အပိုင်း ၁၂၈
Viewers 23k

ဖျင်ဟိုင်တက္ကသိုလ်သည် ဘာသာရပ်ပေါင်းစုံ စုပေါင်းသင်ကြားပေးသည့် တက္ကသိုလ်ဖြစ်ပြီး ဖုကျန်း၏ မိခင်တက္ကသိုလ်ဖြစ်သည်။ သူက ဘွဲ့ယူရန် ကျရှုံးခဲ့သော်ငြား ထိုကျောင်းတွင် လေးနှစ်နီးပါး စာသင်ခဲ့ရာ ဖျင်ဟိုင်တက္ကသိုလ်အပေါ် သူ့ခံစာစချက်တို့က တမူထူးလှသည်။
ကျန်းဟန်ရှုက ကျောင်းဝင်ပေါက်နားအထိ ကားကို မောင်းလာခဲ့ကာ mask တပ်ပြီးမှ ကားပေါ်က ဆင်းလာလိုက်သည်။ mask တပ်ရမည့်ရာသီ မဟုတ်သေးသော်ငြား မိတ်ကပ်လိမ်းမထားသည့် ကျောင်းသူများကလည်း mask တပ်ထားလေ့ရှိရာ သူတစ်ယောက်တည်းတော့ ထင်းထွက်မနေပေ။
ဖျင်ဟိုင်တက္ကသိုလ်သည် စတုရန်းမီတာ ၃၀၀ နီးပါး ကျယ်ဝန်းရာ ကျောင်းဝန်း၏ အရှေ့မှ အနောက်သို့ သွားရန်ပင် နာရီဝက်ခန့် အချိန်ပေးရသည်။ သူက ဖုကျန်းကို လှည့်မေးလိုက်သည်။
"ဘယ်နားမှာ ရှာရမှာလဲ ..."
သူက တရုတ်ပြည်ပြင်ပတွင် စာသင်ခဲ့သည့်အတွက် ဖျင်ဟိုင်တက္ကသိုလ်နှင့် အကျွမ်းတဝင်မရှိလှ။ ဖုကျန်းအနေဖြင့်လည်း စာသင်ခန်းထဲအထိဝင်ကာ လူရွေးရန် မသင့်တော်လှပေ။
"drama club ကိုပဲ အရင်သွားကြည့်ရအောင် ..."
သူက ကျန်းဟန်ရှု၏လက်ကိုကိုင်ကာ ယိုပိုင်လမ်းအတိုင်း အနောက်ဘက်သို့ လျှောက်လာခဲ့လိုက်သည်။
ပန်းခြံထဲရှိ မီးအိမ်လေးများမှာ လမ်းမီးတိုင်အမြင့်ကြီးများ ဖြစ်သွားသည်မှလွဲ၍ ဖျင်ဟိုင်တက္ကသိုလ်သည် များများစားစား ပြောင်းလဲမသွားပေ။ စာကြည့်တိုက်မှာလည်း ယခင်ကလို ကျောက်တုံးအမြင့်များပေါ်တွင် ရှိနေဆဲဖြစ်သည်။ ၎င်း၏ အရှေ့နားရှိ ရေပန်းကိုတော့ မတွေ့ရတော့ပေ။ လမ်းတစ်လျှောက် ဆောင်းလေမြူးတို့က တဟူးဟူး တိုက်နေကာ ရော်ရွက်ဝါတို့က တဖြုတ်ဖြုတ် ကြွေကျနေသည်။ ကျောင်းဖွင့်ရာသီ မရောက်သေး၍ မလှမ်းမကမ်းရှိ ကစားကွင်းမှ ရယ်သံမောသံတို့ကို အတိုင်းသား ကြားနေရသည်။ ကျောင်းဝန်းအတွင်းရှိ အမှတ်တရတို့က ဖုကျန်း၏အာရုံထဲတွင် ယနေ့ထိတိုင် ပြတ်ပြတ်သားသား ထင်ကျန်နေဆဲဖြစ်သည်။
ကျန်းဟန်ရှုက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေလိုက်သည်။ Ginkgo ပင်၏ ရော်ရွက်ဝါတို့က ကြွေကျလုဆဲဆဲပင်။ ဆောင်းဦးပေါက်တိုင်း ဖျင်ဟိုင်တက္ကသိုလ်၏ Ginkgo ပင်တန်းကို ခရီးသွားများက လာကြည့်လေ့ရှိကြသည်ဟုပင် သိလိုက်ရသည်။
ကျောင်းသား‌များက သူတို့ဘေးမှ ခပ်သုတ်သုတ် ဖြတ်သွားကြကာ ဘယ်သူကမှ ထိုအမျိုးသားနှစ်ဦးကို အထူးတလည် အာရုံမစိုက်ကြပေ။
"ဒီမှာပဲ ..."
ဖုကျန်းက သူ့အရှေ့ရှိ အားကစားရုံကိုကြည့်ကာ ပြောလိုက်သည်။
"ဖျင်ဟိုင်တက္ကသိုလ်ရဲ့ drama club က အားကစားရုံထဲမှာ အခု နေရာပြောင်းသွားရင်တော့ မပြောတတ်ဘူး ..."
သို့သော်ငြား ကျောင်းသားကတ်မပါဘဲနှင့် ပင်မဝင်ပေါက်မှ ဝင်နိုင်မည်မဟုတ်ပေ။ ဖုကျန်းက အားကစားရုံဘေး‌ဝင်ပေါက်မှ တစ်ဆင့် အထဲကို တိတ်တိတ်လေး ခိုးဝင်လိုက်သည်။
ခန်းမထဲရှိ စားပွဲနောက်တွင် ကျောင်းသူတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ တံခါးဖွင့်သံ ကြားလျှင် သူက မော့ပင်မကြည့်ဘဲ ပြောလာသည်။
"စကားဝှက်ပြော ..."
ဖုကျန်းက အနည်းငယ် ချီတုံချတုံဖြင့် ပြောလိုက်သည်။
"လွမ်လျှိုတက စကြာ၀ဠာထဲမှာ အခန့်ညားဆုံး? ..."
"ဝင်လာခဲ့ ..."
သူမက စာလုပ်နေရင်း ပြောလိုက်သည်။
ခန်းမထဲသို့ ဝင်လာရင်း ဖုကျန်းက အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
"လွမ်လျှိုတက ငါတို့ club ရဲ့ ပထမဆုံး ဥက္ကဌလေ သူက ဒီနေရာကို ပထမဆုံး ရှာတွေခဲ့တာ အပြင်လူတွေ ဝင်လာပြီး အစမ်းလေ့ကျင့်တာကို မနှောင့်ယှက်နိုင်အောင်လို့ တံခါးမှာ အစောင့်တစ်ယောက်ထားပြီး စကားဝှက်ပြောနိုင်မှ ဝင်ခွင့်ပြုတာ ..."
ခန်းမ၏ အနောက်ဘက်စွန်းရှိ အစမ်းလေ့ကျင့်ရာအခန်းထဲတွင် ကျောင်းသားများက မကြာမီ ဖျော်ဖြေရန်အတွက် အလောတကြီး အဝတ်အစားလဲနေကြသည်။ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့က တံခါးအကွယ်လေးမှ ရပ်ကာ ကြည့်နေလိုက်ကြသည်။
"သူတို့က ဘယ်မှာ ဖျော်ဖြေကြမှာလဲ ..."
ကျန်းဟန်ရှုက မေးလိုက်သည်။
အကုန်လုံးကို မှတ်မိနေဆဲဖြစ်သော ဖုကျန်းက ချက်ခြင်းပင် အဖြေပေးလိုက်သည်။
"ပင်မဝင်ပေါက်ကနေ ဝင်လာရင် ပွဲကြည့်စင်ကို တွေ့ရလိမ့်မယ် အဲ့မှာ ဖျော်ဖြေကြမှာလေ ..."
သူ့စကားဆုံးသည်နှင့်တစ်ပြိုင်နက် ကျောင်းသူတစ်ဦးက အော်ပြောလိုက်သည်။
"ဟေး ဘာလို့ ဒီနားမှာ ကြောင်တောင်တောင်နဲ့ ရပ်နေရတာလဲ သွက်သွက်လုပ်လေ ဒီနားမှာ သစ်ငုတ်တိုနှစ်ခုရှိတယ် သွက်သွက်ယူလာခဲ့ ..."
"ဟမ်..."
ဖုကျန်းမှာ အတော်ပင် ဇဝေဇဝါဖြစ်သွားသည်။ ရောက်ရောက်ချင်း အလုပ်တန်းရလိမ့်မည်ဟု မထင်မှတ်ထားရာ သူက အမောတကော ရှင်းပြလိုက်သည်။
"ငါတို့က မဟုတ် ..."
"ဒီ club က မဟုတ်မှန်း သိတယ်လို့ ..."
သူမက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဒီတောင်ရောက်နေပြီပဲကို မျက်နှာပြရမှာလည်း မဟုတ်ဘူး သွက်သွက်လုပ် အချိန်ကကပ်နေပြီ ..."
ဖုကျန်းတို့နှစ်ဦးလည်း အပြန်အလှန်ကြည့်ကာ ပြုံးလိုက်ကြပြီး သစ်ငုတ်တိုများကို မ, ကာ အခြားသူများနှင့်အတူ ခန်းမထဲသို့ လိုက်သွားလိုက်ကြသည်။
အစောလေးကမှ သူတို့ကို စကားပြောခဲ့သည့် ကောင်မလေးက ထပ်ပြောလိုက်ပြန်သည်။
"ရှင်တို့နှစ်ယောက်က တစ်ယောက်ကို နှစ်ကြောင်းပြောရမှာနော် မေ့မနေကြနဲ့ ..."
ကျန်းဟန်ရှုမှာ သူမ၏ စကားများကို လုံးဝ နားမလည်တော့။ ကံကောင်းစွာဖြင့်ပင် ဖုကျန်းက ထို drama တွင် ပါဝင်ဖူးသည့်အပြင် သူ၏မှတ်ဉာဏ်ကလည်း အတော်ကို ကောင်းလှသည့်အတွက် ပြောရမည့်စာသားများကို ပြန်အမှတ်ရခဲ့သည်။
ဖျော်ဖြေမှုက အောင်အောင်မြင်မြင်ပင် ပြီးဆုံးသွားခဲ့သည်။ သစ်ငုတ်တိုနှစ်ခုကလည်း အစမှ အဆုံးအထိ ဘေးချပ်ကပ် ယှဉ်ရပ်ကာ အခြားအဖွဲ့သားများနှင့်ပင် ဓာတ်ပုံရိုက်လိုက်သေးသည်။ ထို့နောက် သစ်ငုတ်တိုနှစ်ခုကို လေ့ကျင့်သည့်အခန်းထဲသို့ ပြန်ထားလိုက်ကြသည်။
အခန်းနံရံတွင် ‌ဆုရဓာတ်ပုံများကို ချိတ်ဆွဲထားသည်။ ထိုထဲတွင် တွဲဖက်ဥက္ကဌဖြစ်ခဲ့သည့် ဖုကျန်း၏ပုံလည်း အပါအဝင်ဖြစ်သည်။ ထိုအချိန်က နောက်စာသင်နှစ်တွင် ဥက္ကဌဖြစ်လာနိုင်သော်ငြား အလုပ်များလာသည့်အတွက် club မှ နှုတ်ထွက်လိုက်ရသည်။
ကျန်းဟန်ရှုမှာ ဖုကျန်း၏ ငယ်ဘဝဓာတ်ပုံများကို မမြင်ဖူးသလောက်ပင်။ ဖုအိမ်ကို သွားသည့်အချိန်မှသာ သူ ကလေးဘဝက ဓာတ်ပုံနှစ်ပုံကို တွေ့ဖူးခြင်းဖြစ်သည်။ သူက ဓာတ်ပုံထဲမှ အပြုံးခပ်ကြီးကြီး ချိတ်ဆွဲထားသော ဖုကျန်းကို ကြည့်နေလိုက်သည်။
ဖုကျန်းက အနားရောက်လာကာ သူ့ပုခုံးကို ပုတ်လိုက်သည်။
"အဲ့တုန်းကလိုမျိုး မနုပျိုတော့ဘူးမလား ..."
ကျန်းဟန်ရှုက ခေါင်းကိုသာ အသာယမ်းပြလိုက်သည်။ ဖုကျန်း၏ ရုပ်သွင်က များများစားစား ပြောင်းလဲမသွား။ အတွေးအခေါ်ကသာ ပိုပြီး ရင့်ကျက်ခြင်းဖြစ်သည်။
"အစည်းအဝေး လုပ်ရအောင် ..."
ခပ်အက်အက်အသံတစ်ခုက ကော်ရစ်ဒါတစ်လျှောက် ပျံ့လွင့်လာသည်။ အခြားကျောင်းသားများကလည်း နေရာယူနေကြပြီး ‌‌ နောက်ဖေးတံခါးလည်း ပိတ်သွားပြီဖြစ်၍ ဖုကျန်းတို့နှစ်ဦးမှာ အနည်းငယ် အခက်ကြုံလာသည်။ သူတို့က ရှေ့တံခါးသို့ လျှောက်လာခဲ့သော်ငြား ထိုနေရာတွင် ကျောင်းသားတစ်ဦးက ကြိုပြီး ရောက်နှင့်နေသည်။
သူက အပြာရောင်ဆွယ်တာကို ဝတ်ထားပြီး "သရုပ်ဆောင်များအား ကိုယ်တိုင် မြေတောင်မြှောက်ပေးခြင်း" ဆောင်းပါးမိတ္တူကို ကိုင်ကာ ကွန်ပျူတာစားပွဲရှေ့ ဝင်ထိုင်လိုက်သည်။ သူက လည်ချောင်းရှင်းကာ စကားစပြောလိုက်သည်။
"အခုသရုပ်ဆောင်သွားတာ တော်တော်ကောင်းတယ် ဇာတ်လိုက်တွေကလည်း သူ့နေရာနဲ့သူ အံ့ဝင်ခွင်ကျပဲ ဒါပေမယ့် ...."
သူက လက်ထဲမှ စာရွက်ဖြင့် ဇာတ်ဝင်ပစ္စည်းများကို ရိုက်ကာ ပြောလိုက်သည်။
"သစ်ပင်နေရာမှာ သရုပ်ဆောင်တာ ဘယ်သူတွေလဲ စာကြောင်းတွေကို ပြောင်းထားတယ်လို့ ပြောခဲ့တယ်မလား ဟမ်... ဘာလို့ မမှတ်မိရတာလဲ ဘယ်နှကြိမ်ရှိနေပြီလဲ ..."
လေ့ကျင့်ရေးတာဝန်ခံ ကောင်မလေးက ရှေ့ထွက်ကာ ပြောလိုက်သည်။
"ဥက္ကဌ , ဒီနေ့ သစ်ပင်လုပ်ရမယ့် ကျောင်းသားနှစ်ယောက်က အလုပ်သင်ဆင်းနေလို့ ကျွန်မကို ခွင့်တိုင်သွားတယ် အဲ့ဒါကြောင့် ဒီနှစ်ယောက်ကို အကူအညီတောင်းထားတာ ..."
"ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို မတ်တပ်ရပ်ပြ ..."
မတ်တပ်ရပ်ပြရုံမှတစ်ပါး ရွေးစရာမရှိတော့။
ကျန်ကျောင်းသားများက ကရုဏာသက်စွာ ကြည့်လိုက်ကြသည်။
--- ဥက္ကဌက ဒေါသထွက်တဲ့အချိန်ဆို မဲမဲမြင်ရာ ကိုက်တတ်တဲ့ ခွေးရူးလိုပဲ ဘယ်သူမှ ဝင်ဆွဲလို့မရဘူး အိုက်ယား ဒီအတန်းဖော်နှစ်ယောက်ကတော့ ကံဆိုးတာပဲ ..."
သို့သော်ငြား ထိုမဲမဲမြင်ရာကိုက်တတ်သည့် ဥက္ကဌက ဒေါသမထွက်ဘဲ နေမည်ဟုတော့ ဘယ်သူမှ မထင်ထားမိပေ။ သူက အားကစားဝတ်စုံအဖြူရောင်နှင့် mask တပ်ထားသော ကောင်လေးကိုသာ ငေးကြည့်နေသည်။ သူ၏ ပြောစရာစကားမဲ့နေသော အမူအယာမှာ ဇနီးဖြစ်သူကို ဘေးအိမ်မှ ယောကျာ်းဖြင့် အိပ်ယာပေါ်တွင် ပက်ပင်းမိသည့် ခင်ပွန်းသည်လိုပင်။
mask နှင့်အစ်ကိုကြီးမှာ ဘယ်လောက်တောင် ကြောက်သွားမလဲဟု သိလိုစွာဖြင့် အားလုံး၏ အကြည့်တို့က ဖုကျန်းထံ စုပုံကျလာတော့သည်။
" ဖု ဖု ဖု ..."
ဥက္ကဌမှာ အတော်ကြာသည်အထိ ဘာပြောရမှန်းမသိတော့။ 'တဖုဖု' နှင့် လေမှုတ်နေသလိုပင်။
နောက်ဆုံးတွင်တော့ ဖုကျန်း၏ လတ်တလောပုံရိပ်ကို တွေးကာ ဖုဟု မခေါ်ဘဲ တစ်မျိုးတစ်ဖုံ ပြောင်းခေါ်လိုက်သည်။
"စီနီယာ..."
သူက ထိုင်ခုံမှ ထရပ်ကာ ကျောင်းသားများကို ပြောလိုက်သည်။
"အစည်းအဝေးပြီးပြီ ပြန်နှင့်ကြတော့ ..."
စိတ်ဝင်စားစရာ မရှိတော့ကြောင်း တွေ့လိုက်ရသည့်အတွက် ကျောင်းသားများလည်း ထွက်သွားလိုက်ကြတော့သည်။
သူတို့အားလုံး ထွက်သွားကာမှ ဖုကျန်းလည်း mask ကို ချွတ်ကာ သူစိတ်တိုင်းကျ ဖြစ်လာသည့် ဂျူနီယာကို ပြုံးပြလိုက်သည်။
"ဘာလို့ အခုထိ ဘွဲ့မရသေးတာလဲ ..."
ဥက္ကဌက သူ့ခေါင်းသူကိုင်ကာ ‌အရှက်ပြေ ချောင်းဆိုးလိုက်သည်။ အဖွဲ့ဝင်များရှေ့တွင် ရှိနေစဉ်ကလိုမျိုး စာအုပ်ကြီးဆန်ဆန် မဟုတ်တော့။ သူက ပြောလိုက်သည်။
"ကျွန်တော်က အခုမှ ဘွဲ့ကြိုလေ ဆိုတော့ ကျောင်းမှာ နှစ်နှစ် ထပ်နေလို့ရသေးတယ် ..."
ဖုကျန်းက နားလည်သွားသည့်ဟန် ခေါင်းတဆတ်ဆတ် ငြိမ့်ကာ ကျန်းဟန်ရှုကို သူ့ဘေးလာထိုင်ရန် ဆွဲခေါ်လိုက်သည်။ သူလည်း mask ကို ချွတ်ကာ ဖုကျန်းကို အကြင်နာတို့ ရွှန်းရွှန်းစိုနေသည့်အကြည့်ဖြင့် ငေးကြည့်နေလိုက်သည်။
ခွေးစာတို့ အဝစားလိုက်ရသော ဥက္ကဌက သက်ပြင်းအသာချကာ မေးလိုက်သည်။
"စီနီယာ ဒီကို ဘာလာလုပ်တာလဲ ..."
"နောက်ရိုက်မယ့် ရုပ်ရှင်အတွက် သင့်တော်တဲ့လူများ ရှိမလား လာရှာတာ ..."
ဥက္ကဌက မျက်နှာချိုသွေးလိုက်သည်။
"စီနီယာ ကျွန်တော်ဆိုရင်ရော ဘယ်လိုနေလဲ ..."
ဖုကျန်းက ချောင်းဟန့်ကာ ငြင်းပယ်လိုက်သည်။
"ဖြစ်မယ်မထင်ဘူးနော် ..."
ကောင်းကောင်းသင်ယူထားသူက ချက်ခြင်း သံယောင်လိုက်လိုက်သည်။
"ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုပဲ တွေးမိပါတယ် ..."
ဖုကျန်းမှာ ရယ်ချင်စိတ်ကို ချုပ်တည်း၍ မရတော့။
သူက ဆက်မေးလိုက်သည်။
"ဒါနဲ့ စီနီယာ လူရွေးပြီးပြီလား ..."
"စောစောက ဇာတ်လိုက်နေရာမှာ သရုပ်ဆောင်သွားတဲ့တစ်ယောက်က မဆိုးဘူးပဲ သူ့မှာ အချိန်လွတ်ရှိလား မသိဘူး ..."
"အကြီးတန်းတွေဆို‌တော့ စာသင်ချိန်မရှိဘူး စီနီယာကသာ သူ့ကို ရွေးချင်ကြောင်းသိရင် သေချာပေါက်ကို သဘောတူမှာ ..."
ဥက္ကဌက နောင်တရလေဟန်အပြည့်ဖြင့် ပြောလိုက်သည်။
"ဒီလိုမှန်းသိရင် ကျွန်တော်ပဲ ဇာတ်လိုက်နေရာကို ယူလိုက်ပါတယ် ..."
ဖုကျန်းက သူ့ပုခုံးကို ပုတ်လိုက်သည်။
"စာပဲ ကောင်းကောင်းလုပ် ..."
"အာ ဟုတ်သားပဲ ဆရာကွမ်က ရုံးခန်းထဲမှာ စီနီယာ့အတွက်ဆိုပြီး စာချန်ပေးသွားတယ် အချိန်ရရင် သွားကြည့်လိုက်ဦးနော် ..."
ဖုကျန်းမှာ သူ့ဆရာက လက်ဆောင်ချန်ထားလိမ့်မည်ဟု တစ်ခါမှ မတွေးထားဖူးပေ။ ပြီးခဲ့သည့်နှစ်နှစ်အတွင်း ချင်းမင်ပွဲတော်ရောက်ချိန်တိုင်း သူ့အုတ်ဂူကိုသွားကာ ဂါရဝပြုလေ့ရှိသော်ငြား လုံလောက်ပြီဟု မခံစားရ။ သူ့နှုတ်ခမ်းတို့ကို တင်းတင်းစေ့ရင်း တုန့်ပြန်လိုက်သည်။
"သိပြီ ကျေးဇူးပါ ..."
ဖုကျန်းက သူနှင့် စကားဆက်ပြောနေချိန်တွင် ကော်ရစ်ဒါအပြင်ဘက်မှ စကားသံခပ်ကျယ်ကျယ်ကို ကြားလိုက်ရသည်။ မကြာမီ လူငယ်အုပ်စု ဝင်လာကာ သူ့ကို နှုတ်ဆက်လိုက်သည်။
"မတွေ့ရတာ ကြာပြီနော် ..."
"မတွေ့ရတာ ကြာပြီ ..."
သူက ပြုံးကာ ပြောလိုက်သည်။ သူ့မျက်ဝန်းလွှာတို့ကတော့ ငွေ့ရည်ဖွဲ့တော့မယောင်။
xxxxx