အပိုင်း ၁၂၉
Viewers 23k

သူက အမှန်တကယ်ကို အံ့ဩသွားမိသည်။ သူ့ရှေ့မှ မျက်နှာများမှာ ညတိုင်း နောက်ကျသည့်အထိ အတူတူလေ့ကျင့်ကာ ဖျော်ဖြေခဲ့ကြသည့် ရင်းနှီးပြီးသား မျက်နှာများဖြစ်သည်။ ဘယ်လိုများ ရောက်လာခဲ့ကြပါလိမ့်။
"ကျွန်တော် ဂရုထဲကို လှမ်းပြောလိုက်တာလေ ..."
ဥက္ကဌက ရှင်းပြလိုက်သည်။
"ဒါပေမယ့် တစ်ချို့တွေကကျ အိမ်ပြန်အလုပ်ရှာနေကြတော့ မလာနိုင်ကြဘူး ..."
"စီနီယာ ကျွန်မ ရှင့်ကို အသေကိုသတ်ပစ်ချင်နေပြီ ..."
ရောင်စုံဆံပင်နှင့် ကောင်မလေးတစ်ဦးက ဖုကျန်းကို ပြေးဖက်တော့မည့်ဟန် လက်ကိုဆန့်ကာ ပြေးဝင်လာသည်။
ထိုသို့‌ငြား ထိုပွေ့ဖက်မှုက လမ်းခုလတ်တွင်ပင် ဥက္ကဌ၏ ကြားဖြတ်တားဆီးခြင်းကို ခံလိုက်ရသည်။ သူက သူမ၏ ကျောပိုးအိတ်ကိုဆွဲကာ ဖုကျန်းဘေးရှိ ကျန်းဟန်ရှုကို ခိုးကြည့်ရင်း ပြောလိုက်သည်။
"ပတ်ဝန်းကျင်လေး ဘာလေးလည်း စူးစမ်းဦး ..."
ဖုကျန်းက မတ်တပ်ရပ်နေလိုက်သည်။ မူလက သင့်တော်သည့် သရုပ်ဆောင်ရွေးရန် အနည်းငယ် ပြောပြီးနောက် ဆရာထားခဲ့သည့်စာရွက်ကိုယူကာ ထွက်သွားရန် တွေးခဲ့သော်ငြား ယခုတော့ ချက်ခြင်းကြီး လှည့်ထွက်သွားရန် မသင့်တော်ပေ။ ထို့ပြင် သူကိုယ်တိုင်ကလည်း အဖွဲ့သားများကို သတိရနေခဲ့သူ ဖြစ်သည်။
"ရပါတယ် သွားရအောင် လာ မင်းတို့အားလုံးကို ထမင်းလိုက်ကျွေးမယ် ..."
ဖုကျန်းက သူတို့အားလုံးကို တက္ကသိုလ်အပြင်ဘက်ရှိ အကင်ဆိုင်သို့ ခေါ်လာခဲ့လိုက်သည်။ အစားအသောက်များ လာမချမီ တစ်ဦးနှင့်တစ်ဦး အတွေ့အကြုံများ ပြန်လည်ဖောက်သည်ချရင်း လေထုတစ်ခုလုံး လှုပ်ရှားသက်ဝင်နေသည်။ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ကလည်း ထိုင်ကာ နားထောင်နေကြပြီး စိတ်ဝင်စားစရာ တစ်ခုခုကို ကြားလိုက်ရချိန်တိုင်း ကုန်ကြမ်းအဖြစ်သုံးရန် ချရေးလိုက်သေးသည်။
စားစရာသောက်စရာများ‌ ရောက်လာချိန်တွင် လေထုက ပို၍ပင် အသက်ဝင်လာသည်။ ရုတ်တရက် တစ်ယောက်က ခွက်ကိုမြှောက်ကာ ဖုကျန်းကို ပြောလိုက်သည်။
"စီနီယာ တောင်းပန်ပါတယ် စီနီယာ့ကို မကူညီနိုင်ခဲ့ဘူး ..."
အတိတ်က ဖြစ်ခဲ့သည်များအတွက် အားတုံ့အားနာ ဖြစ်မှုကြောင့် စားပွဲတစ်ခုလုံး ရုတ်တရက် အသံတိတ်သွားသည်။ ဖြစ်ခဲ့သမျှမှာ သူတို့ပယောဂ မပါဝင်သော်ငြား အနည်းဆုံးတော့ ဖုကျန်းနှင့် ရင်းနှီးသူများအဖြစ် လက်ကမ်းပေးခဲ့သင့်သည်ဟု တွေးမိကြသည်။
ဖုကျန်းက ခေါင်းကိုယမ်းကာ ချောင်းအသာဟန့်ရင်း ပြောလိုက်သည်။
"မဟုတ်တာ အားလုံးလည်း ပြီးသွားပြီပဲကို ..."
ဖြစ်ခဲ့သမျှတိုင်းမှာ သူတို့နှင့် မသက်ဆိုင်လှသည့်အပြင် တစ်ခြားသူများကဲ့သို့ပင် ထန်ဝမ်ဝမ်၏ လွှမ်းမိုးမှုကို ခံခဲ့ရလားလည်း မသိနိုင်ရာ ယခုအချိန်မှ ပြန်ပြော၍လည်း သိပ်ပြီး ထူးလှမည်မဟုတ်ပေ။
ထိုကိစ္စကြောင့် လူတိုင်း လေးလံထိုင်းမှိုင်းလာကြောင်း တွေ့လိုက်ရချိန်တွင်တော့ ဖုကျန်းက ပြုံးကာ စကားဦးချီလိုက်သည်။
"ဒီအကြောင်းတွေ ပြောမနေနဲ့တော့ လူတိုင်းပျော်နေကြတဲ့ အချိန်ကြီးလေ ..."
ဥက္ကဌကလည်း သံယောင်လိုက်ကာ ထိုမှုန်မှိုင်းမှိုင်းလေထုကို ကူညီဖြေလျော့ပေးလိုက်သည်။
ရောင်စုံဆံပင်နှင့် ကောင်မလေးမှာ အနည်းငယ် ရေချိန်ကိုက်နေဟန်ပင်။ သူမက ဝိုင်တစ်ခွက်ကိုကိုင်ကာ ဖုကျန်းကို ရီဝေဝေကြည့်ရင်း ပြောလိုက်သည်။
"စီနီယာ ရှင်သိလား အဲ့အချိန်တုန်းကလေ ရှင့်ကို ဖွင့်ပြောချင်ခဲ့တာ ဒါပေမယ့် ရှင်က ထွက်သွားတယ် ..."
ဖုကျန်းပင် စကားမစရသေးခင် နောက်တစ်ယောက်က ဖြတ်ပြောလိုက်ပြန်သည်။
"ဘုရားရေ နင်က စီနီယာကို ဖွင့်ပြောဖို့ တွေးရဲသေးတယ်ပေါ့ စီနီယာက ကွေးနေမှန်း မသိဘူး‌လား ..."
"ဟမ်? အဲ့တုန်းက စီနီယာက ဘယ်ယောကျာ်းလေးကိုရော မိန်းကလေးကိုမှ စိတ်ဝင်စားတဲ့ပုံလည်း မတွေ့ရပါဘူး ..."
ဖုကျန်းကိုယ်တိုင်မှာလည်း နားဝေတိမ်တောင် ဖြစ်သွားသည်။ သူကိုယ်တိုင်တောင် ကောလိပ်တုန်းက ကွေးနေမှန်း မသိခဲ့တာ ဒီအုပ်စုက ဘယ်လိုလုပ် သိနေရတာလဲ။
စကားဖြတ်ပြောသော ကောင်လေးက ခုံကို တတောက်တောက်ခေါက်ကာ ပြောလိုက်သည်။
"အဲ့အချိန်တုန်းက Otome Love အတွက် အွန်လိုင်းဂိမ်းတွေ မရှိသေးဘူးလေ အချစ်ဥယျာဉ်ဆိုလား ဘာလားပဲ အဲ့တစ်ခုက တော်တော်နာမည်ကြီးခဲ့တာ စီနီယာက ဒါကို download ဆွဲပြီး voice package ပါ ဝယ်လိုက်‌သေးတယ်လေ ..."
"ငါသိပြီသိပြီ အဲ့တုန်းကလေ ကတ်တွေကိုတောင် တိုက်ရိုက် ဝင်ဆွဲလိုက်သေးတယ် သူက ကျပမ်းဆွဲတာလို့ ပြောပေမယ့် သူဆွဲပြီးတဲ့အထိ တစ်ချို့တွေမှာ ကတ်တောင် ပေါ်မလာသေးဘူးလေ ဆွဲပြီးလို့ ကတ်တွေလည်း ထုတ်လိုက်ရော သူ့ပါးစပ်က တစ်ဖြောင့်တည်းကြီးပဲလေ ..."
"ငါလည်းမှတ်မိပြီ အတွင်းက ဆွဲထားတဲ့ပုံကိုပဲ ကြည့်တာပါလို့တောင် ပြောလိုက်သေးတယ်လေ နောက်နှစ်ရက်လောက်နေတော့‌ကျ ဂိမ်းထဲက ဥက္ကဌကို ပန်းတောင် ဝယ်ပေးတယ်လို့ အသံကြားလိုက်သေးတယ် ပန်းတောင်မှ အထူးစပါယ်ရှယ်တဲ့ ..."
.....
ဖုကျန်း "...."
ဒါက တကယ်ကို လူသိရှင်ကြား ကွပ်မျက်ခံလိုက်ရတာပဲ။ ဘာလို့များ ဒီအုပ်စုနဲ့ စားဖို့သောက်ဖို့ စဉ်းစားခဲ့မိပါလိမ့်။
တောင်စဉ်ရေမရ ဆက်ပြောလာမည်ကို ကာကွယ်ရန် အလို့ငှာ ဖုကျန်းသည် သူ့ရှေ့မှခွက်ကို ကောက်ကိုင်ကာ ခပ်သွက်သွက် ဝင်ပြောလိုက်သည်။
"ပြောမနေနဲ့တော့ သောက်ပဲသောက်ကြရအောင် ..."
လူတိုင်းက ရယ်ကာမောကာဖြင့် တစ်ခွက်ပြီးတစ်ခွက် သောက်လိုက်ကြတော့သည်။ သူ့ဘယ်ဘက်လက်ဖမိုးကို အသာကုတ်နေသောကြောင့် ယားစိစိဖြစ်လာသော ဖုကျန်းက လက်သည် ကျန်းဟန်ရှုကို လှည့်ကြည့်လိုက်သည်။ တစ်ခွက်သာ သောက်ရသေးသော်ငြား မူးနေ၍လား ရှက်၍လားတော့မသိ။ မျက်နှာတစ်ခုလုံး နီစွေးနေပေသည်။
ကျန်းဟန်ရှုက သူ့ပါးကိုဖျစ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"မူးပြန်ပြီလား ဒီတစ်ခါ ကိုယ့်ကို အမြီးတောင်းရင် အိပ်ယာဝန်းအပြင်က စင်တာမှာ ငါးအရှင် ဝင်ဝယ်ပြီး အဲ့ငါးနဲ့ ဖက်အိပ်ခိုင်းလိုက်မှာ ..."
"ဒီတစ်ခေါက် အမြီးမရဘူး ..."
ဖုကျန်းက ခဏတွေးကာ ပြောလိုက်သည်။
"ချန်ကဲ့လောက အကောင်းဆုံးပဲ ..."
ကျန်းဟန်ရှုက သဘောပေါက်ဟန် မတူသည့်အခါ သူက ထပ်ရှင်းပြလိုက်သည်။
"ဂိမ်းထဲက ဥက္ကဌလေ ..."
ကျန်းဟန်ရှုက နှုတ်ခမ်းတို့ကို တင်းတင်းစေ့ကာ လည်ချောင်းဟန့်ရင်း ပြောလိုက်သည်။
"ကိုယ့်ခေါင်းပေါ်က ဦးထုပ်က ကြည့်ကောင်းလား ..."
ဖုကျန်းက သူ့ခေါင်းပေါ်သို့ အယောင်ယောင်အမှားမှားဖြင့် မော့ကြည့်လိုက်သော်ငြား သူဆိုလိုချင်သည်ကို နားမလည်သေးပေ။
ကျန်းဟန်ရှုက ထပ်မေးလိုက်သည်။
"အစိမ်းရောင်လေးလေ လှလား ..."
သူ ဘာဆိုလိုချင်သည်ကို သဘောပေါက်သွားပြီဖြစ်သော ဖုကျန်းက မျက်နှာချိုသွေးလိုက်သည်။
"အိုက်ယား အရမ်းကပ်စေးကုတ်မနေပါနဲ့ ကျွန်တော်က ချန်ကဲ့လောကို မကြိုက်ပါဘူး ခင်ဗျားကိုပဲ သဘောအကျဆုံးပါ ..."
ထိုမြင်ကွင်းကို သည်းမခံနိုင်တော့သော ဥက္ကဌက ထပြောလိုက်တော့သည်။
"အိုကေအိုကေ ဒီလောက်ကြီး အချစ်တွေကို ထုတ်ပြမနေကြပါနဲ့ တစ်ကိုယ်တည်းသမားလေးတွေကိုလည်း အသက်ကယ်ပေါက်လေး ပေးကြပါဦး ..."
ကျန်းဟန်ရှု၏ သွင်ပြင်ကြောင့် အစောပိုင်းကမူ သူ့ကို ရင်းရင်းနှီးနှီး မစနောက်ရဲကြ။ သို့သော် လူတိုင်းက ရေချိန်ကိုက်နေပြီဖြစ်၍ ယခင်ထက် ‌ပွင့်လင်းလာကြသည်။
စားပွဲသောက်ပွဲက နေ့လည်နှစ်နာရီမှပင် အဆုံးသတ်နိုင်တော့သည်။ ထို့နောက် ဖုကျန်းက ဆေးရုံတွင် သူ့ဆရာချန်ရစ်ခဲ့သည့် စာအုပ်ကို သွားယူခဲ့သည်။ လမ်ူတွင် အသိအကျွမ်းများဖြင့် ခဏခဏ ဆုံခဲ့သော်ငြား သူအတွေ့ချင်ဆုံး ဆရာဖြစ်သူမှာ‌တော့ ဒီလောကတွင် မရှိတော့။ စိတ်မသက်မသာ ဖြစ်လာရကာ မျက်ရည်တို့ ကျမလာရန် အတော်ပင် ထိန်းချုပ်နေရသည်။
သူ့ဆရာထားရစ်ခဲ့သည့် မှတ်စုစာအုပ်ကို ခပ်သွက်သွက်ပင် ယူလိုက်သည်။ နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရသည်များကို စာအုပ်ထဲတွင် အကုန်အစင် ချရေးထားပြီး နောက်ဆုံးစာမျက်နှာတွင် Pushkin ၏ ကဗျာကို ရေးထားသည်။
"တကယ်လို့ လောကကြီးက လှည့်ဖျားခဲ့ရင် ..."
သဲလွန်စအရိပ်အယောင် မရှိသော်ငြား ဖုကျန်းက‌တော့ သူ့ဆရာက တမင်သပ်သပ် ရေးထားခဲ့သည်ဟုပင် ခံစားမိသည်။
နောက်ဆုံးတပည့်တစ်ဦးအနေဖြင့် ဆရာ့ကို နောက်ဆုံးအကြိမ် မတွေ့နိုင်ခဲ့ခြင်းကို အတော်ပင် နောင်တရနေမိသည်။
ကျောင်းမှ ပြန်ရောက်ပြီးနောက် ဖုကျန်းသည် ထိုစာအုပ်ကိုကိုင်ကာ စာကြည့်ခန်းထဲတွင် နှစ်နာရီနီးပါး ထိုင်နေခဲ့သည်။ ကျန်းဟန်ရှုက သူ့ကို တံခါးဝမှတစ်ဆင့် ချောင်းပေါက်တော့မတတ် လာချောင်းကြည့်နေသည်။
သူ စာကြည့်ခန်းထဲမှ ထွက်လာချိန်တွင်တော့ ညစာက အဆင်သင့် ပြင်ပြီးဖြစ်သည်။ ဖုကျန်းမှာ စားလိုစိတ် မရှိသော်ငြား ကျန်းဟန်ရှု စိုးရိမ်မည်ကို တွေးပူကာ တူကို ကောက်ကိုင်ပြီး ဟင်းပန်းကန်ကို ငေးကြည့်နေလိုက်သည်။
ကျန်းဟန်ရှုက သက်ပြင်းဖွဖွချကာ သူ့ဘေးဝင်ထိုင်ပြီး ပြောလိုက်သည်။
"စားချင်စိတ်မရှိရင် မစားနဲ့တော့ ပြီးမှ နွားနို့နဲ့ အသီးလေး နည်းနည်းစားလိုက်လေ ..."
ဖုကျန်းလည်း ခေါင်းငြိမ့်ကာ တူကို ချလိုက်သည့်အချိန်တွင် ကျန်းဟန်ရှု၏ အမေးစကားကို ကြားလိုက်ရသည်။
"ဒါဆို အချစ်ဥယျာဉ်အကြောင်းလေး ဆက်ပြောလို့ရပြီလား ..."
ဖုကျန်းက သူ့ကို ဖက်ကာ ရင်အုပ်တစ်လျှောက် ထိကာတို့ဖြင့် ကလူ၏သို့ မြူ၏သို့ ပြောလိုက်သည်။
"account password ကဖြင့် မေ့သွားတာတောင် ကြာလှပြီ လာပါ နမ်းပါဦး သဝန်တိုမနေနဲ့တော့နော် ..."
သူက ကျန်းဟန်ရှု၏ မေးစေ့ကို ခပ်ဖွဖွ ပွတ်သပ်ကာ ပြောလိုက်သည်။
ကျန်းဟန်ရှုမှာ တကယ်တမ်းတော့ သဝန်တိုနေခြင်းမဟုတ်။ ဂိမ်းဇာတ်ကောင်နှင့် ယှဉ်လိုစိတ် မရှိသော်ငြား ဖုကျန်း၏ စိတ်အခြေအနေ မကောင်းသည့်အတွက် သူ့ကို‌ ပျော်စရာတစ်ခုခုဖြင့် အာရုံလွှဲပေးလိုခြင်းသာ ဖြစ်သည်။
မစ္စတာကျန်းက အောက်တိုဘာလလယ်တွင် ပြန်လာရန် ကြံရွယ်ထားသော်လည်း သိပ်မကြာခင်မှာပင် မစ္စစ်ကျန်းကို အီဂျစ်သို့ အလည်ခေါ်သွားမည်ဟု ပြောခဲ့မိသည့်အတွက် နောင်တရလာသည်။ ယခုတော့ အိမ်ပြန်ရန် နှစ်သစ်ကူးသည်အထိ စောင့်နေရတော့မည်ဖြစ်သည်။
ဖုကျန်းက ဖျင်ဟိုင်တက္ကသိုလ်သို့ နောက်တစ်ကြိမ် ထပ်သွားကာ drama club နှင့် အနုပညာကျောင်းတို့တွင် အဓိကဇာတ်ဆောင်နှစ်ဦးကို ရှာတွေ့နိုင်ခဲ့သည်။
ဇာတ်လိုက်တစ်ဦးမှာ ထိုနေ့က drama club တွင် ဖုကျန်းတွေ့ခဲ့သည့် ယဲ့ထျန်းဖြစ်ကာ ကျန်တစ်ဦးမှာတော့ ကလေးမျက်နှာပေါက်နှင့် ကျောင်းမြက်ကလေး ဝမ်မင်ကဲဖြစ်သည်။
သူတို့နှစ်ဦး၏ သရုပ်‌‌ဆောင်စွမ်းရည်က ဖုကျန်းကို အတော် စိတ်သက်သာရာရစေသည်။ ဟဲမင်တို့ကဲ့သို့ မပြောင်မြောက်လှသော်ငြား ပျမ်းမျှခြင်း၏ အထက်တွင်တော့ ရှိနေပါသေးသည်။ ဒေသိယစကားမှာတော့ လေ့ကျင့်ရန် လိုနေသေးသည်။ အရှေ့မြောက်ပိုင်း‌ ဒေသိယစကားမှာ သင်ယူရန် လွယ်ကူကာ နှစ်လသုံးလ အချိန်ပေးလျှင်ပင် ခြောက်မျိုး ခုနစ်မျိူးခန့် တတ်ကျွမ်းနိုင်သော်ငြား ဖုကျန်းတို့မှာ ဤမျှ အချိန်မရှိတော့သည့်အတွက် မြန်နိုင်သမျှ မြန်မြန် လေ့ကျင့်ပေးရန် အလျင်လိုနေသည်။ ကံကောင်းထောက်မစွာဖြင့်ပင် ယဲ့ထျန်းနှင့် ဖုကျန်းတွင် အရှေ့မြောက်ပိုင်းဒေသခံ သူငယ်ချင်းရှိနေရာ စကားပြောသည့်အချိန်တွင် အာရုံမစိုက်လျှင်တောင် အရှေ့မြောက်ပိုင်းလေသံမျိုး ထွက်လာနိုင်သည်။
ထိုင်ဝမ်ဒေသိယစကားမှာလည်း သင်ယူရန် မခဲယဉ်းလှ။ ဝမ်မင်ကဲအဖို့ ခပ်သွက်သွက် သင်ရလျှင်တောင် ပြဿနာ သိပ်မရှိလှပေ။
သရုပ်ဆောင်ရွေးပြီးနောက် ဖုကျန်းသည် ချီသဲလုံလောင်ရှီးနှင့် ဇာတ်ညွှန်းကို ဆက်လက်ဆွေးနွေးခဲ့သည်။ သူ့ဆရာချန်ထားခဲ့သည့် မှတ်စုတွင် ရုပ်ရှင်အမျိုးအစား၊ သရုပ်ဆောင်ရွေးချယ်မှုတို့ကို ခရေစေ့တွင်းကျ ရေးသားထားရာ ဖုကျန်းအတွက် ရတနာပုံကိန်းဆိုက်သည့်အတိုင်းပင်။
ဖုန်းကျန့်မှာ နိုင်ငံခြားမှ ပြန်ရောက်နေပြီဖြစ်၍ သုံးယောက်သား စားသောက်ဆိုင်တစ်ခုတွင် တွေ့ဆုံလိုက်ကြသည်။ သူ သန့်စင်ခန်းသွားနေချိန်အတွင်း ချီသဲလုံမှ သူသည် နိုင်ငံခြားဆေးရုံမှ ခိုးထွက်လာခဲ့ခြင်းဖြစ်ကာ ရှေ့လတွင်မှ ဆေးရုံဆင်းရမည်ဟု ဖုကျန်းကို ပြောပြလာသည်။
ဖုကျန်းက တစ်ခဏမျှ ဆိုင်းတွနေပြီးမှ ‌ပြောလိုက်သည်။
"ဖုန်းကျန့်လောင်ရှီးကြည့်ရတာတော့ တော်တော်ကို ခွန်အားပြည့်နေတဲ့ပုံပါပဲ ..."
"အခုတလောလေးကမှ နေကောင်းလာတာလေ ဒီပုံစံကိုကြည့်ပြီး ခွန်အားအပြည့်လို့ ထင်မနေနဲ့ ကောက်ခနဲ နေမကောင်းထဖြစ်ရင် နိုင်ငံခြားကိုပို့ဖို့ ရဟတ်ယာဉ် လွှတ်ပေးရမှာ ..."
ဖုကျန်းက နှုတ်ခမ်းတို့ကို ဖိကိုက်လိုက်သည်။ သူ့တွင် ဖုန်းကျန့်လောင်ရှီးအတွက် ဆရာဝန်တစ်ချို့ ရှိသည်ဟု ပြောမည့်ဆဲဆဲတွင် နောက်နားစီမှ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။
"ချီမျိုးရိုးပြောတာတွေကို နားယောင်မနေနဲ့ ငါက ဒေါင်ဒေါင်ကိုမြည်လို့ ..."
ချီသဲလုံက နှာမှုတ်ကာ ပြန်ပြောလိုက်သည်။
"ဒါဆို ဘယ်သူကများ သန့်စင်ခန်းမှာ ဆေးသွားသောက်တာပါလိမ့် ..."
ပြူးကျယ်နေသော မျက်လုံးတို့နှင့် ဖုန်းကျန့်က သူ့ကို ကြည့်ကာ ဆိုလိုက်သည်။
"ဟေး ချီမျိုးရိုး ငါ့ကို နောက်ယောင်ခံလိုက်နေတာလား ..."
ချီသဲလုံက ရှုံ့ချလိုဟန်ဖြင့် လှည့်ကြည့်လိုက်သည်။
"ဘာလို့ နောက်‌ယောင်ခံလိုက်ကြည့်ရမှာလဲ မှန်းပြောတာပေါ့ ..."
"အဖိုးကြီးချီ မင်း ငါ့ကို ကြိတ်ကြိုက်နေတာလား ..."
ချီသဲလုံက ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်သည်။
"ကလေးက ကြည့်နေတာကို ဘာတွေ အဓိပ္ပါယ်မရှိ လျှောက်ပြောနေတာလဲ ..."
ဂျူနီယာတစ်ဦးလည်း ရှိနေသေးကြောင်း သတိရလိုက်ချိန်တွင် ဖုန့်ကျန်းသည် ချောင်းအသာဟန့်ကာ ဖုကျန်း၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ အဝတ်အစားတို့ကို ပြန်ပြင်ဆင်ကာ တည်သထက် တည်တင်းလာသော မျက်နှာအမူအယာဖြင့် ပြောလိုက်သည်။
"ဒီအခွင့်အရေးကို သုံးပြီး လျှောက်ပတ်ကြည့်မလို့လေ ဒီနှစ်ပိုင်းထဲမှာ နိုင်ငံခြားမှာပဲ အချိန်ဖြုန်းလာရတာ ပျင်းဖို့ကောင်းတယ် ငါ့ခန္ဓာကိုယ်ကလည်း ဘာပြဿနာမှ မရှိဘူး ပူမနေနဲ့ ..."
xxxxxx