အပိုင်း ၁၂၆
Viewers 23k

မည်သို့ဆိုစေကာမူ နှစ်နှစ်တာလုံး ရုပ်ရှင်သာကြိုးစားရိုက်နေခဲ့သောကြောင့် ထိုဘက်၌ သူ့အရည်အချင်းများ လျော့ကျသွားသည်။ သူ ရေးသမျှဟာသတိုင်းက ယခင်ကလို အရှိန်အဝါသိပ်မရှိတော့သလို ဖတ်ရသည်မှာလည်း အနည်းငယ် လေးပင်နေသည်။ ဒီအခြေအနေက ကောင်းသလား၊ ဆိုးသလားလည်း မသိတော့ပါချေ။
ဖုကျန်းက နောက်ရိုက်မည့် ဟာသရုပ်ရှင်ကို ပေါ့ပေါ့ပါးပါးလေးသာ ရိုက်လိုသဖြင့် လေးလေးပင်ပင်ဟာသများကို မထည့်လိုပေ။ ထို့ကြောင့် ကျွမ်းကျင်ပိုင်နိုင်သော ဇာတ်ညွှန်းဆရာကောင်းကောင်းတစ်ယောက်ကို သူလိုအပ်သည်။
ထိုရက်မှစ၍ ဖုကျန်းသည် coco နှင့်အတူ ဆိုဖာပေါ်တွင် လှဲကာ ပြည်တွင်း၊ ပြည်ပက နာမည်ကြီးဟာသရုပ်ရှင်များကို တစ်နေ့ကုန်တစ်နေခမ်းကြည့်သည်။ တစ်ချို့တစ်ဝက်မှာ သူကြည့်ပြီးသားများဖြစ်သော်လည်း အတောမသတ်အောင် ရယ်နေရဆဲဖြစ်သည်။ ဧည့်ခန်းတစ်ခုလုံးက သူ့ ရယ်သံများဖြင့် ပြည့်လွှမ်းနေသည်။
Coco က TV ထဲက စကားများကို နားမလည်သော်လည်း ဖုကျန်းရယ်နေတာကိုကြည့်ပြီး သူမပါ လက်ခုပ်လေးတီးလျက် တခစ်ခစ်လိုက်ရယ်သည်။
ကျန်းဟန်ရှု အလုပ်မှပြန်လာသောအခါ ဖုကျန်းက ဆိုဖာပေါ်တွင် လှဲလျက် TV နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ ဖုကျန်းဆီသို့ လျှောက်သွားလိုက်ရင်း ခေါင်းငုံ့လျက် မေးလိုက်သည်။
" မင်းတစ်နေ့လုံး အိမ်မှာပဲ လှဲပြီးအိပ်နေတာလား..."
ထိုအခါမှ ဖုကျန်းမှာ ကျန်းဟန်ရှု ပြန်လာမှန်း သတိထားမိသွားပြီး ဆိုဖာပေါ် ထထိုင်လိုက်ကာ လိမ်လိမ်မာမာနှင့် ခေါင်းလေးညိတ်ပြလိုက်သည်။
" ကိုယ်မင်းကို အပြင်ထွက်လမ်းလျှောက်ဖို့ ပြောခဲ့တယ်လေ။ မသွားဘူးလား..."
" အာ...ဒီနေ့က..." ဖုကျန်းမှာ ပြန်မဖြေနိုင်တော့ဘဲ သက်ပြင်လေးသာချသည်။
ကျန်းဟန်ရှု သူ့ခေါင်းလေးကို တောက်လိုက်သည်။ ထို့နောက် ကိုယ်ကိုကိုင်းကာ သူ့ဗိုက်ပေါ်ထိုင်နေသော coco လေးကို ပွေ့ချီလိုက်သည်။ သူမကို အနည်းငယ်မျှ ချော့မြှူစကားဆိုလိုက်ပြီးနောက် ကလေးထိန်းလက်ထဲသို့ သွားအပ်လိုက်၏။ သူ ပြန်ရောက်လာသောအခါ ဖုကျန်းကို ဆိုဖာပေါ်မှ ဆွဲထူလိုက်သည်။
" ထ...၊ ကိုယ်နဲ့ လမ်းသွားလျှောက်မယ်..."
ဖုကျန်းက ဆိုဖာပေါ်မှ အလျင်အမြန်ထရပ်လာပြီး ကျန်းဟန်ရှု၏လက်မောင်းကို တွဲလိုက်ကာ သွားဖြူဖြူလေးများ ပေါ်အောင် ရယ်ပြလိုက်သည်။ သူ့ပုံလေးက အလွန်နာခံကျိုးနွံနေသဖြင့် ကျန်းဟန်ရှုမှာ ကျန်းမာရေးသင်တန်းပေးတော့မည့် သူ့စကားသံများကို ပြန်မြိုချလိုက်ရသည်။
" မင်း အိမ်မှာ တစ်ယောက်တည်းနေရတာ ပျင်းနေရင် ကိုယ်နဲ့အတူ ကုမ္ပဏီကိုလိုက်ခဲ့လိုရတယ်လေ။ ဘယ်မှမထွက်ဘဲ အိမ်ထဲမှာပဲ အောင်းမနေရဘူးလေ..."
" ဟုတ်..."
ဖုကျန်းက မစ္စကျန်းဖြစ်ကြောင်း အားလုံးသိနေကြသောကြောင့် သူ ကျန်းဟန်ရှု၏ကုမ္ပဏီကိုသွားတိုင်း ဝန်ထမ်းများက သူ့ကိုမလွတ်တမ်း လိုက်ကြည့်နေတတ်ကြသည်။ ၎င်းက ဖုကျန်းကို အလွန်ရှက်ရွံ့စေသည်။
သူ ကျန်းဟန်ရှု၏ကုမ္ပဏီကို သွားလျှင် မျက်နှာကို အတတ်နိုင်ဆုံးတည်နေအောင် လေ့ကျင့်ထားပြီ ပြန်ထွက်လာလျှင်လည်း တစ်ကမ္ဘာလုံးတွင် လူတစ်ယောက်မှမရှိသလို သဘောထားကာ ပြန်ထွက်လာနိုင်မှဖြစ်မည်။
ဖုကျန်း ဇာတ်ညွှန်းဆရာရှာရင်းအလုပ်များနေချိန်တွင် << အဖြူရောင်ရဲတိုက်>> က ရွှေကြိုးကြာရုပ်ရှင်ဆုပေးပွဲ၌ အကောင်းဆုံးသရုပ်ဆောင်ဆု၊ အကောင်းဆုံးသရုပ်ဆောင်မျက်နှာသစ်ဆုနှင့် အကောင်းဆုံးဒါရိုက်တာဆု ဟူ၍ ဆုများ ဇကာတင်ထားကြောင်း အကြောင်းကြားလာသည်။ ဆုရမည်၊ မရမည်က နိုဝင်ဘာလကုန် ဆုပေးပွဲမကျင်းပခင်အချိန်ထိ မည်သူမျှ မသိနိုင်ပေ။
သို့သော် ဇကာတင်ရုံလေးနဲ့တင် ဖုကျန်းက အလွန်ဝမ်းသာနေလေပြီ။ ၎င်းက သူ၏ဒါရိုက်တာလုပ်ငန်းအတွက် မှတ်တိုင်တစ်ခုပင် မဟုတ်ပါလော။ ရွှေကြိုးကြာဆုပေးပွဲက တရုတ်နိုင်ငံတွင် အရှိန်အဝါအကြီးဆုံး ရုပ်ရှင်ဆုပေးပွဲကြီးတစ်ခုဖြစ်၏။ သူ မနှစ်ကရိုက်ကူးခဲ့သော << အဖြူရောင်ရဲတိုက် >> သည် ၎င်းဆုပေးပွဲတွင် ဇကာတင်ဝင်သွားခြင်းက သူ့ရုပ်ရှင်က အမှန်တကယ်ကောင်းမွန်သောကြောင့်ဟု အဓိပ္ပာယ်ရသည်။ အကယ်၍ ဆုသာရပါက သူ ဒီထက်ပိုပျော်မိမှာပင်။
လတ်တလောတွင် သတင်းသမားများထံမှ ကျန်းဟန်ရှု အင်တာဗျူးခံနေရသည့် အကြောင်းအရာအများစုမှာ သူနှင့်ဖုကျန်း၏ဆက်ဆံရေးအကြောင်းသာ ဖြစ်နေသည်။ စီးပွားရေးသတင်းခေါင်းစဉ်များထက် သူနှင့်ဖုကျန်းအကြောင်းက လူစိတ်ဝင်စားမှုပိုများ၍ ဖြစ်မည်။
သတင်းသမားက ကျန်းဟန်ရှုအား မေးသည်။
" မစ္စတာကျန်း၊ ရှင့်လည်ပင်းမှာဆွဲထားတဲ့ လည်ဆွဲလေးကို ကျွန်မမြင်လိုက်ရတယ်။ အဲ့ဒါက လွန်ခဲ့တဲ့နှစ်တုန်းက ရုပ်ရှင်ထဲမှာပါခဲ့တဲ့ သင်္ကတလေးလား......."
ကျန်းဟန်ရှုက သူ့လည်ပင်းက လည်ဆွဲကို သတင်းသမားများထံ ပြလိုက်ချင်သော်လည်း အချိန်အခါက မသင့်လျော်နေသဖြင့် ဟုတ်မှန်ကြောင်း ခေါင်းသာညိတ်ပြလိုက်သည်။
" ဒါရိုက်တာဖုနဲ့ ဘယ်မှာဆုံဖြစ်ခဲ့တာလဲ ပြောပြပေးလို့ရမလား..."
" အဲ့ဒါကို သူ အင်တာဗျူးမှာ ပြောပြဖူးတယ်ထင်တယ်..."
သတင်းသမားက သူ့ကိုယ်သူ စီးပွားရေးသတင်းသမားဖြစ်ကြောင်း သတိမရတော့ဘဲ ကျန်းဟန်ရှုကို မေးခွန်းများဆက်မေးနေသည်။
" ဒါရိုက်တာဖုက သူက အရင်ချစ်ခွင့်ပန်ခဲ့သူလို့ ပြောခဲ့တယ်၊ အဲ့တာအမှန်ပဲလား..."
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်ပြန်သည်။ ထိုအကြောင်းကို ပြောရလျှင် သူအနည်းငယ်နောင်တရသည်။ သူသာ သူ့စိတ်သူစောစောသိခဲ့ပါက ဖုကျန်း အကြာကြီး နာကျင်ခံစားခဲ့ရမည်မဟုတ်ပါချေ။
" မိဘတွေကရော လက်ထပ်ပွဲကို ကန့်ကွက်တာမျိုး ရှိခဲ့လား..."
ကျန်းဟန်ရှုက ခေါင်းခါပြကာ ပြုံးလျက် စကားမဆိုလာပေ။ ခဏကြာမှ သူက ပြောသည်။ " ကျွန်တော့်အထင်မမှားရင် ဒီနေ့ အင်တာဗျူးက ကျွန်တော်နဲ့ ကျွန်တော့်လက်တွဲဖော်အကြောင်းများ ဖြစ်နေတာလား..."
" သြော် မဟုတ်ရပါဘူးရှင်..." သတင်းသမားမှာ ထိုအခါမှ သတိဝင်သွားပြီး မေးခွန်းခေါင်းစဉ်ကို အလျင်အမြန်ပြောင်းလိုက်တော့သည်။
မေမေကျန်းကိုခေါ်ပြီး ခရီးထွက်နေသည့် ဖေဖေကျန်းက ပြန်လာဖို့ နည်းနည်းလေးတောင် စိတ်ကူးမရှိဘူးထင်၏။ ကျန်းဟန်ရှုမှာ အနည်းငယ် ပူပန်ကြောင့်ကြလာကာ ဖုကျန်းကို ခဏခဏမေးနေရသည်။
" မင်း ဇာတ်ညွှန်းဆရာရှာတွေ့ပြီလား။ ရိုက်ကူးရေးက ဘယ်တော့စမှာလဲ..."
ဖုကျန်းက သူ သတိလွတ်သွားချိန်လေးခဏတွင် တခြားမြို့ကို တိတ်တိတ်ကလေးခိုးထွက်သွားပြီး သြဇာရှိဥက္ကဋ္ဌ နှင့် ထွက်ပြေးသွားသည့်ဇနီးလေး ဇာတ်လမ်းကို ကစားနေမှာစိုးရသည်။ ပြဿနာက သြဇာရှိဥက္ကဋ္ဌကြီး၏ အလုပ်များက တန်းလန်းထားပစ်ခဲ့လို့ မရနေခြင်းပင်။
ဖုကျန်းက ခေါင်းယမ်းသည်။ သူ ကမ်းလှမ်းထားသည့် ဇာတ်ညွှန်းဆရာများကလည်း လုပ်စအလုပ်များရှိနေသောကြောင့် အလုပ်သစ်လက်ခံလို့ မရတော့ချေ။ သူ ဇာတ်ညွှန်းနောက်နှစ်ပိုဒ်ကို ထပ်ရေးရင်း ဇာတ်ညွှန်းဆရာ ဆက်ရှာဖို့သာ တတ်နိုင်သည်။ ဖုကျန်း သက်ပြင်းအရှည်ကြီးချလိုက်ကာ ကျန်းဟန်ရှုကို ပြောလိုက်၏။ " ကျွန်တော် ဟာသဇာတ်လမ်းတိုတွေ ဆက်ကြည့်လိုက်ဦးမယ်။ ဇာတ်ညွှန်းဆရာ မြန်မြန်ရှာနိုင်ဖို့ မျှော်လင့်ရတာပါပဲ..."
ဟာသဇာတ်လမ်းတိုများက ဘယ်တော့မှ ခေတ်နောက်ကျသွားခြင်းမရှိချေ။ ဇာတ်လမ်းများက သိပ်မရှည်ပါသော်လည်း ဇာတ်ကွက်ကတော့ ရုပ်ရှင်အဆင့်မှီနိုင်သည်။ သို့တိုင် ဟာသဇာတ်လမ်းတို ဇာတ်ညွှန်းဆရာကောင်းကောင်းတစ်ယောက်ကို ရှာဖို့က လွယ်ကူသည့်ကိစ္စတော့မဟုတ်ပါချေ။
ကျန်းဟန်ရှုသည် ဖုကျန်းက မပြောမဆိုနှင့် တခြားမြို့ကိုထွက်သွားမည်အား စိုးရိမ်မိသည့်တိုင် သင့်လျော်သည့်ဇာတ်ညွှန်းဆရာတစ်ယောက် မြန်မြန်ရှာတွေ့စေဖို့လည်း မျှော်လင့်မိသေးသည်။
" ကိုယ့် အဖိုးရဲ့မိတ်ဆွေထဲမှာ ဟာသဇာတ်လမ်းတိုရေးတဲ့ လူတွေရှိတယ်။ ကိုယ်မေးကြည့်ပေးမယ်လေ..."
" ဟုတ်..." ဖုကျန်းက ကျန်းဟန်ရှု၏နှုတ်ခမ်းကို ဖျတ်ခနဲ လှမ်းနမ်းလိုက်သည်။
ကျန်းဟန်ရှု၏နှုတ်ခမ်းများ ပြုံးသွားသည်။
" ကိုယ်အခု အလုပ်သွားတော့မလို့။ မင်း ကိုယ်နဲ့ ကုမ္ပဏီကို လိုက်ခဲ့ချင်လား၊ ဒါမှမဟုတ် အိမ်မှာပဲနေမလား..."
ဖုကျန်းက ခဏမျှ စဉ်းစားလိုက်ကာ ကျန်းဟန်ရှု၏လက်ကိုတွဲလိုက်လျက် ကုမ္ပဏီလိုက်ခဲ့ဖို့ ရွေးချယ်လိုက်သည်။
ယနေ့တွင် ဖုကျန်းက ကျန်းဟန်ရှုနှင့် ကုမ္ပဏီကို အတူတူလာခဲ့၍ဖြစ်မည်၊ မည်သည့်ဝန်ထမ်းမျှ သူတို့ကို လိုက်မကြည့်ရဲကြချေ။ ရုံးခန်းထဲရောက်သည်နှင့် ဖုကျန်းက လပ်တော့ပ်ကို ယူကာ ဆိုဖာပေါ်ထိုင်ရင်း အလုပ်စလုပ်တော့သည်။ နေ့လယ်ရောက်လျှင် ကျန်းဟန်ရှုနှင့် အပြင်ထွက်ထမင်းသွားစားပြီး အစာကြေအောင် လမ်းလျှောက်သည်။ အချိန်များက သူတစ်ယောက်တည်း အိမ်မှာနေတုန်းကထက် အကုန်မြန်နေသည်။
နေ့လယ်တစ်နာရီထိုးလျှင် ရုံးခန်းသို့ ပြန်လာခဲ့ကြသည်။ ထိုအချိန်ကစလို့ ဖုကျန်းမှာ ကွန်ပျူတာရှေ့တွင်ထိုင်ပြီး ထိုင်ရာကမထတော့ချေ။ ကျန်းဟန်ရှုက သူ့ကို မကြာခဏ လှမ်းလှမ်းကြည့်သော်လည်း သတိထားမိပုံမပေါ်ချေ။
ကျန်းဟန်ရှုမှာ မစူးစမ်းဘဲ မနေနိုင်တော့ဘဲ ခြေဖွဖွနင်း၍ သူ့အနားကိုကပ်သွားကာ မေးလိုက်သည်။
" မင်း ဘာတွေ လုပ်နေတာလဲ..."
" video edit လုပ်နေတာ..." ဖုကျန်း၏မျက်လုံးများက ကွန်ပျူတာစခရင်ကိုသာ စိုက်ကြည့်နေပြီး သူ့ဘေးတွင်ထိုင်နေသည့် ကျန်းဟန်ရှုကို လှည့်တောင်ကြည့်မလာခဲ့ပါချေ။ ကျန်းဟန်ရှုမှာ သူဆွဲဆောင်မှုများ မရှိတော့၍လားဟု ခံစားလာရသည်။
ကျန်းဟန်ရှုက ဖုကျန်းကို မေးလိုက်ပြန်၏။ " မင်းရဲ့ရုပ်ရှင်က ရိုက်ပြီးသွားပြီ မဟုတ်ဘူးလား၊ ဘာကို edit လုပ်နေတာလဲ..."
အဆုံး၌ ဖုကျန်းကခေါင်းမော့လာကာ သူ့ကိုအကြည့်တစ်ချက်ပေးလာသည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်၍ ကျန်းဟန်ရှုကို ဘေးသို့တွန်းလိုက်သည်။ " အလုပ်သွားလုပ်ချည်၊ ကျွန်တော် edit လုပ်ပြီးရင် ခင်ဗျားသိရလိမ့်မယ်..."
ကျန်းဟန်ရှုမှာ ဖုကျန်းရင်ထဲက သူ့နေရာက တဖြည်းဖြည်း မှေးမှိန်လာပြီဟု ခံစားလိုက်ရသဖြင့် ကူရာမဲ့စွာ ခေါင်းခါလိုက်မိသည်။ သူ့အရင်နေရာကို ပြန်ရဖို့ နည်းလမ်းရှာမှ ဖြစ်တော့မည်။
ကျန်းဟန်ရှုမှာ ဖုကျန်းကို အကြာကြီး ငေးကြည့်နေမိသော်လည်း ထိုသူက အလုပ်ထဲတွင် နစ်မြှုပ်နေပြီး သူ့အကြည့်များကို သတိမထားမိပါချေ။ ကျန်းဟန်ရှု တုန့်ဆုတ်စွာဖြင့် ဝါတာကူလာရှေ့သွား၍ ရေနွေးနွေးလေးတစ်ခွက်ဖြည့်ကာ ဖုကျန်းလက်ထဲကို ထည့်ပေးလိုက်သည်။
အတွင်းရေးမှူးသုန်း တံခါးဖွင့်ဝင်လာချိန်၌ ဥက္ကဋ္ဌနှင့် သူ့ဇနီးလေးက ဆိုဖာပေါ်တွင် ထိုင်နေကြသည်ကို မြင်လိုက်ရ၏။ သူ တွန့်ဆုတ်သွားပြီး အနှောင့်အယှက်ပြုမိမည်ကို စိုးရိမ်သွားမိသည်။
" ဘာကိစ္စလဲ..." ကျန်းဟန်ရှုက အတွင်းရေးမှူးသုန်းကို မော့ကြည့်ကာ မေးလိုက်သည်။
အတွေးရေးမှူးသုန်းက သတိပြန်ဝင်လာပြီး အရှေ့ကိုလျှောက်လာသည်။
" ဥက္ကဋ္ဌ လက်မှတ်ထိုးဖို့ စာရွက်စာတမ်းတွေပါ..."
ကျန်းဟန်ရှုက လက်ဆန့်လျက် အတွင်းရေးမှူးသုန်းလက်ထဲက စာရွက်စာတမ်းများကို ယူလိုက်ပြီး အစကနေ အဆုံးထိ ဖတ်ကြည့်လိုက်ကာ စားပွဲပေါ်က ဘောလ်ပင်တစ်ချောင်းကို ယူ၍ သူ့အမည်ကိုလက်မှတ်ရေးထိုးလိုက်သည်။ ထို့နောက် အတွင်းရေးမှူးသုန်းထံ စာရွက်စာတမ်းများ ပြန်ပေးလိုက်သည်။ အတွင်းရေးမှူးသုန်းက ချက်ချင်းထွက်မသွားသေးဘဲ ကျန်းဟန်ရှုကို စကားဆိုလာသည်။
" ည ၈ နာရီကျရင် ဟွေ့ဟယ်ဟိုတယ်မှာ လေလံပွဲတစ်ခုရှိတယ်။ ဥက္ကဋ္ဌတက်ချင်လားမသိဘူး..."
ကျန်းဟန်ရှုက သူ့ဘေးတွင်ထိုင်လျက် ကီးဘုတ်ကို တတောက်တောက်ခေါက်နေသော ဖုကျန်းကို ခေါင်းစောင်းကြည့်လိုက်သည်။ ဖုကျန်းက အရှေ့မှစခရင်ကိုသာ တစ်ချိန်လုံးစိုက်ကြည့်နေသည်။ အတွင်းရေးမှူးသုန်း ဝင်လာတာကိုတောင် သတိထားမိပုံမပေါ်ချေ။ ကျန်းဟန်ရှု သက်ပြင်းဖွဖွချလိုက်ပြီး သူ့ပုခုံးပေါ်ကို လက်တင်လိုက်သည်။ ထိုအခါမှ ဖုကျန်းက သူ၏ချစ်လှစွာသော ကွန်ပျူတာဆီမှ အကြည့်ခွာ၍ ခေါင်းလှည့်ကာ ကျန်းဟန်ရှုထံ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် ကြည့်လာပြီး မေးလေ၏။
"ဘာဖြစ်လို့လဲ..."
" ညနေကျရင် လေလံပွဲတစ်ခုရှိတယ် မင်းသွားချင်လား..." ကျန်းဟန်ရှုက စကားဆိုရင်း လက်ကိုမြှောက်လိုက်ကာ ဖုကျန်း၏ ခေါက်တွန့်နေသော အင်္ကျီကော်လံလေးကို သပ်ရပ်အောင် ပြန်ပြုပြင်ပေးလိုက်သည်။
ဖုကျန်းက ခဏမျှစဉ်းစားကြည့်လိုက်၏။ ယနေ့ည သူအလုပ်အားနေသည်၊ ထို့ကြောင့် သူ ခေါင်းညိတ်ပြလိုက်သည်။
" သွားမယ်လေ..."
ကျန်းဟန်ရှုက အတွင်းရေးမှူးသုန်းကို ခေါင်းပြန်ညိတ်ပြလိုက်သည်။ အတွင်းရေးမှူးသုန်းမှာ ခွေးစာများကိုက်စားလိုက်ရသလို ခံစားလိုက်ရ၏။ သူက အရိုအသေပေးလျက် စာရွက်စာတမ်းများနှင့်အတူ သူ့ရုံးခန်းသူ မြန်မြန်ပြန်ထွက်သွားသည်။
xxxxxx