အပိုင်း ၁၃၀
Viewers 23k

ဖုကျန်းက နားလည်ဟန်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ အဆုံးသတ်တွင် စီစဉ်ရမည့်သူမှာ ဆရာဝန်သာဖြစ်ကာ ထိုသူနှစ်ဦးမှာလည်း ငွေကြေးချို့တဲ့သူများ မဟုတ်ပေ။
ဖုန်းကျန့်နှင့် ချီသဲလုံတို့ အတူရှိနေသည့်အ‌တွက်ပတ်ဝန်းကျင်လေထုကလည်း ရွှင်မြူးမှုတို့ အပြည့်ပင်။ စားသောက်ပြီးချိန်တွင်တော့ ဖုကျန်းသည် သူ့ပါးစပ်မှာ နားရွက်သို့ တက်ချိတ်တော့မည်ဟုပင် ခံစားလိုက်ရသည်။
စားသောက်ပြီးနောက် သူက သက်ကြီးပိုင်းနှစ်ဦးကို လက်ဖက်ရည်ဆိုင်သို့ခေါ်ကာ ရုပ်ရှင်စကားဝိုင်းတစ်ခု ဖန်တီးလိုက်သည်။ ရုပ်ရှင်၏ နာမည်ကို တိတိကျကျ မသတ်မှတ်ရသေးသော်ငြား road movie ဖြစ်မည်ကတော့ ကျိန်းသေပေါက်ပင်။
(road movie က အဓိကဇာတ်ကောင်တွေ အိမ်ပေါ်က ဆင်းသွားတာမျိုး ဒါမှမဟုတ် လမ်းပေါ်မှာ ခရီးသွားနေရင်းနဲ့ ကြုံလာတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့ပုံစံမျိုး ရိုက်ထားတဲ့ရုပ်ရှင်အမျိုးအစားပါ)
ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း တရုတ်တွင် road movie အချို့ ထွက်ရှ်ိခဲ့သော်ငြား ကောင်းကောင်းမွန်မွန် ရိုက်ကူးမထားသည့်အတွက် ပရိသတ်၏ အားပေးခြင်းကို မခံရပေ။
ဗီလိန်၏ ပုံကြမ်းကို ဆွေးနွေးနေစဉ် ဖုကျန်းက တစ်စုံတစ်ခုကို အတွေးပေါက်ကာ သက်ပြင်းချလိုက်သည်။
"ရက်စက်လှပါချည်ရဲ့ဆိုတဲ့ ဗီလိန်တွေမှာတောင် ကြင်နာမှုလေး တစ်စွန်းတစ်စတော့ ရှိနေသေးတာပဲ ..."
အတော်ကြာ မင်သက်သွားသော ချီသဲလုံက သူ့ကို မေးလိုက်သည်။
"ဒါကို ဘယ်ကနေ ဖတ်လာတာလဲ ..."
ဖုကျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
"ကျွန်တော့်ဆရာရဲ့ မှတ်စုထဲကပါ ပြဿနာတစ်ခုခု ရှိလို့လား ..."
ချီသဲလုံက ခေါင်းကိုသာ ယမ်းပြလိုက်သည်။
"ရင်းနှီးနေလို့ပါ ဆရာကွမ်နဲ့ ငါနဲ့က အတော်ကို အကျွမ်းတဝင်ရှိခဲ့ကြတာလေ သူ့စာအုပ်ကို လက်ဆင့်ကမ်းပေးဖို့ လုံခြုံတဲ့နေရာမှာ သိမ်းထားရမယ်လို့ တဖွဖွကို ပြောခဲ့တာ ဒါရိုက်တာအသိုင်းအဝန်းနဲ့ ဝေးကွာနေပြီဆိုပေမယ့် ဒီစာအုပ်က မင်းလက်ထဲမှာ ရှိနေလိမ့်မယ်လို့တော့ လုံးဝ မထင်ထားမိဘူး စာအုပ်ထဲက ရေးထားသမျှက ရွှေထက် တန်ဖိုးရှိတယ် သေသေချာချာ လေ့လာ သူ့ကို စိတ်မပျက်စေနဲ့ ..."
ဖုကျန်း၏ နှလုံးသားက လှုပ်ရှားသွားသည်။ သူ့ဆရာ၏ သားဖြစ်သူက ဇီဝနည်းပညာကို လေ့လာနေသော်ငြား အကယ်၍ မြေးဖြစ်သူကသာ ဒီနယ်ပယ်တွင် ပါရမီပါ၍ အလုပ်လုပ်လိုပါလျှင် စွမ်းစွမ်းတမံ အကူအညီပေးမည်ဖြစ်သည်။
သူ့ဆရာ ပြောခဲ့သည်များကို ရင်ထဲ စွဲမြဲသည်အထိ အမှတ်ရကာ ဘယ်တော့မှ‌ မေ့ဖျောက်နိုင်တော့မည် မဟုတ်ချေ။
စားသောက်ဆိုင်ထဲတွင် သက်ကြီးပိုင်းအဆိုရှင်နှစ်ဦးလည်း ရှိနေကာ ဖုန်းကျန့်လောင်ရှီးက သူတို့နှင့်အတူ သီချင်းညည်းရင်း သံစဉ်လိုက်နေသည်။ ဘာကို အတွေးပေါက်သွားသလဲတော့မသိ။ ချီသဲလုံသည် အိပ်ကပ်ထဲမှ မှတ်စုစာအုပ်ကို ထုတ်ကာ တစ်ခုခုကို မရပ်မနား ရေးမှတ်နေလေသည်။
စာရေးပြီးကာမှ သူ့ကို အထူးတဆန်း ကြည့်နေသည့် ဖုကျန်းကို တွေ့လိုက်ရသည်။ သူက ဖုန်းကျန့်ကို ခပ်ပြုံးပြုံးဖြင့် ညွှန်ပြရင်း ပြောလိုက်သည်။
"သူ့ကို တွေ့လိုက်တာနဲ့ ငါ့အတွေးထဲမှာ စာပိုဒ်လိုက် ထွက်လာလို့လေ စိတ်ကူးဉာဏ်တွေက အရှိန်အဟုန်နဲ့ကို ကွန့်မြူးနေမှတော့ ခပ်သွက်သွက် ချရေးထားမှ ဖြစ်မယ်လေ ..."
ချီသဲလုံ၏ ဉာဏ်ကွန့်မြူးမှုတွင် နောက်တစ်ကြိမ် အသုံးချခံရမည်ကို ကြောက်ရွံ့နေသော ဖုန်းကျန့်မှာ ချက်ခြင်းပင် စည်းချက်လိုက်ခြင်းကို ရပ်တန့်လိုက်သည်။
ဖုကျန်းလည်း ထိုသူနှစ်ဦးကို ပြုံး၍သာ ကြည့်နေလိုက်သည်။ သူနှင့် ကျန်းဟန်ရှုတို့လည်း အိုမင်းလာချိန်တွင် ဒီလိုမျိုး တစ်ဦးနှင့်တစ်ဦး စနောက်ကျီစယ်နိုင်နေ‌လျှင် သိပ်ကောင်းမှာပဲဟုသာ တွေးမိတော့သည်။
"လွတ်မြောက်ခြင်း" မှာ နိုင်ငံခြားတွင် ရုံဝင်နှုန်း အတော်ကောင်းသည့်အတွက် ဖုကျန်းလည်း နောက်တစ်ကြိမ် အမြတ်နည်းနည်းလေးချန်ကာ ငွေအားလုံးကို ကျန်းဟန်ရှုထံ လွှဲပေးလိုက်သည်။ ကျန်းဟန်ရှုမှာတော့ လာဘ်ကောင်လေး ကောက်ရလိုက်သလိုပင်။ သူရင်းနှီးသမျှတိုင်းမှာ အဆပေါင်း မရေမတွက်နိုင်အောင် တိုးပွားလာခဲ့သည်။
သရုပ်ဆောင်နှစ်ဦး၏ လေယူလေသိမ်းတို့ကို လေ့ကျင့်ပြီးချိန်တွင်တော့ ရိုက်ကူးရေးကို တရားဝင် စတင်လိုက်တော့သည်။ ဖုကျန်းက ချီသဲလုံလောင်ရှီးနှင့် တိုင်ပင်ကာ ရုပ်ရှင်ကို "ထျန်းဟွာရန်ကျူး" ဟု အမည်ပေးလိုက်ကြသည်။ နောက်ပိုင်း တည်းဖြတ်ချိန်တွင် နာမည်ပြောင်းသွားနိုင်သော်ငြား လတ်တလောတွင်တော့ ထိုနာမည်ကိုသာ အသုံးပြုဦးမည်။
ဖုကျန်းက ဖျင်ဟိုင်မြို့တွင် သူရိုက်ကူးနိုင်သမျှ အားလုံးကို ရိုက်ကူးခဲ့သည်။ အချိန်အကြာကြီး အပြင်ထွက်မနေချင်သော်ငြား road movie ဖြစ်သည့်အတွက် အခြားနေရာများစွာကို သွားရဦးမည့်အပြင် ပြက်လုံးအများစုမှာ အနောက်ဘက်ဒေသတွင် ဇာတ်အိမ်တည်ထားသည့်အတွက် အနောက်အရပ်မှာ‌တော့ မသွားမဖြစ်ပေ။
ရုပ်ရှင်ကို နိုဝင်ဘာလ အစောပိုင်းတွင် စတင်လိုက်သည်။ ဖျင်ဟိုင်မြို့တွင် ရိုက်ကူးရမည့်အပိုင်းမှာ သိပ်မများလှရာ ဆယ်ရက်ခန့်အကြာတွင် အားလုံးရိုက်ကူးပြီးခဲ့သည်။ ချီသဲလုံလောင်ရှီး၏ ကလောင်စွမ်းမှာ အင်မတန် ဟာဒယရွှင်လှသည့်အတွက် ဘေးကပ်ရပ်ရိုက်ကွင်းမှပင် တစူးတစမ်း လာကြည့်ရသည့်အထိ ရယ်ရွှင်ဖွယ်ကောင်းခဲ့သည်။
road movie ၏ အဓိကဇာတ်ကောင်နှစ်ဦးမှာ ယဲ့ထျန်းနှင့် ဝမ်မင်ကဲဖြစ်သည်။ ချီသဲလုံက ဖုန်းကျန့်အတွက် ဇာတ်ကောင်တစ်နေရာ ထည့်ရေးချင်သော်ငြား သူ့ခန္ဓာကိုယ်ကို ပြန်စဉ်းစားကာ ဇာတ်ကွက်အများကြီး မထည့်တော့။ ဖုန်းကျန့်ကို သူနှင့်အတူ ရိုက်ကွင်းကို ခေါ်သည်မှာလည်း အနားယူစေလို၍သာ ဖြစ်သည်။
နိုဝင်ဘာလအကုန်တွင် ကျင်းပမည့် ရွှေကြိုးကြာရုပ်ရှင်ပွဲ‌တော်တွင် အဖြူရောင်ရဲတိုက်က ဆုများစွာ ဆန်ခါတင်စာရင်း ဝင်ထားသည့်အတွက် ဖုကျန်းမှာ ပွဲတက်ရပေဦးမည်။ သရုပ်ဆောင်များကို ဒီဇင်ဘာလအကုန် နွေဦးပွဲတော်နားနီးမှသာ ပါဝင်ရန် စုစည်းနိုင်မည်ဖြစ်သည့်အတွက် ဒီနှစ်တွင်တော့ နွေဦးပွဲတော်ကို ကျန်းဟန်ရှုနှင့်အတူ ဖြတ်သန်းနိုင်တော့မည် မဟုတ်ချေ။
ရွှေကြိုးကြာရုပ်ရှင်ပွဲတော်တွင် ဟဲမင်က အကောင်းဆုံးသရုပ်ဆောင်ဆုနှင့် ချန်းမန်က အကောင်းဆုံး တက်သစ်စသရုပ်ဆောင်ဆု အသီးသီး ရရှိခဲ့သည်။ ဖုကျန်းက ဒါရိုက်တာဆုကိုပါ မျှော်မှန်းထား‌သော်ငြား ရုပ်ရှင်တစ်ကားတည်းကို သုံးဆုပေးလေ့မရှိသည့်အတွက် နှစ်ဆုရလာသည်ကပင် အတော်ကံထူးနေပြီဖြစ်သည်။
ရလဒ်က ဖုကျန်းမျှော်မှန်းထားသလိုပင်။ သူ အခိုင်အမာ ယုံကြည်ထားသည့်အတိုင်း "Goodbye Brother" ကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာကျန်းလီကပင် အကောင်းဆုံးဒါရိုက်တာဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ သူ့ရုပ်ရှင်ကို အခေါက်ပေါင်း မရေမတွက်နိုင်အောင် ကြည့်ရှုပြီးဖြစ်သော်လည်း ပြန်ကြည့်သည့်အချိန်တိုင်း ရင်ထဲ ဆို့နင့်ကာ ဇာတ်သိမ်းကို မထွေးနိုင်မအန်နိုင် ဖြစ်နေဆဲပင်။
မည်သို့ပင်ဆိုစေကာမူ ကျန်းလီသည် ရိုးရာရုပ်ရှင်တို့ကို ရိုက်ကူးရာတွင် အတော်ပင် ပါရမီပါသူဖြစ်ကြောင်း သိနိုင်ပေသည်။
ဖုကျန်းက သူဝယ်ထားသည့် စာအုပ်များအားလုံးကို ထုတ်မပြမီ ကျန်းလောင်ရှီးနှင့် အချိန်တစ်ခုယူကာ ဆွေးနွေးရန်ပင် ကြံရွယ်ထားသည်။
ဖုကျန်းချန်၏ တည်းဖြတ်ထားသော ဗီဒီယိုမှာ ၂၀ ထက် မနည်း ရှိလာကာ သူ၏ ဖန်အရေအတွက်မှာလည်း ခြောက်သောင်းကျော်အထိ ထိုးတက်သွားသည်။ ပိုပြီး စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ သူ့ကို ယုံယုံကြည်ကြည်ဖြင့် ကြော်ငြာအပ်သည့်လူပင် ရှိနေသေးသည်။
ရန်ရှန့်၏ ဟာသဗီဒီယိုများနှင့် ဟွားကျန်‌အကောင့်တို့အရ ဖုကျန်းသည် ထိုဆက်နွယ်ချက်ကို နောက်ရုပ်ရှင်တွင် ထည့်သုံးရန်ပင် တေးမှတ်ထားလိုက်သည်။
ဒီဇင်ဘာက မျက်စိတစ်မှိတ်အတွင်း ရောက်လာသည်။ ဖုကျန်းက အထုပ်အပိုးပြင်ကာ ထွက်ခွါရန် အဆင်သင့်ဖြစ်နေချိန်တွင် ကျန်းဟန်ရှုကလည်း မစ္စတာကျန်းကို ဆက်တိုက် ဆက်သွယ်နေသည်။ မစ္စတာကျန်းကမူ ထိုကိစ္စကို တွေးပေးရန် အင်တင်တင် ဖြစ်နေပြီး သူသာ ပြန်လာရပါလျှင် နောက်တစ်ခေါက် ပြန်သွားနိုင်တော့မည် မဟုတ်ကြောင်းကိုလည်း သိနေသည်။
ကျန်းဟန်ရှုကိုယ်တိုင်သည်လည်း ဖုကျန်းသွားရာနောက်သို့ တကောက်ကောက် မလိုက်နိုင်ကြောင်း နားလည်ထားပြီးဖြစ်သည်။ မစ္စတာကျန်းမှာ ပြန်လာလျှင်တောင် ကုမ္ပဏီ၏ ကိစ္စအဝဝကို တာဝန်ယူရန် စိတ်အားတက်ကြွမည် မဟုတ်ချေ။ ထို့ပြင် ပြီးခဲ့သည့်အခေါက် သူထွက်သွားခဲ့စဉ်ကလိုမျိုးလည်း လွယ်လွယ်ကူကူ ထွက်မသွားနိုင်ပေ။
ကျန်းဟန်ရှုအဖို့ သွားခါနီးဖုကျန်းကို ဩဝါဒအရှည်ကြီး ခြွေရန်မှတစ်ပါး ရွေးစရာမရှိတော့။
"အခုက အေးလာပြီ ထူထူထဲထဲ ဝတ်ဖို့ မမေ့နဲ့နော် ခြေထောက်တွေက သက်သာလာပြီဆိုပေမယ့် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်ကြီး မလုပ်နဲ့ဦး ကိုယ်က လိုက်ကြည့်ပေးလို့မရတော့ အလုပ်ချိန်က ကိုယ့်ဘာသာ စီမံရမှာနော် အရမ်းလည်း အပင်ပန်းမခံနဲ့ ..."
"ပြီးတော့ ပိုက်ဆံလည်း မချွေတာနဲ့ သက်တောင့်သက်သာရှိဖို့က အဓိကနော် လိုတာရှိရင် ကိုယ့်ကိုလှမ်းပြော အလုပ်အားပြီဆိုတာနဲ့ မင်းကို မြန်မြန် လာတွေ့ပေးမယ် ..."
ဖုကျန်းမှာ အိမ်မှ မထွက်ခွါရသေးသော်ငြား ခွဲခွါရမည့် အရိပ်အယောင်တို့က သူတို့နှစ်ဦးကို ‌မွန်းကျပ်နေစေသည်။
"သိပါပြီ ..."
ဖုကျန်းက ခေါက်လက်စ အဝတ်တို့ကိုချကာ ကျန်းဟန်ရှုကို လာဖက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။ ကျန်းဟန်ရှုကလည်း သူ့ကို တစ်ဖန် ပြန်ထွေးပွေ့ကာ နှစ်ဦးသား ရင်ခုန်သံတို့ တစ်ထပ်တည်း ကျသွားတော့သည်။
ဖုကျန်းက သူ့မေးစေ့ကို မော့နမ်းကာပြောလိုက်သည်။
"အပင်ပန်းမခံနဲ့နော် ..."
ကျန်းဟန်ရှုက လက်ခံဟန် ပြုလိုက်သော်ငြား အတွေးထဲတွင်တော့ လုပ်လက်စ အလုပ်အားလုံးကို တတ်နိုင်သမျှ မြန်မြန် လက်စသတ်နိုင်ရန်သာ ကြံရွယ်နေသည်။
အချိန်မှာ ခပ်သွက်သွက်ပင် ကုန်ဆုံးလာသည်။ ဖုကျန်းမှာ မွေးနေ့ကိုပင် အိမ်တွင် မကျင်းပလိုက်ရ။ ကျန်းဟန်ရှုနှင့် နှစ်ဦးတည်းသာ ကျင်းပလိုက်ရသည်။
သူ သွားရမည့်နေ့တွင် ကျန်းဟန်ရှုက အလုပ်လစ်ကာ လေဆိပ်လိုက်ပို့လိုက်သည်။ ခရီးဆောင်အိတ်ကို စစ်ဆေးရန်နေရာသို့ပို့ကာ ဖုကျန်းကို လေယာဉ်ပေါ်တက်ရန် ခေါ်လာလိုက်သည်။
ရိုက်ူးရေးအဖွဲ့သားအားလုံးမှာ လေယာဉ်ပေါ် ရောက်နေပြီဖြစ်သည်။ ဖုကျန်းက တုန့်ဆိုင်းနေပြီးမှ သူ့ကို လှည့်ကြည့်ကာ ပွေ့ဖက်ရင်း တီးတိုးပြောလိုက်သည်။
"လွမ်းနေမယ်နော် ..."
ကျန်းဟန်ရှုက သူ့လက်တို့ကို ထွေးဆုပ်လိုက်သည်။
"ကိုယ်လည်း လွမ်းနေမှာ ..."
ကျန်းဟန်ရှုက အနောက်ဘက်ဒေသသို့ မလိုက်သွားနိုင်သော်ငြား ဖုကျန်းချန်ကတော့ မတူပေ။ သူက တစ်ချက်ပင် မတုန့်ဆိုင်းဘဲ ရှိရှိသမျှအလုပ်တို့ကို ဖုထင်ထံ ပစ်ပေးပြီး ဖုကျန်းနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားလိုက်သည်။
ကျန်းဟန်ရှုနှင့် ဖုထင်တို့မှာ‌တော့ လောကအလယ် စွန့်ပစ်ခြင်း ခံရသည့် ကလေးများလိုပင်။ ဝရန်တာတွင်ရပ်ကာ ရင်ဖွင့်ကြရင်း တစ်ဖြေးဖြေး ရင်းနှီးလာကြသည်။
တစ်နေကုန်လေယာဉ်စီးလာရ၍ တစ်ရက်ခန့် အနားယူပြီးနောက်တွင်တော့ လုပ်ငန်းစရန် အချိန်ကျလာတော့သည်။
ယဲ့ထျန်းက အရှေ့မြောက်ပိုင်းဒေသခံအဖြစ် သရုပ်ဆောင်ကာ ဝမ်မင်ကဲ၏ ဇာတ်ကောင်မှာ တိဘက်ကို အလည်လာသည့် ထိုင်ဝမ်လူမျိုး ခရီးသွားဖြစ်သည်။ လေယာဉ်ပေါ်မှ ဆင်းပြီး မကြာမီပင် မတော်တဆမှု ဖြစ်ပွားခဲ့သည့်အတွက် တိဘက်ကို ဆက်မသွားနိုင်တော့။ ခရီးသွားအဖွဲ့သားများအားလုံးက လျော်ကြေးယူကာ အိမ်ပြန်လိုက်ကြသော်ငြား ဇနီး‌ဟောင်းကြောင့် စိတ်လေနေသူ ယဲ့ထျန်းနှင့် အဖိုးဖြစ်သူ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းလိုသော ဝမ်မင်ကဲတို့က ဆက်သွားရန် ရွေးချယ်လိုက်ကြသည်။ ထိုသို့ဖြင့် အမျိုးကောင်းသားနှစ်ဦး၏ ကို့ရိုးကားရားနှင့် ဟာသမြောက်လှသည့် ခရီးလမ်း စတင်လိုက်တော့သည်။
သူတို့နှစ်ဦးမှာ ကားကိုလည်း လွယ်လွယ်ကူကူ ငှားမရခဲ့။ နောက်ပိုင်း ကားငှားရချိန်တွင်လည်း မောင်းပြီး မကြာမီပင် ရှေ့ဆက်၍ မရတော့။ ဝမ်မင်ကဲမှာ စက်ပြင်ဆရာအဖြစ် အတော်ကြာ အလုပ်လုပ်ခဲ့ဖူးပြီး နောက်ပိုင်းမှ အလုပ်က ထွက်လာခဲ့သူဖြစ်သည်။ ယနေ့အတွက် ထိုအပိုင်းမှ စတင်ရိုက်ကူးမည်ဖြစ်သည်။
"ညီအစ်ကိုရေ ဘာလို့ ဒီလောက်‌တောင် ပေတူးနေရတာလဲ ..."
ယဲ့ထျန်းက သူ့ပုခုံးကိုဖက်ကာ မနှစ်မြို့လေဟန်ဖြင့် မေးလိုက်သည်။
"ဒါပြင်နေတာ ဘယ်လောက်ကြာနေပြီလဲ အလုပ်ရော ဖြစ်ပါ့မလား မဖြစ်ရင်လည်း သွားတော့မလို့ ..."
ဝမ်မင်ကဲက သူ့ကို မော့ကြည့်လိုက်သည်။
"မင်းရော ပြင်နိုင်လို့လား ..."
"အိုက်ယား မင်းမေကြီးတော်ကြီးမလို့ မပြင်နိုင်ရမှာလား ..."
ယဲ့ထျန်းက အနားသို့ လျှောက်လာကာ သူ့ပုခုံးကို ပုတ်လိုက်သည်။
"လာ လာ လာ လက်လျှော့ပြီး ငါ့ကို နေရာဖယ်ပေးလိုက်တော့ ..."
ဝမ်မင်ကဲမှာ အနည်းငယ် ဒေါသထွက်သွားတော့သည်။
"မရိုမသေတွေ မပြောစမ်းနဲ့ ..."
"အိုကေ အိုကေ ..."
ယဲ့ထျန်းက သူ့ကိုဖက်ကာ ဘေးနားရှိ ကျောက်တုံးပေါ် ထိုင်ခိုင်းလိုက်သည်။
"ဒီမှာ ထိုင်နေလိုက် ..."
သူ့အပြုအမူကြောင့် ဝမ်မင်ကဲသည် ယဲ့ထျန်းကို လိင်တူကြိုက်သူဟု ကောက်ချက်ချလိုက်သည်။ ထိုအပိုင်းက ရိုက်ကွင်းတစ်ခုလုံးကို အုန်းအုန်းကျွတ်ကျွတ် ညံသွားစေသည်။
ပြီးခဲ့သည့်ညက နှင်းကျထားသည့်အတွက် မြေပြင်တစ်ခွင်လုံး ဖွေးဖွေးဖြူနေပြီး ကားဘီးဖြတ်သွားသည့် နေရာတွင်သာ အမဲကြောင်းနှစ်ခု ကျန်နေခဲ့သည်။
၆ရက်နေ့ညတွင် ဖုကျန်းက မော်နီတာရှေ့တွင်ရပ်ကာ ရိုက်ကူးရေးပြီးပြီဟု ကြေငြာလိုက်သည်။ မွေးနေ့သီချင်းသံက နောက်နားစီမှ ထွက်ပေါ်လာသည်။ လှည့်ကြည့်လိုက်ချိန်တွင်တော့ ဖယောင်းတိုင်မီးတို့ မြူးထူးကခုန်နေသည့် သီးစုံကိတ်မုန့်တစ်လုံးကို သယ်လာသော လက်ထောက်ဒါရိုက်တာကို တွေ့လိုက်သည်။
xxxx