အပိုင်း ၁၀၈
Viewers 23k

ကျန်းကျန်မုန့်သည် အစကနဦး၌ ကျန်းဟန်ရှုနှင့် ဖုကျန်းတို့ မည်ကဲ့သို့ဖောက်ပြားနေကြကြောင်းကို ပြဖို့ မစ္စကျန်းထံ ဓာတ်ပုံများပို့လိုက်ခြင်းဖြစ်သည်။
သာမန်အမျိုးသမီး၊ သာမန်ဇနီးတစ်ဦးအနေနှင့် သူမ၏ခင်ပွန်းက သူမနောက်ကွယ်တွင် ယောက်ျားများနှင့်ဖောက်ပြားနေသည်ကို မြင်ရလျှင် ဒေါသမထွက်ဘဲ နေမည်မဟုတ်ချေ။ အကယ်၍ အခွင့်မသာသဖြင့် အခြားသူများရှေ့တွင် ထုတ်မပြောနိုင်ခဲ့လျှင်တောင် ကျန်းဟန်ရှုရှေ့တွင်တော့ သေချာပေါက် ပေါက်ကွဲလိမ့်မည်။ ထိုအခါ ကျန်းဟန်ရှုနှင့် ဖုကျန်းတို့က လူရှေ့သူရှေ့တွင် ခပ်ခွာခွာနေကြပေလိမ့်မည်။
သို့သည့်တိုင် ဤအာဂမစ္စကျန်းသည် သူမ ဓာတ်ပုံများပို့ရသည့် ရည်ရွယ်ချက်ကို အရိပ်ပြ၊ အကောင်မမြင်သူဖြစ်လိမ့်မည်မှန်း သူမ မမျှော်လင့်ထားခဲ့ပါချေ။
“ ဒီတစ်ပုံက အလင်းသိပ်မထိုးဘူးနော်၊ ဒီရှုထောင့်ကနေသာ အလင်းထိုးရင် လုံးဝပြီးပြည့်စုံသွားမှာ…”
ဖုကျန်းက ခေါင်းခါရင်း လက်ထဲက ဓာတ်ပုံများကို ဝေဖန်သုံးသပ်နေသည်။ထို့နောက် ရှုထာင့်ကောင်းကောင်းက ရိုက်ထားသည့် ဓာတ်ပုံတစ်ချို့ကို ရွေးယူကာ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုလုပ်ဖို့ ကြံရွယ်လိုက်လေသည်။
ကျန်းဟန်ရှုက ဂျေးများ၊ ချေးခါးစွာ ဓာတ်ပုံများရွေးနေသော ဖုကျန်းကို ပြုံးလျက်သာ ကြည့်နေသည်။ ဖုကျန်းက ဤဓာတ်ပုံများ မည်သည့်နေရာမှ ရောက်လာသည်လဲကို ဂရုမစိုက်ပေ။ သို့သော် ဓာတ်ပုံများကို ဘယ်သူက ဘာကြောင့်ပို့လိုက်သနည်း ဆိုတာကိုတော့ အဖြေရှာသင့်သည်ဟု တွေးမိသည်။
<<လွတ်မြောက်ခြင်း>> ၏ ကျန်ရှိနေသောအပိုင်းများကို ညအချိန်မှသာ ရိုက်ကူးရမည်ဖြစ်သည်။ ထို့ကြောင့် ဖုကျန်းမှာ မနက်ခင်းပိုင်းလေးသာ အိမ်မှာနေပြီး cocoနှင့်အတူ ဆော့ပေးနိုင်သည်။ ပြီးလျှင် ကုမ္ပဏီသွား၍ ကျန်းဟန်ရှုကို သွားတွေ့ခြင်း သို့မဟုတ် လောဖျင်ဖျင်နှင့် ခံစားမှုရသပိုင်းဇာတ်ညွှန်းခန်းများကို ပြင်ဆင်မွမ်းမံခြင်းများ ပြုလုပ်ပြီး နေ့လယ်ပိုင်းရောက်မှ တရေးတမောအိပ်ဖြစ်သည်။ ထို့နောက် ညနေရောက်သည်နှင့် ရိုက်ကွင်းသို့သွားကာ ရိုက်ကူးရေးစလေသည်။
ကျန်းဟန်ရှုက အလုပ်ပြီးပြီးချင်း ရိုက်ကွင်းကို တန်းလာခဲ့ကာ ညတိုင်းလိုလို နံနက်မိုးလင်းခါနီးအချိန်အထိ ဖုကျန်းကို အဖော်ပြုပေးသည်။
ကျန့်ရှင်းခယ်သည် ယခင်ကဖျက်ပစ်လိုက်သည့် သူ့အခန်းများအားလုံးကို ပြန်ထည့်ပေးဖို့ ဖုကျန်းအား တောင်းဆိုချင်နေသည်။ ထို့ကြောင့် ဤအတောအတွင်း၌ ရိုက်ကူးရေးတွင် သူပို၍ အပတ်တကုတ် အလုပ်ကြိုးစားနေသည်။
ကင်မရာထဲတွင် ကျန့်ရှင်းခယ်သည် ဓာတ်လှေကားရှေ့တွင် ရပ်နေလျက် ဓာတ်လှေကားက ဤမြေညီထပ်ကို ဆိုက်ရောက်လာဖို့ ဘယ်လောက်ကြာဦးမည်လဲဟု တွက်ဆနေစဉ် “တင်”ဟူသော မြည်သံနှင့်အတူ ဓာတ်လှေကား၏တံခါးနှစ်ချပ်စလုံးက ပွင့်သွားသည်။
ကျန့်ရှင်းခယ် ခေါင်းဖော်ကြည့်လိုက်သည်။ ဂါဝန်အမည်းရောင်နှင့် ကလေးမလေးတစ်ယောက်သည် ဓာတ်လှေကားအလယ်တွင် ရပ်လျက်ရှိနေပြီး သူ့အားတည့်တည့်စိုက်ကြည့်နေသည်။ ထိုကလေးမလေးက ဆုံးသွားသည့်သူ့သမီးနှင့် အတိအကျဆင်တူလှကာ မျက်နှာထားကာ အေးစက်ကာ တည်ငြိမ်နေသည်။ ကြုံလာသမျှကိစ္စတိုင်းကို အလွယ်တကူ ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းရှိသော ကျန့်ရှင်းခယ်မှာ ထိုတစ်ဒင်္ဂတွင် ပြိုလဲသွားလုမတတ် မျက်နှာပျက်ယွင်းသွားလေသည်။
ကလေးမလေးသည် အလင်းမှိန်မှိန် ဓာတ်လှေကားထဲတွင်ရပ်နေပြီး ဖြူလျော်နေသော မျက်နှာဖြင့် ခေါင်းကိုစောင်းလျက် အသံဖျော့ဖျော့နှင့် မေးသည်။
“ဖေဖေ၊ သမီးနဲ့အတူတူ အပြင်သွားကြမလားဟင်...”
ကျန့်ရှင်းခယ်၏ နှုတ်ခမ်းများ တဆတ်ဆတ်တုန်ယင်သွားသည်။ သူ ဒူးတုတ်ထိုင်ချလိုက်ပြီး ကလေးမလေးကို မော်ကြည့်လိုက်သည်။ ၎င်းက ကြောက်ရွံခြင်းကြောင့်မဟုတ်ပါဘဲ သူ့သမီးလေးကို အလွန်ချစ်၍သာဖြစ်၏။ သူက ကလေးမလေးကို ပြောလိုက်သည်။
“သမီးလေး၊ ဖေဖေ…ဖေဖေ သမီးကို အရမ်းလွမ်းနေတာ…”
ကလေးမလေးက ကျန့်ရှင်းခယ်၏စကားကို ကြားဟန်မတူဘဲ ကျန့်ရှင်းခယ်ကိုသာ တောင့်တောင့်ကြီး ဆက်ကြည့်နေဆဲ။ သူမ၏အမူအရာက အနည်းငယ်ခြောက်ခြားဖွယ်ကောင်းနေလျက် ကျန့်ရှင်းခယ်အား ပြော၏။
“ဖေဖေ၊ သမီး ဒီဂါဝန်ကိုမကြိုက်ဘူး…”
ကျန့်ရှင်းခယ် နာကျင်စွာ မျက်လုံးများကို မှိတ်ဆို့လိုက်သည်။ သူ့သမီးလေးဆုံးသွားစဉ်က ဤဂါဝန်လေးကို သူကိုယ်တိုင် သမီးလေးအမေနှင့်အတူ လဲဝတ်ပေးခဲ့သည်။ သမီးလေး၏ခန္ဓာကိုယ် မီးသဂြိုဟ်စက်ထဲသို့ ရောက်ရှိပြီး အဆုံး၌ မီးလောင်ပြာကျသွားပုံကို သူ မျက်မြင်ကိုယ်တွေ့ကြည့်ခဲ့ရသည်။ ယခုတွင်မူ သူ့သမီးလေးက သူအမြဲတမ်း အိပ်မက်မက်ခဲ့ရသည့်အတိုင်း သူ့အရှေ့တွင် ပြန်ရောက်နေလေပြီ။ သို့သော်လည်း သူ့သမီးလေးက ဘယ်တော့မှပြန်လာတော့မည်မဟုတ်ကြောင်း သူရှင်းရှင်းလင်းလင်းကို သိပါ၏။ ယခုအရှေ့တွင် မြင်တွေ့နေရသမျှသည်ကား အတုအယောင်သာဖြစ်ပါလိမ့်မည်။
…………………….
ဖုကျန်း 'ကဒ်' ဟု အော်လိုက်ပြီးနောက် ရုပ်ရှင်ဖလင်ကို ပြန်ရစ်ကာကြည့်လိုက်သည်။ ကျန့်ရှင်းခယ်က ယခုတစ်ခေါက်တွင် အမှန်တကယ်ကို ပိုမိုတိုးတက်လာသော်ငြား ဖုကျန်း လိုချင်သည်နှင့်တော့ ဝေးကွာနေတုန်းပင်။ သူ မေးစေ့ကို ပွတ်သပ်လိုက်ပြီး ဤတမူထူးခြားနေသော ခံစားချက်က မည်သည့်နေရာမှ ဖြစ်တည်လာသလဲဟူ၍ အဖြေရှာကြည့်နေမိသည်။ သရုပ်ဆောင်ခြင်းကို အလုပ်တစ်ခုဟုသာ သတ်မှတ်ခဲ့သော ကျန့်ရှင်းခယ်သည် ယခုမူ သရုပ်ဆောင်ခြင်းကို ကိုယ်တိုင်ပျော်မွေ့လာသည်။
သူက ဖုကျန်း၏အလိုမကျစွာ ပျက်ယွင်းနေသော မျက်နှာကိုမြင်လျှင် အပြေးအလွှားရောက်လာကာ ဖုကျန်းအားမေးသည်။
" ဒါရိုက်တာဖု၊ ကျွန်တော် သရုပ်ဆောင်တာ အဆင်မပြေဘူးလားဟင်..."
" မဆိုးပါဘူး..." ဖုကျန်းက ဆိုသည်။
" မဆိုးပါဘူးတဲ့လား..." ကျန့်ရှင်းခယ်မှာ သူ့သုံးသပ်ချက်ကို အနည်းငယ်မျှ မကျေမနပ်ဖြစ်သွားသည်။ သူ့သရုပ်ဆောင်မှုက အင်မတန်ပြည့်စုံနေလှပြီဟု သူထင်မိသည်။ သူက ဒီထက်ပိုကောင်းတဲ့ ချီးမွမ်းစကားနှင့်ထိုက်တန်တဲ့ဟာကို...
" မင်း တကယ့် သူဌေးအစစ်ကို မြင်ဖူးလား..." ဖုကျန်းက စကားအဆုံး ထပ်ဆင့်ကာ ပြောလိုက်သည်။ " အထက်စီးမဆန်၊ မောက်မာမနေတဲ့ သူဌေးမျိုး..."
ကျန့်ရှင်းခယ်က ခဏကြာတွေးတောနေပြီးမှ ဖုကျန်းကို မေးလာ၏။ " ကျွန်တော့် ဦးလေးကိုရော ထည့်တွက်လို့ရလား..."
ဖုကျန်းသည် တီဗီထဲက လော့ရှုရှန်း၏ပုံရိပ်ကို မြင်ယောင်ကြည့်လိုက်ကာ ကျန့်ရှင်းခယ်ကို တစ်ဖန်ပြန်ကြည့်လိုက်ပြီးနောက် ၎င်းက သိပ်တော့မဟုတ်လှဟု မှတ်ချက်ပြုလိုက်သည်။
ရုတ်တရက်ပင် ဖုကျန်းသည် အတွေးတစ်ခုဝင်သွားပြီး ကျန်းဟန်ရှုကို လက်ညှိုးထိုးပြလိုက်ကာ ကျန့်ရှင်းခယ်အား ပြောလိုက်၏။
" မင်းရဲ့အစ်ကိုကျန်းကို ကြည့်လိုက်၊ သူ့လိုမျိုးပဲ..."
ကျန်းဟန်ရှု: ".........."
ကျန့်ရှင်းခယ်မှာ သူ့စကားကို လက်ခံချင်ပုံမရဘဲ လက်ကိုသာဝေ့ယမ်းပြလာသည်။
" ကျွန်တော် မစ္စတာကျိုးနဲ့ပဲ ပြန်ဆွေးနွေးကြည့်လိုက်ဦးမယ်..."
ဖုကျန်း ကျန့်ရှင်းခယ်ထွက်သွားပုံကို မျက်စိတစ်ဆုံးကြည့်နေလိုက်ပြီးမှ ကျန်းဟန်ရှုအား အမေးစကားဆိုလိုက်သည်။
" သူ ခင်ဗျားကို မျက်မုန်းကျိုးနေတယ်လို့ ကျွန်တော် ဘာလို့ထင်နေရပါလိမ့်..."
ကျန်းဟန်ရှုက ခေတ္တခဏကြာ တွေးတောနေဟန်ပြုပြီးနောက် ဖုကျန်း၏စကားကို ပြန်ဖြေလိုက်သည်။
" သူက ကိုယ့်လို သူဋ္ဌေးမျိုးကို မမြင်ဖူးလို့နေမှာပေါ့..."
ဖုကျန်းမှာ အားရပါးရရယ်မိသွားပြီး ကျန်းဟန်ရှု၏လက်ကို ဆွဲကာ ဆိုလိုက်သည်။ " ခင်ဗျားအိပ်ငိုက်နေရင် နားနေခန်းမှာ သွားအိပ်လို့ရတယ်..."
" ကိုယ် အိပ်မငိုက်သေးပါဘူး..."
ကျန့်ရှင်းခယ်က ဖုကျန်း၏စကားများကြောင့် စိတ်ထဲမတင်မကျဖြစ်နေပြီး လူအုပ်ကြီးနောက်တွင်ကွယ်ကာ ထိုင်ရင်း ကျန်းဟန်ရှုကို တိတ်တဆိတ် အကဲခတ်နေမိသည်။ သို့သော်ငြား သူမည်မျှပင် အကဲခတ်ကြည့်ပါစေ ကျန်းဟန်ရှုက သူတုပသရုပ်ဆောင်လိုသည့် သူဌေးတစ်ယောက်ပုံစံမျိုး လုံးဝပေါက်မနေပါချေ။
ကျန့်ရှင်းခယ်သည် ကျန်းဟန်ရှုကို ဂရုတစိုက်လေ့လာကြည့်လိုက်ပါသော်လည်း အသုံးဝင်သည့် အချက်အလက်တစ်စုံတစ်ရာမှ ရှာမတွေ့ခဲ့ပေ။ ထို့အစား ထိုသူနှင့် ဖုကျန်းက သူ့ကို ခွေးစာများပင် ကျွေးလိုက်ကြသေးသည်။ သို့သော် ကျန်းဟန်ရှုက အိမ်တွင်ဇနီးမယားရှိကြောင်း သတိရသွားသောအခါ ထိုခွေးစာများက ပြောမကောင်းသော မသတီစရာခွေးစာမျိုးဖြစ်သွားလေ၏။
အဆုံးတွင် ကျန့်ရှင်းခယ်က ကျိုးဝမ်လျန်ထံသို့သွား၍ မတိုင်မီအခန်းတုန်းက သူမှားနေသည့်အချက်များကို ပြောပြပေးဖို့ တောင်းဆိုလိုက်သည်။ ကျိုးဝမ်လျန်သည် တော်လွန်းသော နတ်ဆေးဆရာပီပီ တစ်ချက်ကြည့်လိုက်ရုံနှင့် ကျန့်ရှင်းခယ်၏ ပြဿနာကို ချက်ချင်းရှာတွေ့သွားသည်။ သူ့ကို အနည်းငယ်သင်ကြားပေးပြီးနောက်တွင် ကျန့်ရှင်းခယ်၏သရုပ်ဆောင်မှုက ယခင်ကထက် ပိုမိုကာင်းမွန်လာသည်။
" ဒီနေ့ညကျ ရှောင်ကျန်းက ဘာဖြစ်လို့မလာတာလဲ..." လက်ထောက်ဒါရိုက်တာက ဖုကျန်း၏ ဘေးဘီဝဲယာကို ကြည့်လိုက်ပြီးနောက် အမေးစကားဆိုလာသည်။
" သူဒီနေ့ သတင်းစာရှင်းလင်းပွဲတစ်ခုရှိတယ်၊ အဲ့တာမပြီးမချင်း သူဒီကိုလာနိုင်မှာမဟုတ်ဘူး..."
သတင်းစာရှင်းလင်းပွဲက ကလပ်တစ်ခုတွင် ကျင်းပခြင်းဖြစ်ပြီး စီးပွားရေးသတင်းမီဒီယာမှ သတင်းထောက်များက ကျန်းဟန်ရှုကို ကျန်းမိသားစု၏နောက်လာမည့် စီးပွားရေးစီမံကိန်းများအကြောင်း တစ်ယောက်ပြီးတစ်ယောက် မေးခွန်းထုတ်နေကြသည်။ နာရီဝက်မျှအကြာတွင်တော့ စီးပွားရေးသတင်းကဏ္ဍမှသည် တခြားအကြောင်းအရာသို့ စကားလမ်းကြောင်းပြောင်းသွားလေသည်။
" မစ္စတာကျန်းရှင့်၊ မစ္စတာကျန်းနဲ့ ဒါရိုက်တာဖုကျန်းရဲ့ ဆက်ဆံရေးက အရမ်းသင့်မြတ်ကြတယ်လို့ ကျွန်မတို့ကြားထားပါတယ်..." သတင်းထောက်တစ်ယောက်က ထရပ်ကာ ကျန်းဟန်ရှုအား မေးလာလေ၏။ " ဒီတော့ နောင်အနာဂတ်မှာ ကျန်းမိသားစုနဲ့ ဖုမိသားစုတို့ရဲ့ ပူးပေါင်းလုပ်ဆောင်မဲ့ စီမံကိန်းတွေများ ရှိလာနိုင်မလားမသိဘူးနော်..."
ကျန်းဟန်ရှု : " မရှိသေးပါဘူး..."
သတင်းထောက်က ဆက်လက်မေးမြန်းသည်။ " ဒီလိုဆိုရင် မစ္စတာကျန်းအနေနဲ့ ဒါရိုက်တာဖုကျန်းနဲ့ဆက်ဆံရေးကို ဒီတိုင်း အမြဲတမ်းဆက်လက်ထိန်းသိမ်းထားမှာလားရှင့်..."
ကျန်းဟန်ရှု၏မျက်နှာအမူအရာဟာ အလွန်နူးညံ့ပျော့ပျောင်းသွားပြီး အပြုံးလေးတစ်ပွင့်ပေါ်လာလျက် သူ၏ဘယ်လက်ပေါ်ကို ညာလက်ထပ်လိုက်ကာ ခေါင်းညိတ်ပြရင်း တုံ့ပြန်ပြောဆိုလိုက်သည်။
" အသေအချာပါပဲ..."
" ဒါရိုက်တာဖုကျန်းရဲ့ စတူဒီယိုက ဟယ့်ရှီအင်တာတိန်းမန့်ရဲ့ လက်အောက်မှာရှိတာပေါ့နော်။ မနှစ်တုန်းက ဒါရိုက်တာ ဖုကျန်းရဲ့စတူဒီယိုနာမည်ကို ကျန်းမင်စတူဒီယိုလို့ နာမည်ပြောင်းလိုက်တယ်လို့ ကျွန်မတို့ကြားထားတယ်၊ အဲ့တာ ဘာကိုဆိုလိုတာလဲဆိုတာ မစ္စတာကျန်း သိသလားရှင့်..."
ကျန်းဟန်ရှု၏မျက်ဝန်းထဲက အပြုံးရိပ်များဟာ လျှံကျတော့မတတ် ပြည့်လျှမ်းသွားသည်။ သူက အနည်းငယ် ဘဝင်ကျစွာဖြင့် သတင်းထောက်၏မေးခွန်းကို ဖြေလိုက်၏။
" မင်း အနာဂတ်မှာ ဒါရိုက်တာဖုကို အင်တာဗျူးခွင့်ရခဲ့ရင် သူ့ကိုမေးကြည့်လိုက်လို့ရတယ်..."
ထိုသို့ဆိုပြီးသည်နှင့် သူ့မျက်ဝန်းထဲက အပြုံးများက ပိုမိုပီပြင်လာတော့သည်။
ကျန်းဟန်ရှု၏အမူအရာကို မြင်လိုက်ရလျှင် သတင်းထောက်များမှာ ကျန်းမင်ဟူသည့်အမည်၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ချို့ရှိလိမ့်မည်ဟု ခံစားမိလိုက်ကြသည်။
ဤအစီအစဉ်သာ ရသစုံရှိုးပွဲဖြစ်ပါက သတင်းထောက်များက ဖုကျန်းနဲ့ မစ္စကျန်းတို့နှစ်ဦး ရေထဲပြုတ်ကျသွားပါက မည်သူ့ကိုကယ်မည်နည်းဟူသည့် မေးခွန်းမျိုးကို ကျန်းဟန်ရှုအား မေးဖြစ်ကြလိမ့်မည်။
သို့သော် ယခုမူ သူတို့ကို စီးပွားရေးသတင်းများအတွက်သာ ငှားရမ်းထားခြင်းဖြစ်သဖြင့် ထိုကဲ့သို့သော မေးခွန်းမျိုးကို မေးလိုက်ပါက သူတို့၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းက ဆုံးခန်းတိုင်ပျက်စီးသွားလိမ့်မည်။
ယခုအချိန်တွင် သတင်းသမားတစ်ယောက်၏ လှုံ့ဆော်နှိုးဆွလိုက်မှုကြောင့် သတင်းစာရှင်းလင်းပွဲက တဖြည်းဖြည်း ပုဂ္ဂိုလ်ရေးရာဆန်လာ၏။ နောက်ထပ်သတင်းထောက်တစ်ယောက်ကပါ ထရပ်လာကာ ကျန်းဟန်ရှုအား မေးလေ၏။
" မစ္စတာကျန်းဗျ၊ မစ္စတာကျန်းက လက်ထပ်ထားပြီးသားဆိုတာ ကျွန်တော်တို့ အားလုံးသိထားကြပါတယ်၊ ဒါပေမဲ့ မစ္စတာကျန်းကို မစ္စကျန်းနဲ့အတူ ပွဲတက်တာကို ကျွန်တော်တို့ ဘာကြောင့်မတွေ့မိရတာလဲ မသိဘူး..."
ကျန်းဟန်ရှုသည် မသိလိုက်ဘာသာဖြင့် သူ၏ဘယ်လက်ပေါ်က လက်စွပ်လေးကို ထိကိုင်လိုက်ပြီး နူးညံ့စွာပြုံးကာ သတင်းထောက်များအား ဖြေကြားလိုက်၏။ " ကျွန်တော် သူ့ကို မကြာခဏ အပြင်ခေါ်သွားဖြစ်ပါတယ်..."
သတင်းထောက်များမှာ သိလိုစိတ်ပြင်းပြလာကြသည့်တိုင် ကျန်းဟန်ရှုအရှေ့တွင် ဤကဲ့သို့သောမေးခွန်းကို မမေးဝံ့ခဲ့ကြပါချေ။ " ခင်ဗျား သူ့ကိုမကြာခဏအပြင်ခေါ်သွားဖြစ်တယ်ဆိုရင် ကျုပ်တို့ဘာဖြစ်လို့ ဓာတ်ပုံမရိုက်ကူးမိရတာတုန်း.." သတင်းထောက်များမှာ ကျန်းဟန်ရှုအတွက် သူ့ဇနီးက အင်မတန်အရေးကြီးသူဖြစ်သဖြင့် သူမကိုဂရုတစိုက် ကာကွယ်ပေးနေသည်ဟုသာ ယူဆလိုက်ကြသည်။ ထို့ကြောင့် မစ္စကျန်း၏ပုံရိပ်ဟူ၍ ခပ်ဝါးဝါးဗွီဒီိယိုလေးသာ ရှိနေခြင်းဖြစ်မည်။
သတင်းစာရှင်းလင်းပွဲတစ်လျှောက်တွင် ငွေရောင်အလင်းတန်းလေးက ကျန်းဟန်ရှု၏လည်ပင်းတစ်ဝိုက်ကို ရောင်ပြန်နေခဲ့ပါသော်ငြား မည်သူမျှသတိမထားမိခဲ့ပါချေ။
သတင်းစာရှင်းလင်းပွဲပြီးသည်နှင့် ကျန်းဟန်ရှုက ရိုက်ကွင်းသို့ တိုက်ရိုက်မောင်းနှင်သွားကာ ညဉ့်နက်၍ ရိုက်ကူးရေးသိမ်းချိန်ထိ ဖုကျန်းအား စောင့်နေပေးခဲ့သည်။
ကျန်းဟန်ရှု၏သတင်းစာရှင်းလင်းပွဲ ဗွီဒီယိုသည် များမကြာမီပင် အဓိက စီးပွားသတင်းဝက်ဘ်ဆိုက်များဆီသို့ ပျံ့နှံ့သွားသည်။ အင်တာနက်သုံးစွဲသူများက ဘဏ္ဍာရေးနှင့် စီးပွားရေး သတင်းအသစ်များကို စိတ်ဝင်စားလေ့မရှိကြချေ။ သို့သည့်တိုင် ကျန်းဟန်ရှုက အလွန်ကြည့်ကောင်းလှပြီး မစ္စကျန်းအပေါ်ထားသော ချစ်ခြင်းမေတ္တာများကလည်း ဘဝင်ကို အင်မတန်ထိရှစေလှ၏။
ထပ်ပေါင်းဆိုရလျှင် သူနှင့် ဖုကျန်း၏ဓာတ်ပုံများကိုလည်း ပါပါရာဇီများက မကြာခဏ ရိုက်ကူးရလေ့ရှိသေးသည်။ ထို့ကြောင့် အင်တာနက်သုံးစွဲသူများက ကျန်းဟန်ရှုနှင့် အကျွမ်းတဝင်ရှိကြသည်။ ဤဗွီဒီယို၏ကျော်ကြားသွားမှုက အတော်ကလေး မြင့်လှသည်ပင်။
သို့ပေမည့် ကျန်းဟန်ရှုနှင့် ဖုကျန်းတို့၏ CP Fans များမှာ ဤဗီဒီယိုကို ကျေနပ်ခြင်းမရှိကြချေ။ ဗီဒီယို၏ပထမပိုင်းတွင် အချိုများကျွေးထားပြီး ကျန်းဟန်ရှုကလည်း သူနှင့်ဖုကျန်း၏ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ကိုယ်တိုင်ဝန်ခံခဲ့သည်။ သို့သော်လည်း ဒုတိယပိုင်းတွင်မူ မစ္စကျန်းအကြောင်းကို ထုတ်ပြောလာသဖြင့် အစကကျွေးခဲ့သောအချိုများကလည်း အရသာမရှိတော့ချေ။
မည်သို့ဆိုစေ သူတို့ကဲ့သို့ လက်ထပ်ပြီးသားအမျိုးသားများ၏ခွေးစာများက အမြောက်အမြားစားရဖို့ မလွယ်ကူပေ။ ဤအနည်းငယ်တည်းဖြတ်ထားသည့် ဗွီဒီယိုလေးက သူတို့ CP လောကအတွက် ရတနာလေးပါပင်။
ကျန်းဟန်ရှု၏သတင်းစာရှင်းလင်းပွဲကို ထုတ်လွှင့်အပြီးတွင် ကုမ္ပဏီမှ ဝန်ထမ်းများသည် ကျန်းဟန်ရှုက သူ့ဇနီးအပေါ် အလွန်ကောင်းကြောင်း ဖိုရမ်ပေါ်တွင် ပို့စ်တစ်ခုတင်ကာ သက်သေပြကြလေသည်။ ပို့စ်ထဲတွင်ဆိုထားသည်က လွန်ခဲ့သောနှစ် ဂျူလိုင်လနှင့် သြဂုတ်လတွင် မစ္စကျန်းသည် ကျန်းဟန်ရှုအတွက် နေ့လယ်စာပေးရန် ကုမ္ပဏီသို့ရောက်လာခဲ့ပြီးနောက် ဇနီးမောင်နှံနှစ်ယောက်လုံး တစ်နေ့လုံးနီးပါး ရုံးခန်းထဲကထွက်မလာခဲ့ကြဟု ဆိုထားလေသည်။ ဘယ်သောအခါမှ အလုပ်စောစောဆင်းလေ့မရှိသည့် ကျန်းဟန်ရှုသည် ထိုနေ့က နေ့လယ်ပိုင်းအစောကတည်းက အလုပ်ဆင်းသွားခဲ့ရုံမျှမက မစ္စကျန်းကိုပါ ရုံးခန်းကနေ ကားပါကင်အထိ ပွေ့ချီသယ်သွားခဲ့သည်။
ယင်းက ဘာဖြစ်မည်နည်း။ ယင်းကား ချစ်ခြင်းမေတ္တာပင်...
အစကနဦးတွင် ပို့စ်အောက်က ကွန့်မန့်များက နတ်ဘုရားပမာအချစ်အတွက် ငိုချင်းချမြည်းတမ်းနေကြ၏၊ ထို့နောက်တွင်တော့ မစ္စကျန်းက ကြည့်ကောင်းသလား၊ ကျန်းဟန်ရှုနှင့် လိုက်ဖက်သလားဟူသည့် စပ်စပ်စုစု မေးခွန်းများကို စမေးလာကြတော့သည်။
မူရင်းပို့စ်တင်သူက ပြန်ဖြေပေး၏ : Mask ရော၊ ဦးထုပ်ရော ဆောင်းထားတယ်။ ဘယ်လိုပုံစံရှိလဲတော့ ငါလဲမမြင်ရဘူး၊ အတော်ကိုလှတဲ့ အလှလေးပဲဖြစ်လိမ့်မယ်။ အရပ်ကနည်းနည်းရှည်ပြီး အရိုးအဆစ်ကောင်းကောင်းနဲ့။ ဒါပေမဲ့လဲ ကျန်းဟန်ရှုနဲ့ လိုက်ဖက်နေတုန်းပဲ...။
အတင်းအဖျင်းကြိုက်သော အင်တာနက်သုံးစွဲသူများမှာ ကျေနပ်သွားကြလေသည်။ ကျန်းဟန်ရှုနှင့် ဖုကျန်းတို့၏ CP Fans များအုပ်စုကမူ ရုံးတွင်းမတော်တဆဖြစ်ရပ်လေးကို အခြေခံ၍ ဝတ္ထုဇာတ်လမ်းလေးများရေးကြသည်။ ကျန့်ရှင်းခယ်တစ်ဦးသာလျှင် ဖိုရမ်ပေါ်က ပို့စ်ကိုမြင်ပြီး စိတ်မပျော်မရွှင်ဖြစ်နေသည်။ ကျန်းဟန်ရှုက ဤစကြဝဠာတွင် အဆိုးတကာ့အဆိုးဆုံး လူဆိုးလူသွမ်းဖြစ်သည်ဟု သူ တွေးနေမိသည်။
xxxxx