အပိုင်း ၁၃၂
Viewers 23k

ယနေ့ဗီဒီယိုအတွက် ခေါင်းစီးကို ဖုကျန်းက ကြိုတွေးထားပြီးဖြစ်သည်။
*** သုံးဘီးဆိုင်ကယ်ပေါ်က အမျိုးသားနှစ်ဦးရဲ့ အငြင်းပွားမှုက ကံဆိုး‌မိုးမှောင်ကျခြင်းကို ဦးတည်လုနီးပါးဖြစ်ခဲ့
×××× မြို့တော် ယာဉ်ကြီးကြပ်ရေးကော်မတီကနေ အသိပေးလိုက်ပါတယ်
လမ်းတွေ ထောင်ပေါင်းများစွာ ချဲ့ထွင်ထားတဲ့အတွက် လုံခြုံမှုကသာ ပထမဦးစားပေးပါ။ မူမမှန်တဲ့ မောင်းနှင်မှုတွေက ချစ်ရသူတိုင်းကို မျက်ရည်စက်လက် ဖြစ်စေနိုင်ကြောင်း သတိရပေးပါ
ထိုဇာတ်ကွက်ကို ရိုက်ကူးပြီးနောက် ဖုကျန်းသည် မော်နီတာရှေ့မှထကာ ပြောလိုက်သည်။
"ညပိုင်း ရိုက်စရာတွေ ကျန်နေသေးတော့ အားလုံးပဲ များများ စားထားကြပါ ..."
သူ စကားပြောပြီး မကြာမီပင် ကျန်းဟန်ရှုထံမှ ဖုန်းဝင်လာသည်။ ဖုကျန်းမှာ သူ ဘာလို့ ဖုန်းခေါ်မှန်း အနည်းငယ် သံသယရှိသည့်အတွက် သူက ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။
"ကိုယ် မင်းကို သတိရလို့ ..."
ဖုကျန်းမှာ မရယ်ဘဲ မနေနိုင်တော့။ မတ်တပ်ထရပ်ကာ နံရံကို မှီလိုက်သည်။ သူ့ခြေထောက်တို့ကို ငုံ့ကြည့်နေရင်း ဖွဖွလေး မေးလိုက်သည်။
"အလုပ်ဆင်းပြီလား ..."
"အခုပဲ ဆင်းတာ မင်းရော စားပြီးပြီလား ..."
"အခုပဲ စားတော့မလို့ ရိုက်ကွင်းမှာပဲ ရှိသေးတယ်လေ ..."
ဖုကျန်းက အပြင်ဘက်ရှိ ပျားပန်းခတ် အလုပ်များနေသူများကို ကြည့်ရင်း ပြောလိုက်သည်။
"အနားမှာ မှန်ရှိလား ..."
ဖုကျန်းက လှည့်ပတ်ကြည့်လိုက်ပြီး မိတ်ကပ်ပြင်သည့် မှန်တစ်ချပ်ကို စားပွဲပေါ်တွင် တွေ့လိုက်သည်။ ထို့နောက် ဖုန်းတစ်ဖက်ရှိ ကျန်းဟန်ရှု၏ စကားသံကို ကြားလိုက်ရသည်။
"ကြည့်ကြည့်လိုက် မှန်ထဲမှာ ဘာရှိလဲဆိုတာကို ..."
ဖုကျန်းက ဘယ်ပြန်ညာပြန် ကြည့်လိုက်သော်ငြား အထူးတဆန်းဟူ၍ မတွေ့။ သူက မေးလိုက်သည်။
"ဘာရှိလို့လဲ ..."
"ကိုယ့်ပေါင်ပေ့လေးလေ ..."
ဖုကျန်းမှာ အကျယ်ကြီး ရယ်လိုစိတ်ကို ထိန်းချုပ်၍ပင် မရတော့။ သူက မှတ်ချက်ပေးလိုက်သည်။
"အချစ်ဇာတ်လမ်းက အရမ်းကို ရိုးစင်းလိုက်တာ ..."
ကျန်းဟန်ရှုက ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။
"ဒါဆို ကိုယ် သင်ယူရအောင် မရိုးစင်းတာလေး တစ်ခုလောက် ပြောပြပါဦး ..."
ဖုကျန်းဘက်မှ အသံတိတ်သွားသည်။ သူက ဆီဆေးပန်းချီကား တစ်ချပ်သဖွယ် ကောင်းကင်ပြင်ကို ငေးကြည့်နေရင်း ဖုန်းတစ်ဖက်မှ ချစ်ရသူကို တိုးတိုးလေး ပြောလိုက်သည်။
"ကျန်းဟန်ရှု ... ကျွန်တော် ခင်ဗျားကို လွမ်းနေပြီ ..."
ဖုန်းတစ်ဖက်မှ ကျန်းဟန်ရှုကလည်း စကားပြောမလာတော့။ နှစ်ဦးသား အသံတိတ်သွားကာ အသက်ရှူသံခပ်တိုးတိုးကသာ ရောနှောထွက်ပေါ်လာသည်။ ကျန်းဟန်ရှုသည်လည်း သူ့ကို လွမ်းနေမည်ဖြစ်ကြောင်း တပ်အပ်ပြောနိုင်ပေသည်။
သူက အပြင်ဘက်ရှိ မိုးကောင်းကင်ကို ကြည့်ကာ ပြောလိုက်သည်။
"အိုကေ ဒါဆို ထမင်းသွားစားတော့မယ် ခင်ဗျားလည်း စောစောစီးစီးစား ..."
ကျန်းဟန်ရှုက သဘောတူလိုက်သော်ငြား နှစ်ဦးလုံးမှာ ဖုန်းချရန် ဝန်လေးနေကြဆဲဖြစ်သည်။
ကျန်းဟန်ရှုလည်း ကုမ္ပဏီအောက်ထပ်သို့ ဆင်းကာ စားသောက်ပြီးနောက် ရုံးခန်းသို့ ပြန်လာခဲ့သည်။ ဖုကျန်းထွက်သွားကတည်းက ညတိုင်း အချိန်ပို‌ဆင်းနေခြင်းဖြစ်သည်။
ဥက္ကဌက အချိန်ပိုဆင်းနေသည့်အတွက် ဝန်ထမ်းများမှာလည်း အိတ်ကလေးလွယ်ကာ အိမ်မပြန်ရဲကြပေ။ ကုမ္ပဏီ၏ အထောက်အပံ့များမှာ ကောင်းလှသည့်အပြင် ညလယ်စာပါ ကျွေးသေးသော်ငြား ဝန်ထမ်းများမှာတော့ အိမ်ပြန်ကာ ညချမ်းချိန်ခါကို ဖြတ်သန်းလိုကြဆဲဖြစ်သည်။
ဒါရိုက်တာဖုမှာ ဒီမြို့တွင် မရှိကြောင်း သိကြသည့်အတွက် ကျန်းဟန်ရှုသာ အိမ်ပြန်ပါလျှင် အထီးကျန်နေမည်ဖြစ်၍ သူတို့၏ ကန့်သတ်ထားသော ဘဝကို အကန့်အသတ်မဲ့ အလုပ်ပုံထဲသို့ ခေါင်းထိုးထားလိုက်ကြသည်။
--- ဒါရိုက်တာဖုရေ မြန်မြန်ပြန်လာပြီး ကျွန်တော်တို့ကို ကယ်တင်ပေးပါဦး
ကျန်းဟန်ရှုက စားပွဲတွင်ထိုင်ကာ စာရွက်စာတမ်းများကို လှန်လှောကြည့်ရှုနေသည်။ ထိုစဉ် အကြည့်တို့က ဆိုဖာဆီသို့ ရုတ်တရက်ရောက်သွားကာ ဖုကျန်းမှာ ဖျင်ဟိုင်မြို့တွင် ရှိမနေသည့်အပြင် ပြန်ရောက်ရန်လည်း ကြာဦးမည်ဖြစ်ကြောင်း အမှတ်ရလိုက်သည်။
အကြည့်တို့ကို ရုတ်သိမ်းကာ အလုပ်သာ ဆက်လုက်နေလိုက်သည်။
တံခါးခေါက်သံတစ်ချက်က ရုတ်တရက် ထွက်ပေါ်လာသည်။ အစီရင်ခံစာ၏ အချက်အလက်တို့ကို စစ်ဆေးနေသည့်အတွက် မော့မကြည့်အားသေး။ စိမ်းသက်နေသည့် အမျိုးသားအသံတစ်ခု ထွက်လာကာ ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ဥက္ကဌ အတွင်းရေးမှူးသုန်းက အပြင်ထွက်သွားလို့ ကျွန်တော့်ကို ဒီစာရွက်စာတမ်းတွေ လာပို့ခိုင်းလို့ပါ ..."
ကျန်းဟန်ရှုက ပြန်ဖြေလိုက်သည်။
"စားပွဲပေါ် တင်ထားခဲ့ ..."
ဖိုင်များကို စားပွဲပေါ် တင်ပြီးသော်ငြား အတွင်းရေးမှူးက ထွက်မသွား။ သူက ညင်ညင်သာသာလေး လှမ်းခေါ်လိုက်သည်။
"မစ္စတာကျန်း ..."
ကျန်းဟန်ရှုက လက်မှတ်ထိုးနေဆဲ ဘောပင်ကိုချကာ မော့ကြည့်လိုက်သည်။ အတွင်းရေးမှူးသုန်း၏ အသစ်စက်စက် လက်ထောက်လေးဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူက ‌မေးလိုက်သည်။
"ဘာပြောစရာရှိသေးလဲ ..."
"မစ္စတာကျန်း ညစာစားပြီးပြီလား ကျွန်တော် ထမင်းဘူးနှစ်ဘူး မှာထားလို့ ဒီယူလာခဲ့ပေးရမလား ..."
ကျန်းဟန်ရှုက မျက်မှောင်တို့ကို တွန့်ကြုတ်ကာ ငြင်းပယ်လိုက်သည်။
"မလိုဘူး ကိစ္စမရှိရင် ထွက်သွားတော့ ..."
လက်ထောက်က ထွက်မသွား။ ရုံးခန်းထဲတွင်သာ ပေကပ်နေလေသည်။ သူ့အကြည့်တို့က စားပွဲပေါ်သို့ ကပ်နေပြီးကာမှ ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ရှေ့တစ်လှမ်းတိုးကာ စားပွဲနား ကပ်လာလိုက်သည်။ သူ့အမူအရာက ရမ္မက်သွေးကြွနေသည့်ဟန်။
"မစ္စတာကျန်း ဒါရိုက်တာဖုက တစ်ခြားမြို့မှာ ရုပ်ရှင်သွားရိုက်နေတယ်လို့ ကြားထားတယ် ..."
သူက စားပွဲကို မှီကာ တိုးတိုးလေး ပြောလိုက်သည်။
"ညဘက်တွေဆို အထီးကျန်တယ်လို့ မခံစားရဘူးလားဟင် ..."
ကျန်းဟန်ရှုက သူ့ရှေ့ရှိ လူငယ်လေးကို အလေးမထားဟန်ဖြင့် ပြောလိုက်သည်။
"မင်း သွားသင့်နေပြီ ..."
"သူလုပ်နိုင်တာမှန်သမျှ ကျွန်တော်လည်း လုပ်နိုင်တယ် သူမလုပ်နိုင်တာဆိုလည်း ကျွန်တော်လုပ်နိုင်တယ် မစ္စတာကျန်း ကျေးဇူးပြုပြီး ကျွန်တော့်ကို အသိအမှတ်ပြုပေးပါ လူမသိစေရဘူးလို့ အာမခံပါတယ် ..."
လက်ထောက်က အင်္ကျီကြယ်သီးတို့ကိုဖြုတ်ကာ ဖွင့်ပြောလိုက်သည်။
"ကျွန်တော်က သူ့ထက် အများကြီးငယ်ပေမယ့် သူ့ထက် ပိုပြီးသိပါတယ် ..."
"သူက အခုမှ ၂၃ နှစ် မင်းက ဘယ်လောက်မို့လို့လဲ ..."
ကျန်းဟန်ရှု၏လေသံက အနည်းငယ် အထင်သေးသည့်နှယ်။
လက်ထောက်မှာ ၂၅ နှစ်ရှိပြီးဖြစ်ပြီး ဖုကျန်းကို ထိုမျှလောက် ငယ်လိမ့်မည်ဟု မထင်ထားပေ။
ကျန်းဟန်ရှုက ထိုင်ခုံကို နောက်ဆုတ်ကာ အံဆွဲထဲမှ ဖုန်းကိုထုတ်ပြီး အတွင်းရေးမှူးသုန်း၏ နံပါတ်ကို ရှာလိုက်သည်။
လောကကြီးတွင် အသားမစားသည့်ယောကျာ်း ရှိသေးသည်ဟု မယုံနိုင်သေးသော လက်ထောက်လေးမှာတော့ ကျန်းဟန်ရှုကို ထပ်မေးလိုက်ပြန်သည်။
"သူ့ကို ဘာလို့ကြိုက်တာလဲ ..."
ကြိုက်ဖို့အတွက် အကြောင်းပြချက် လိုအပ်သေးလို့လား ...
ကျန်းဟန်ရှုအတွက်တော့ ထိုမေးခွန်းက အစိမ်းသက်သက်ပင်။ ယခင်ကမူ ဖုကျန်းကသာ သူ့ကို ခုန်အုပ်လိုဟန်ရှိကာ သူဘာကြိုက်သလဲ မေးလေ့ရှိသူဖြစ်သည်။ ကျန်းဟန်ရှုမှာ မရယ်မိစေရန် နှုတ်ခမ်းတို့ကို နာနာဖိကိုက်ထားရသည်။ သူ့မျက်လုံးထောင့်စွန်းတို့က ကြင်နာရိပ်တို့ တစ်ဖြေးဖြေး လွှမ်းလာသည်။
သူ့အမူအယာကို စောင့်ကြည့်နေသော လက်ထောက်မှာလည်း ဖုကျန်းအကြောင်းကို တွေးနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အတော်ကို ခိုင်မြဲဟန်ရှိသော်ငြား သူ့အနေနှင့်လည်း တစ်သက်မှတစ်ခါရသည့် အခွင့်ထူးကို လက်မလွတ်ချင်ပေ။
--- ဘာလို့ ကျွန်တော့်ကိုရော မစဉ်းစားပေးနိုင်ရတာလဲ လူဆိုလို့ ဒါရိုက်တာဖုတစ်ယောက်ပဲ ရှိတာမှ မဟုတ်တာ ...
"မင်းကို အလုပ်ထုတ်လိုက်ပြီ..."
ကျန်းဟန်ရှုက အေးစက်စွာ ဆိုလိုက်သည်။
သူ့ကို ချက်ခြင်း အလုပ်ထုတ်လိမ့်မည်ဟု မမှန်းထားသော လက်ထောက်မှာ အလောတကြီးပင် အော်ဟစ်လိုက်သည်။
"မစ္စတာကျန်း!!!.."
ကျန်းဟန်ရှုက သူ့အသံကို လျစ်လျူရှုကာ လက်ထောက်အသစ်ရှာထားရန် အတွင်းရေးမှူးသုန်းကို ဖုန်းဆက်လိုက်သည်။
ထို့နောက် သူ့ရှေ့ရှိ လက်ထောက်ကို အညှာအတာ ကင်းမဲ့စွာပင် ပြောလိုက်သည်။
"ကိုယ့်ဘာသာ ထွက်သွားမလား လုံခြုံရေးကို ဆွဲထုတ်ခိုင်းရမလား ..."
ကျန်းဟန်ရှု၏ အပြုအမူကို ကြောက်လန့်သွားသော လက်ထောက်မှာ ရွေးချယ်စရာ မရှိတော့။ စိတ်ပျက်လက်ပျက်ဖြင့်သာ ထွက်သွားရတော့သည်။
သူထွက်သွားပြီးနောက် ရုံးခန်းထဲတွင် ကျန်းဟန်ရှုတစ်ဦးတည်းသာ ကျန်ခဲ့တော့သည်။ သူက စားပွဲထောင့်စွန်းရှိ ဓာတ်ပုံကို ကောက်ယူလိုက်သည်။ ထိုပုံမှာ ဖုကျန်း၏ ဓာတ်ပုံဖြစ်သည်။
သူတို့ ပထမဆုံး တွေ့ခဲ့ချိန်ကို အမှတ်ရနေပါသေးသည်။ လူကြပ်နေသော ဘတ်စ်ကားထဲတွင် သူ့လက်မောင်းထဲ ‌တိုးဝင်လာသူက နှလုံးသားကိုပါ ဝင်တိုက်သွားသည်။ ထိုအချိန်မှစတင်ကာ အမြစ်ပေါက်လာခဲ့ပြီ့း တစ်ဖြေးဖြေး မိုး‌မျှော်ပင်အထိ ကြီးထွားလာတော့သည်။
တစ်စုံတစ်ယောက်ကို ကြိုက်နှစ်သက်ရန် အကြောင်းပြချက် လိုကောင်းလိုလိမ့်မည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းတွင်ပင် သူနှင့်သာ အတူတူ ရှိနေချင်တော့သည်။
....
ဖုကျန်းက မော်နီတာရှေ့တွင် စကားပြောစက်ကို ကိုင်ရင်း မျက်မှောင်ကြုတ်နေသည်။ ဗန်ကားက ရှုထောင့်မှားနေသည့်အတွက် ရိုက်ချက်မှာ အဆင်မပြေ။ သူ့မေးစေ့ကိုပွတ်ရင်း ဖြေရှင်းရန်နည်းလမ်းကို တွေးတောနေသည်။
အချိန်ကိုကြည့်လိုက်ရာ ကိုးနာရီထိုးကာနီး အလုပ်သိမ်း၍ အနားယူချိန်ဖြစ်သည်။ ဖုကျန်းက စကားပြောစက်မှတစ်ဆင့် ပြောတော့မည့်အချိန်တွင် သူ့ခြေထောက်အောက်မှ မြေကြီးက ဘက်ပေါင်းစုံမှ တုန်ခါလာသည်။ တိုင်များက လဲကျလာကာ အပြင်ဘက်တွင်လည်း ပွက်လောရိုက်နေသည်။ စူးစူးဝါးဝါး အော်ဟစ်သံ၊ ပစ္စည်းတို့ လဲကျကွဲကျသံတို့က ရောနှောထွက်ပေါ်လာသည်။ ရွက်ဖျင်တဲ၏ လေးဖက်လေးတန်မှာလည်း ပြိုကျကာ တိုင်နှစ်လုံးက ဖုကျန်းရှိရာဘက်သို့ ဆက်တိုက် ပြုတ်ကျလာသည်။
ရွက်ဖျင်တဲမှာ အဝတ်စဖြစ်၍ ခန္ဓာကိုယ်ပေါ် ပြုတ်ကျလာသော်ငြား လေးလံသည်ဟု မခံစားရ။ သို့သော်ငြား မော်နီတာနှင့် ဗီရိုကတော့ ဖုကျန်းခြေထောက်ပေါ် ပြုတ်ကျလာသည်မှာ အသက်ပင် မရှူနိုင်တော့သည့်အထိပင်။
သူ့ခြေထောက်မှာ လမ်းလျှောက်ချိန်တွင် သာမန်သူများကဲ့သို့ ဖြစ်သော်ငြား ပြည့်ပြည့်ဝဝ သက်သာသေးသည်မဟုတ်ပေ။ ထိုသို့ ပြုတ်ကျခံလိုက်ရသည့်အတွက် နောက်တစ်ကြိမ် ပြန်လည်ထူထောင်ရေး စတင်ရဦးမည်ကိုတော့ တကယ်ပဲ တွေးကြောက်မိသည်။
အပြင်ဘက်ရှိ လက်ထောက်ဒါရိုက်တာက အော်ပြောလိုက်သည်။
"ငလျင်လှုပ်နေတာ အားလုံး ဝပ်နေကြပါ ..."
"ဝပ်နေ ဝပ်နေ ..."
အသံမှာ ယခင်ကထက်ပင် ပိုကျယ်လာသည်။ လူသံသူသံတို့ကိုပင် ဖုန်းလွှမ်းတော့မတတ်ပင်။ တုန်ခါနေသော မြေပြင်က ယခင်ကထက် အားလျော့သွားဟန် ရှိသည်။ ဖုကျန်းက မြေကြီးပေါ် လှဲချကာ အကောင်းဘက်မှသာ အတတ်နိုင်ဆုံး တွေးနေလိုက်သည်။ သူတို့နေရာမှာ လူသူနှင့် ဝေးလံသည့်အတွက် ထိခိုက်ဒဏ်ရာရသူ နည်းပါးလိမ့်မည်။
"မစ္စတာဖု ဘယ်လုပ်နေတာလဲ ..."
လက်ထောက်ဒါရိုက်တာ၏အသံက ထွက်ပေါ်လာပြန်သည်။
"ရှောင်ကျန်းက အောက်ထဲမှာပဲ ရှိသေးတယ် ..."
"တဲရဲ့ ထိပ်ပိုင်းက အစနဲ့ အုပ်မထားတော့ အဖိမခံရလောက်ဘူး ..."
"သူ့ခြေထောက်တွေက မကောင်းဘူး အောက်ထဲမှာ ထိခိုက်နေမလား စိုးရိမ်လို့ ..."
ဖုကျန်းချန်၏ အသံက နီးသည်ထက် နီးလာသည်။ ငလျင်မှာလည်း ဆက်လှုပ်နေဆဲဖြစ်သည်။ ပြင်းအားမှာ ယခင်ထက် လျော့သွားသော်ငြား ချက်ခြင်း ပိုပြီး အားကောင်းလာမလား ဘယ်သူမှ မပြောနိုင်ပေ။
"ကျွန်တော့်ကို ထားခဲ့ပါ အဆင်ပြေပါတယ် ..."
ဖုကျန်းက အပြင်ဘက်ကို အော်ပြောလိုက်သည်။ သူက ဖုကျန်းချန်ကို ဘေးလွတ်ရာတစ်နေရာတွင် ဝပ်နေရန် မျှော်လင့်မိသည်။ ဖုန်းကို စားပွဲပေါ် တင်ထားခဲ့သော်လည်း ရွက်ဖျင်တဲ ပြုတ်ကျသွားသည့်အတွက် ဘယ်ရောက်သွားမှန်း မသိတော့ပေ။
အပြင်ဘက်မှ ဖုကျန်းချန်က ထွက်မသွား။ ရွက်ဖျင်စကို ဖြဲကာ တိုင်လုံးကို ဘေးပို့ပြီး ဖုန်းမီးဖြင့် အမှောင်ထဲမှ ဖုကျန်းကို လိုက်ရှာတော့သည်။ နောက်ဆုံးတွင်တော့ မော်နီတာအောက်တွင် ပိနေသော ဖုကျန်း၏ ခြေထောက်တို့ကို တွေ့လိုက်ရသည်။
ဖုကျန်းချန်၏ မျက်နှာက ခါးသီးမှုအပြည့်ဖြင့်ပင်။ သက ထိုင်ချကာ ဖုကျန်းပေါင်ပေါ်မှ မော်နီတာကို ဖယ်ပေးလိုက်သည်။
"ငါလည်း အဆင်ပြေတယ်လို့ ပြောခဲ့တယ်လေ ..."
ငလျင်မှာ အဆုံးသတ်သွားသည့်ဟန်ပင်။ မြေပြင်တစ်ခွင်လုံး ငြိမ်သက်ကာ အဖွဲ့သားအားလုံးလည်း စိတ်အေးသွားကြသည်။ ဖုန်းမီးကိုဖွင့်ကာ ရှုပ်ပွနေသည်များကို ရှင်းလင်းလိုက်ကြသည်။
ဖုန်းဖွင့်လိုက်ချိန်တွင် လိုင်းမိနေသေးကြောင်း သိလိုက်ရသည်။ ငလျင်ပြင်းအားမှာ ၄.၈ ရှိကာ ငလျင်နောက်ဆက်တွဲများလည်း ရှိနေနိုင်သေးသည်။ သူတို့မှာ ကံဆိုး၍သာ ငလျင်ကြောထဲ ရောက်သွားခြင်းဖြစ်ပြီး အင်တာနက်ပေါ်မှ လူများကတော့ အိပ်ယာမှ လန့်နိုးရုံလောက်သာ ခံစားရသည်ဟု ဆိုကြသည်။
xxxxxx