အပိုင်း ၁၃၃
Viewers 23k

ဖုကျန်းချန်က ဖုကျန်းကို ကျောပိုးကာ သယ်လာလိုက်သည်။ ကားဘီးများမှာ ရိုက်ကူးရေးအတွက် ဖြုတ်ထားသည့်အပြင် ကားပြင်ဆရာမှာလည်း ဘယ်ရောက်နေမှန်း မသိပေ။ တက္ကစီငှားရန်မှာလည်း မလွယ်လှရာ ဖုကျန်းချန် ၁၂၀ သို့ ‌ဖုန်းခေါ်ကာ ဖုကျန်းကို ကျောပိုးရင်း ဘတ်စ်ကား စောင့်နေလိုက်သည်။
ဖုကျန်းက သူ့ကျောပေါ်တွင် လှဲနေသည်မှာ ပြီးခဲ့သည့်နှစ်များကလိုပင်။ ထိုအချိန်က သူ့အဖေမှာ ကာတွန်းကားထဲမှ စူပါမန်းလိုပင် ငယ်ရွယ်ကာ အကြွင်းမဲ့ အာဏာရှိသော်ငြား ယခုတော့ သူ့ခေါင်းတစ်ခုလုံး ဆွတ်ဆွတ်ဖြူနေပြီဖြစ်သည်။
ရိုက်ကွင်းမှ လမ်းမသို့ ရောက်ရန် ဆယ်မိနစ်ခန့် လျှောက်ရသည်။ နှင်းမှုန်တို့ တသဲသဲကျနေသည့် လမ်းမီးရောင်အောက်တွင် ဖုကျန်းချန်သည် ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။
နှင်းမှုန်တို့က တဖွဲဖွဲကျဆင်းကာ မြောက်ပြန်လေက သစ်ခတ်သစ်လတ်တို့ကို တရှဲရှဲမြည်ဟီးစေသည်။ လရောင်အောက်မှ အရိပ်တို့မှာ ဝမ်းနည်းမှုတို့ လွှမ်းခြုံနေပြီး သွားနှင့်အစွယ်တို့ကို တစ္ဆေတစ်ကောင်သဖွယ် ဖွင့်ဟထားသည်။
လေနှင့်နှင်းတို့က သူ့မျက်နှာအတည့် တိုက်ခတ်နေသည့်အတွက် ဖုကျန်း သူ့ မျက်နှာကို ဖုကျန်းချန်၏ ပုခုံးထဲသို့ မြှုပ်ထားလိုက်သည်။ ဖုကျန်းချန်၏ အမောတကော အသက်ရှူသံကို ပြတ်ပြတ်သားသားပင် ကြားနေရသည်။ လရောင်ပျပျအောက်တွင် အတိတ်ကဖြစ်ရပ်များက အာရုံတွင် တစ်ကွက်ချင်း ပြန်ပေါ်လာသည်။
သူ ဖုအိမ်မှ ကန်ထုတ်ခံရစဉ်က မလှမ်းမကမ်းတွင်ပုန်းကာ ဖုကျန်းချန်နှင့် ထန်ဝမ်ဝမ်ကို လိုက်ချောင်းကြည့်ခဲ့ဖူးသည်။ ဇီဝဥယျာဉ်ထဲမှ ဆုတောင်းပြည့်ရေကန်တွင် အကြွေစေ့ တစ်စေ့ပြီးတစ်စေ့ ပစ်ချကာ အတိတ်သို့ ပြန်သွားနိုင်ရန်လည်း ဆုတောင်းဖူးသည်။ နှင်းမှုန်အောက်တွင် အတိတ်က ချိုမြိန်သည့် အမှတ်တရတို့က နာကျင်မှုတို့နှင့်အတူ ထွက်ပေါ်လာပြန်သည်။ အဆုံးတွင်တော့ သူ့အာရုံထဲ ထင်ကျန်ခဲ့သည်မှာ ယွမ်လုဘုရားကျောင်းမှ အသက်ရှည်ပါစေကြောင်း ဆုတောင်းထားသည့်စာသာ ဖြစ်သည်။
အစိမ်းရောင်မီးခိုးငွေ့တို့ လွှမ်းခြုံနေသည့် သက်ရှည်ယတြာပေါ်မှ သူ့နာမည်မှာ လက်တွေ့မကျသယောင်ပင် ထင်ရသည်။
ဖုကျန်း၏ မျက်ဝန်းတို့က စိုစွတ်လာကာ မျက်ရည်စက်များ တလိမ့်လိမ့် ကျဆင်းလာတော့သည်။ သူ့အကြည့်တို့က ဖုကျန်းချန်၏ ဖွေးဖွေးလှုပ်နေသော ဦးခေါင်းတွင် ရပ်တန့်သွားတော့သည်။
သူ့ကို ဒီလိုကြီး အိုမင်းလာစေချင်တာမှ မဟုတ်တာ အမြဲတမ်း နုပျိုသန်စွမ်းနေစေချင်တာကို
သူက ဖုကျန်းချန်၏ လည်ပင်းကို ပွေ့ဖက်လိုက်သည်။ စကားလုံးပေါင်း‌များစွာတို့က လည်ချောင်းတစ်လျှောက် ဆန်တက်လာသော်ငြား အဆုံးတွင်တော့ အသံခပ်အက်အက်ဖြင့်သာ ခေါ်လိုက်နိုင်သည်။
"အဖေ ..."
ဖုကျန်းချန်မှာ အတော်ပင် အံ့ဩသွားသည်။ ခဏကြာမှ သူက ဂရုတစိုက် ပြန်ဖြေလိုက်သည်။
"အဖေ ရှိတယ် ..."
လူနာတင်ကားက ခပ်သွက်သွက်ရောက်လာကာ ဖုကျန်းကို ဆေးရုံသို့ ခေါ်သွားလိုက်သည်။ ကားထဲတွင် ကျန်းဟန်ရှုက သူ့အခြေအနေကို လှမ်းမေးလာသည့်အတွက် ဖုကျန်းချန်က အတိုချုံးရှင်းပြပြီး ဖုန်းကို ဖုကျန်းထံ လွှဲပေးလိုက်သည်။
ဆေးရုံတွင် စစ်ဆေးပြီးနောက် ဆရာဝန်က နှမြောတသ ပြောလိုက်သည်။
"သူ့ခြေထောက်က တော်တော်သက်သာနေပြီကို ဒီလိုကြီး ထိခိုက်သွားတော့ အကောင်းအတိုင်းပြန်ဖြစ်ဖို့ တော်တော်ကို ခက်ခဲသွားပြီ ..."
ဖုကျန်းက ဖုကျန်းချန်ကို ပြုံးကာ နှစ်သိမ့်ပေးလိုက်သည်။
"အဆင်ပြေပါတယ် ..."
ဖုကျန်းချန်မှာ နှုတ်ခမ်းကိုသာ နာနာကိုက်ထားပြီး အတော်ကြာသည်အထိ စကားမပြောတော့။
ကိစ္စအားလုံး၏ ရင်းမြစ်မှာ သူပင်ဖြစ်သည်။ နာကျင်မှုအားလုံးကို လွှဲယူရန် ဖုကျန်းနေရာတွင် သူဖြစ်လိုက်ရန်ပင် ဆုတောင်းနေမိသည်။
ဖုကျန်းက သူ့မျက်နှာပေါ်မှ နောင်တနှင့် အပြစ်ရှိစိတ်တို့ကို တွေ့လိုက်ရချိန်တွင် ယခင်လို မပျော်တော့ဘဲ အားတုံ့အားနာ ဖြစ်သွားသည်။ သူက ဖုကျန်းချန်၏ လက်ကို လှမ်းဆွဲကာ နှစ်သိမ့်ပေးလိုက်သည်။
"တကယ်ကို အဆင်ပြေပါတယ် ချက်ခြင်းကြီး ကောင်းသွားဖို့ မလွယ်တော့ဘူးလို့ပဲ ပြောတာလေ နောက်ပိုင်းကျ ပြန်ကောင်းလာနိုင်သေးတာပဲကို ..."
ဖုကျန်းချန်က သူ့ကို အခန်းထဲ ထားကာ တစ်ခုခု စားလိုက်ကြသည်။ ဖုကျန်းအိပ်ပျော်နေချိန်မှ ကိုယ်လက်ဆေးကြောရန် အနီးအနားသို့ ထွက်လာလိုက်သည်။
သူပြန်ရောက်လာချိန်တွင်တော့ တစ်ဖက်မှလျှောက်လာသော ကျန်းဟန်ရှုကို တွေ့လိုက်ရသည်။ ငလျင်လှုပ်ပြီးသည်မှာ သုံးနာရီသာ ရှိသေးရာ ဒီနေရာသို့ ချက်ခြင်းရောက်လာရန်မှာ သူ့အတွက် မလွယ်ကူလှပေ။
"ရောက်လာပြီလား ..."
ဖုကျန်းချန်၏ အမေးကို ကျန်းဟန်ရှုက မေးခွန်းတစ်ခုဖြင့်သာပြန်တုံ့ပြန်လိုက်သည်။
"ရှောင်ကျန်း ဘယ်လိုနေသေးလဲ ..."
"အထဲမှာ အိပ်ပျော်နေတယ် ဆရာဝန်ပြောတာတော့ ခြေထောက်က အရင်လို ပြန်မကောင်းနိုင်တော့ဘူးတဲ့ ..."
ကျန်းဟန်ရှုက ခေါင်းငြိမ့်ပြလိုက်သည်။ သူ့အမူအယာမှာ ဘာကို တွေးနေသည် ခန့်မှန်း၍ မရနိုင်ပေ။
"နားလည်ပြီ သူ့ကို ဝင်ကြည့်လိုက်ဦးမယ် ..."
နောက်တစ်နေ့မနက် ဖုကျန်း မျက်လုံးဖွင့်လိုက်ချင်းချင်း အိပ်ယာဘေးတွင် ထိုင်နေသော ကျန်းဟန်ရှုကို တွေ့လိုက်ရသည်။ အိပ်မက်မက်နေသည်ဟုသာ ထင်သော်ငြား မျက်တောင်တဖျတ်ဖျတ်ခတ်ပြီးချိန်တွင်ပင် ကျန်းဟန်ရှုက ပျောက်မသွားဘဲ နေရာတွင် ထိုင်နေဆဲဖြစ်သည်။
"ဘယ်လိုနေသေးလဲ ..."
သူက မေးလိုက်သည်။
ဖုကျန်းက ပြန်မဖြေဘဲ သူ့ကိုသာ ပြန်မေးလိုက်သည်။
"ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ..."
ကျန်းဟန်ရှုက ခေါင်းကိုယမ်းကာ ပြန်မေးလိုက်သည်။
"ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ဟုတ်လား ..."
ကျန်းဟန်ရှုက သူ့ကို စိတ်ပူနေမှန်း သိသော ဖုကျန်းက ရယ်ရုံသာ ရယ်နေလိုက်သည်။
ကျန်းဟန်ရှုက သူ့ကို မေးလိုက်သည်။
"ခြေထောက်က ဘယ်လိုနေသေးလဲ မသက်မသာဖြစ်တဲ့နေရာ ရှိလား ..."
ဖုကျန်းက ခဏမျှတွေးကာ ပြန်ဖြေလိုက်သည်။
"အဆင်ပြေပါတယ် သိပ်မခံစားရဘူး ဒါပေမယ့် ဆရာဝန်ပြောတာတော့ အရင်လို အကောင်းအတိုင်း ပြန်မဖြစ်နိုင်တော့ဘူးတဲ့..."
"ကိုယ်သိပြီ ..."
ကျန်းဟန်ရှုက ခေါင်းငြိမ့်ကာ သူ့လက်ကိုကိုင်ရင်း နှစ်သိမ့်ပေးလိုက်သည်။
"ဖြေးဖြေးချင်း ထူထောင်ကြတာပေါ့ စိတ်မပူပါနဲ့ ပြန်ကောင်းလာမှာပါ ..."
ဖုကျန်းသည်လည်း အတွေးအတူတူပင်ဖြစ်သည်။ သူက မေးလိုက်သည်။
"ဘယ်အချိန်ပြန်ရမှာလဲ ..."
ဖုကျန်း အခြေအနေကောင်းနေကြောင်း တွေ့ရကာမှ ကျန်းဟန်ရှုသည် ချောင်းအသာဟန့်ရင်း သူ့နှာဖျားကို တို့ကာ မေးလိုက်သည်။
"ကိုယ် အခုမှ ဒီကိုရောက်တာလေ မင်းက ပြန်ဖို့ မျှော်လင့်နေပြီပေါ့ ဟုတ်လား ပြောပါဦး ကိုယ့်နောက်ကွယ်မှာ ဘာတွေများ လုပ်ထားလို့လဲ ဝန်ခံရင် သက်ညှာပေးမှာနော် ..."
ဖုကျန်းက ခေါင်းပြုတ်ထွက်တော့မတတ် ခါယမ်းလိုက်သည်။ ပြီးမှ မေးလိုက်သည်။
"ကုမ္ပဏီကရော ..."
ကျန်းဟန်ရှုက သူ့ခေါင်းကိုပုတ်ရင်း ပြောလိုက်သည်။
"ဒါက အရေးမကြီးပါဘူး ..."
ဖုကျန်းက သူ့ကို မျက်စောင်းထိုးရင်း မေးလိုက်သည်။
"အဖေရော ..."
သူက ပြန်ဖြေလိုက်သည်။
"အောက်ထပ်မှာ စားစရာသွားဝယ်တယ် ..."
ခဏအကြာတွင် ဖုကျန်းချန်က မနက်စာ သုံးထုပ်ကိုင်ကာ ပေါ်လာတော့သည်။
နှစ်လုပ်ခန့်စားပြီးနောက် ဖုကျန်းသည် ကျန်းဟန်ရှုနှင့် ဖုကျန်းချန်တို့ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလိုက်သည်။
"ဆရာဝန်က ဘယ်အချိန် ဆေးရုံဆင်းရမှာတဲ့လဲ ..."
"ဆေးရုံဆင်းဖို့ မ‌စဉ်းစားနဲ့ နှစ်ရက်လောက် ဆက်ပြီး အေးအေးဆေးဆေး လှဲနေဦး ..."
ကျန်းဟန်ရှုက သူ့ပန်းကန်ထဲသို့ အခွံနွှာထားသော ကြက်ဥကို ထည့်ပေးရင်း ပြောလိုက်သည်။
ဖုကျန်းက အိုကေဟု ပြန်ပြောကာ ကြက်ဥကို ငုံ့စားလိုက်သည်။ ပြီးမှ ဖုကျန်းချန်ကို မေးလိုက်သည်။
"ရိုက်ကူးရေးအဖွဲ့သားတွေထဲရော ဒဏ်ရာရတဲ့သူ ရှိသေးလား ..."
"လက်ထောက်ဒါရိုက်တာကို မေးကြည့်တာတော့ အားလုံးအဆင်ပြေတယ်တဲ့ ဒါပေမယ့် ရိုက်ကူးရေးပစ္စည်းတွေတော့ ပျက်စီးသွားတယ် မင်းနားနေတဲ့ နှစ်ရက်အတွင်း ပစ္စည်းတွေ ပြန်ဝယ်မှာ‌ဆိုတော့ ကိစ္စတွေက မနှောင့်နှေးပါဘူး ..."
ဖုကျန်းက သက်ပြင်းချလိုက်သည်။ စိတ်သက်သာရာရသွားသော အမူအယာဖြင့် ပြောလိုက်သည်။
"စားဖို့သောက်ဖို့ပဲ ပူစရာလိုတော့တာပေါ့ ..."
ဖုကျန်းက ချောမော့ကာ ပြုံးပြလိုက်သော်ငြား အခန်းထဲမှ အမျိုးသားနှစ်ဦးမှာတော့ သူ့အပြုံးနောက် ပါမသွားပေ။ သူက ဆေးရုံဆင်းလိုကြောင်း ပြောလာသော်ငြား ကျန်းဟန်ရှုက တစ်ချက်လွှတ် ငြင်းဆန်လိုက်သည်။
ကျန်းဟန်ရှုက သူ့ကို အိပ်ယာထဲသို့ ပြန်ပို့လိုက်သည်။
"ဆေးရုံမှာ နှစ်ရက်ထပ်နေဦး စကားနားထောင်ကွာ ..."
ဖုကျန်းက ဆေးရုံတက်နေရန် လိုအပ်သည်တော့ မဟုတ်ပေ။ သို့သော် ဆေးရုံမှ ဆင်းလိုက်သည်နှင့် ရိုက်ကူးရေးတွင်သာ အလုပ်ရှုပ်ရင်း အချိန်ကုန်တော့မည် ဖြစ်သည့်အတွက် သူ့ကို ဆေးရုံတွင် နှစ်ရက်ခန့် နားစေခြင်းက ပိုကောင်းပေသည်။
သူသည် ကျန်းဟန်ရှု၏ လေသံကို မလွန်ဆန်ရဲသလို ဖုကျန်းချန်ကလည်း လိမ်လိမ်မာမာဖြင့် ဆေးရုံတက်ရန် ပြောလာပြန်ရာ ကုတင်ပေါ်တွင် လှဲရင်းသာ နောက်နှစ်ရက်ကို ကုန်ဆုံးလိုက်ရတော့သည်။
နှစ်ရက်အကြာတွင်တော့ ဆေးရုံဆင်းရန် ဇွတ်အတင်း တောင်းဆိုတော့သည်။ ရိုက်ကူးရေးအတွက် အမြဲပူပန်နေသူကိုကြည့်ရင်း ကျန်းဟန်ရှုက သက်ပြင်းဖွဖွချလိုက်သည်။
"coco ကမှ မင်းထက် လိမ္မာသေးတယ် ..."
ဖုကျန်းက သူ့မှတ်ချက်ကို လက်မခံလိုသော်ငြား ဆေးရုံမှ ဆင်းချင်နေပြီဖြစ်သည့်အတွက် ပြိုင်ငြင်းမနေဘဲ "ခင်ဗျားပြောတာအားလုံးမှန်တယ်" ဟူသည့်အကြည့်ဖြင့်သာ ကြည့်နေလိုက်သည်။
ဖုကျန်းက သူနှင့် အပေးအယူလုပ်နေသည်ဟု ခံစား‌ရသော်ငြား ဘာကမှားနေမှန်းလဲ ရေရေရာရာ မပြောနိုင်။ သူက ဖုကျန်းအနားတွင် သုံးရက်ခန့် အဖော်ပြုပေးခဲ့ပြီး အတွင်းရေးမှူးသုန်းကသာ အရေးတကြီး စာချုပ်ချုပ်စရာကိစ္စရှိသည်ဟု ဖုန်းဆက်မလာပါလျှင် ထပ်ပြီး နေနေဦးမည်ဖြစ်သည်။
မပြန်ခင် သူက ဖုကျန်းကို ပြောလိုက်သည်။
"ကုမ္ပဏီကို ပြန်သွားရဦးမယ် တတ်နိုင်သလောက် မြန်မြန်ပြန်လာခဲ့မယ်နော် ..."
ဖုကျန်းမှာလည်း လေ့ကျင့်ခန်းမလုပ်နိုင်သည်မှအပ သူ့ခြေထောက်များမှာ မနာကျင်တော့သလို ယခင်အတိုင်းပင် ပြန်သက်သာနေပြီဟု ခံစားရ၍ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ အရမ်းလည်း အပင်ပန်းမခံနဲ့နော် ..."
ကျန်းဟန်ရှုက သူ့ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။
"ရိုက်ကူးရေးမစခင်အထိ ကောင်းကောင်းနားပြီး ခြေထောက်သက်သာလာအောင် စောင့်ဦး ရိုက်ကူးရေးအတွက်က ပူမနေနဲ့နော် ..."
"သိပါပြီ ..."
ဖုကျန်းက အင်မတန်ကို နာခံတတ်သူသဖွယ် ခေါင်းကို ငြိမ့်ပြလိုက်သည်။
"ကတိပေးတာကတော့ ဟုတ်နေတာပဲ တကယ်လုပ်မလုပ်ကတော့ မပြောတတ်ဘူး ..."
"ကျွန်တော့်ကို မယုံဘူးပေါ့ ..."
သူသွားဖြဲပြနေသည်ကပင် ပို၍ မယုံနိုင်စရာ ကောင်းလှသေးသည်။
ကျန်းဟန်ရှုက ချောင်းအသာဟန့်ကာ သူ့ကို ဆွဲဖက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကိုယ်တော့ လွမ်းနေတော့မှာပဲ ..."
သူလည်း ချဉ်စူးနေသော နှာခေါင်းဖြင့်အတူ ကျန်းဟန်ရှုကို ပြန်ဖက်လိုက်သည်။
"ကျွန်တော်ရောပဲ ..."
ကျန်းဟန်ရှုက ဖျင်ဟိုင်မြို့သို့ ပြန်သွားကာ ဖုကျန်းမှာတော့ ဖုကျန်းချန်၏ ကြီးကြပ်မှုဖြင့် ဟိုတယ်တွင် နောက်ထပ်နှစ်ရက် ထပ်နားလိုက်ရသည်။ ဒီနှစ်ရက်အတွင်း အခန်းထဲတွင်သာ ဗီဒီယိုတည်းဖြတ်လိုက် ၊ ချီသဲလုံလောင်ရှီးနှင့် ဇာတ်ညွှန်းအကြောင်း ဆွေးနွေးလိုက်ဖြင့် ကျေနပ်ဖွယ်ကောင်းစွာ အချိန်ဖြုန်းနေလိုက်သည်။
သူ ရိုက်ကွင်းသို့ ပြန်သွားနိုင်ပြီဟု ဖုကျန်းချန်နှင့် ကျန်းဟန်ရှု နှစ်ယောက်လုံး သဘောတူညီမှသာ ရိုက်ကူးရေးကို ပြန်စနိုင်တော့သည်။
ဖုကျန်းက ကြားညပ်နေသော မှန်ဘီလူးအကြောင်း ရက်အတော်ကြာ စဉ်းစားပြီးနောက် အဖြေရှာတွေ့သွားပြီဖြစ်သည်။ သို့အတွက် နောက်နေ့ရိုက်ကူးရေးမှာ ချောချောမွေ့မွေ့ပင် ပြီးသွားသည့်အတွက် နောက်အပိုင်းများကို ဆက်ရိုက်ရန်ပင် နေရာသစ် ရှာလိုက်ကြတော့သည်။
နေရာသစ်မှာ ယခင်ထက်ပင် ပို၍ လူရှင်းသေးသည်။ ဟိုတယ်မှလာရန် နာရီဝက်ခန့် ကြာမြင့်သည့်အတွက် ရိုက်ကူးရေးအဖွဲ့က အကြိုအပို့လုပ်ရန် ဘတ်စ်ကားနှစ်စီးနှင့် ဗန်ကားတစ်စီး ငှားရမ်းခဲ့သည်။ ထိုမှတစ်ပါး ပြဿနာအထွေအထူး မရှိတော့။
ပါပါရာဇီများက ဤမျှ ဝေးလံခေါင်ပါးသော နေရာအထိ လိုက်လာလိမ့်မည်ဟုတော့ ဖုကျန်းလည်း လုံးဝ တွေးမထားမိပေ။ သူတို့က ဖုကျန်းနှင့် ဝမ်မင်ကဲ ဈေးဝယ်နေကြသည်ကို ဓာတ်ပုံရိုက်ကာ စိတ်ဝင်စားစရာခေါင်းစဉ်ဖြင့် တင်လိုက်သည်။
--- ဒါရိုက်တာဖုက ဖောက်ပြန်နေပြီ ကျန်းဟန်ရှုတော့ ဘယ်လိုလုပ်သင့်လဲ
xxxxxx