Chapter 86
Viewers 4k

🚩Chapter -86

 Arc_4 . အွန်လိုင်းဂိမ်းနတ်ဘုရားက ငါ့ကိုအလိုလိုက်နေတယ် [ 24 ]


_____


ဂိမ်း၏စည်းမျဥ်းများကို အခြေခံ၍ စုဝမ် ယခုလုပ်ဆောင်နေသည့် တာဝန်သည် ရှားပါးအမျိုးအစားဖြစ်သည်။ ဆုလာဘ်ကိုအခြားသူများအား ဝေမျှ၍မရသော်လည်း တာဝန်ဆောင်ရွက်နေချိန်တွင် အခြားသူများနှင့် အုပ်စုဖွဲ့ကာ ပယင်းသလင်းကျောက်များအတူတကွ စုဆောင်းနိုင်၏။


ထို့ကြောင့် စုရွေ့ကသဘာဝကျကျပင် စုဝမ်နှင့် အသင်းဖွဲ့လိုက်သည်။ သူတို့နှစ်ယောက်က ထိုနယ်မြေကို သုတ်သင်ရှင်းလင်းကြပြီး သိပ်မကြာခင်၌ ပယင်းသလင်းကျောက်အခု၁၀၀ စုဆောင်းပြီးသွားလေသည်။ 


သလင်းကျောက်များအား အတူတကွစုဆောင်းပြီးနောက် စုရွေ့သည် စုဝမ်နှင့်အတူ Millennium နယ်မြေသို့ အဖော်လိုက်သွားပေးသည်။ 


သူတို့နှစ်ယောက်အသင်းဖွဲ့ထားသည့်အခြေအနေတွင်ရှိနေသောကြောင့် စုရွေ့သည် အသင်းဖော်ဆိုသည့် ဖော်ပြချက်ဖြင့် နယ်မြေဝင်ပေါက်ကိုဝင်ရောက်နိုင်ကာ ရေသူမလေး၏ဝိဉာဥ်ကိုလည်း စုဝမ်နှင့်အတူမြင်နိုင်၏။ 


ယခုအချိန်တွင် ရေသူမလေးသည် အလွန်အားနည်းနေသည့်ပုံပေါက်နေသည်။ စုဝမ်က ပယင်းသလင်းကျောက်လေးများ လက်ကမ်းပေးလာသည်ကိုတွေ့သောအခါ ရေသူမလေးက စိတ်သက်သာရာရသွားဟန် အသက်ရှူထုတ်လိုက်သည်။ သူမက ဂရုတစိုက်နှင့် အပြာနုရောင်ဥလေးကို ထုတ်ယူလိုက်ကာ သူမ၏ကျန်ရှိနေသည့် ကိုယ်ခံအားနှင့် ဝိဉာဥ်စွမ်းအင်တို့ကိုသုံး၍ ပယင်းသလင်းကျောက်များအား စွမ်းအင်များအဖြစ်စုစည်းလိုက်ပြီး ထိုအပြာနုရောင်ဥလေးထဲသို့ ထည့်လိုက်၏။ 


ရေသူမလေး : ဒါက.... ဒါကကျွန်မရဲ့ ဆက်ခံသူပဲ။ သူလည်းထောင်စုနှစ်ပေါင်းများစွာကြာအောင် ချိတ်ပိတ်ခံခဲ့ရတာ။ အခုတော့ ကမ္ဘာကြီးကို သူမမျက်လုံးနဲ့ကိုယ်တိုင်ကြည့်ရှုခံစားနိုင်ပြီ။ နှလုံးလှတဲ့စစ်သည်တော်လေး... ကျွန်မသွားရတော့မယ်။ သူမကိုကောင်းကောင်း ပျိုးထောင်ပေးဖို့....တောင်းဆိုပါတယ်။ 


လုပ်ဆောင်ရမည့်တာဝန် : ရေသူမလေး၏ဆန္ဒ(ရှားပါး) 


တာဝန်ပြီးမြောက်နှုန်း : 50%


ရေသူမလေး၏ ဆက်ခံသူအားပြုစုပျိုးထောင်ပေးရမည့် သူမ၏နောက်ဆုံးဆန္ဒအား လက်ခံပါမည်လား။ 


စုဝမ် : ……


ဒီဥကရေသူမလေးရဲ့ ကလေးတဲ့လား။ ကောင်းပြီလေ ဂိမ်းထဲမှာ အကောင်တော်တော်များများက ဥကနေပေါက်ကြတာ သဘာဝပါပဲ။ 


ခဏတာတွန့်ဆုတ်နေပြီးနောက် စုဝမ်ကလက်ခံမည်ကိုရွေးချယ်လိုက်သည်။ ရလဒ်အနေနှင့် ရေသူမလေး၏ မျက်နှာ၌ အပြုံးလေးပေါ်လာသည်။ ထို့နောက် သူမသေဆုံးသွားကာ တောက်ပနေသည့်အပြာရောင်ဥလေးသည် စုဝမ်၏လက်ဖဝါးပေါ်သို့ကျလာတော့သည်။ 


စနစ်ဖော်ပြချက် : ရေသူမလေး၏ဆန္ဒ (ရှားပါး)


တာဝန်ပြီးမြောက်သွားပါပြီ...ရေသူမလေး၏ဆက်ခံသူ၏ဆုလာဘ်ကိုရယူလိုက်ပါ။ ရေသူမလေး၏ဆက်ဆံသူဥလေးအား ယခုခွဲပါမည်လား။ 


စုဝမ်က ခွဲမည်ကိုရွေးချယ်လိုက်သည်။ ရလဒ်အနေနှင့် စနစ်မှ နောက်ထပ် အသိပေးချက် ထပ်ပေါ်လာလေသည်။ 


စနစ်ဖော်ပြချက် : ရေသူမလေး၏ဆက်ဆံသူက လူသားနဲ့ရေသူမသွေးသားနှစ်ခုရောနှောနေတဲ့ ထူးခြားတဲ့သတ္တဝါဖြစ်ပါတယ်။ ကစားသူ ကျေးဇူးပြုပြီးမည်သည့်သွေးသားကိုရွေးချယ်မလဲဆုံးဖြတ်ပေးပါ။


 A. လူသားသွေးသားဆိုပါက ချစ်စဖွယ်ကောင်းနိုင်ပါတယ်။


 B. ရေသူမသွေးသားဆိုပါက ရေအောက်တွင်သာ နေနိုင်ပြီး အမြှီးပါရှိပါမယ်။ 


စုဝမ် : ……


စနစ် နင်ထွက်လာခဲ့စမ်း... စကားပြောရအောင်…ဒါကဘာကြီးလဲ။ ဒီတာဝန်ကို ရေးဆွဲခဲ့တဲ့ ပရိုဂရမ်မာက တကယ်ပဲရူးနေတာများလား။ 


လင်ရှန်းဂိမ်း ပရိုဂရမ်တည်ဆောက်ရေးအခန်းထဲတွင် ပရိုဂရမ်မာ ကိုကိုယွမ်သည် ရုတ်တရက်နှာချေမိသွား၏။ 


မြတ်စွာဘုရား ဘယ်မိန်းကလေးကငါ့အကြောင်းတွေးနေတာပါလိမ့်။ 


ဂိမ်းကမ္ဘာထဲတွင်…..


“A ကိုရွေးလိုက်” 


စုဝမ်၏နောက်တွင် တစ်ချိန်လုံးရှိနေခဲ့သော စုရွေ့က အသံနိမ့်နိမ့်နှင့်ပြောလာသည်။ 


ယခုတွင် စုရွေ့သည် စုဝမ်အရှေ့ရှိ ရွေးချယ်စရာနှစ်ခုကိုမြင်နေရသည်။ သူ၏အလိုလိုသိစိတ်ကအမြဲတိကျကာ ထင်မြင်ချက်သည်လည်း ဘယ်သောအခါမှမမှားခဲ့ပေ။ စုဝမ်အရှေ့တွင် ရွေ့ချယ်စရာနှစ်ခုပေါ်လာသည့် ထိုအချိန်ခဏ၌ စုရွေ့သည် ပြင်းထန်လှသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်……။ 


A ကိုရွေး…သေချာပေါက် Aကိုရွေးရမယ်။ 


မူလကစုဝမ်သည် သူမအမြင်၌ ရေသူမသွေးသားနှင့် သတ္တဝါကပိုစွမ်းအင်ကြီးမားနိုင်သည်ဟုထင်မိသောကြောင့် Bကိုရွေးရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော်စုရွေ့၏စကားကိုကြားသည့်အခါ စုဝမ်တွန့်ဆုတ်စွာနှင့် Aကိုရွေးချယ်လိုက်သည်။ ၎င်းကဂိမ်းတွင်းအချက်အလက်တစ်ခုသာဖြစ်၍ စုဝမ်အရမ်းဂရုစိုက်မနေပေ။ 


ထိုအချိန်တွင် စနစ်မှနောက်ထပ်အသိပေးချက်ပေါ်လာပြန်သည်။


ကစားသူအောင်မြင်စွာရွေးချယ်ပြီးပါပြီ။ သုံးနာရီကြာအွန်လိုင်းပေါ်တွင်ရှိနေပေးပြီး ဘဝသစ်တစ်ခုမွေးဖွားလာသည်ကို စောင့်ကြည့်ပါ။ 


စနစ်အသိပေးချက် : ကျေးဇူးပြုပြီး ထွက်မသွားဘဲ သေးငယ်လှတဲ့သတ္တဝါလေးအား လူသားများတွင် စစ်မှန်သော ချစ်ခြင်းမေတ္တာများရှိကြောင်းနှင့် ကမ္ဘာကြီးတွင် အချစ်စစ်အချစ်မှန်တို့ရှိကြောင်း သူမသိအောင် မေတ္တာနှင့်တကွ ပြုစုဂရုစိုက်ပေးပါ။


စုဝမ် : ……


စုရွေ့ : …….


ဒီစနစ် ရူးများရူးသွားတာလား...။ 


ဤသို့နှင့် လူနှစ်ယောက်သည် ထိုနယ်မြေတွင်ခြေချုပ်မိနေကြကာ ဥတစ်လုံးကိုမျက်နှာမူ၍ မျက်ဝန်းနှစ်ဆုံသည် သုံးနာရီကြာအောင် ၎င်းအားစိုက်ကြည့်နေလေသည်။


ထိုအချိန်တွင် စုရွေ့သည် ကမ္ဘာ့ချန်နယ်တွင်လည်း လက်ထပ်ခွင့်တောင်းသည့်စာများအဆက်မပြတ်ဖြည့်ရန် မမေ့ပေ။ အမှန်တကယ်တွင် သူကအချိန်စက္ကန့်လေးကိုတောင် မဖြုန်းလိုက်ချင်ချေ။ 


လက်ခံလိုက်ပါ… လက်ခံလိုက်ပါ။ 


လက်ထပ်လိုက်ကြပါ…။ 


ယခုတွင် ကမ္ဘာ့ချန်နယ်၌ ‘ယဲ့ယွီ၏ဖန်များ’နှင့်ပြည့်နှက်နေပြီး စုဝမ်၏သီးသန့်စကားပြောခန်းတွင်လည်း စာများပြည့်နေသည်မှာ ပေါက်ကွဲမတတ်ပင်။ 


အပြင်ဘက်ကမ္ဘာရှိစိတ်လှုပ်ရှားမှုများနှင့်ယှဥ်လျှင် ယခုနယ်မြေထဲ၌ အလွန်အမင်းတိတ်ဆိတ်နေသည်။ 


ပင်လယ်ကြမ်းပြင်တွင် မူလရဲတိုက်၏အကြွင်းအကျန်များသည် ရေသူမလေးပျောက်ကွယ်သွားသည့်အခါ ၎င်းတို့လည်း လိုက်ပါပျောက်ကွယ်သွားတော့သည်။ စုရွေ့နှင့်စုဝမ်သည် ဘေးချင်းကပ်ထိုင်နေကြ၏။ သူတို့နှစ်ယောက်လုံးစကားတစ်ခွန်းမဆိုကြဘဲ လေထုနှင့်လိုက်ဖက်ညီစွာ ငြိမ်သက်နေကြသည်။ 


သူတို့နှစ်ယောက်ရှေ့တွင် ကြီးမားသည့်ဥကြီးက တိတ်ဆိတ်စွာ လေထဲတွင်ပေါလောပေါ်နေပြီး အပြာရောင် ရောင်စဥ်တန်းတို့ကိုထုတ်လွှတ်နေလေ၏။


ရေတွက်မှုပြီးဆုံးသွားသည့်အခါ ဥမှဖြာထွက်နေသော အပြာရောင်အလင်းသည် တဖြည်းဖြည်းနှင့် မှေးမှိန်သွား၏။ ထို့နောက် အဝါရောင်အလင်းတောက်ပသွားကာ အက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ အလင်းရောင်ပျောက်ကွယ်သွားသည့်အထါ စုရွေ့နှင့်စုဝမ်တို့သည် နေရာတွင်ထရပ်လိုက်၍ မှင်သက်သွားကြတော့သည်။ 


အသားအရေပြေပြစ်ကာ ဆံပင်နှစ်ဖက်ခွဲစည်းထားပြီး အပြာရောင်တစ်ဆက်တည်းဝတ်စုံကို ဝတ်ဆင်ထားသော ချစ်စဖွယ်ကလေးမလေးတစ်ယောက်သည် သူတို့နှစ်ယောက်အရှေ့တွင် မဝံ့မရဲရပ်နေလေသည်။ သူမ၏ တဖျတ်ဖျတ်လက်နေသော မျက်ဝန်းကြီးများက ပထမစုဝမ်ကိုကြည့်လိုက်ပြီးနောက် သူမခေါင်းကိုလှည့်လိုက်ပြီး စုရွေ့အား စိတ်လှုပ်ရှားစွာကြည့်နေတော့သည်။ ထို့နောက် သူမကရုတ်တရက်အော်လိုက်၏…..။ 


“ဖေဖေ” 


စုရွေ့ : …….


စုဝမ် : …….


သူမအရှေ့မှာရှိနေတဲ့စုရွေ့နဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်အထိတူနေတဲ့ ဒီကလေးမ‌ငယ်လေးက ဘယ်ကနေ ရောက်လာလဲဆိုတာ တစ်ယောက်ယောက်ရှင်းပြလို့ရမလား။


သူမကိုပြောထားတဲ့ အိမ်မွေးသတ္တဝါလေးကရော။ 


တစ်စုံတစ်ယောက်ရဲ့မျက်နှာကိုတွေ့တွေ့ချင်း ‘ဖေဖေ’လို့ခေါ်တတ်တဲ့ အိမ်မွေးသတ္တဝါမျိုးမြင်ဖူးကြလား။


စုဝမ်ရှုပ်ထွေးနေစဥ်မှာပင် ကလေးမလေးကအရှေ့သို့တိုးလာကာ စုဝမ်ရင်ခွင်ထဲသို့ပစ်ဝင်လိုက်၏။ 


သူမက ချစ်စဖွယ်ကောင်းသည့်အသံဖြင့်အော်ခေါ်လာသည်။ 


“မေမေ” 


စုဝမ် : ......


စနစ်ဖော်ပြချက် : ရေသူမလေး၏ဆက်ခံသူ အိမ်မွေးသတ္တဝါလေးမွေးဖွားလာခဲ့ပါပြီ။ ဤသတ္တဝါလေးနှင့် ချည်နှောင်စာချုပ်ချုပ်ဆိုလိုက်သည်နှင့် ချိုးဖျက်ခွင့်လုံးဝရှိ‌တော့မည်မဟုတ်ပါ။ ချည်နှောင်လိုပါသလား။ 


ယခုတစ်ကြိမ်တွင်စုဝမ် တွေဝေနေမိသည်။ သို့သော် သူမလက်ထဲရှိကလေးမလေးသည် တဖိတ်ဖိတ်တောက်နေသည့်မျက်လုံးများနှင့် ချစ်စဖွယ်မော့ကြည့်လာကာ မပီကလာပီကလာဖြင့်ခေါ်လာပြန်သည်။ 


“မေမေ” 


စုဝမ် : .........


ကောင်းပြီလေ ချည်နှောင်လိုက်ကြတာပေါ့။ 


စနစ်ဖော်ပြချက် : ကစားသူစုချန်းဝမ်ယွဲ့သည် ရေသူမလေး၏ဆက်ခံသူ အိမ်မွေးသတ္တဝါလေးနှင့် အောင်မြင်စွာ ချည်နှောင်လိုက်ပါပြီ။ ကျေးဇူးပြုပြီး သင်၏အိမ်မွေးသတ္တဝါလေးအား နာမည်ပေးပါ။ 


နာမည်ပေးရမယ်လား........။


စုဝမ်သည် သာမန်အမည်တစ်ခုပေးရန်တွေးတောနေချိန်၌ သူမ၏နတ်ဆရာမဝတ်ရုံက အဆွဲခံလိုက်ရ၏။ 


ကလေးမလေးသည်ခေါင်းမော့ထားဆဲဖြစ်ပြီး သူမ၏တဖိတ်ဖိတ်တောက်နေသည့် မျက်ဝန်းကြီးများနှင့် စုဝမ်အား ကြည့်နေလေသည်။ 


သေစမ်း... ဒီစုရွေ့အသေးစားလေးရဲ့ ချစ်ဖို့ကောင်းပြီး အပြစ်ကင်းစင်တဲ့အကြည့်တွေက လူတွေရဲ့စိတ်သဘောထားကို နူးညံ့‌အောင်လုပ်နေတာပဲ။ ဘယ်လိုလုပ်ရမလဲ။ 


“မေမေ သမီးမှာနာမည်ရှိတယ်။” 


ကလေးမလေး၏အသံသည် သာယာ၍နားထောင်ကောင်းနေသည်။ 


“သမီးနာမည်က စုရှောင်စူး... အိမ်နာမည်က ရှောင်စူးစူး” 


သူမကပြောပြီးသည်နှင့် စုယွေ့ကိုစေ့စေ့ကြည့်လိုက်သည်....။


ဘာစုရှောင်စူး...ရှောင်စူးစူးလဲ မဟုတ်သေးပါဘူး။ 


ဒါပေမယ့်ဒါကဖေဖေပေးထားတဲ့နာမည်ပဲလေ။ 


စုရှောင်စူးက သူမတွင်လူအခွင့်အရေးမရှိကြောင်း သတိရသွားသည်။ 


အိုး...မေ့တော့မလို့ သူမကလူမှမဟုတ်တာ။ သူမဒီတိုင်းဂိမ်းအချက်အလက်လေးတစ်ခုပဲ။ ဒါမှမဟုတ် အဆင့်မြင့်လူလုပ်အသိဉာဏ်တစ်ခုလို့ပြောလို့ရနိုင်လား။ 


စုရှောင်စူး.......


‌ရှောင်စူးစူးတဲ့လား။


ထိုအမည်ကစုဝမ်၏မျက်နှာကိုမည်းမှောင်သွားစေသည်။ 


ဒီတိုင်း ‌ရှောင်ရှောင်စူး(အာလူးကြော်)လို့သာပေးလိုက်ပါတော့လား... ဘီယာနဲ့တွဲဖက်သောက်ရင်း စားလို့ရတာပေါ့။ 


စနစ်ဖော်ပြချက် : အိမ်မွေးသတ္တဝါလေးအား နာမည်ပေးပြီးပါပြီ။ 


စုဝမ် : ........


သူမဘယ်တုန်းက အသိအမှတ်ပြုလိုက်လို့လဲ။ 


သူမငုံ့လိုက်ပြီး ကလေးမလေးကိုခေါင်းပေါ်ရှိ စာလုံးသုံးလုံးအား ကြည့်ရင်း စုဝမ်ပြောစရာစကားမဲ့သွားတော့၏။ 


“ကောင်းပြီလေ စုရှောင်စူးလို့ခေါ်တာပေါ့” 


ဒါက အိမ်မွေးသတ္တဝါလေးပဲဟာ....။


စုဝမ်က ဂိမ်းအချက်အလက်များအား အမှန်တကယ်ပင်ဂရုမစိုက်ရန် ဆုံးဖြတ်လိုက်သည်။ 


ဘေးတွင်ရှိနေသော စုရှောင်စူးသည် ချက်ချင်းပင် စုဝမ်၏ လက်မောင်းကိုကိုင်၍ အကြိမ်အနည်းငယ်လောက် လှုပ်ရမ်းလာသည်။ 


“မေမေကအကောင်းဆုံးပဲ စူးစူးကမေမေ့ကိုအချစ်ဆုံးပဲ သေချာပေါက် စူးစူးက ဖေဖေ့ကိုလဲချစ်တာပေါ့....ဖေဖေ မွ...မွ။”


ပြောနေရင်းနှင့် စုရှောင်စူးသည် စုရွေ့ဘက်ကိုလှည့်၍ အနမ်းတို့ကိုပေးရန်လည်း မမေ့ချေ။ 


စုရွေ့ : ........


ထိုအချိန်တွင် လင်ရှန်း ဂိမ်းအချက်အလက်တည်ဆောက်ရေးအခန်းထဲ၌....


ပရိုဂရမ်မာ ကိုကိုယွမ်သည် မိန်းကလေးအကြောင်းများတွေးနေသည်ကိုရပ်၍ စိတ်နှင့်ကိုယ်နှင့်ပြန်ကပ်လိုက်ကာ ကွန်ပျူတာရှိ အချက်အလက်တို့ကိုကြည့်လိုက်သည်.....။ 


“တစ်ခုခုမှားနေသလိုပဲ” 


“ဒါကဒီလိုဖြစ်နေရမှာမဟုတ်ဘူးလားလို့”


ထားလိုက်ပါ သူစိတ်ပူနေရမယ့်ကိစ္စမှမဟုတ်တာ။ ညကျ ဒိတ်လုပ်ဖို့ဘယ်ကိုသွားရမလဲဘဲစဥ်းစားရအောင်။


__

🚩