာလဲ..." ဖုကျန်းက သူ့ကို ထူးဆန်းဟန်ဖြင့် မေးလိုက်သည်။
ကျန့်ရှင်းခယ်က တည်တည်တံ့တံ့ပြန်ဖြေလာသည်။ " အဲ့ဒါက ကျွန်တော် အရင်က တခြားရိုက်ကွင်းတွေမှာတုန်းက လုပ်ခဲ့တဲ့ပုံစံပါ။ ပြီးတော့မှ အသံပြန်သွင်းရတာမျိုးလေ..."
" မင်း အသံက ဒီလောက်ကောင်းတဲ့ဥစ္စာ၊ အသံသွင်းရတာကို သဘောမကျတာမျိုးမဖြစ်ခဲ့ဘူးလား..." ဖုကျန်းက သူ့ကိုမေးလိုက်၏။
[ Voiced dubbing လုပ်တာကိုပြောတာပါ။ ရိုက်ကွင်းမှာ ပါးစပ်လေးလှုပ်ရုံပြောပြီး ပြီးတော့မှ အသံပြန်သွင်းတာ]
ဖုကျန်း၏စကားကြောင့် ကျန့်ရှင်းခယ်မှာ ရှားရှားပါးပါး မျက်နှာနီမြန်းသွားလေသည်။ နောက်တစ်ခန်းတွင် ကျန့်ရှင်းခယ်၏ဇာတ်ကောင်က ပိုမိုအားပါလာပြီး ခံစားချက်လည်း ပိုပြင်းထန်လာသည်။
ထိုတစ်ခန်းကိုရိုက်လို့ပြီးသောအခါ ဖုကျန်းက ဇာတ်ညွှန်းစာအုပ်ကိုကောက်ကိုင်ပြီး ပြန်လည်စစ်ဆေးကြည့်နေသည်။ သူ့ ခေါင်းကိုပြန်မော့လိုက်ချိန်၌ သူ့ထံသို့ လျှောက်လာနေသော ကျန်းဟန်ရှုကို မြင်လိုက်ရလေ၏။ " ဘာလို့လာခဲ့တာလဲ..."
" ကိုယ်ဒီနေ့အလုပ်စောစောပြီးလို့ မင်းကိုတွေ့ရအောင် လာခဲ့လိုက်တာလေ..."
ဖုကျန်း ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ ရိုက်ကူးရေးအဖွဲ့က နေ့ဘက်အခန်းများကို ရိုက်ကူး၍ ပြီးခါနီးနေပြီ။ သို့သော်လည်း သူတို့ ညပိုင်းထိ အလုပ်ဆက်လုပ်ရမည်ကို သူစိုးရိမ်မိသည်။
" ကျွန်တော် ဒီနေ့ ညပိုင်းအခန်းတွေရိုက်ဖို့ရှိသေးတယ်။ အတော်နောက်ကျတဲ့အထိ အိမ်ပြန်လို့မရမှာစိုးတယ်..."
" ကိစ္စမရှိပါဘူး၊ ကိုယ်မင်းနဲ့အတူ အဖော်ပြုပေးမယ်လေ..." ကျန်းဟန်ရှုက အပြုံးလေးဖြင့် ဆိုလာသည်။
" ဒါနဲ့ coco ရော..."
ကျန့်ရှင်းခယ်က ရိုက်ကူးရေးပြီးပြီးချင်း သူ့သရုပ်ဆောင်မှုက မည်သို့မည်ပုံရှိသလဲဟု ဖုကျန်းကို မေးမြန်းရန် ရောက်လာခဲ့သည်။ ထိုစဉ် သူ့နာမည်ကိုခေါ်လိုက်သည့်ဖုကျန်း၏အသံအား ကြားလိုက်ရသည်။
ဖုကျန်းက သူ့ကို တရင်းတနှီးခေါ်ဝေါ်လာခြင်းမှာ အနည်းငယ် ထူးဆန်းနေသော်ငြား သူက ပြန်ထူးလိုက်ပါ၏။ " ကျွန်တော်ဒီမှာ..."
ဖုကျန်းက သူ့အား မျက်ဝန်းထောင့်ကနေ ခပ်စောင်းစောင်း ကြည့်လာသည်။ " ကိုယ့်ဇာတ်ညွှန်းကိုယ် သွားကျက်နေချည်..."
ကျန်းဟန်ရှုမှာ မအောင့်နိုင်ဘဲ ရယ်ချလိုက်ကာ ဖုကျန်းကိုပြောလိုက်၏။
" အိမ်ကို ပို့လိုက်ပြီ..."
ကျန့်ရှင်းခယ်မှာ အနည်းငယ်စိတ်ဓာတ်ကျသွားပြီး ပြန်လှည့်သွားကာ မြင်းရုပ်လေးပေါ်ကို ထိုင်ချလိုက်သည်။ ဘယ်လိုလူပါလိမ့်..။ အခုပဲ သူ့ကို တရင်းတနှီးနဲ့ coco လို့ခေါ်နေပြီး ခနနေကျ ဇာတ်ညွှန်းသွားကျက်ဖို့ပြောတယ်...
ကျန့်ရှင်းခယ်က အတင်းအဖျင်းစပ်စုရာ၌ အရည်းအချင်းပြည့်ဝသည်ဟု သတ်မှတ်ထိုက်သည့်ကောင်လေးပင်။ သူက အင်တာနက်ကို အလွန်အကျွံမသုံးစွဲပါသော်လည်း ဖုကျန်းနှင့် ကျန်းဟန်ရှုကြားတွင် မရိုးရှင်းသောဆက်ဆံရေးရှိကြောင်းကို သိထားသည်။ ထိုနှစ်ယောက်လုံးတွင် အိမ်ထောင်ဖက်များရှိကြောင်းကိုလည်း သူသိ၏။ သို့သော် သူကြည့်မိလိုက်သည့်အခိုက်အတန့်တွင် ထူးခြားသည့်တစ်စုံတစ်ရာကို မြင်လိုက်ရလေ၏။
အဝါရောင်အလင်းရောင်အောက်တွင် ဖုကျန်း၏ခေါင်းက ကျန်းဟန်ရှုဘက် တိမ်းစောင်းနေသည်။ ထိုနှစ်ယောက်သားက တီးတိုးစကားပြောနေကြပုံပေါ်၏။ ဆိုရလျှင် ကျန့်ရှင်းခယ်မှာ ဘယ်လိုပဲကြည့်ကြည့် ထိုနှစ်ယောက်က သာမန်ညီအစ်ကိုဆက်ဆံရေးပဲရှိသည်ဟု လုံးဝမထင်မိပေ။
ဝေ့သျဲချီက ကျန်ရှင်းခယ်ရှိရာ လျှောက်လာလျက် သူ့ပုခုံးကို ပုတ်လိုက်သည်။
" ဟေ့၊ မင်း ဇာတ်ညွှန်းစာအုပ်က ပြောင်းပြန်ကြီးဖြစ်နေပြီ..."
ကျန့်ရှင်းခယ်မှာ အလန့်တကြားဖြစ်သွားပြီး မြင်းရုပ်ပေါ်ကနေတောင် ပြုတ်ကျတော့မလို ဖြစ်သွားသည်။
ညပိုင်းရိုက်ကူးရေးပြီးသည်နှင့် ကျန်းဟန်ရှုက ဖုကျန်းကို အိမ်ပြန်ခေါ်သွားသည်။ ကျန့်ရှင်းခယ်မှာ ထိုလူနှစ်ယောက်အတူတကွ ပြန်သွားပုံကိုကြည့်ရင်း Schrödinger's ၏ အဖြောင့်စစ်စစ်တို့၏ ညီအစ်ကိုချစ်ခြင်းက အမှန်တကယ်ပဲ ရှိလိမ့်မည်ဟုသာ ကောက်ချက်ချလိုက်တော့သည်။
အိမ်ပြန်ရောက်သောအခါ ဖုကျန်းက ပါဆယ်ပုံးထဲကနေ စာအိတ်ထူထူကြီးတစ်ခုကို ထုတ်လာသည်။
" အဲ့ဒါဘာလဲ..." ကျန်းဟန်ရှုက မေးသည်။
ဖုကျန်းက ခေါင်းခါပြလိုက်သည်။ " ကျွန်တော်လည်း မသိဘူး..."
သူ စာအိတ်ကို ဆုတ်ဖြဲလိုက်ကာ အထဲမှ ပစ္စည်းများကိုထုတ်လိုက်သည်။ သူ တွေ့လိုက်ရသည်က သူနှင့်ကျန်းဟန်ရှုတို့၏ ဓာတ်ပုံအထပ်လိုက်ကြီးကိုပင်။ သူတို့နှစ်ဦးသည် ချန်လောင်၏မင်္ဂလာရွှေရတုညစာစားပွဲမှ အပြန်တွင် စားသောက်ဆိုင်တစ်ဆိုင်၌ ဟော့ပေါ့ဝင်စားကြပြီး ရုက္ခဗေဒဥယျာဉ်ထဲတွင် လမ်းလျှောက်ခဲ့ကြသည်။
ကျန်းဟန်ရှုက ဓာတ်ပုံများကို ခပ်သော့သော့ကြည့်လိုက်ပြီး အမေးစကားဆိုလိုက်သည်။ " ဒီပုံတွေကို ပို့ပြီး ဘာလုပ်ဖို့လဲ..."
ဤဓာတ်ပုံများက လျှို့ဝှက်ဓာတ်ပုံများတော့မဟုတ်ချေ။ ထိုထဲမှ အတော်များများကို ပါပါရာဇီများက အင်တာနက်ပေါ်တွင် တင်ထားပြီးသားဖြစ်လေသည်။
ဖုကျန်းမှာ တွေးတွေးဆဆဖြင့် ကျန်းဟန်ရှုအား ပြန်ပြောလိုက်သည်။ " ကျွန်တော်တို့အတွက် အမှတ်တရလက်ဆောင်ပို့ပေးတာများ ဖြစ်လောက်မလား..."
ကျန်းဟန်ရှုနှင့် ဖုကျန်းတို့၏ ဆက်ဆံရေးအား အထင်လွဲမှားစေနိုင်သည့်ဓာတ်ပုံများကို ကိုယ်တိုင်ကိုယ်ကျရွေးထုတ်ကာပို့ခဲ့သော ကျန်းကျန်မုန့်သာ ဖုကျန်းက ထိုပုံများကို အမှတ်တရအယ်လ်ဘမ်အဖြစ် သိမ်းဆည်းရန် ကြံရွယ်နေကြောင်းသိလျှင် စိတ်ဓာတ်ကျပြီးသေသွားလောက်မည်။ ။
xxxxxxx