အပိုင်း ၁၁၀
Viewers 23k

ဧပြီလ ၉ ရက်နေ့ကျော်သည့်နှင့် ဖုကျန်း၏လုပ်လက်စလုပ်ငန်းများ ပြန်လည်စတင်လေသည်။ ဤအချိန်တွင် ရိုက်ကွင်းထဲရှိ ကျန့်ရှင်းခယ်၏အရည်အချင်းကို ပကတိအမြင်နှင့်ပင် မြင်နိုင်နေလေပြီ။ သူ၏သရုပ်ဆောင်အရည်အချင်းက များစွာတိုးတက်လာပြီး သရုပ်ဆောင်ပါရမီကိုလည်း မြင်လာရပြီဖြစ်သည်။ သို့သော် ကံဆိုးစွာဖြင့် ဒါရိုက်တာနှင့် သူကိုယ်တိုင်၏ကိစ္စများကြောင့် အချိန်နှောင်းမှာသာ သိမြင်နိုင်ခဲ့ခြင်းပင်။ ဖုကျန်းမှာ ကျန့်ရှင်းခယ်အတွက် အခန်းများထပ်ထည့်ပေးဖို့ ဝေ့သျဲချီနှင့် တိုင်ပင်ဖို့ စီစဉ်ထားသည်။
ကျန်းကျန်မုန့် ဓာတ်ပုံများပို့ပြီးသည်မှာ အတန်ငယ်ကြာပြီဖြစ်သော်လည်း လိုချင်သည့်ရလဒ်ကို ရမလာသေးချေ။ ကျန်းဟန်ရှုနှင့် ဖုကျန်းတို့နှစ်ဦးသည် ကတောက်ကဆဖြစ်ခြင်း အလျဉ်းမရှိဘဲ ပါပါရာဇီများ၏ကင်မရာထက်တွင် နဂိုအတိုင်းပေါ်မြဲပေါ်လာနေဆဲပင်။
ကျန်းကျန်မုန့်က သူမ၏အကြံအစည်ကို လက်မလျော့ချင်သေးပေ။ မစ္စကျန်းက အစမပျိုးလျှင် ကျန်းဟန်ရှုကနေ အစပျိုးရလိမ့်မည်ဟု သူမ တွေးမိသည်။ အကယ်၍ ကျန်းဟန်ရှုသာ ဖုကျန်းကအခြားယောက်ျားများနှင့် တရင်းတနှီးနေသည်ကို တွေ့ပါက ဒီအတိုင်းထိုင်နေနိုင်လိမ့်မည်လော...။ ယခုအချိန်တွင် ကျန်းကျန်မုန့်သည် သူမ၏မူလရည်ရွယ်ချက်ကို လုံးလုံးလျားလျားမေ့လို့နေပြီး သူမကဲ့သို့ ကံဆိုးမိုးမှောင်ကျကိုကျရမည့် တစ်စုံတစ်ယောက်အား လိုက်ရှာဖို့ ဆန္ဒပြင်းပြနေခြင်းသာဖြစ်လေ၏။
ဖုကျန်းကို တခြားယောက်ျားများနှင့်တွဲ၍ ဓာတ်ပုံရိုက်ကူးနိုင်ဖို့က လွယ်ကူ၏။ ဒါရိုက်တာတစ်ယောက်ဖြစ်သည့် ဖုကျန်းက မင်းသားများနှင့် မကြာခဏ ဆက်ဆံရသည်။ မကွယ်မဝှက်ဆိုရပါလျှင် ပါပါရာဇီများမှာ ဖုကျန်းအား တိတ်တဆိတ်ဓာတ်ပုံရိုက်ကူးနေရခြင်းကို ငြီးငွေ့နေလှပြီ။ နေ့စဉ်နေ့တိုင်း ဆင်တူနေသောပုံများကို ရိုက်ကူးပြီး အင်တာနက်သုံးစွဲသူများကလည်း တူညီနေသော မှတ်ချက်များသာ ရေးကြသည်။ ထို CP Fans များသာလျှင် သူတို့ဖွင့်ဟထုတ်ဖော်လာမည်ကို စိတ်ရောကိုယ်ပါ မျှော်လင့်နေကြခြင်းဖြစ်သည်ပင်။
ကျန်းကျန်မုန့်ဆီမှ ငွေလိုချင်၍သာမဟုတ်ပါလျှင် သူတို့နှုတ်ထွက်လိုက်သည်မှာကြာလှပြီ။ သူတို့မှာ ပိုက်ဆံအတွက် အလုပ်လုပ်နေရခြင်းမှန်သော်လည်း တဖြည်းဖြည်းနှင့် စိတ်ရှုပ်ထွေးလာရသည်။ ဓာတ်ပုံများက နဂိုအတိုင်း ဒွိဟဖြစ်စရာ တစိုးတစိမှတောင် မရှိသည် မဟုတ်ပါလော။
အင်တာနက်စာမျက်နှာပေါ်တွင် ဖုကျန်း၊ ကျိုးဝမ်လျန်၊ ကျန့်ရှင်းခယ်နှင့် ဝေ့သျဲချီတို့က ဓာတ်ပုံတစ်ပုံထဲတွင်အတူတွဲလျက် ရှိနေကြသည်။ အင်တာနက်သုံးစွဲသူများက ပြုံးရုံပြုံးကြပြီး အလေးအနက်မထားကြပါချေ။ သာမန်ယောက်ျားများ ပုခုံးဖက်လိုက်၊ ကျောပုတ်လိုက်နေခြင်းက ပုံမှန်ပင်ဖြစ်၏။ ထို့အပြင် ထိုသူတို့ကို ဖုကျန်းနှင့်အတူ ဓာတ်ပုံတစ်ပုံထဲတွင် တွဲတွေ့ရခြင်းက မထူးဆန်းပါချေ။ တစ်နည်းဆိုရလျှင် ထိုသူတို့တွင် ဖုကျန်းနှင့် ကျန်းဟန်ရှုကို အတူတွဲတွေ့ရသလောက် စိတ်ဝင်စားစရာပင်မကောင်းချေ။
သို့သော် ကျန့်ရှင်းခယ်၏ပရိတ်သတ်များကတော့ အနည်းငယ် မကျေမနပ်ဖြစ်ကြသည်။ သူတို့၏ အထွဋ်အထိပ်ထားရာပတ္တမြားပွင့်လေးက နွံနစ်သွားသလို ခံစားလိုက်ရ၏။ သို့သော်လည်း ကျန့်ရှင်းခယ်က ဖုကျန်း၏ရိုက်ကွင်းတွင် အလုပ်လုပ်နေရသောကြောင့် သူတို့၏အိုင်ဒေါလေး အနေမကျုံ့ရလေအောင် မကျေနပ်မှုကို ရင်ဝယ်သာ ပိုက်ထားလိုက်ကြသည်။
ကျန်းဟန်ရှုနှင့် ဖုကျန်းကတော့ သူတို့လုပ်စရာရှိတာ၊ လုပ်သင့်တာ၊ လုပ်နေကျများကို မပျက်မကွက်လုပ်ဆောင်နေကြပြီး အင်တာနက်ပေါ်က အသံတိတ်စကားသံများကို သတိတောင်မမူမိပါချေ။
ထိုအချိန်တွင်ဖြစ်နေမည့် ကျန်းကျန်မုန့်ဒေါသတရားကိုတော့ ခန့်မှန်းကြည့်၍တောင် ရမည်ထင်၏။ သူမသည် သူမ၏ရည်းစားအသစ်နှင့်ပါ ရန်ဖြစ်စကားများနေရသဖြင့် ၎င်းကိစ္စကို မီးလောင်ရာဓာတ်ဆီလောင်းသလိုဖြစ်သွား၏။ ထိုစဉ် သူမ၏အေးဂျင့်ဆီမှ ဖုန်းလက်ခံရရှိလေသည်။
" မင်း ကုမ္ပဏီကနေ နှစ်ဝက်ရပ်နားခံရတယ်။ ဒီအတောအတွင်း မင်းအိမ်မှာပဲနေလိုက်ဦး..."
ကျန်းကျန်မုန့်မှာ ချက်ချင်းလက်မခံနိုင်ဘဲ ရုတ်ခြည်းပြန်မေးလိုက်သည်။
"ရပ်နားခံရတယ်.။ ဘာလို့ရပ်နားခံရတာလဲ..။ ကျွန်မ စာချုပ်ချိုးဖောက်မိလို့လား..."
အေးဂျင့်က တစ်ဖက်ဖုန်းကနေ အေးစက်စွာပြောလာသည်။ " ဒီဆုံးဖြတ်ချက်က အထက်ကနေလာတာ။ ဖြစ်နိုင်တာတော့ မင်းတစ်ယောက်ယောက်ကို သွားစော်ကားမိလို့ဖြစ်မှာပေါ့၊ ကိုယ့်ဟာကိုယ် ပြန်သုံးသပ်ကြည့်လိုက်လေ..."
ကျန်းကျန်မုန့်သည် ဤနှစ်တွေတစ်လျှောက်လုံး အနုပညာလောကထဲတွင် ဂရုတစိုက်သာနေခဲ့သည်။ သူမနှင့် ရန်ငြိုးရှိသူဟူ၍ လက်တစ်ဖက်ပင် မပြည့်ချေ။ ထို့အပြင် ထိုကဲ့သို့လူများကလည်း သူမကို ကုမ္ပဏီကနေရပ်နားစေသည်အထိ အာဏာမရှိပါချေ။
လက်တလော သူမ အနှောင့်အယှက်ပေးမိသူဟူ၍ ကျန်းဟန်ရှုနှင့် ဖုကျန်းသာရှိသည်။ ထိုအချိန်က သူမသည် သူဌေးကျင်းဟောက်ကိုတွယ်ကပ်နိုင်ပြီဟု ယူဆခဲ့၍ အနည်းငယ်မျှ ဘဝင်ခေါင်ခိုက်နေခဲ့ရုံသာမက အင်တာနက်သုံးစွဲသူများ၏ ဝေဖန်ပြစ်တင်မှုများကြောင့်ပါ သူမ မဆင်ခြင်နိုင်ဘဲ စိတ်လွှတ်သွားခဲ့သည်။ ယခု ကုမ္ပဏီက သူမကိုရပ်နားလိုက်တော့မည်ဟု ကြားလိုက်ရချိန်မှ ကျန်းကျန်မုန့်မှာ သူမလုပ်မိခဲ့သည့်အမှားကြီးက မည်မျှကြီးမားကြောင်း ပြန်ဆင်ခြင်မိသွားလေ၏။
ကျန်းဟန်ရှုနှလုံးသားထဲတွင် ဖုကျန်း၏အရာရောက်မှုက သူမထင်ထားသည်ထက် ပို၍အရေးပါနေခဲ့သည်ထင်၏။ယခုမူ ဤပြဿနာကြီးထဲက သူမ မည်သို့ရုန်းထွက်ရမည်ကိုသာ တွေးနေသင့်သည်။ ကျန်းကျန်မုန့် သူမအေးဂျင့်ကို "နားလည်ပါပြီ" ဟုပြော၍ ဖုန်းချလိုက်သည်။
ရိုက်ကွင်းထဲတွင်မူ ဖုကျန်းသည် လက်ထဲတွင်ဝေါ်ကီတော်ကီစက်ကို ကိုင်လျက် မော်နီတာရှေ့တွင် ထိုင်နေသည်။
" အားလုံး နေရာတကျပြင်ဆင်ထားကြမယ်။ သရုပ်ဆောင်တွေ ကိုယ့်နေရာကိုယ်ယူပြီး အသင့်ပြင်ထားကြ။ နောက်တစ်ခန်းကို ချက်ချင်းရိုက်မယ်..."
ခဏကြာစောင့်ပြီးသည်အထိ ဆူညံသံများက တိတ်ကျမသွားခဲ့ပါချေ။ ဖုကျန်း ထရပ်လိုက်ပြီး လျှောက်သွားကာ မေးလိုက်၏။ " ဘာတွေဖြစ်နေတာလဲ..."
လက်ထောက်ဒါရိုက်တာက ဘေးနားသို့ရောက်လာကာ ဖုကျန်းအား ဖြေလိုက်သည်။ " ဒါရိုက်တာဖု၊ သရုပ်ဆောင်အဖွဲ့က မလာနိုင်တော့ဘူးပြောနေတယ်..."
ဖုကျန်းကမေးလိုက်သည်။ " ဘာဖြစ်လို့တဲ့လဲ..."
" သူထီလက်မှတ်ဝယ်တာ ဒေါ်လာ ၈ သန်းပါက်တယ်တဲ့၊ အဲ့ဒါကြောင့် မလာတော့ဘူးတဲ့..."
ဖုကျန်း : "............"
ကောင်းပြီလေ။ သူတို့လို ရိုက်ကူးရေးအဖွဲ့သေးသေးလေးအတွက်က ထမင်းဗူးလေးရှိနေရင်ကိုအဆင်ပြေပြီ။
သူတို့ရိုက်ကူးရေးလုပ်သည့်နေရာက လူနေအိမ်များနှင့် ဝေးသည်။ ယခုအချိန်မှ သရုပ်ဆောင်အဖွဲ့ကိုရှာဖို့ကလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ဖုကျန်းသည် ဤအခန်းကို ရိုက်ချင်သူများရှိလားဟု ရိုက်ကူးရေးအဖွဲ့သားများကို မေးရမည်။ သရုပ်ဆောင်စကေးက ကျွမ်းကျင်စရာတော့ မလိုချေ။ သရုပ်ဆောင်သူသည် အလောင်းကောင်နေရာတွင် သရုပ်ဆောင်ရမည်ဖြစ်၏။ မီးအလင်းရောင်ပေါ်ရှိ အလောင်းကောင်က မျက်လုံးဖွင့်ပြီး ကင်မရာကို ခဏကြာ စိုက်ကြည့်ဖို့သာ လိုအပ်လေသည်။
ဖုကျန်း၏အကြည့်များကို အရိပ်အကဲခတ်မိသွားသည့် လက်ထောက်ဒါရိုက်တာမှာ ပလုတ်တုတ်အရုပ်အလား သူ့ခေါင်းကို တသွင်သွင်ခါယမ်းသည်။ " ကျွန်တော့်ကို မကြည့်ပါနဲ့၊ ဒါရိုက်တာ၊ ကိုယ်နေဟန်ထားက အရမ်းခက်လွန်းတယ်၊ ပြီးတော့ ကျွန်တော်က အသက်လည်းကြီးပါပြီ၊ ခြေထောက်တွေလည်း မခိုင်တော့ပါဘူး။ ကျွန်တော် မလုပ်နိုင်ဘူးနော်၊ ကျွန်တော်လုံးဝမလုပ်နိုင်ဘူး..."
ဖုကျန်း၏အကြည့်များက ဟိုသည်ဦးတည့်ရာ ရွေ့လျားသွားပြီးနောက် အဆုံး၌ ကျန်းဟန်ရှုထံသို့ ကျရောက်သွားလေသည်။ ထိုအချိန်တွင် ကျန်းဟန်ရှုက ရေမော့သောက်နေပြီး သူခေါင်းကိုပြန်မော့လိုက်သောအခါ ဖုကျန်း၏မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားသည်။
ဖုကျန်း ခပ်ဖွဖွချောင်းဟန့်လိုက်ပြီး ကျန်းဟန်ရှုထံသို့ လျှောက်သွားလိုက်ရင်း သရုပ်ဆောင်နေရာအတွက် ဖိတ်ခေါ်ကာ ဖျောင်းဖျတော့၏။ " မစ္စတာကျန်းခင်ဗျ၊ ဖွံဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ ရုပ်ရှင်နဲ့ရုပ်မြင်သံကြားထုတ်လုပ်ရေးကို လာချင်ပါသလား..."
လက်ထဲတွင် ရေသန့်ဘူးကိုင်ထားသည့် ကျန်းဟန်ရှုမှာ ဖုကျန်းအား ကူရာမဲ့စွာ ပြုံးပြလိုက်ရင်း ပြောလိုက်၏။ " တကယ်တော့၊ ကိုယ်က အမြဲတမ်း...."
ကျန်းဟန်ရှု၏စကားပင် အဆုံးမသတ်နိုင်သေးခင် ဖုကျန်းက မိတ်ကပ်ဆရာကို လက်ယပ်ခေါ်လိုက်ကာ ကျန်းဟန်ရှုကို လက်ညှိုးညွှန်ပြလျက် မှာကြားလိုက်သည်။ " မိတ်ကပ်ဆရာ၊ သူ့ကို မိတ်ကပ်လိမ်းပေးလိုက်..."
ဖုကျန်းက သွားအဖွေးသားပေါ်အောင် ကျန်းဟန်ရှုအား ပြုံးပြလိုက်ရင်း သူ့ပုခုံးကိုပုတ်ကာ ဆိုသည်။
" ရိုက်ကူးရေးပြီးရင် ကျွန်တော် ခင်ဗျားအတွက် စာအိတ်နီတစ်ခုပေးမယ်..."
ကျန်းဟန်ရှု : " စာအိတ်နီတစ်ခုတည်းလား..."
ဖုကျန်းက ခဏတာမျှတွေးဆနေပြီးနောက် ထပ်ပေါင်းလျက်ဆိုလိုက်သည်။ " စာအိတ်နီအကြီးကြီး..."
တစ်နာရီခွဲမျှအကြာတွင် ကျန်းဟန်ရှုက အဝတ်လဲခန်းထဲမှ ထွက်လာခဲ့သည်။ သူ့မျက်နှာဟာ လူသေအလောင်းကောင်အလား ဖြူဖျော့နေပြီး ပါးပေါ်တွင် ကျီးနက်တစ်ကောင်ရှိနေ၏။ သူ့မျက်နှာကိုမြင်လျှင် ဖုကျန်းက သူ့ကိုလက်မထောင်ပြလိုက်သည်။ " ခင်ဗျားက ရိုက်ကွင်းတစ်ခုလုံးမှာ အချောဆုံးလူသေအလောင်းပဲ..."
သူက အနည်းငယ်တော့ အရပ်ရှည်နေသည်။
ဖုကျန်း စကားလုံးများကို မြိုချလိုက်ပြီး အိမ်အပေါ်ထပ်က မီးအလင်းရောင်များကို မော့ကြည့်လိုက်ကာ ကျန်းဟန်ရှုကိုမေးလိုက်သည်။
" ခင်ဗျား အပေါ်တက်လို့ အဆင်ပြေပါ့မလား..."
ကျန်းဟန်ရှုက သူ့ကို 'အိုခေ'ဟူ၍သာ လက်ဟန်ပြလာသည်။ သို့သော် ဖုကျန်းက ထပ်ပြောပြန်၏။ " ကျိုးဝမ်လျန် အခန်းတံခါးကိုဖွင့်ဝင်လာပြီး ခင်ဗျားအောက်မှာ လမ်းလျှောက်နေတာကို မြင်ရင် မျက်လုံးကိုဖွင့်လိုက်နော်..."
" ဒါအကုန်ပဲလား..." ကျန်းဟန်ရှုက မေး၏။ သူ့လေသံက အခန်းများများ ထပ်ပြီး သရုပ်ဆောင်လိုဟန်။
ဖုကျန်းက ဆိုသည်။ " နောက်ကျရင် ကျွန်တော်တို့ special effects တွေထည့်လိုက်လို့ရတယ်..."
" အိုကေ..."
ကျန်းဟန်ရှုက တုံ့ပြန်ပြောဆိုပြီးနောက် မီးအလင်းရောင်များ အလှဆင်ထားရာ လှေကားပေါ်သို့တက်သွားကာ နေရာယူလိုက်သည်။
ဖုကျန်းက တိုးတိတ်စွာ သူ့ကို အားပေးစကားဆိုလိုက်ပြီးနောက် မော်နီတာဆီသို့ပြန်သွားကာ ထိုင်ချလိုက်သည်။ သူ ဝေါ်ကီတော်ကီကို တစ်ဖန်ပြန်ကောက်ကိုင်လိုက်သည်။
" အဖွဲ့သားအားလုံး အဆင့်သင့်၊ သရုပ်ဆောင်အားလုံး နေမြဲ၊ စ..."
ကျန်းဟန်ရှုက ဖုကျန်းညွှန်ကြားသည့်အတိုင်း လိုက်လုပ်သောအခါ သူ့သရုပ်ဆောင်မှုက ပြောစရာမလိုအောင် ပြည့်စုံသည်။ သူ့အခန်းများအားလုံးကို ရိုက်ကူးပြီးလုနီးပါးပင်။
တစ်ခန်းလုံး ရိုက်ကူးပြီးသွားသည့်အခါ ဖုကျန်းကြိုတင်မှာထားသည့် ညလယ်စာအဆာပြေမုန့်များလည်း ရောက်လာလေပြီ။ အားလုံး ခဏတဖြုတ်အနားယူကြသည်။
ကျန့်ရှင်းခယ်သည် မုန့်ဗူးလေးကို ကိုင်ထားလျက် တွေဝေငေးမောနေစဉ် ဖုန်းမြည်လာသည်။ တစ်ဖက်ဖုန်းက အေးဂျင့်က သူ့ကိုမေးသည်။
" coco၊ မင်းစားပြီးပြီလား..."
ကျန့်ရှင်းခယ်က သက်ပြင်းချသည်။ " ကျွန်တော် ဘာထပ်စားရဦးမှာလဲ။ ခွေးစာစားရတာနဲ့တင် ဗိုက်ပြည့်နေပြီ..."
သိပ်မကွာဝေးသောနေရာ၌ အဝါရောင်အလင်းရောင်အောက်ဝယ် ဖုကျန်းနှင့် ကျန်းဟန်ရှုတို့က ပူးကပ်နေကြပြန်သည်။ ကျန်းဟန်ရှုက ဖုကျန်း၏မုန့်ဗူးထဲရှိ ငရုပ်ကောင်းနှင့် ချင်းအလွှာတို့ကို သူ့ဗူးထဲသို့ပြောင်းထည့်နေသည်။ သူ့ဗူးထဲက အသားလုံးများကိုမူ ဖုကျန်းထဲသို့ထည့်ပေးလိုက်သည်။ ဤနှစ်ယောက်က ပတ်ဝန်းကျင်ကို လုံးဝအာရုံထားခြင်းမရှိကြ၊ တစ်ယောက်ယောက် ကြည့်နေမည်ကိုလည်း ဂရုစိုက်ခြင်းမလျဉ်းမရှိကြပေ။
" ဘာဖြစ်လို့ ကျွန်တော့်ကိုဖုန်းခေါ်တာလဲ..." ကျန့်ရှင်းခယ်က မေးလိုက်သည်။
အေးဂျင့်က ဆိုသည်။ " မားယွမ်က မင်းတို့ရိုက်ကူးရေးကို လာနေပြီလို့ ငါကြားတယ်။ ဒါရိုက်တာဖုက မင်းနေရာကို ထပ်ပြောင်းဦးမလို့လား..."
"မဖြစ်နိုင်တာ..."
ကျန့်ရှင်းခယ်က ငြင်းသည်။ သူ ဤရက်များအတွင်းတွင် ကောင်းကောင်းမွန်မွန် သရုပ်ဆောင်နိုင်ခဲ့သည်။ ဒါရိုက်တာဖုက သူ့နေရာမှာ အစားထိုးလောက်သည့်အထိ ရက်စက်ပါ့မည်လား။ ထို့အပြင် မားယွမ်က ကြေးကြီးသရုပ်ဆောင်ဖြစ်၏၊ သူတို့လို သေးငယ်သည့်ရိုက်ကူးရေးအဖွဲ့လေးက သူ့ကိုမငှားနိုင်ပေ။
အေးဂျင့်က နှာသာမှုတ်လိုက်ပြီး ထိုအကြောင်းကိုဆက်မပြောတော့ချေ။
" အမ်း.၊ မင်းရဲ့ရိုက်ကွင်းကို လာလည်ချင်တဲ့ မင်း Fans တွေရှိတယ်။ မင်းရဲ့ဒါရိုက်တာဖုကို အဆင်ပြေမပြေ မေးလိုက်ဦး..."
" ကောင်းပြီ..."
ကျန့်ရှင်းခယ်သည် မားယွမ်ကိုသူ့နေရာတွင် အစားထိုးမည့်သတင်းကို ငြင်းပစ်ခဲ့သော်ငြား ဖုန်းကျသွားသည်နှင့်တစ်ပြိုင်နက် သူ့နှလုံးသားက တဒိတ်ဒိတ်အခုန်မြန်လာတော့သည်။ ဖုကျန်းက သူ့ကို တကယ်ပဲအစားထိုးဖို့ စီစဉ်နေတာလားဟု သူ့ကိုယ်သူပြန်မေးမိသည်။ ဒီနှစ်ရက်အတွင်းမှာ သူအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့သည် မဟုတ်လော။
ထိုသို့အတွေးဝင်သွားပြီး သူ့ခဗျာ ညလယ်စာစားချင်စိတ်တောင် မရှိတော့ပါချေ။ ကျန့်ရှင်းခယ် ခဏကြာ အတွေးများလွန်ဆွဲနေပြီးနောက်တွင် ဖုကျန်းဆီကို ပြေးသွားသည်။ " ဒါရိုက်တာဖု၊ ကျွန်တော့်ဖန်လေးတွေက ရိုက်ကွင်းကို အလည်လာချင်တယ်တဲ့၊ အဆင်ပြေမလားမသိဘူး..."
" ပြေတယ်။ ဒါပေမဲ့ ငါတို့အခုလောလောဆယ် ညပိုင်းရိုက်ကူးရေးလုပ်နေတာ၊ ဒီနေရာက လူခြေအတော်ပြတ်တယ်။ မိန်းကလေးတွေ ဒီကိုရောက်လာရင် သူတို့ရဲ့လုံခြုံရေးကို အထူးဂရုစိုက်သင့်တယ်..."
" အဲ့ဒီအတွက် ကျွန်တော်လုံးဝ တာဝန်ယူပါတယ်..."
ကျန့်ရှင်းသည် သူ၏ဖန်များနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသည်။ လေယာဉ်လက်မှတ်ဝယ်မပေးနိုင်သည်မှလွဲ၍ ရိုက်ကွင်းအတွက် နေရာထိုင်ခင်းအပြည့်အစုံပေးခြင်း၊ ကားစင်းလုံးငှားပေးခြင်း စသဖြင့် အခြားကိစ္စများကို သူတာဝန်ယူပေးနိုင်သည်။
" ဒါဆိုအဆင်ပြေတယ်..."
ကျန့်ရှင်းခယ်က ဖုကျန်း၏အဖြေစကားကို ကြားရပြီးသော်လည်း ထွက်မသွားသေးဘဲ အရှက်သည်းနေသော မိန်းကလေးပမာ ခေါင်းကိုမြှုပ်မတတ် ငုံ့ထားသည်။ ဖုကျန်းက ကျန်းဟန်ရှုကို တီးတိုးစကားလေးပြောနေချင်သည့်တိုင် ကျန့်ရှင်းခယ်က နေရာတွင်သာ ဓာတ်တိုင်ကြီးကဲ့သို့ ရပ်နေသောအခါ သူ့မှာ ပြောချင်တာကိုမပြောရပေ။
ဖုကျန်း မျက်ခုံးများပင့်လိုက်ပြီး သူ့ကိုမေးလိုက်သည်။ " ကိစ္စထပ်ရှိသေးလို့လား..."
" မရှိပါဘူး၊ အဆင်ပြေပါတယ်..."
ကျန့်ရှင်းခယ် ခေါင်းကိုယမ်းလိုက်သည်။ သူ့ခဗျာ ထိုစကားလေးပြောတာတောင် ဒါရိုက်တာဖု စိတ်ကွက်သွားမည်လားဟူ၍ ကြောက်လန့်နေရ၏၊ မဖြစ်နိုင်လောက်ပါ။ သူက ရိုက်ကူးရေးအတွက် ဒေါ်လာ ၅ သန်းတောင် ရင်းနှီးမြှုပ်နှံထားသည့်လူဖြစ်၏၊ ထို့ကြောင့် သူ့အား လွယ်လွယ်အစားထိုးမည့်ကိစ္စကို လက်မခံနိုင်ပါချေ။
ကျန့်ရှင်းခယ် မုန့်ဗူးလေးကိုင်လျက် လှည့်ထွက်သွားပြီး ထောင့်တစ်နေရာ၌ ဆောင့်ကြောင့်လေးထိုင်ကာ သုန်မှုန်စူပုတ်နေတော့သည်။
ဖုကျန်းက ကျန်းဟန်ရှုကို စကားနှစ်ခွန်းခန့် တီးတိုးပြောဆိုနေစဉ် ဝေ့သျဲချီ ရောက်လာခဲ့၏။ သူက ထောင့်တစ်နေရာတွင် မှိုပွင့်နှယ် မလှုပ်မယှက်ထိုင်နေသော ကျန့်ရှင်းခယ်ကို လက်ညှိုးညွှန်ပြရင်း ဖုကျန်းကိုပြောလိုက်သည်။ " ဒါရိုက်တာဖု၊ သူဘာဖြစ်သွားတာလဲ..."
ဖုကျန်းက ခေါင်းခါသည်။ " မသိဘူးလေ..."
သို့သော် ခဏကြာ၌ အတွေးတစ်ခုပေါ်လာ၍ ထပ်ပြောလိုက်သည်။ " သူ့ဖန်တွေ အလည်လာမယ်ဆိုလို့ လက်ထပ်ရမှာကြောက်နေတဲ့အပျိုလေးလို စိတ်သောကရောက်နေတာနေမယ်..."
" အဲ့လိုလား..." ဝေ့သျဲချီက ကျန့်ရှင်းခယ်ကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် ဖုကျန်းကိုဆိုလိုက်သည်။ " မင်းသူ့ကို ဆူလိုက်ပြန်ပြီလို့ ငါထင်လိုက်တာ..."
" အကြောင်းမရှိရင် ကျွန်တော် သူ့ကို ဘာလို့ဆူရမှာလဲ..." ဖုကျန်းက ကျန်းဟန်ရှုဘက် ခေါင်းလှည့်လိုက်ကာ ပြုံးပြ၏။ " နော့်..ဟုတ်တယ်မလား..."
ကျန်းဟန်ရှုက အသံထွက်ရုံမျှသာ တုံ့ပြန်လိုက်ပြီး ကုလားထိုင်ပေါ် နောက်မှီထိုင်ချကာ သမ်းဝေလိုက်သည်။
ဖုကျန်း မျက်မှောင်ကြုတ်သွားပြီး ကျန်းဟန်ရှုကို မေးလိုက်သည်။ " ခင်ဗျား ကျွန်တော်နဲ့ တစ်နေ့လုံး၊ တစ်ညလုံး အတူလိုက်နေပေးနေတာ။ ခင်ဗျား ခန္ဓာကိုယ်က ခံနိုင်ရဲ့လား..."
ဖုကျန်းက ညဉ့်နက်သည်အထိ နေပါသော်လည်း နေ့ခင်းပိုင်းတွင်အိပ်ပြီး နောက်ကျမှထသည်။ သို့သော် ကျန်းဟန်ရှုကမူ မနက်အစောထ၍ ကုမ္ပဏီသို့သွားရလေသည်။
သူ့ခန္ဓာကိုယ်က ခံနိုင်ရည်မရှိမှာ ဖုကျန်းစိုးရိမ်မိသည်။
" ခင်ဗျား နားနေခန်းထဲသွားပြီး ခဏလောက်အိပ်လိုက်ဦး၊ ရိုက်ကူးရေးပြီးရင် ကျွန်တော် ခင်ဗျားကို နှိုးလိုက်မယ်..."
xxxxxx