အပိုင်း ၁၀၉
Viewers 23k

ရိုက်ကွင်းထဲတွင် မည်သူမျှမရှိသကဲ့သို့နှယ် ခွေးစာများကျွေးနေကြသော ကျန်းဟန်ရှုနှင့် ဖုကျန်းတို့ကိုကြည့်ရင်း ကျန့်ရှင်းခယ်မှာ ဘာပြောရမှန်းတောင် မသိတော့ပါချေ။ ပါပါရာဇီများမိသွားပြီး ဓာတ်ပုံရိုက်ကူးခံရမည်ကို သူတို့မစိုးရိမ်ကြဘူးလား...
သို့သော်လည်း ကျန့်ရှင်းခယ်က အပြစ်ဟူသမျှကို ကျန်းဟန်ရှုအပေါ်ပုံချလိုက်သည်။ ကျန်းဟန်ရှုကသာ ဖုကျန်းကို မြူဆွယ်သူဖြစ်ရမည်ဟု သူတွေးလိုက်သည်။
သို့ပေသည့် သူတို့၏ ဤမျှပွတ်သီးပွတ်သပ်နိုင်သော အနေအထားကို ပါပါရာဇီများ မမိဖူးလောက်ဟူ၍လည်း သူတွေးမိပြန်သည်။ သို့တိုင် သူနားမလည်နိုင်သည်က အင်တာနက်သုံးစွဲသူများဟာ ဤကဲ့သို့ ခွေးစာကျွေးခံရသည်ဆိုလျှင်တောင် သူတို့နှစ်ယောက်က အဖြောင့်ယောက်ျားများဟု မျက်စိမှိတ်ယုံကြည်နေကြခြင်းကိုပင်။
မင့်မေလခွားကို အဖြောင့်။ စပရင်တောင် သူတို့နှစ်ယောက်လောက်ကွေးမှာ မဟုတ်ဘူး...
ကျန့်ရှင်းခယ် ဇာတ်ညွှန်းစာအုပ်ကိုကိုင်ထားရင်း မပွင့်တပွင့်ရေရွတ်မိသည်။ ထိုစဉ် ဝေ့သျဲချီက အနားသို့ရောက်လာကာ ကျန့်ရှင်ခယ်၏ပုခုံးကို ပုတ်လိုက်သည်။
" တစ်ယောက်ယောက်တော့ ငါ့အတင်းများပြောနေလား မသိပါဘူး..."
" မဟုတ်ပါဘူး၊ ဒီတိုင်း တွေးမိတာလေးရှိလို့..."
ဝေ့သျဲချီက ‘ယိုး’ဟု အော်လိုက်ကာ လက်ဆန့်လျက် ကျန့်ရှင်းခယ်ကို ဖက်လိုက်သည်။
" ဘယ်တွေတွေးနေတာတုန်း။ ဒီအစ်ကိုကိုပြောကြည့်၊ နားထောင်ပေးမယ်..."
ကျန့်ရှင်းခယ်မှာ ခဏကြာတွန့်ဆုတ်နေပြီးနောက်မှ ဝေ့သျဲချီအား ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့သည်။
ကနဦးက တကယ့်သတင်းအကြီးစားကြီးဖြစ်လောက်မည်ဟု မျှော်လင့်ထားခဲ့သော ဝေ့သျဲချီမှာ ကျန်ရှင်းခယ်၏စကားကို နားထောင်အပြီးတွင် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ သူ ခေါင်းခါကာ ကျန့်ရှင်းခယ်အား ပြောလိုက်သည်။
" မင့်မလဲ ဘယ်နှယ့် သူများချစ်သူနှစ်ယောက်ကိစ္စကို အရေးသွားစိုက်နေတာတုန်း..."
ကျန့်ရှင်းခယ်က ဝေ့သျဲချီ၏စကားကို လုံးဝနားမလည်ပါချေ။ သူ ဝေ့သျဲချီအား ဖားပြုတ်ကြီးအလား ပြူးတူးပြဲတဲစိုက်ကြည့်လိုက်သည်။ " ချစ်သူ....နှစ်ယောက်..."
ဝေ့သျဲချီက ကျန့်ရှင်းခယ်၏နဖူးကို အသာတောက်လိုက်ကာ ပြောသည်။ " ငတုံး..."
" မဟုတ်၊ သူတို့...သူတို့နှစ်ယောက်က လက်ထပ်ပြီးသား မဟုတ်ဘူးလား..."
ကျန့်ရှင်းခယ်မှာ ဇောချွေးများပင် ပျံလာလျက် စကားများပင် ထစ်ငေါ့ကုန်သည်။
" မစ္စကျန်းက ဒါရိုက်တာဖုပဲလေ၊ မင်း မမြင်ဘူးလား..." ကျိုးဝမ်လျန်ကပါ စကားဝိုင်းလေးကို လာပူးပေါင်းလျက် သူ့အား ဆိုလာသည်။
" ဒါဆို ဗွီဒီယိုထဲက အမျိုးသမီးကရော..." ကျန့်ရှင်းခယ်၏မျက်လုံးများက အစွမ်းကုန် ပြူးကျယ်သွားကြသည်မှာ နုံနုံအအ ငတုံးလေးပမာ။
" ကျန်းဟန်ရှုက သူ(မ)နဲ့ ဖောက်ပြန်ခဲ့တာလား။ ဒီခွေးအိုကြီးကတော့..."
ဝေ့သျဲချီ ဤဆဲတစ်လုံးသတ္တဝါလေး ကျန့်ရှင်းခယ်ကို စိတ်ကုန်သွားသည်။ သူ မေးလိုက်၏။ " မင်းဦးနှောက်ရော ကောင်းသေးလား။ ဗွီဒီယိုထဲကလူက ယောက်ျားတစ်ယောက်ဆိုတာ မင်း မမြင်ဘူးလား..."
ကျန့်ရှင်းခယ်က အူလည်လည်ဖြင့် မျက်တောင်များပုတ်ခတ်လိုက်ပြီး အတော်ကြာမှ စကားဆိုနိုင်သည်။ " ယောက်ျားတစ်ယောက်..."
လွန်ခဲ့သောနှစ်က ကြည့်ခဲ့သော ထိုဗွီဒီယိုကို သူပြန်မြင်ယောင်ကြည့်မိသည်။ မစ္စကျန်း၏ခန္ဓာကိုယ်ကောက်ကြောင်းက အမှန်တကယ်ကို ယောက်ျားတစ်ယောက်နှင့် ဆင်တူလေ၏။ သို့သော် ထိုအချိန်က ကျန်းဟန်ရှု၏ ဇနီးမှာ မိန်းမတစ်ယောက်သာဖြစ်လိမ့်မည်ဟု သူတွေးမိခဲ့သည်။
ဝေ့သျဲချီနှင့် ကျိုးဝမ်လျန်တို့ နှစ်ဦးစလုံး ခေါင်းကိုပြိုင်တူညိတ်လိုက်ကြသည်။
ကျန့်ရှင်းခယ် ကျယ်လောင်စွာ စူးခနဲအော်လိုက်သည်။ အနီးတစ်ဝိုက်က လူများက သူ့အား အရူးတစ်ယောက်ပမာ လှည့်ကြည့်လာကြသည်။ ကျန့်ရှင်းခယ်တစ်ယောက် သစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရသည်၊ သို့သော် သေချာတွေးကြည့်ပါလျှင် ဘယ်သူကမှ သူ့အား သစ္စာဖောက် မလိမ်ညာခဲ့ပါချေ။
ဝေ့သျဲချီက အားပေးနှစ်သိမ့်ဟန် သူ့ ပုခုံးကိုပုတ်ပေးလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ ကျိုးဝမ်လျန်နှင့် အလ္လာပသလ္လာပ ပြောနေတော့သည်။ ကျန့်ရှင်းခယ်သည် ဖုကျန်းကိုတစ်လှည့်၊ လွန်ခဲ့သောနှစ်က မစ္စကျန်း၏ဗွီဒီယိုကို တစ်လှည့် ဂရုတစိုက်ကြည့်လိုက်၏။ ဝေ့သျဲချီ ပြောခဲ့သလိုပင် ထိုလူနှစ်ယောက်က စင်စစ်ကို လူတစ်ယောက်တည်းသာဖြစ်လေသည်။ အရပ်အမောင်းကွာခြားခြင်းလည်း မရှိသလို လမ်းလျှောက်သည့်ဟန်ကအစ တစ်ထေရာတည်းပင်။
ယခင်က ဖုကျန်းနှင့် မစ္စကျန်းကို သူ လုံးဝဆက်စပ်မကြည့်ခဲ့မိပေ။ ယခု အမှန်တရားကို သိသွားသောအခါ နေရာတိုင်းက ရှင်းလင်းပေါ်လွင်နေလွန်းနေသည်ဟု ခံစားမိလေသည်။ မစ္စကျန်းကို မကြာခဏ အပြင်ကခေါ်သွားလေ့ရှိသည်ဟု ကျန်းဟန်ရှုက သတင်းစာရှင်းလင်းပွဲတွင် ဆိုခဲ့၏။ သူက ဖုကျန်းကို မင်္ဂလာရွှေရတု ညစာစားပွဲကိုလည်း ခေါ်သွားခဲ့သလို ချစ်သူများနေ့တွင်လည်း ရုပ်ရှင်အတူတူကြည့်ခဲ့ကြသေးသည်။
ကျန့်ရှင်းခယ်မှာ သူ့လောကသိအမြင်က အင်မတန်ခေါင်းပါးလွန်းကြောင်း ခံစားလိုက်ရ၏။ ကျန်းမိသားစုလိုမျိုးက သူတို့၏အမွေစားအမွေခံ သားတစ်ယောက်လုံး ယောက်ျားတစ်ယောက်ကို လက်ထပ်လိုက်သည်အား လက်ခံလိမ့်မည်ဟု သူ မထင်ထားခဲ့ခြင်းပင်။ ကျန်းမိသားစုက မျိုးရိုးဆက်ခံမဲ့ မျိုးဆက်သစ်ထောင်ချီကို မလိုချင်တော့တာလား။
ထိတ်လန့်အံ့သြမှု အကဲပိုသွားပုံရသဖြင့် ကျန့်ရှင်းခယ်မှာ နောက်ပိုင်း ရိုက်ကူးရေးတွင် စိတ်နှင့်လူနှင့်မကပ်တော့ချေ။ ဖုကျန်းက ကျန့်ရှင်းခယ်အား နောက်အခန်းတွေဆက်ရိုက်ကူးချင်သေးသလားဟု မေးချင်လာသည်။ ထိုစဉ် ဝေ့သျဲချီ ရောက်လာကာ ကျန့်ရှင်းခယ်၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဖုကျန်းအား ရှင်းပြလိုက်ပြီး ကျန့်ရှင်းခယ်အား အနည်းငယ် နားလည်ခွင့်လွှတ်ပေးဖို့ တောင်းတောင်းပန်ပန်နှင့် မေတ္တာရပ်ခံလိုက်ရသည်။
" ဒါဆိုလဲ ကျန့်ရှင်းခယ် ဒီနေ့နားရက်ရတယ်၊ မနက်ဖြန်တော့ ကျန်းမာရေး မာမာချာချာနဲ့ ပြန်ရောက်နေပါစေ..."
ကျန့်ရှင်းခယ်က နာခံသံပြုလိုက်ပြီး ဇာတ်ညွှန်းစာအုပ်ကိုကိုင်လျက် ပြေးထွက်သွားကာ ခုံတန်းလျားထောင့်လေးတွင် ထိုင်ချလိုက်သည်။ ယခု သူ ကျန်းဟန်ရှုကို ကြည့်ချိန်၌ သူ၏မျက်လုံးများက ယခင်ကထက် အရောင်တောက်နေတော့သည်။ ခွေးစာ၏အစွမ်းက ကြီးမားလှပါဘိ။
ဧပြီလ ၉ရက်နေ့သည် ဖုကျန်းနှင့် ကျန်းဟန်ရှုတို့၏ တစ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်သည်။ ကျန်းဟန်ရှုက လွန်ခဲ့သောရက်အနည်းငယ်ကတည်းက ထိုနေ့အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။
သို့တိုင် မနက်အိပ်ယာနှိုးလာချိန်၌ ကျန်းဟန်ရှုပင် ဘာမှမပြောနိုင်သေးခင် ဖုကျန်၏စကားဆိုလာသံကို ကြားလိုက်ရလေ၏။ " ဒီနေ့ ရိုက်ကွင်းမှာ တစ်ခုခုဖြစ်တယ်တဲ့ ကျွန်တော် အဲ့ဒီကိုသွားရမယ်..."
ကျန်းဟန်ရှု အနည်းငယ် စိတ်ပျက်အားလျော့စွာ ‘အာ’ဟုရေရွတ်လိုက်သည်။ သို့သော်လည်း ချက်ချင်းလက်ငင်း ပင် ပြုံးပြလိုက်ပြီး ဖုကျန်းကို မမေ့မလျော့မှာကြားလိုက်သည်။ " ကိုယ့်ကိုယ်ကိုယ် အရမ်းမပင်ပန်းစေနဲ့နော်။အနားယူဖို့လည်း သတိရဦး..."
ဖုကျန်းက နာခံသံပြုလိုက်ပြီး ကျန်းဟန်ရှု၏ပါးပြင်ကို အနမ်းတစ်ပွင့်ခြွေလိုက်သည်။ " ခင်ဗျားရောပဲ...."
ကျန်းဟန်ရှုသည် ဖုကျန်းက လတ်တလောတွင် အလွန်အလုပ်ကြိုးစားနေမှန်းသိသဖြင့် တစ်နှစ်ပြည့်နှစ်ပတ်လည်အကြောင်း ထုတ်မပြောဖို့ဆုံးဖြတ်လိုက်သည်။ သူ့ကို ညနေပိုင်း ရိုက်ကွင်းတွင် သွားကြိုသောအခါမှ ဖုကျန်းနှင့်အတူ ညစာအတူတူစားတော့မည်ဟု တေးမှတ်ထားလိုက်သည်။
ကျန်းဟန်ရှု အိမ်မှထွက်သွားပြီးနောက် ဖုကျန်းက မိမိကိုယ်မိမိ ဂရုတစိုက်ပြင်ဆင်မွန်းမံလိုက်ပြီး အိမ်မှထွက်ခဲ့သည်။ ပထမဆုံးအနေဖြင့် သူ ပန်းဆိုင်သို့သွားကာ နှင်းဆီပန်းတစ်စည်းမှာယူလိုက်ပြီး ကျန်းဟန်ရှု၏ကုမ္ပဏီသို့ ပို့ခိုင်းလိုက်သည်။
မကြာခင်က သူတို့နှစ်ဦးအတွက် သီးသန့်မှာယူထားသည့် လက်စွပ်နှစ်ကွင်းကိုလည်း ဝင်ယူခဲ့သည်။ ထို့နောက် ကျန်းဟန်ရှု၏ကုမ္ပဏီသို့ ဦးတည်လိုက်လေသည်။
ဖုကျန်း ကုမ္ပဏီသို့ လာခြင်းက ပထမဆုံးအကြိမ်မဟုတ်ပေ။ ကောင်တာရှေ့မှ ကောင်မလေးပင် ဖုကျန်းအား ရင်းနှီးနေလေပြီ။ ဖုကျန်း သူမကို ‘မင်္ဂလာပါ’ဟု နှုတ်ဆက်လိုက်ပြီး ဥက္ကဋ္ဌ၏ သီးသန့်ဓာတ်လှေကားသို့ တန်းတန်းမတ်မတ်ဝင်သွားလိုက်၏။
နောက်မိန်းကလေးတစ်ယောက် ရောက်လာအခါ ဖုကျန်း၏နောက်ကျောလေးသာ တွေ့လိုက်ရသဖြင့် ကောင်တာရှေ့မှ ကောင်မလေးကို မေးလိုက်လေ၏။ " အဲ့တာဘယ်သူလဲ..."
ကောင်မလေးက သူမကို မော့ကြည့်လိုက်ကာ ရွှင်မြူးစွာ ဆိုလိုက်သည်။
" ဥက္ကဋ္ဌရဲ့ မိတ်ဆွေပါ၊ ညီမလေးက သူ့ကိုသိလို့လား..."
" ဒါရိုက်တာဖု မဟုတ်လား..."
ဧည့်ကြိုကောင်တာက ကောင်မလေးက ခေါင်းညိတ်သည်။ သူမ မသိသည်က ထိုညီမလေးသည် ကျန်းဟန်ရှုနှင့် ဖုကျန်းတို့၏ CP Group ထဲတွင် စီနီယာဖန်အကြီးစားဖြစ်သည်ဆိုတာကိုပင်။ ညီမငယ်လေးက သူမကို ဆက်မေးသည်။
" ဒါရိုက်တာဖုက ကျန်းဟန်ရှုဆီ နေ့တိုင်းလာတတ်တာလား..."
ဧည့်ကြိုမိန်းကလေးက ခေါင်းခါသည်။
" ခဏခဏတော့ မလာဘူး၊ တစ်လမှ သုံးလေးခါလောက်ပဲ..."
ညီမငယ်လေးက တစ်မုဟုတ်ချင်းပင် အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။ ထိုရုံးတွင်းဇာတ်လမ်းလေးက ရမ်းသမ်းရေးသားထားသည့် လုပ်ကြံဇာတ်လမ်းတော့ မဟုတ်တန်ရာ။
အတွင်းရေးမှူးသုန်းသည် ဖုကျန်း၏ဂုဏ်ပုဒ်ကို သိရှိထားသဖြင့် ကျန်းဟန်ရှု၏ရုံးခန်းတံခါးရှေ့တွင် ဖုကျန်းကို မြင်လိုက်ရသောအခါ သူ့အား တားဆီးခြင်းမပြုခဲ့ချေ။ ထို့ကြောင့် ဖုကျန်း ကျန်းဟန်ရှု၏ရုံခန်းတွင်းသို့ လွယ်လင့်တကူပင် ဝင်သွားလိုက်နိုင်သည်။
သူ တံခါးကိုညင်သာစွာ ဖွင့်လိုက်ကာ အထဲသို့ဝင်လိုက်သည်။ ကျန်းဟန်ရှုက အလုပ်ထဲတွင် ခေါင်းစိုက်နေ၏။ ဖုကျန်း လည်ပင်းကိုညစ်ဆွဲလိုက်ပြီး အသံပြောင်းလိုက်ကာ ကျန်းဟန်ရှုအား စကားဆိုလိုက်သည်။
" ဥက္ကဋ္ဌ ၊ ဒီမှာ ဥက္ကဋ္ဌအတွက် လက်မှတ်ထိုးရမဲ့ စာရွက်စာတမ်းတွေပါ..."
ကျန်းဟန်ရှုက ခေါင်းပင်ဖော်မလာဘဲ အေးစက်စွာပြော၏။ " စားပွဲပေါ်တင်ထားလိုက်..."
ဖုကျန်း မျက်တောင်များပုတ်ခတ်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲကို ခပ်ညစ်ညစ်အတွေးလေးတစ်ခု ဝင်လာသည်။ သူ အရှေ့ကိုလျှောက်သွားလိုက်ပြီး ခါးကိုင်းကာ ကျန်းဟန်ရှုအား ညှုတုတုအသံလေးဖြင့် ဆိုလိုက်သည်။
" ဥက္ကဋ္ဌ ၊ ကျွန်တော့်ရဲ့ အင်္ကျီကြယ်သီးတွေအကုန် ပြုတ်ကုန်ပြီ..."
" အတွင်းရေးမှူးသုန်း......."
ကျန်းဟန်ရှုသည် အတွင်းရေးမှူးသုန်းအားခေါ်၍ ဤဝန်ထမ်းကို အပြင်ထုတ်ခိုင်းလိုက်တော့မည်ပြုသည်။ ထိုစဉ် သူ ခေါင်းမော့လိုက်သောအခါ ခေါင်းလေးတကုတ်ကုတ်ဖြင့် သူ့အရှေ့တွင်ရပ်နေသော ဖုကျန်းအား တွေ့လိုက်ရလေ၏။ ကျန်းဟန်ရှုမှာ မနေနိုင်စွာ ရယ်ချလိုက်ရင်း သူ့အားမေးလိုက်တော့၏။ " ဘာဖြစ်လို့ ရောက်နေတာလဲ။ ဒီနေ့ ရိုက်ကွင်းမှာ အလုပ်များနေမယ်ဆို..."
ဖုကျန်းကလည်း အတူလိုက်ရယ်မောသည်။ " ကျွန်တော်ညာလိုက်တာ၊ ခင်ဗျားကို စပရိုက်တိုက်ချင်လို့..."
အပြင်ဘက်မှ အတွင်းရေးမှူးသုန်းက တံခါးခေါက်လာသည်။ " ဥက္ကဋ္ဌ၊ ကျွန်တော် ဘာလုပ်ပေးရမလဲဗျ..."
" ဘာမှမဟုတ်တော့ဘူး၊ မင်းသွားလို့ရပြီ..."
ဖုကျန်းက နံဘေးကဆိုဖာတစ်ခုတွင်ထိုင်လိုက်ပြီး ကျန်းဟန်ရှု၏စားပွဲခုံပေါ်က စာရွက်စာတမ်းများကို ကြည့်လိုက်ကာ မေးမြန်းလိုက်၏။
" အလုပ်က ဘယ်လောက်ကျန်သေးလဲ..."
ကျန်းဟန်ရှုကဆိုသည်။ " မင်းမလာခင်ကတော့ အလုပ်ကအများကြီးကျန်သေးတယ်၊ မင်းရောက်လာတော့ မရှိတော့ဘူး..."
ကျန်းဟန်ရှု၏စကားသံအဆုံး အပြင်ဘက်မှ အတွင်းရေးမှူးသုန်း၏တံခါးခေါက်သံ နောက်တစ်ချက်ထွက်လာခဲ့သည်။
" ဝင်လာခဲ့..."
အတွင်းရေးမှူးသုန်းက နီစွေးစွေးပန်းစည်းကြီးတစ်စည်းကိုင်လျက် တံခါးမှဝင်လာသည်။ ကျန်းဟန်ရှု တစ်ဒင်္ဂမျှ ကြက်သေသေသွားသည်။ မှန်၏၊ အတွင်းရေးမှူးသုန်းက သူ့အား ပန်းစည်းပေးလိမ့်မည်ဟူ၍တော့ သူမထင်ပါချေ၊ ထို့ကြောင့် ဖုကျန်းဘက်သို့ ခေါင်းလှည့်ကာ မေးလိုက်လေသည်။
" မင်း မှာထားတာလား..."
ဖုကျန်းက ခေါင်းလေးညိတ်၏၊ ထို့နောက် ခေါင်းလေးစောင်းကာ ကျန်းဟန်ရှုအား မော့ကြည့်သည်မှာ အချီးမွမ်းခံချင်နေသည့်အလားပါပင်။ ကျန်းဟန်ရှုမှာ ခေါင်းသာယမ်းမိပြီး ပြုံးလိုက်၏။ သူက ခုံပေါ်မှ ထရပ်ကာ ကုတ်အင်္ကျီကိုကောက်ဝတ်လိုက်ပြီး နှင်းဆီပန်းများကို ဘေးကပန်းအိုးထဲတွင် ထည့်ထားဖို့ အတွင်းရေးမှူးကိုပြောလိုက်သည်။ ပြီးလျှင် အတွင်းရေးမှူးသုန်းအား စကားအနည်းငယ်မှာကြားလိုက်ပြီးနောက် ဖုကျန်းကို ကုမ္ပဏီကနေ ခေါ်ထုတ်ခဲ့လေသည်။
" မင်း ဘယ်ကိုသွားချင်လဲ..." ကျန်းဟန်ရှုက သူ့ကိုမေးသည်။
ဖုကျန်းက သွားချင်သည့်နေရာကို ရေရေရာရာ စီစဉ်မထားဖြစ်ခဲ့ပါချေ။ သူ အနည်းငယ် တုန့်ဆိုင်းနေပြီးနောက်မှ ကျန်းဟန်ရှုကို တောင်းဆိုသလိုပြောလိုက်သည်။ " လက်ထပ်ပွဲလုပ်တဲ့ ဘုရားကျောင်းကို တစ်ခေါက်လောက်သွားကြည့်ကြမလား..."
" မင်းစကားကို နားထောင်ပါ့မယ်..."
ယနေ့တွင် မောင်နှံတစ်တွဲက ဘုရားကျောင်းထဲတွင် မင်္ဂလာပွဲကျင်းပနေကြသည်။ ကျန်းဟန်ရှုနှင့် ဖုကျန်းတို့နှစ်ဦး တစ်ခေါက်သာ ဝင်ကြည့်လိုက်ပြီးနောက် တိတ်တဆိတ်ပြန်ထွက်လာခဲ့ကြ၏။ ထို့နောက် နေ့မွန်းတည့်ချိန်ထိ ချက်စ်ကျောင်းကြီးကို နှစ်ကြိမ်ခန့် ပတ်ကြည့်ဖြစ်ခဲ့ကြသည်။
ကျန်းဟန်ရှုက စားသောက်ဆိုင်တစ်ဆိုင်ကို ကြိုငှားပြီးသားဖြစ်လေ၏။ ဖုကျန်းက ညစာစားချိန်မတိုင်ခင် သူဂရုတစိုက်ပြင်ဆင်ထားသည့် လက်စွပ်လေးနှင့် တင်းတင်းကြပ်ကြပ်ထုပ်ပိုးထားသော လက်ဆောင်ဗူးကြီးကို ကျန်းဟန်ရှုအား ပေးလိုက်သည်။
" ခင်ဗျားအတွက်..."
ကျန်းဟန်ရှုက လက်စွပ်ကိုလက်ခံလိုက်ပြီး လက်ဆောင်ဗူးကြီးကို ဖြည်လိုက်သည့်အခါ အထဲတွင် ခေတ်ပေါ်ဂိမ်းစက်နှစ်ခုကို တွေ့လိုက်ရသည်။ သူ တစ်မုဟုတ်ချင်း ရယ်ချမိတော့သည်။
" ကိုယ် ဒါတွေစုခဲ့ဖူးတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ..."
" မေမေပြောပြတာ..."
" ခင်ဗျားကြိုက်ရဲ့လား..."
ကျန်းဟန်ရှုက ခေါင်းညိတ်သည်။
" ကိုယ် မူလတန်းနှစ်တုန်းက၊ ဒီ limited edition model ကိုရဖို့ ကျောင်းတောင်ပြေးခဲ့ဖူးတယ်။ ဒါပေမဲ့ ဆရာမက ကိုယ့်မိဘတွေကို တိုင်လိုက်တယ်လေ။ ကိုယ့်ဖေဖေက ကိုယ့်ကို အင်တာနက်ကဖေးဆိုင်ကနေ ဆွဲခေါ်ခဲ့ပြီး အသေဆော်တော့တာပဲ..."
" ကျွန်တော်လည်း စုခဲ့ဖူးတယ်။ ဒါပေမဲ့ နှစ်ခုပဲ ကျန်တော့တာ..." ဖုကျန်း၏မျက်ဝန်းများထဲတွင် ငယ်ဘဝအမှတ်တရများကို ပြန်လည်မြင်ယောင်လာသည်။
" အဲ့တာက ကျွန်တော့်အဖေ...."
သူ စကားခဏရပ်သွားပြီး ဘာမှမဖြစ်ခဲ့သလိုဆက်ကာပြောသည်။
" ကျွန်တော့်အဖေက ကျွန်တော့်အတွက် တမင်ဈေးကြီးပေးပြီး ဝယ်ပေးခဲ့တာ..."
ကျန်းဟန်ရှု : "............."
တူညီသော ကမ္ဘာလောကထဲရှိ၊ မတူညီသော ဖခင်များပါပေ။
နေ့လယ်စာစားပြီးတော့ သူတို့နှစ်ဦးသား မီးပုံးပျံလွတ်ဖို့ ကမ်းခြေသို့သွားခဲ့ကြပြီး ညရောက်သည်ထိ ဆော့ကစားခဲ့ကြသည်။ ကျန်းဟန်ရှုက နူးညံ့သောသဲသောင်ပြင်ပေါ်တွင် ဖုကျန်းအတူတူ ခြေဗလာလမ်းလျှောက်သည်။ သူတို့နောက်တွင် မြောက်မြားစွာသော ခြေရာများကျန်ရစ်ခဲ့လေသည်။ လှိုင်းလုံးဖြူဖြူများ စီးနင်းလာသော ဒီရေသည် ကမ်းခြေသဲသောင်ပြင်ပေါ်က ခြေရာများကို တိုက်ချွတ်ရှင်းလင်းလိုက်ပေသည်။
ဖုကျန်းသည် ကျန်းဟန်ရှု၏ကျောပြင်ပေါ်တွင် ကုန်းပိုးထားလျက်ရှိသည်။ သူက ခေါင်းလေးကိုမော့ကာ လမင်းကြီးကိုမော့ကြည့်လိုက်ပြီး ကျန်းဟန်ရှု၏နားထဲသို့ တိုးဖွဖွပြောလိုက်သည်။ " ဒီနေ့ လမင်းကြီးက အရမ်းလှတယ်နော်..."
ကျန်းဟန်ရှုက တိုးဖျော့ဖျော့သာ တုံ့ပြန်သံပေးလာပြီး သူ့ကိုကျောပိုးထားရင်း အရှေ့ကိုဆက်လျှောက်သည်။
ဖုကျန်းသည် ကျန်းဟန်ရှု၏လည်တိုင်တစ်ဝိုက်ကို သူ့လက်လေးဖြင့်ဖက်တွယ်ထားလိုက်သည်။ ဤအခိုက်အတန့်ဝယ် ကျန်းဟန်ရှု၏တိတ်ဆိတ်နေမှုက သူ့ကို အလွန်အမင်း မကျေမနပ်ဖြစ်စေ၏။
" စကားလေးတောင် ပြောစရာမရှိတော့ဘူးလား..."
ကျန်းဟန်ရှု နက်ပြာရောင်သန်းနေသော ကောင်းကင်ကျယ်ကြီးကို မော့ကြည့်လိုက်သည်။ ပယင်းရောင် လမင်းသော်တာက ကောင်းကင်ယံတွင် မြင့်မြင့်သာနေ၏။ ကျန်းဟန်ရှု၏ နှုတ်ခမ်းထောင့်စွန်းများက အပြုံးလေးအဖြစ် ပီပီပြင်ပြင် ကွေးတက်သွားပြီး ဖုကျန်းသဘောကျ ဆိုလိုက်ပေ၏။
" ကိုယ်မင်းကို သဘောကျတယ်..."
xxxxxx