Chapter 78
Viewers 4k

🚩Chapter -78

 Arc_4 . အွန်လိုင်းဂိမ်းနတ်ဘုရားက ငါ့ကိုအလိုလိုက်နေတယ် [ 16 ]


_____



မြေအောက်အိပ်မက်နန်းတော်နယ်မြေမှ တိုက်ခိုက်မှုများကို မှတ်တမ်းတင်ထားခဲ့ရာ ‘ကောင်းကင်ဘုံကိုးထပ်ရှိဖီးနစ်’ အုပ်စုသည် တစ်ကမ္ဘာလုံးအား ပြောင်မြောက်လှသောဗျူဟာစွမ်းရည်များဖြင့် အံ့ဩစေခဲ့သည်။ လူတိုင်းက သတင်းအချက်အလက်များရရန် အဆက်မပြတ်ကြိုးစားနေကြသည့်အချိန်၌ ထိုပြောင်မြောက်လှသော တက်သစ်စအုပ်စုသည် ရုတ်တရက်မရှိတော့ဘဲ အဖွဲ့ဝင်ငါးယောက်လုံးကလည်း နယ်မြေမှ ထွက်သွားကြပြီဖြစ်သည်။


ယခုတွင် အုပ်စုကြီးများ၏ လက်ရွေးစင်အဖွဲ့အသီးသီးတို့သည် ထိုနယ်မြေထဲမှထွက်ကုန်ကြပြီဖြစ်သည်။ 


‘ပထမဆုံးသတ်ဖြတ်မှု’မရှိတော့သည့်အတွက် အဆုံးအထိ ဆက်လက်တိုက်ခိုက်နိုင်လျှင်တောင်မှ ဤနယ်မြေတွင် ဆက်နေရန်အဓိပ္ပာယ်မရှိတော့ချေ။ 


“ဂုဏ်ပြုပါတယ်”


တုလန်၏ခံ့ညားထည်ဝါသောရုပ်သွင်သည် စုဝမ်ရှေ့တွင်ပေါ်လာခဲ့သည်။


 သူမကတုလန်အားကြည့်ကာ မျက်ခုံးပင့်၍ “ကျေးဇူးပဲ” 


စုဝမ်က ယခင်နှင့်မတူ ပြောင်းလဲနေကြောင်းခံစားလိုက်ရသော တုလန်သည် တွန့်ဆုတ်နေလျက်ဖြင့် “မင်းရဲ့အုပ်စုက မကြာခင် အဆင့်၃ကိုရောက်တော့မလား ကိုယ်တို့ ဝံပုလွေအစွယ်အုပ်စုနဲ့ မဟာမိတ်ဖွဲ့ချင်လား။ တိရှစ်ထျန်းက မင်းတို့ကိုဒီတိုင်းလွှတ်ထားမှာမဟုတ်ဘူးထင်တယ်။ အဲ့အချိန်ကျရင် ကိုယ်တို့….”


“မလိုဘူး” 


စုဝမ်ကတုလန်အား လေးနက်စွာစိုက်ကြည့်ပြီး “ရှစ်ထျန်းအုပ်စုက ကျွန်မတို့အတွက်ရန်သူပဲ ရှင့်ရဲ့ ဝံပုလွေအစွယ်ရောပဲ” 


“ဝမ်ယွဲ့… မင်းဆုံးဖြတ်ချက်အပေါ် ကိုယ်ရေးကိုယ်တာခံစားချက်တွေ မသက်ရောက်စေနဲ့” 


တုလန်အတွေးထဲတွင် စုဝမ်နှင့်သူသည် နောက်တစ်ဖန်ပြန်အဆင်ပြေနိုင်သည်ဟုထင်မိ၏။ ထို့အပြင် သူတို့သာ အတူပူးပေါင်းလိုက်ပါက အားလုံးအတွက် အကောင်းဆုံးအခြေအနေပင်ဖြစ်သည်။ 


“ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာခံစားချက်တွေသေချာပေါက်လွှမ်းမိုးမနေဘူးပေါ့ ရှင့်ရဲ့ ဝံပုလွေအစွယ်က ကျွန်မတို့ ကောင်းကင်ဘုံကိုးထပ်ရှိဖီးနစ်ရဲ့ မဟာမိတ်အုပ်စုဖြစ်လာဖို့ အရည်အချင်းရှိမနေလို့ဘဲ” 


“အိုး”


ထိုအချိန်တွင် သူတို့နှစ်ယောက်အနောက်မှ လှောင်ပြောင်သံများဖြင့်ပြည့်နှက်နေသာ ယောက်ျားတစ်ယောက်၏ အသံထွက်လာ၏။ 


“ပထမဆုံးသတ်ဖြတ်မှုလေး တစ်ခုပဲရလိုက်သေးတာကို မင်းရဲ့အုပ်စုက ကြီးကျယ်မြင့်မြတ်သွားပြီလို့ထင်နေတယ်ပေါ့” 


တိရှစ်ထျန်းသည် အုံ့မှိုင်းနေသည့်မျက်နှာနှင့် စုဝမ်ဘေးသို့လျှောက်လာကာ သူမအားအေးစက်စွာကြည့်၍ “ဝံပုလွေအစွယ်က မင်းတို့နဲ့ မဟာမိတ်ဖြစ်ဖို့မတန်ဘူးပေါ့လေ မင်းစိတ်ထဲမှာ ဘယ်အုပ်စုကများ မင်းရဲ့ ကောင်းကင်ဘုံကိုးထပ်ရှိဖီးနစ်နဲ့ မဟာမိတ်ဖြစ်ဖို့ထိုက်တန်တာလဲငါတကယ်သိချင်မိသား မဟုတ်မှ ငါတို့ရှစ်ထျန်းလား ဒါပေမယ့် ငါ…စိတ်…မ…ဝင်…စား…ဘူး” 


“ခစ်ခစ်” 


တိရှစ်ထျန်းစကားများကိုကြားသည့်အခါ စုဝမ်ကရယ်လိုက်၏။ 


“ငါလည်းပြည်နယ်မှာ ပထမအဆင့်မဟုတ်တဲ့ ယောက်ျားတွေကိုစိတ်မဝင်စားဘူး ငါတို့နဲ့ မဟာမိတ်ဖြစ်ဖို့အရည်အချင်းပြည့်မီတဲ့အုပ်စုက အဆုံးမရှိည အုပ်စုတစ်စုတည်းပဲ” 


ဆဌမမြောက်ပြည်နယ်၏အဆုံးမရှိညအုပ်စု။ ဆဌမမြောက်ပြည်နယ်၏နံပါတ်တစ်အုပ်စု။ တစ်ချိန်တည်းမှာပင် သူတို့၏အုပ်စုခေါင်းဆောင်မှာ ဟွာရှားတစ်ခုလုံးတွင်အဆင့်တစ်နေရာကိုသာ နေရာယူထားခြင်းဖြင့် နာမည်ကြီးသည့် ရူးမိုက်သောခေါင်းဆောင် ယဲ့ယွီဖြစ်သည်။


ဟွာရှားပြည်နယ်တစ်ခုလုံးတွင် လူအနည်းငယ်သာ လေးစားဖွယ်ကောင်းသည့်ယဲ့ယွီအားမြင်ဖူးကြသည်။ သူက မြစ်ချောင်းအင်းအိုင်များနှင့်အဝေးတွင်နေသော်လည်း ထိုမြစ်ချောင်းအင်းအိုင်များတွင် သူနှင့်ပတ်သက်သည့် ရာဇဝင်တွင်သောဖြစ်ရပ်များစွာရှိလေသည်။ 


ဒေသဖြတ်ချန်နယ်ပွင့်သွားပြီးနောက် ပြည်နယ်များသည် သတင်းအချက်အလက်တို့ရကြရုံသာမက ပြည်နယ်အသီးသီးမှ အုပ်စုများသည် ဒေသဖြတ်မဟာမိတ်များဖွဲ့ကြ၏။ 


တစ်ချိန်တည်းမှာပင် ပွင့်လာခဲ့သော ကြားနေစစ်မြေပြင်တွင်လည်း မဟာမိတ်အုပ်စုသည် နှစ်ဘက်စလုံးအတွက် ခိုင်ခံ့သောခံတပ်အဖြစ် ပူးပေါင်းတိုက်ခိုက်နိုင်သည်။ 


အဆုံးမရှိည.....


တိရှစ်ထျန်းသည် အဆုံးမရှိညကိုသိပြီး ယဲ့ယွီကိုလည်းသိသည်။ 


သူသိထားသည့်အချက်များအရ အဆုံးမရှိညသည် အခြားသောအုပ်စုများနှင့် မဟာမိတ်မဖွဲ့ဖူးကာ ယဲ့ယွီသည် အခြားသူများနှင့်လည်းတွေ့ဆုံခြင်းမရှိချေ။ သူ၏ဂိမ်း‌လောကတွင် အဆင့်တင်ခြင်းတစ်ခုသာရှိပုံရပြီး ဂိမ်းထဲရှိ အခြားအရာများကိုစိတ်ဝင်စားပုံမရပေ။ 


ယခုအချိန်တွင် တိရှစ်ထျန်းအမြင်၌ စုဝမ်ကအဆုံးမရှိညနှင့် မဟာမိတ်ဖွဲ့ချင်သည်မှာ အဓိပ္ပာယ်မရှိဖြစ်နေ၏။ 


ဘေးတွင်ရှိနေကြသော အခြားပွဲကြည့်သူများကလည်း တိရှစ်ထျန်းနှင့်အမြင်တူကြသည်။ ရှစ်ထျန်းအုပ်စု၏ အဖွဲ့ဝင်အချို့သည် စုဝမ်နှင့်တိရှစ်ထျန်းတို့စကားပြောနေတာကို မှတ်တမ်းတင်၍ လင်ရှန်း၏ ဟွာရှားပြည်နယ်များတရားဝင် website တွင်ချက်ချင်းတင်လိုက်၏။ 


သတင်းထူး....ထောင်လွှားသည့် တက်သစ်စ ကောင်းကင်ဘုံကိုးထပ်ရှိဖီးနစ်က အဆုံးမရှိညနှင့် တန်းတူဖြစ်ရန် ကြိုးစားနေ။


‘ကောင်းကင်ဘုံကိုးထပ်ရှိဖီးနစ်’သည် လေဒဏ်လှိုင်းဒဏ်တို့ကိုခံနေရပြီး ‘အဆုံးမရှိည’ကတော့ ဆန်းပြားစွာ တိတ်ဆိတ်နေသောကြောင့် ယခုတွင်ထိုအုပ်စုနှစ်စုအား ဤပို့စ်ကချိတ်ဆက်ပေးလိုက်သည့်အခါ ရေပန်းအစားဆုံး အကြောင်းအရာဖြစ်လာတော့သည်။


‘ကောင်းကင်ဘုံကိုးထပ်ရှိဖီးနစ်’က ပထမဆုံးသတ်ဖြတ်မှုအားရယူသွားသည်ကို မကျေနပ်ကြသူများသည် အပြစ်တင်စရာရသွားကြကာ ကောမန့်တွင် ပြစ်တင်ကဲ့ရဲ့မှုများပြောဆိုနေကြ၏။ 


ယခုအခိုက်အတန့်တွင် သူတို့သည် ရက်စက်စွာမျက်နှာဖြတ်ရိုက်ခံရရန် သိပ်မလိုတော့ကြောင်း မသိကြသေးပေ။ ထို့အပြင်သူတို့ကိုစောင့်မျှော်နေသည်မှာ ထိုအရာများသာမဟုတ်ပေ။ အဆုံးမရှိညအုပ်စုခေါင်းဆောင်သည် သူတို့အား ပြစ်တင်ကဲ့ရဲ့ခြင်းအစစ်အမှန်အား တစ်မိသားစုလုံးကိုမီးလောင်တိုက်သွင်းသည့် လက်တွေ့ကျသောနည်းလမ်းကိုသုံး၍ ပြသပေးလိမ့်မည်။ 


.............


မြေအောက်အိပ်မက်နန်းတော်၏ပထမဆုံးသတ်ဖြတ်မှုသည် ‘ကောင်းကင်ဘုံကိုးထပ်ရှိဖီးနစ်’အတွက် အလွန် အဓိပ္ပာယ်ရှိသောအောင်မြင်မှုဖြစ်၏။ ဤအခိုက်အတန့်တွင် အဖွဲ့ဝင်အားလုံးတို့သည့် အပြင်းအထန် စိတ်လှုပ်ရှားနေလျက်ရှိသည်။ အုပ်စုသည်မကြာခင်တွင် အဆင့်၃သို့ရောက်တော့မည်ဖြစ်သောကြောင့် စုဝမ်သည် လူတိုင်းအား ကြိုးစားရန်နှင့် အုပ်စုမစ်ရှင်များကိုလည်းတက်ကြွစွာလုပ်ဆောင်ကြရန် တိုက်တွန်းနေသည်။ 


“ဒီနေ့မွန်းလွဲ လေးနာရီမှာ အုပ်စုကိုအဆင့်၃ရောက်အောင်မြှင့်တင်နိုင်ခဲ့ရင် လူတိုင်းကို ပွဲကြီးပွဲကောင်းတစ်ခုကြည့်ရှုဖို့ ဖိတ်ခေါ်ပါမယ်” 


အုပ်စုစကားပြောခန်းထဲတွင် ထိုမက်ဆေ့ချ်အားချန်ခဲ့ပြီးနောက် စုဝမ်သည် အုပ်စုမစ်ရှင်များပြုလုပ်ရန် ချက်ချင်းထွက်သွားတော့သည်။ 


နှစ်နာရီကြာပြီးနောက်......


“ကစားသူယဲ့ယွီသည် သင့်အား သူငယ်ချင်းဖြစ်ရန် တောင်းဆိုလာပါသည်။ လက်ခံပါမည်လား”


စုဝမ်၏ မေးလ်ထဲတွင် သူငယ်ချင်းဖြစ်ရန်တောင်းဆိုချက်ပေါ်လာ၏။ 


ထိုအချိန်တွင် စုဝမ်သည် အုပ်စုကျောက်မိုင်းထဲ၌ မစ်ရှင်ပြုလုပ်နေခြင်းဖြစ်သည်။ သူမက ယဲ့ယွီဆိုတာကို မြင်လိုက်သည်နှင့် ချက်ချင်းလက်ခံသည်ကိုနှိပ်လိုက်၏။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမသည် စုရွေ့ထံမှ စကားပြောဆိုခွင့်တောင်းလာသည်ကိုတွေ့လိုက်ရသည်။ 


“ကိုယ်နောက်ဆုံးတော့ ဂိမ်းထဲမှာမင်းကိုစကားပြောနိုင်ခဲ့ပြီ” 


အသံဖြင့်ဆက်သွယ်ခြင်းချိတ်ဆက်ပြီးသွားသောအခါ စုရွေ့၏စိတ်မရှည်ဖြစ်နေသောအသံသည် စုဝမ်၏နားသို့ ရိုက်ခတ်လာ၏။ 


“ကိုယ်အခု ကြားနေမြေပုံမှာ လာမလား” 


“ကျွန်မအခုအုပ်စုမြေပုံမှာ လာလို့မရဘူး ဒီနေ့ကျွန်မတို့အုပ်စုကို အဆင့်၃ရောက်အောင်လုပ်မလို့”


စုဝမ်ကစုရွေ့နှင့်စကားပြောနေရင်း ကျောက်တုံးများအား ရှင်းလင်းနေ၏။


“အိုး”


စုဝမ်၏စကားများကိုကြားပြီးနောက် စုရွေ့ကအနည်းငယ်

စိတ်ပျက်သွားသော်လည်း ချက်ချင်းပင် ထပ်ပြောလာ၏။ 


“ကမ္ဘာလုံးဆိုင်ရာကြေညာချက်ကိုတွေ့လိုက်တယ်...ဂုဏ်ယူပါတယ်... မင်းတို့အုပ်စု အဆင့်၃ရောက်သွားရင် ကိုယ်တို့မဟာမိတ်ဖွဲ့ရအောင် ကိုယ်ဂုဏ်ပြုတဲ့အနေနဲ့လက်ဆောင်အကြီးကြီး ပို့လိုက်မယ်” 


“ဘာလက်ဆောင်လဲ”


စုဝမ်က ဂရုမစိုက်စွာနှင့်မေးလိုက်ခြင်းဖြစ်သည်။ စုရွေ့ကသူမအား အဆင့်တင်ပေးရန်ခေါ်သွားလိမ့်မည် သို့မဟုတ် ကြားနေစစ်မြေပြင်တွင် တိရှစ်ထျန်းအားသတ်ရာ၌ ကူညီပေးလိမ့်မည်ဟု စုဝမ်ခန့်မှန်းလိုက်သည်။


“လျှို့ဝှက်ချက်”


မမျှော်လင့်ထားဘဲ စုရွေ့က အထွတ်အထိပ်ရောက်ခါနီးတွင်သစ္စာဖောက်ကာ အရူးလုပ်လေသည်။ 


“ကျစ်” 


စုဝမ်စုတ်သပ်လိုက်၏။ ချက်ချင်းပင် စု၀မ်၏ သီးသန့်စကားပြောခန်းတွင် စာတစ်စောင်ပေါ်လာသည်။ ၎င်းက ဝူပေါင်ပေ့ထံမှဖြစ်သည်။ အုပ်စုမစ်ရှင်များက သတ်မှတ်ထားသည့် ပမာဏအတွက်ပြီးမြောက်သွားကာ အဆင့်၃သို့မြှင့်တင်ရန်အရင်းအမြစ်များလည်းစုံနေပြီဖြစ်ကြောင်း သတင်းလှမ်းပို့ထားခြင်းဖြစ်သည်။


သေချာသလောက်ကတော့ ဒီနေ့လူတိုင်းက ကြက်သွေးထိုးထားသလိုမျိုး စိတ်အားထက်သန်နေကြပုံပဲ။ 


“ကျွန်မတို့မစ်ရှင်ပြီးသွားပြီ အခုပဲအဆင့်၃ကိုမြှင့်တင်တော့မယ်” 


စုဝမ်သည် မနေနိုင်ဘဲ စုရွေ့အား သတင်းကောင်းကိုဝေမျှလိုက်၏။


“တကယ်လား” 


စုရွေ့၏အသံသည် ချက်ချင်းပင် ပျော်ရွှင်မှုတို့ပြည့်နှက်သွားပြီး“ဒါဆို ခဏနေရင် ကိုယ့်ကိုလာတွေ့နိုင်ပြီလား”


“ဟင့်အင်း” 


စုဝမ်က စုရွေ့ကိုငြင်းလိုက်သည်။


“အရင်ဆုံးတစ်ယောက်ယောက်ကိုသတ်ရဦးမယ်” 


လူသတ်မှာလား


“ဟွေ့မော့ယိရှောင်ကိုလား” 


သူမအားမေးလိုက်သော်ငြားလည်း စုရွေ့၏အသံတွင် ဖော်ပြမရနိုင်သည့်ယုံကြည်ချက်အပြည့်ရှိနေသည်။ 


“ဟုတ်တယ်... ဒါဆိုလူသွားသတ်လိုက်ဦးမယ် ပြီးမှ လိုင်းဆင်းပြီးတွေ့ကြတာပေါ့” 


သူမကပြောပြီးသည်နှင့် အသံဖြင့်ဆက်သွယ်ခြင်းအားပိတ်ကာ စာလိပ်ကိုသုံး၍ မြို့တော်သို့ပြန်သွား၏။ ထို့နောက် သူမသည် ဟွေ့မော့ယိရှောင်အား သူငယ်ချင်းဖြစ်ရန်တောင်းဆိုချက်ပို့လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဟွေ့မော့ယိရှောင်က သူမ၏တောင်းဆိုချက်ကိုလက်ခံလိုက်သည်။ 


စုချန်းဝမ်ယွဲ့ : နှစ်ယောက်တည်းစကားပြောချင်တယ် တည်နေရာပို့လိုက်။ 


ဟွေ့မော့ယိရှောင် : ကောင်းပြီ 


သိပ်မကြာခင်မှာပင် ဟွေ့မော့ယိရှောင်က တည်နေရာကိုပို့လာ၏။ 


တည်နေရာပြအချက်အလက်များကိုကြည့်၍ စုဝမ်က ဖျော့တော့စွာပြုံးကာ ထိုအချက်အလက်များကို အုပ်စုစကားပြောခန်းထဲသို့ပို့လိုက်သည်။


စုချန်းဝမ်ယွဲ့ : လူတိုင်းဒီနေရာမှာစုဝေးပေးကြပါ... ပွဲကြီးပွဲကောင်းတစ်ခုရှိပါလိမ့်မယ်


ထိုစာကြောင်းတို့ကိုပို့လိုက်ပြီးနောက် စုဝမ်သည် ‘ရေခဲတမျှအေးစက်သောခြေ‌‌ထောက်များ’ကို သီးသန့်စကားပြောခန်းတွင် ယခုချက်ချင်းထိုနေရာသို့လာ၍ မြင်ကွင်းကောင်းကိုရှာကာ နောက်ဖြစ်လာမည့် အရာများကို မှတ်တမ်းတင်ထားရန် ပြောလိုက်သည်။ 


ပြီးနောက် စုဝမ်သည် စျေးမှနေရာကူးပြောင်းစာလိပ်ဝယ်၍ ဟွေ့မော့ယိရှောင်ပို့ထားသော နေရာအား ကူးပြောင်းသွားလိုက်သည်။ သူမရွှေ့ပြောင်းသွားပြီးနောက် တစ်ချက်ကြည့်လိုက်ရာ ဟွေ့မော့ယိရှောင်က ရေကန်နားတွင် တွေဝေငေးမောစွာဖြင့်ထိုင်နေကြောင်းတွေ့လိုက်ရသည်။ 


သူမကအာရုံခံစားနိုင်စွမ်းနည်းသောကြောင့် မြေပုံပေါ်ရှိနေရာများကို မမှတ်မိချေ။ သူမဤငွေလရောင်ရေကန်အား ရှာတွေ့နိုင်သောအကြောင်းပြချက်တစ်ခုတည်းမှာ တိရှစ်ထျန်းသူမကိုခေါ်လာနေကျဖြစ်၍ဖြစ်သည်။ စုဝမ်က သူမအား တည်နေရာပို့လာပေးရန်ပြောလာသောအခါ ဟွေ့မော့ယိရှောင်ကသူမအား ဤနေရာကိုချက်ချင်း ပေးခဲ့လေသည်။


ယခုတွင် စုဝမ်ကူးပြောင်းရောက်ရှိလာသည်ကိုတွေ့သောအခါ ဟွေ့မော့ယိရှောင်က ချက်ချင်းပင်မတ်တပ်ရပ်၍ နှုတ်ခမ်းများကိုစေ့ထားပြီး ဖြူဖျော့နေသောအမူအရာဖြင့်ကြည့်လိုက်သည်။


စုဝမ်က ဟွေ့မော့ယိရှောင်ထံ အေးအေးလူလူလျှောက်သွား၍ ခြေလှမ်းငါးလှမ်းခန့်အကွာတွင်ရပ်လိုက်သည်။


 စုဝမ်က စိတ်မပါသကဲ့သို့ သူမအားကြည့်၍ “ငါနင့်ကိုဘာလို့တွေ့ချင်တာလဲသိလား” 


“သိတယ်”


ကြီးမားသောဆုံးဖြတ်ချက်ကြီးတစ်ခုချနေသကဲ့သို့ ဟွေ့မော့ယိရှောင်က မျက်လုံးများနီကာ မျက်ဝန်းတွင် မျက်ရည်တို့စိုစွတ်လျက်ဖြင့် စုဝမ်ကိုကြည့်လာသည်။ 


“ရှစ်ထျန်းကိုကိုနားကနေငါ့ကိုထွက်သွားအောင် လုပ်မလို့ဆိုတာသိတယ် နင်ပထမဆုံးသတ်ဖြတ်မှုကိုယူလိုက်တာက သူ့ကိုသက်သေပြချင်ရုံသက်သက်မဟုတ်ဘဲ သူ့အတွက် ငါ့ထက်နင်ကပိုသင့်တော်ကြောင်းပြချင်လို့မလား” 


စုဝမ် : ........


ညီမလေး ဦးနှောက်ကိုဘယ်နားဖြုတ်ထားခဲ့တာလဲ ကုသမှုခံယူသင့်နေပြီ။



__🚩