အပိုင်း ၁၂၇
Viewers 23k

သူ၏ အသစ်ခန့်ထားသော လက်ထောက်အတွင်းရေးမှူးက ရုံးခန်းအပြင်တွင်ရပ်နေပြီး တံခါးကြားထဲကနေ အထဲကိုချောင်းကြည့်နေသည်။ အတွင်းရေးမှူးသုန်းမှာ ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် မျက်နှာပျက်သွားသည်။ သို့တိုင် လက်ထောက်က အတွင်းရေးမှူးသုန်းကို သတိမထားမိဘဲ အတွင်းရေးမှူးသုန်းက သူ့နာမည်ကို ခေါ်လိုက်သောအခါမှ သတိပြန်ဝင်လာသည်၊ ထို့နောက် အတွင်းရေးမှူးသုန်း အနောက်မှလိုက်ကာ သူ့ရုံးခန်းထဲသို့ ပြန်ဝင်သွားသည်။
လက်ထောက်အတွင်းရေးမှူး၏စိတ်ထဲ၌ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ကျန်းဟန်ရှုနှင့် ဖုကျန်းတို့၏ သတင်းများကို သံသယဝင်လာသည်။ ဂေးဟုတရားဝင်ကြေညာပြီး လူအများ၏အာရုံစိုက်မှုကို ရအောင်လုပ်နေကြသော အနုပညာရှင်များလည်း ရှိသည်။ တကယ့်လက်တွေ့ဘဝက ကင်မရာရှေ့မှာလောက် ချိုမြိန်မနေပေ။
အတွင်းရေးမှူးသုန်းက သူ့လက်ထောက်၏အတွေးများကို သိနေသည့်အလား တစ်ချက်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
" အလုပ်ကြိုးစား၊ မကောင်းတဲ့ အကြံတွေတွေးမနေနဲ့..."
လက်ထောက်က သူ့ခေါင်းကိုငုံ့ချကာ နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။ သူက အတွင်းရေးမှူးသုန်း၏ စကားကို နားမထောင်ပါချေ။ ကျန်းဟန်ရှုက လိင်တူနှစ်သက်သူဖြစ်သည်၊ ဖုကျန်းတောင်ကြိုးစားနိုင်မှတော့ သူလည်းမကြိုးစားနိုင်စရာ ဘာရှိမည်နည်း။
အင်တာနက်ပေါ်တွင် ကျန်းဟန်ရှုနှင့် ဖုကျန်းက မည်မျှပင်ချိုမြိန်နေကြပါစေ ကျန်းဟန်ရှု၏တက်ကြွမှုများ ကုန်ဆုံးသွားလျှင်တော့ ချင်ကျောက်နှင့် ထန်ဝမ်ဝမ်ကဲ့သို့ အကျင့်ပျက်ခြစားသူသာ ဖြစ်သွားလိမ့်မည်။ နတ်ဘုရားပမာအချစ်ဟု အင်တာနက်သုံးစွဲသူများက ခေါ်ဝေါ်ခဲ့ကြသည့်တိုင် ယခုတွင်မူ ချင်ကျောက်က သူ့ခယ်မဘေး၌သာ တစ်ချိန်လုံးတွယ်ကပ်နေသည်။
ကျန်းဟန်ရှုဟာလည်း ချွင်းချွက်မဟုတ်နိုင်ပါချေ။ လက်ထောက်၏စိတ်အစုံမှာ အလွန်တက်ကြွလာသည်။ သူက ချင်ကျောက်၏ခယ်မလေးမဖြစ်နိုင်သော်လည်း ကျန်းဟန်ရှု၏ယောက်ဖလေးတော့ ဖြစ်ပေးနိုင်ပါသည်။
ဖုကျန်းက တစ်နေ့လုံး ထပင်မထဘဲ Video Edit သာ လုပ်နေသည်။ တစ်နေ့လယ်လုံး အလုပ်ရှုပ်နေပြီး အဆုံး၌ အဖြူရောင်ရဲတိုက် portrait ပုံများကို Edit လုပ်ကာ ဝူကျန်းအကောင့်ကို ပြန်ဝင်ပြီး ဗွီဒီယိုကိုတင်ဖို့ လုပ်လိုက်သည်။
သူ ဤအကောင့်ကို သုံးရခြင်း၏အဓိကရည်ရွယ်ချက်မှာ သူ့ edit skill အပေါ် အင်တာနက်သုံးစွဲသူများ၏ဝေဖန်သုံးသပ်ချက်များကို သိလို၍ဖြစ်သည်။ ထိုမှသာ အနာဂတ်တွင် ရုပ်ရှင် edit ရာ၌ ပိုမိုအဆင်ချောလာလိမ့်မည်။
ကျန်းဟန်ရှုက ဖုကျန်းတင်ထားသည့် video ကို ကြည့်ပြီး သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။ " မင်းက ဗွီဒီယိုတင်ဆက်သူလုပ်မလို့လား..."
ဖုကျန်းက သူ့ခေါင်းကို အလျင်အမြန်ခါယမ်းလိုက်သည်။ " မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်တော် ဒီအတိုင်း အပျင်းပြေလျှောက်လုပ်နေတာပါ..."
ကျန်းဟန်ရှုက ဖုကျန်းကို မှတ်ချက်ပြုလိုက်လေသည်။ " မင်းလေးက ခနလေးတောင် အနားမနေနိုင်ဘူးပဲ..."
ဖုကျန်းက ပြုံးလိုက်ကာ ဗွီဒီယိုများကို ဖြတ်တောက်ပြင်ဆင်နေရသည်ကလည်း အနားယူခြင်းတစ်မျိုးဖြစ်ကြောင်း ပြောပြလိုက်သည်။ ဗွီဒီယိုကိုမတင်ခင် သူ တစ်ခေါက်ပြန်စစ်ကြည့်လိုက်သည်။ ထို့နောက် ကျန်းဟန်ရှုပြောအလာကို မစောင့်တော့ဘဲ ပြောလိုက်၏။
" လေလံပွဲကို သွားရအောင်..."
လေလံပွဲက ရှေးဟောင်းပစ္စည်းများ လက်ဝတ်ရတနာများဖြင့် ပြည့်နှက်နေသည်။ ဖုကျန်းမှာ ထိုအရာများကို စိတ်မဝင်စားပါချေ။ ယနေ့ သူလာရခြင်းမှာ သူ၏နောက်ရုပ်ရှင်အတွက် ကုန်ကြမ်းလေးများရလေမလားဟူ၍ စိတ်ဝင်စားစရာ မြင်ကွင်းလေးများ ရှိလိုရှိငြား စူးစမ်းချင်စိတ်ဖြင့် လာခဲ့ခြင်းဖြစ်၏။
လေလံပစ်သူက စင်မြင်ပေါ်နေရာယူကာ အဖွင့်စကားပြောသည်။ " နောက်တစ်ခုကတော့ Wilde's ရဲ့ နိုက်တင်ဂေးလ်ငှက်နဲ့ နှင်းဆီ ပုံပြင်ကို မှီငြမ်းထားတဲ့ နာမည်ကြီးလက်ဝတ်ရတနာဒီဇိုင်နာ Ophir ရဲ့လက်ရာ၊ စုံတွဲစိန်လက်စွပ်တစ်စုံပဲဖြစ်ပါတယ်။ အမျိုးသမီးလက်စွပ်မှာ အဆူးတွေငွားငွားစွင့်နေတဲ့ အနီရောင်နှင်းဆီပန်းလေး ပါပြီး၊ အမျိုးသားလက်စွပ်မှာတော့ နိုက်တင်ဂေးလ်ငှက်လေးပါ၊ ငှက်ရဲ့အမြှီးလေးမှာ စိန်သုံးလုံးလည်း မြှုပ်ထားပါသေးတယ်။ ဈေးကို ယွမ်တစ်သိန်းနဲ့ လေလံစဖွင့်ပါမယ်..."
" မင်း ရချင်လား..." ကျန်းဟန်ရှုက ခေါင်းလေးစောင်းကာ ဖုကျန်း၏နားရွက်နားကပ်၍ တိုးဖွဖွပြောလာသည်။
ဖုကျန်းက သူ့အရှေ့က ဖန်သားပြင်ပေါ်ရှိ လက်စွပ်နှစ်ကွင်းကို တစ်ချက်ကြည့်လိုက်ရင်း ပြန်ဖြေလိုက်၏။ " ကျွန်တော့်အထင် ယောက်ျားလေးလက်စွပ်က ပိုကြည့်ကောင်းတယ်ထင်တယ်..."
" ဒါဆို အမျိုးသမီးလက်စွပ်ကို ကိုယ်ဝတ်လိုက်မယ်လေ..." ကျန်းဟန်ရှုက ပြောရင်းဆိုရင်း လက်ထဲက လေလံကတ်လေးကို မြှောက်လိုက်သည်။
ဖုကျန်း ကျန်းဟန်ရှု၏လက်ချောင်းများကို အကြည့်ပို့လိုက်သည်။ မည်သို့ဆိုစေကာမူ အမျိုးသမီးလက်စွပ်က ကျဉ်းနိုင်ကျယ်နိုင်သော လက်စွပ်အရှင်ဖြစ်သဖြင့် ကျန်းဟန်ရှု၏လက်ချောင်းများက မည်မျှတုတ်ခိုင်နေပါစေ ပြဿနာမရှိပါချေ။
အဆုံးတွင် ကျန်းဟန်ရှုသည် ထိုစုံတွဲလက်စွပ်ကိုရဖို့ ယွမ်ငါးသိန်းကျော် သုံးလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်က သူတို့နောက်ကနေ တစ်ချိန်လုံး လိုက်လာသောကြောင့် ဖြစ်သည်။ ထိုလူက ချင်ကျောက်ပင်။
ဖုကျန်းက သူ့အသံကိုကြားကြားချင်း ချက်ချင်းမှတ်မိသွားပြီး အသံလားရာကို လှည့်ကြည့်လိုက်ရာ ချင်ကျောက်က အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးက ထန်ဝမ်ဝမ်မဟုတ်ခဲ့ပေ။ ဖုကျန်းက ချင်ကျောက်၏ဖောက်ပြန်မှုအကြောင်း သတင်းများကြားသည်။ သို့သော် ယခု မျက်မြင်ကိုယ်တွေ့
မြင်လိုက်ရသောအခါ အလွန်တုန်လှုပ်သွားဆဲဖြစ်သည်။
ဖုကျန်း သူ၏အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ရင်ထဲအလွန်ပေးပင်သွားသလို ခံစားလိုက်ရသည်။ ချင်ကျောင်က တစ်နေ့တွင် ဖောက်ပြန်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ၊ ဖောက်ပြန်သည့်လူကလည်း ထန်ဝမ်ဝမ်၏ညီမဖြစ်နေ၏။ ယခုအချိန် ထန်ဝမ်ဝမ် မည်သို့ခံစားနေရမည်လဲ သူမတွေးတတ်ပါချေ။
ထန်ဝမ်ဝမ်က ချင်မိသားစုအိမ်တွင် နေထိုင်နေဆဲဖြစ်၏။ သူမ၏ကလေးကိုဆုံးရှုံးသွားသောကြောင့် ချင်မိသားစုက သူမကို မစ္စချင်အဖြစ် အသိအမှတ်မပြုကြတော့ပေ။
System ပေးခဲ့သော အရာအားလုံးကို သူ့ဆီက ခိုးယူသွားသော သူ့ညီမကို သူမုန်းသည်၊ system ၏ထိန်းချုပ်မှုအောက်ကို ပို့မရနိုင်သော ချင်ကျောက်ကို သူပိုလို့တောင် မုန်းသည်။
တစ်ခါတစ်ရံတွင် ထန်ဝမ်ဝမ် အံ့သြမိသည်။ သူမ၏system က ထန်ချင်ကို ထိန်းချုပ်လိုက်သော်ငြား ထန်ချင်က ချင်ကျောက်၏ချစ်ခြင်းမေတ္တာများ ရရှိနေခြင်းမှလွဲ၍ ဘာမှပြောင်းလဲမသွားခဲ့ချေ။ System ကလည်း သူမ၏အတွေးထဲတွင် တစ်ခါ၊ နှစ်ခါမှသာ ပေါ်လာပြီး သူမစကားကို ဖြေချင်သလို၊ မဖြေချင်သလို လုပ်နေသည်။
ဤနေ့ရက်တွေ ဘယ်အချိန်မှ ကုန်ဆုံးမည်လဲ ထန်ဝမ်ဝမ်မသိတော့ပါချေ။
ဒီလိုဖြစ်လာမည်မှန်းသာ သိခဲ့ပါက system ၏တောင်းဆိုချက်များကို သူမလက်ခံခဲ့လိမ့်မည် မဟုတ်ပေ။
လေလံပွဲပြီးနောက်တွင် ဝန်ထမ်းတစ်ယောက်က ကျန်းဟန်ရှုကို စုံတွဲလက်စွပ်လာပေးသည်။
ကျန်းဟန်ရှုက ဖုကျန်း၏လက်ကိုဆုပ်ကိုင်ကာ အမျိုးသားလက်စွပ်ကို လက်ညှိုး၌ စွပ်ပေးလိုက်သည်။ ညှိုပြာရောင်လက်စွပ်လေးက ဖုကျန်း၏ဖြူဖြူသွယ်သွယ် လက်လေးနှင့်အလွန်လိုက်ဖက်နေသည်။ သူက ပြုံးလျက် ဖုကျန်းကိုပြောလိုက်သည်။
" ကိုယ်မှန်းထားတာနဲ့ အကိုက်လေးပဲ..."
<< လွတ်မြောက်ခြင်း>> က ပြည်ပတွင်ပါ ထုတ်လွှင့်ပြသနေပြီဖြစ်၏။ ယေဘုယျအားဖြင့် ပြည်ပနိုင်ငံများနှင့် တရုတ်လူမျိုးတို့၏ အကြိုက်က မတူညီသောကြောင့် ပြည်ပ box office က သိပ်တော့ များလိမ့်မည်မဟုတ်ချေ။ သို့သော် ကမ္ဘာပေါ်က သည်းထိတ်ရင်ဖို ရုပ်ရှင်ပုံစံများက အများအားဖြင့် တူညီကြသည်။ အရှေ့တိုင်း သရဲရုပ်ရှင်များကဲ့သို့ သွေးထွက်သံယိုဇာတ်ဝင်ခန်းများ သိပ်မပါလျှင်တောင် နှလုံးသားကို တုန်လှုပ်စေပြီး ကြောက်လန့်ဖွယ်ကောင်းနေလျှင် ၎င်းရုပ်ရှင်က ကြည့်လို့ကောင်းနေပြီဖြစ်လေသည်။ ထို့ကြောင့် <<လွတ်မြောက်ခြင်း>> ၏ Box office ကို အသင့်အတင့်တော့ ရလိမ့်မည်ဟု မျှော်လင့်ရသည်။
ဖုကျန်းက ဤရက်များအတွင်း video cutting ပိုင်းကို လေ့လာနေသည်။ များမကြာမီပင် ဝူကျန်းက ပရိတ်သတ်အနည်းငယ်ရရှိလာပြီး တစ်နေ့ထက်တစ်နေ့ ကိန်းဂဏန်းအနည်းငယ်ထိ တိုးလာသည်။ ဗွီဒီယိုဖြတ်တောက်ခြင်းတင်မကဘဲ ဖုကျန်းသည် ဝက်ဘ်ဆိုက်ပေါ်ရှိ ဟာသဘလော့ဂါများ၏ ဟာသပို့စ်များကိုလည်း အတွေ့အကြုံရအောင် လေ့လာကြည့်ဖြစ်သည်။
<< လွတ်မြောက်ခြင်း>> က ပြည်ပတွင်ရုံတင်ပြီး မကြာခင် ကျန်းဟန်ရှုက ဖုကျန်းကို ပြောလာသည်။ " ကိုယ် မင်းအတွက် မေးပေးထားတဲ့ကိစ္စကလေ၊ မစ္စတာချီသဲလုံက ကိုယ့်ကိုဆက်သွယ်လာပြီ။ မစ္စတာချီသဲလုံက လောလောဆယ် အလုပ်အားနေတယ်။ မင်း ကြိုးစားကြည့်လို့ရတယ်..."
အများအားဖြင့် ဟာသဇာတ်လမ်းတိုကြည့်သည့်အခါ ပရိတ်သတ်များက စင်ပေါ်က သရုပ်ဆောင်များလောက်သာ အာရုံစိုက်ကြပြီး ဇာတ်ညွှန်းရေးဆရာကို သိပ်အာရုံမစိုက်ကြပါချေ။ အကယ်၍ အင်တာနက်ပေါ်တွင် ချီသဲလုံဟု ရိုက်ရှာကြည့်လိုက်လျှင် နွေဦးပွဲတော်ပြိုင်ပွဲကဲ့သို့သော ဂန္တဝင်ဟာသဇာတ်လမ်းတိုများက ဤဇာတ်ညွှန်းဆရာ၏ လက်ရာများဖြစ်သည်ကို တွေ့ရလိမ့်မည်။
ဟိုယခင်က ဖန်ဟုန်နှင့် ဖုန်းကျန့်သည် အကောင်းဆုံးတွဲဖက်များ ဖြစ်ခဲ့ကြပြီး နွေဦးပွဲတော်ပြိုင်ပွဲ၏ အမြဲတမ်းဧည့်သည်များဖြစ်ခဲ့ကြသည်။ ထိုနှစ်ဦးသည် အစီအစဉ်တွင် အမြဲလိုလို အတူတွဲ၍သာ ပေါ်လာတတ်ကြသည်။ ဟာသဇာတ်လမ်းတိုထဲမှ စာသားများဆိုလျှင် ယခုထိတောင် ခေတ်စားနေဆဲပင်။ ထိုဇာတ်ညွှန်းများအားလုံးကို ရေးခဲ့သူက ဤဆရာချီသဲလုံ ဖြစ်လေသည်။
နောက်ပိုင်းတွင် ဖုန်းကျန့်က ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် နိုင်ငံခြားသို့ထွက်သွားပြီး နှစ်များစွာကြာသည်အထိ လူထုရှေ့၌ ပေါ်မလာခဲ့ပေ။ ထိုအချိန်မှစ၍ ချီသဲလုံက ဘယ်တော့မှ ဇာတ်လမ်းအသစ်ထပ်မရေးတော့ချေ။ နွေဦးပွဲတော်ပြိုင်ပွဲသည် ယခင်က နာမည်ကြီးမှုများ ပျောက်ဆုံးသွားပြီဟု ကြည့်ရှုသူများက ဆိုကြသည်။
ဖုကျန်းမှာ အလွန်အမင်း အံ့အားသင့်သွားသည်။ ဖုကျန်း မစ္စတာချီသဲလုံကို ချက်ချင်းဆက်သွယ်လိုက်သည်။ မစ္စတာချီသဲလုံက အသက်ခြောက်ဆယ်ကျော်ပြီ ဖြစ်သော်လည်း ဖုန်းထဲက အသံက ကျယ်လောင်ကာ သြဇာသံပါနေဆဲဖြစ်သည်။ ဖုကျန်းက ဆရာချီသဲလုံနှင့် ညစာစားချိန်မှ ညကိုးနာရီထိုးခါနီးထိ စကားပြောနေခဲ့ကြသည်။ သူတို့ ပိုပြောလေ ပိုပြီးစိတ်ပါဝင်စားလာလေဖြစ်ကာ စကားဝိုင်းက အတောမသတ်နိုင်တော့ချေ။
ကျန်းဟန်ရှုသည် ရေချိုးပြီး၍ ရေချိုးခန်းထဲမှ ထွက်လာကာ ဖုကျန်းမျက်စိရှေ့၌ အခေါက်ခေါက်၊ အခါခါ လမ်းလျှောက်ပြသည်။ သို့သော် ဖုကျန်းက တုတ်တုတ်တောင် မလှုပ်ပါချေ။
ချီသဲလုံက ဖုကျန်း၏ကမ်းလှမ်းမှုကို ဝမ်းသာစွာလက်ခံလိုက်သည်။ သို့သော် သူ့အတွက် ဇာတ်ကောင်တစ်နေရာစာလောက် ချန်ပေးဖို့ တောင်းဆိုလာသည်။ မစ္စတာဖုန်းကျန့်က ဤနှစ်ထဲတွင် ပြန်လာတော့မည်ဖြစ်၍ ချီသဲလုံက သူ့မိတ်ဆွေဟောင်းအတွက် နေရာတစ်ရာသာ ချန်လှပ်ထားစေလိုခြင်းပင်။
သဘာဝကျစွာပင် ဖုကျန်းကလည်း မငြင်းခဲ့ပါချေ။
ဇာတ်ညွှန်းကိစ္စကို ဖြေရှင်းပြီးသွား၍ သရုပ်ဆောင်ရွေးချယ်ဖို့ အလှည့်ရောက်လာသည်။ ၎င်းက ဖုကျန်ကြိုတင်စီစဉ်ထားသည်နှင့် အံကိုက်ပင်။ အမျိုးသားနေ့ပြီးသောအခါ တစ်မနက်ခင်း၌ သူက ကျန်းဟန်ရှုကို အမေးစကားဆိုလိုက်သည်။
" ခင်ဗျား ဒီနေ့အချိန်ရလား..."
အချိန်မရလျှင် အချိန်ရအောင်ရှာရမည်။ စီအီးအိုတစ်ယောက်ကအလုပ်ချိန်တွေ ရွေ့လို့ရပါသလား...။ ၎င်းအမေးစကားက စမ်းသပ်ခြင်းပင်၊ ထို့ကြောင့် ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။
" ရတယ်..."
ဖုကျန်းက ပြန်ပြောလိုက်သည်။
"ဖျင်ဟိုင်တက္ကသိုလ်မှာ သရုပ်ဆောင်နည်းနည်းလောက် သွားရွေးမလို့ ..."
သူက တစ်ချို့ဇာတ်ကွက်များကိုသာ ကြိုရေးထားပြီး ကျန်ဇာတ်ညွှန်းများကို ရိုက်ကူးနေစဉ်တွင်မှ ရေးရန် ချီသဲလုံလောင်ရှီးနှင့် တိုင်ပင်ထားပြီးဖြစ်သည်။
"ကိုယ့်ကိုခဏစောင့် ..."
ကျန်းဟန်ရှုက ဖုန်းကိုထုတ်ကာ အတွင်းရေးမှူးသုန်းကို ဆက်သွယ်လိုက်သည်။ ဒီနေ့အတွက် ဆောင်ရွက်ရမည်တို့ကို ညွှန်ကြားပြီးနောက် ဖုန်းချကာ ဖုကျန်းကို ပြောလိုက်သည်။
"အိုကေ သွားရအောင် ..."
xxxxxxx