အပိုင်း ၁၃၁
Viewers 23k

အဖွဲ့သားအားလုံးက လက်ခုပ်တီးကာ သီချင်းသံပြိုင်ဆိုရင်း ဖုကျန်းကို ဝိုင်းရံလိုက်ကြသည်။
သီချင်းသံ ပြီးသွားချိန်တွင် အားလုံး တစ်ညီတစ်ညွတ်တည်း ဆုတောင်းပေးလိုက်ကြသည်။
"ဒါရိုက်တာဖု happy birthday ပါ ..."
နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်နေသည့် ဖုကျန်းက သာသာလေး ဦးညွတ်ရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ..."
နောက်အစီအစဉ်မှာတော့ ထုံးစံအတိုင်းပင်။ ဆုတောင်းရမည့်ကဏ္ဍဖြစ်သည်။ ဖုကျန်းသည် လက်ကိုပူးကာ မျက်စိမှိတ်လိုက်သော်ငြား ဘာဆုတောင်းရမလဲ မစဉ်းစားမိပေ။ သို့အတွက် သူ့ကို ဂရုစိုက်ပေးသူတိုင်း ချမ်းသာစေရန်သာ ဆုတောင်းလိုက်သည်။
ကိတ်မှာ သိပ်မကြီးရာ လူတစ်ဒါဇင်ခန့်ကို ခွဲကျွေးပြီးနောက်တွင်တော့ ဘာမှမကျန်တော့။ မွေးနေ့ပွဲအပြီးတွင် ပစ္စည်းများကို သိမ်းဆည်းကာ အနားယူရန် hotel သို့ ပြန်လာခဲ့ကြသည်။
ဖုကျန်းနှင့် ဖုကျန်းချန်တို့လည်း ဘေးချင်းယှဉ်လျက် လျှောက်လာလိုက်ကြသည်။ hotel သို့ရောက်ရန် ဆယ်မိနစ်ခန့် လျှောက်ရဦးမည်ဖြစ်ပြီး ဝန်ထမ်းများက ပစ္စည်းများသယ်ကာ ရှေ့မှ သွားနှင့်ပြီး ကင်မရာကဲ့သို့ လေးလံသော ပစ္စည်းများကိုမူ ကားဖြင့်သယ်လျက် နောက်မှ လိုက်လာသည်။
ရှေ့နားစီမှ ဝန်ထမ်းတို့က ရယ်ကာမောကာဖြင့် သွားနေကြပြီး မြက်ခြောက်များကို နင်းသွားသံတို့ကတသုန်သုန်မြူးနေသော ညနေခင်းလေနှင့်အတူ ဆူညံနေသည်။ ဖုကျန်းတို့နှစ်ဦးမှာတော့ စကားအစရှာမရစွာဖြင့် အသံတိတ်နေသည်။
လရောင်က သစ်ရွက်သစ်ခတ်ကြားမှတစ်ဆင့် မြေပြင်သို့ ကျိုးတိကျိုးကျဲ ဖြာကျနေသည်။ မလှမ်းမကမ်းမှ ရေကန်မှာ ခြောက်ကပ်ကာ အောက်ခြေမှ ရေလက်ကျန်မှာလည်း ခဲလျက်ရှိနေသည်။ လရောင်အောက်တွင် ထွန်းလင်းနေသော ပုလဲလုံးသဖွယ်ပင်။
hotel ရောက်ခါနီးကာမှ ဖုကျန်းချန်က သူ့ကို ခပ်တိုးတိုး ပြောလာသည်။
"Happy birthday..."
ဖုကျန်းက တစ်ခဏ တွေးပြီးကာမှ ပြန်ဖြေလိုက်သည်။
"ကျေးဇူးပါ ..."
"ဒီနှစ်ရော ဘာတွေ ဆုတောင်းလဲ ..."
သူက အိမ်စာအကြောင်း ပြောနေသလိုမျိုး လေသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားကာ မေးလိုက်သည်။
ဖုကျန်းက ခေါင်းကိုသာ ယမ်းပြလိုက်သည်။
"ပြောပြရင် ဆုတောင်းမပြည့်ဘဲ နေလိမ့်မယ် ..."
ဖုကျန်းချန်က ချောင်းကိုသာ အသာဟန့်လိုက်သည်။ ခံစားချက်တို့က အတိတ်နေ့များသို့ ပြန်ရောက်သွားသကဲ့သို့ပင်။ သူက ဖုကျန်း၏ခေါင်းကို လှမ်းကိုင်ရန် ဟန်ပြင်လိုက်သော်ငြား လမ်းတစ်ဝက်တွင်ပင် လက်ကို ပြန်ချလိုက်သည်။
သူ့အခန်းမှာ ဖုကျန်းနှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။
"စောစောအိပ် နောက်ကျတဲ့အထိ မနေနဲ့ ..."
ကျန်းဟန်ရှုမှာ ဖုကျန်းနှင့် အတူရှိမနေနိုင်သည့်အတွက် အလုပ်လုပ်ချိန်၊ အနားယူချိန်တို့ကို ဂရုစိုက်ပေးရန်မှာ သူ့တာဝန်ဖြစ်လာသည်။
ဖုကျန်းက ခေါင်းငြိမ့်လိုက်သည်။
"အတူတူပဲ ကောင်းသောညပါ ..."
အခန်းပြန်ရောက်ပြီးနောက် ဖုကျန်းလည်း ရေမိုးချိုးကာ အိပ်ယာပေါ် လှဲနေလိုက်သည်။ ကျန်းဟန်ရှုနှင့် သုံးလနီးပါးခန့် ခွဲနေရမည်ဟု တွေးလိုက်မိချိန်တွင်တော့ အချိန်တို့က ပို၍ပင် ကြာလာသည့်နှယ်။ ဖုန်းကို လှမ်းကြည့်လိုက်ရာ ညရှစ်နာရီထိုး ကျန်းဟန်ရှု အလုပ်ဆင်းချိန် ဖြစ်သည့်အတွက် WeChat မှ video call လှမ်းခေါ်လျှင် တစ်ဖက်သူကလည်း ချက်ခြင်းပင် ဖုန်းကိုင်လိုက်သည်။
"ဘာလုပ်နေလဲ..."
ဖုကျန်းက မေးလိုက်သည်။
ကျန်းဟန်ရှုကလည်း ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။
"ဘာမှ မလုပ်ဘူး မင်းကို လွမ်းနေတာ ..."
"မင်းကို အများကြီး လွမ်းနေပြီ ..."
ဖုကျန်းက သက်ပြင်းဖွဖွ ချလိုက်သည်။ video call ခေါ်နိုင်၍သာ တော်သေးသည်။ ရှေးခေတ်အခါများကသာဆိုလျှင် စာပေးစာယူဖြင့်သာ ဆက်သွယ်နိုင်မည်ဖြစ်သည်။
ကျန်းဟန်ရှုမှာ ကုမ္ပဏီကိစ္စအဝဝဖြင့် အလုပ်များလျက်ရှိသည်။ ရှေ့ရက်ပိုင်းအတွင်း အလုပ်အားပါက ဖုကျန်းကို လာတွေ့ရန်အတွက်ဖြစ်သည်။ သို့သော် မပြီးမြောက်သေးခင်တော့ သူ့ကို ကြိုပြောရန် ရည်ရွယ်မထား။ အကယ်၍ အဆင်မပြေခဲ့ပါလျှင် သူ၏ အပျော်ကို ဖျက်ဆီးမိမည်စိုး၍ ဖြစ်သည်။
သူနှင့် အတော်ကြာ စကားစမြည်ပြောပြီးနောက် ဖုကျန်းက မေးလိုက်သည်။
"coco ရော ..."
"အိပ်နေပြီထင်တယ် သူမကို ကြည့်ချင်သေးလား ..."
ကျန်းဟန်ရှုက ဖုန်းကို coco ၏ အခန်းထဲသို့ ယူသွားလိုက်သည်။ သူမက အိပ်ယာပေါ်တွင် ခေါင်းအုံးပိစိလေးကိုဖက်ကာ အိပ်မောကျနေသည်။ ရင်ဘက်တို့က နိမ့်တစ်လှည့် မြင့်တစ်လှည့်ဖြင့် အသက်မှန်မှန်ရှူကာ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေသည်။
ဖုကျန်း၏ အကြည့်တို့က များစွာ ပျော့ပြောင်းသွားသည်။ နှစ်ဦးလုံး စကားတစ်ခွန်းမှမဆိုဘဲ သူမ အိပ်ပျော်နေသည်ကိုသာ အကြာကြီး ထိုင်ကြည့်နေလိုက်သည်။
ကျန်းဟန်ရှုနှင့် ဖုန်းပြောပြီးနောက် ဖုကျန်းသည် အိတ်ထဲမှ ကွန်ပျူတာကို ထုတ်ကာ သူ စိတ်ကူးရသည်များကို အပြည့်အဝ ‌အကောင်အထည်ဖော်နေသည်။
နောက်‌တစ်နေ့တွင် ရိုက်ကူးရေးကို မနက် ၆ နာရီကတည်းက စတင်ကာ နေ့လယ်အထိ အနားမရသေး။ လူတိုင်း အနားယူနိုင်ရန်အတွက် ဖုကျန်းသည် နေ့ခင်းပိုင်းတွင် ရိုက်ကူးရေးကို ခဏနားလိုက်သည်။
အဓိကသရုပ်ဆောင်များ ဖြစ်ကြသည့် ယဲ့ထျန်းနှင့် ဝမ်မင်ကဲတို့မှာ လူငယ်များဖြစ်သည့်အလျောက် များများစားစား ပင်ပန်းကြဟန်မတူ။ အနားယူချိန်တွင် မြို့ထဲသို့ milk tea နှင့် အသီးအနှံများ သွားဝယ်ကာ ဝန်ထမ်းများကို ဝေပေးလိုက်သည်။
ဝမ်မင်ကဲက ဖုကျန်းအတွက် milk tea ဘူး ယူလာပေးချိန်တွင် ကွန်ပျူ‌တာရှေ့ထိုင်ကာ ကီးဘုတ်ကို တချောက်ချောက်နှိပ်နေသော ဖုကျန်းကို တွေ့လိုက်ရသည်။ သူက ဘူးကို ကမ်းပေးရင်း စိတ်ဝင်တစား မေးမြန်းလိုက်သည်။
"ဆရာဖု ဘာတွေလုပ်နေတာလဲဗျ ..."
ဖုကျန်းက ပြန်ဖြေလိုက်သည်။
"ဗီဒီယို တည်းဖြတ်နေတာလေ ..."
ဝမ်မင်ကဲက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။ ရိုက်ကူးရေးတွင် ပါဝင်ဖူးသည်မှာ ပထမဆုံးဖြစ်သည့်အတွက် လုပ်ငန်းစဉ်များနှင့် ကောင်းကောင်း မရင်းနှီးသေးသည်အတွက် သူက ဖုကျန်းကို မေးလိုက်သည်။
"အလျင်လိုနေလို့လား ရိုက်ပြီးမှ တည်းဖြတ်ရတာ မဟုတ်ဘူးလား ..."
ဖုကျန်းက ရှင်းပြလိုက်သည်။
"ဒါက ရုပ်ရှင်မဟုတ်ဘူး ..."
ဝမ်မင်ကဲက စခရင်ကို စိတ်ဝင်တစား လှမ်းကြည့်လိုက်သည်။ ဗီဒီယိုခေါင်းစဉ်မှာ ...
*** ....×..×....မြို့ ချောင်ယန်လမ်းမှာ ဖျော်ဖြေနေတဲ့ လူငယ်နှစ်ယောက်က မြို့တော်အစိုးရနောက်က ပန်ဒါရုပ်ကို ရေကူးဝတ်စုံအနီရောင်ပုံ ဆေးဖြန်းသွားတယ် ဒါက လူသားဆန်မှုတွေ ပျောက်ဆုံးသွားတာလား ကိုယ်ကျင့်သိက္ခာတွေ ပျက်ပြားသွားကြတာလား
ဗီဒီယိုထဲမှ ပုံမှာ ဖုကျန်း၏ လက်ရာဖြစ်ပြီး အတော်ကို ရယ်စရာ ကောင်းလှသည်။ သူက နောက်ပိုင်းတွင် ကိုယ်တိုင်ရေးထားသည့် စာညွှန်းပင် ထည့်ထားသေးသည်။
ဝမ်မင်ကဲက သက်ပြင်းချကာ မေးလိုက်သည်။
"ဆရာဖု ဒါက Onion သတင်းကမလား ဘယ်သူကများ ဒါမျိုးပြော ..."
သူ့အသံက ရုတ်ချည်း ပြတ်တောက်သွားသည်။ ဖုကျန်း၏ ဗီဒီယိုခေါင်းစဉ်မှာ ဒီနေ့လယ်ခင်း သူတို့ရိုက်ရမည့်အပိုင်းဖြစ်သည်။
ဝမ်မင်ကဲမှာ ပြောစရာစကားပင် ရှာမရတော့။ ဒီဗီဒီယို အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး နောက်‌တစ်နေ့တွင် ရုပ်ရှင်ကို ထုတ်လွှင့်လိုက်ပါလျှင် အင်တာနက်သုံးစွဲသူများကလည်း တပျော်တပါးပင် ရှာတွေ့ကြလိမ့်မည်။
ဖုကျန်းက သူ့ကို လှည့်ကြည့်ကာ‌ မေးလိုက်သည်။
"ဘယ်လိုနေလဲ ..."
ဝမ်မင်ကဲက သူ့ကို အစောတလျင် ချီးကျူးလိုက်သည်။
"မိုက်တယ် တအားကိုမိုက်တာ ..."
ဖုကျန်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြုံးလိုက်သည်။ သူက ပျော်စရာကောင်းလိမ့်မည်ဟု တွေးမိ၍ ကြိုးစားကြည့်ချင်ရုံသာဖြစ်သည်။
နေ့ခင်းပိုင်း ရိုက်ကူးရေးအပြီးတွင် ဖုကျန်းက သူ ယခင်က ဖန်တီးထားသည့် ဗီဒီယိုကို တင်လိုက်သည်။ ဒီရက်ပိုင်းအတွင်း သူ၏ ပရိသတ်အရေအတွက်မှာလည်း တစ်ဖြေးဖြေးတိုးလာသည်။ မတိုင်ခင်က သူ့ကိုယ်ပိုင်ဒါရိုက်တာအတွက်သာ တည်းဖြတ်ခဲ့ရာ ဤသည်မှာ ပထမဆုံးအကြိမ် မူရင်းဗီဒီယိုကို ချပြလာခြင်းဖြစ်သည်။
ဗီဒီယိုမှာ သတင်းမီဒီယာများကို တုပဖန်တီးထားသော်လည်း အစီအစဉ်တင်ဆက်သူမှာ ရေသူမ ကာတွန်းရုပ် တစ်ဦးတည်းသာဖြစ်သည်။ ‌ဗီဒီယိုတစ်ခုလုံးကိာ အဖြူအမည်းသာ ရေးဆွဲထားရာ ဖုကျန်းအတွက်တော့ နာရီဝက်အတွင်းတွင်ပင် ပုံတစ်ဒါဇင်ထက်မနည်း ရေးဆွဲနိုင်ရန် လွယ်ကူလွန်းလှသည်။
ရုပ်ရှင်ထဲတွင် ယဲ့ထျန်းနှင့် ဝမ်မင်ကဲတို့က ရေကူးဝတ်စုံနှင့် ပန်ဒါကို ဝတ်ဆင်ကာ အဝေးသို့ ပြေးသွားသည်။ ဗီဒီယိုက ပန်ဒါကို တွေ့လိုက်ရသည့် ဒေသခံများ၏ တုန့်ပြန်ပုံကို တင်ဆက်ထားသည်။
update တင်ထားသည်ကို တွေ့လိုက်သော အင်တာနက်သုံးစွဲသူတို့က ချက်ခြင်းပင် ဝင်ကြည့်လိုက်ကြသည်။ ပုံမှန်လိုပင် အရှို့ခံရမည့် ဗီဒီယိုသာ ဖြစ်လိမ့်မည်ဟု တွေးထားကြပြီး ဟာသ သတင်းစဖြစ်မည်ဟုတော့ မထင်ထားကြပေ။ အများစုက ကြိုက်နှစ်သက်ကြသော်ငြား အချို့ကမူ မူလရည်ရွယ်ချက် ပျောက်သွားပြီလားဟု မေးခွန်းထုတ်လာကြသည်။
"ha ha ha ha ha ha ha ha အပေါ်ထပ်က ပါရမီရှင်ရေ ဝန်ခံဖို့ အကြံပေးချင်ပါတယ်
--- ဒါက နည်းနည်းရယ်ရတယ်ဆိုပေမယ့် career ပြောင်းဖို့ စဉ်းစားနေတာလား အခုစတိုင်ကြီးကို မကြိုက်ပါဘူး အရင်က တည်းဖြတ်ထားတဲ့ ဗီဒီယိုတွေကိုမှ ကြိုက်သေးတယ် ..."
--- Onion သတင်းတွေက အများကြီးပဲ ဆိုလိုချင်တာက ဘာလဲ အရင်က လုပ်ခဲ့တဲ့ ‌ဗီဒီယိုတွေကို ကြိုက်ပေမယ့် အခုကျ ထပ်မမြင်ရတော့ဘူးလား
--- နည်းနည်းတော့ စိတ်ပျက်သွားပြီ ဆရာဖုရဲ့ ဗီဒီယိုတွေကိုပဲ တည်းဖြတ်တဲ့သူကို တွေ့ပြီဆိုကာမှ သူက ပြောင်းလဲသွားတယ် ..."
....
လူကြိုက်အများဆုံး မှတ်ချက်သုံးခုက လက်ရှိစတိုင်ကို မကြိုက်ကြောင်းနှင့် ယခင်အတိုင်းသာ ပြန်သွားရန် ပြောထားကြသော်ငြား ထိုအကောင့်ရှိ ဖန်အရေအတွက်မှာ လျော့မသွားသည့်အပြင် ပို၍ပင် တိုးလာသေးသည်။
ဖုကျန်းက ခေါင်းကို အသာယမ်းကာ သက်ပြင်းချလိုက်သည်။
--- ဒီနှစ်လူတွေကတော့ တကယ်ကို အထက်စီးဆန်လွန်းအားကြီးတာပဲ ...
ရှာဖွေတုပမှုများကို ကာကွယ်ရန်အလို့ငှာ ဖုကျန်းသည် ဗီဒီယိုအောက်ရှိ မိတ်ဆက်တိုင်းတွင် ဗီဒီယိုအားလုံးမှာ သတင်းမှားဖြစ်၍ လိုက်လံ မလုပ်ဆောင်ကြရန် အသိပေးထားသည်။
ဖုကျန်းက နေ့ရှိသရွေ့ တိုးတက်လာစေရန်သာ အကောင်းဆုံး ကြိုးစားခဲ့သည်။ အားလပ်သည်နှင့် ကျန်းဟန်ရှုကို သတိရသည့်စိတ်က ဝင်ရောက်လာသော်ငြား ကျန်းဟန်ရှုမှာလည်း အလုပ်များနေသည့်အတွက် ဖုန်းလည်းမခေါ်နိုင်ရာ သူ့ကိုယ်သူ အလုပ်ပုံထဲ နှစ်မြှုပ်ထားရန်သာ ရှိတော့သည်။ ဗီဒီယိုကို တည်းဖြတ်၊ ပုံဆွဲ၊ စာအုပ်ဖတ်ကာ ချီသဲလုံလောင်ရှီးနှင့် ဇာတ်ညွှန်းအကြောင်း ဆွေးနွေးရင်း မအားလပ်နေရအောင်သာ ဖန်တီးယူနေလိုက်သည်။
ပိုပြီး လူစိတ်ဝင်စားလာစေရန် ဇာတ်ညွှန်းထဲမှ အရှေ့မြောက်ပိုင်းသားနှင့် ထိုင်ဝမ်သားကို ခေါင်းမာသူအဖြစ် ဖန်တီးလိုက်သည်။ သူတိူ့နှစ်ဦး ငြင်းခုန်ကြချိန်တိုင်း ရိုက်ကွင်းတစ်ခုလုံး ဝါးလုံကွဲ ရယ်မောကြရသည်။
ယဲ့ထျန်းက လက်ထဲမှ မိုဘိုင်းဖုန်းကို ဝမ်မင်ကဲထံ ပြလိုက်သည်။
"ကြည့်ဦး မိုးလေဝသသတင်းက နေသာမယ်တဲ့ ခပ်သွက်သွက်သွားကြရအောင် ..."
ဝမ်မင်ကဲကတော့ လုံးဝ သဘောမတူ။
"မသွားဘူး ဆရာကပြောတယ် ဒီနေ့ ခရီးသွားဖို့ မသင့်လျော်ဘူးတဲ့ ..."
"ဆရာရေ အဝတ်အစားကို ခပ်သွက်သွက်ဝတ်ပါဗျာ ဒီနေ့သာ ထွက်ရင် မနက်ဖြန် ရောက်မှာလေ ..."
"မင်းက တကယ်ကို မီးရထားစက်ခေါင်းပဲ ခရီးထွက်ဖို့ မသင့်တော်ပါဘူးလို့ မင်းကို ပြောပြီးပြီလေ ခရီးထွက်ဖို့ မသင့်ဘူးလို့ နားမလည်ဘူးလား ..."
"ဘာကြီးလဲ ..."
ယဲ့ထျန်းက သူ့လက်မောင်းကိုဆွဲကာ သုံးဘီးဆိုင်ကယ်ထဲသို့ ထိုးထည့်လိုက်သည်။ ဝမ်မင်ကဲမှာ ကားပေါ်ရောက်သည်အထိ မရိုးသားနိုင်သေး။ ရက်ရာဇာမဟုတ်ဟုသာ စွဲစွဲမြဲမြဲ ယုံကြည်ထားသည့်အတွက် ကားကိုရပ်ရန် မျိုးစုံ ကြိုးစားခဲ့သည်။
နှစ်ဦးသား အချင်းများကာ ယဲ့ထျန်းသည် စတီယာဘီးကို လွှတ်ချလိုက်သည်။ သုံးဘီးလည်း လမ်းဘေးရှိ သစ်ပင်ကြီးကို ဘန်းခနဲ အသံအကျယ်ကြီး မြည်ကာ ဝင်ဆောင့်ပစ်လိုက်သည်။
ဝမ်မင်ကဲက ချောင်းအသာဟန့်ကာ လမ်းဘေးရှိ သုံးဘေးဆိုင်ကယ်ကို ကြည့်ပြီး ပြောလိုက်သည်။
"ကြည့်ပါလား ခရီးထွက်ဖို့ မသင့်တော်ပါဘူးလို့ ပြောသားပဲ ..."
xxxxxx