အပိုင်း ၁၃၄
Viewers 23k

အင်တာနက်သုံးစွဲသူတို့က သာမန်ကာလျှံကာသာ ကြည့်လိုက်ကြသည်။ ဖုကျန်းနှင့် ဝမ်မင်ကဲမှာ ဓာတ်ပုံတစ်ခုတည်းတွင် ပါလာသော်ငြား နှစ်ဦးကြား အကွာအဝေးမှာ ဝေးနေသည့်အပြင် အထင်မှားစရာ အပြုအမူဟူ၍လည်း မရှိရာ အားလုံးက ပါပါရာဇီများကိုသာ ဝိုင်းဝန်း ကြိမ်းမောင်းကြတော့သည်။
--- နင်တို့က အရမ်းကို စည်းကျော်‌လွန်းနေပြီလို့ မထင်မိဘူးလား
--- ဒါနဲ့လေ ပုံထဲက အသားတုံးလေးက အရမ်းကို လတ်ဆက်မနေဘူးလား ဘယ်သူလေးလဲမသိဘူး ဒါရိုက်တာဖုရဲ့ ဇာတ်ကားထဲက သရုပ်ဆောင်လေးလား Weibo account ရှိလား ရှာကြည့်ကြပါဦး
အင်တာနက်အရှုပ်တော်ပုံကို မျက်မြင်တွေ့လိုက်ရသော ယဲ့ထျန်းမှာတော့ အတော်ပင် အံ့ဩသွားတော့သည်။
"ဒီနေရာက တအားခေါင်တာတောင် ပါပါရာဇီတွေ ရှိသေးတယ်လား ..."
ဖုကျန်းကိုယ်တိုင်လည်း အံ့ဩမိနေသည်။ ပါပါရာဇီများမှာ အလုပ်အားလပ်နေ၍ မဟုတ်လျှင် သူတို့၏ ကွန်ယက်ကို တစ်နိုင်ငံလုံးသို့ ဖြန့်ကျက်ထားနိုင်၍ ဖြစ်ရမည်။
ဒီဓာတ်ပုံရိုက်နိုင်ဖို့ဆို သူတို့နောက်ကို ရက်တွေအများကြီး တကောက်ကောက် လိုက်နေရမှာ အား လူတွေရဲ့ ပျင်းရိမှုကို သည်းခံနိုင်စွမ်းကတော့ စိတ်မကူးရဲလောက်အောင်ပဲ။
လက်ထောက်ဒါရိုက်တာရောက်လာချိန်တွင် Weibo ကြည့်နေသော ဖုကျန်းကို တွေ့လိုက်သည်။ သူက ဘာလုပ်နေလဲဟု သိလိုစိတ်အပြည့်ဖြင့် စပ်စုလာသည့်အတွက် ဖုကျန်းက ပြန်ဖြေလိုက်သည်။
"ရှေ့လျှောက် ကူညီဖို့ လူရှာနေတာလေ ..."
"ဘာအတွက်လဲ ..."
လက်ထောက်ဒါရိုက်တာမှာ အနည်းငယ် ထူးဆန်းနေသေးသည်။
"ဒီငါးရာက အမိန့်ချ‌ဖို့ ပြောထားတယ်မလား ..."
လက်ထောက်ဒါရိုက်တာ "........"
ပြန်လည်ဝေမျှသူ ငါးရာကိုကြည့်ပြီးနောက် ဖုကျန်းသည် ကျန်းဝမ်စတူဒီယို၏ ဥပဒေရေးရာဌာနကို ထိုကိစ္စအတွက် ကိုင်တွယ်ပေးရန် လွှဲအပ်လိုက်သည်။ ထို့နောက်တွင်တော့ ဓာတ်ပုံခိုးရိုက်သော ပါပါရာဇီတို့၏ လုပ်ရပ်များလည်း ရပ်တန်းမှ ရပ်တန့်သွားတော့သည်။
"ဒီအချိန်ကြီး ဘာလို့ဖုန်းဆက်တာလဲ ..."
ကျန်းဟန်ရှုမှာ ညနေပိုင်းတွင်မှ ဆက်လေ့ရှိရာ ဒီနေ့မှ ဘာလို့ မနက်ပိုင်း ပြောင်းဆက်ရလဲ မသိတော့ပေ။
ဖုန်းတစ်ဖက်မှ ကျန်းဟန်ရှုက သက်ပြင်းချဟန်ဆောင်ကာ ပြောလိုက်သည်။
"မနေ့ညက မင်းနဲ့ လတ်လတ်ဆက်ဆက်အသားတုံးလေး ‌ဈေးဝယ်ထွက်နေတဲ့ပုံကို တွေ့လိုက်ရတယ်လေ ကိုယ့်မှာ စိတ်တွေဆိုးပြီး ညတောင် မအိပ်နိုင်ဘူး ..."
ဖုကျန်းက ရယ်ရုံသာ ရယ်နေလိုက်သည်။ ကျန်းဟန်ရှု၏ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေသည်ကိုတော့ လုံးဝ မယုံပေ။ ထိုဓာတ်ပုံကို သူလည်း တွေ့ပြီးဖြစ်ကာ သူနှင့် ဝမ်မင်ကဲကြားတွင် ကျန်းဟန်ရှု သုံးယောက်ခန့် ဝင်နိုင်သည်အထိ ဝေးကွာနေသေးသည်။
"ကိုယ့်မှာ ရှာလကာရည်တစ်အိုးကြီး သောက်လိုက်ရတာကို ..."
ကျန်းဟန်ရှုက စိတ်ထိခိုက်သွားသည့်လေသံဖြင့် တမင်တကာပင် မေးလိုက်သည်။
"မင်းအတွက်ကျ ဘာမှ မဟုတ်ဘူးပေါ့ ..."
"ဘာကိုပြချင်တာလဲ ..."
ဖုကျန်းက မေးလိုက်သည်။
"ကိုယ့်ကို ပြောစေချင်တယ်ပေါ့ သူများကို ခေါင်းပုံဖြတ်ဖို့ မစဉ်းစားနဲ့ ..."
ကျန်းဟန်ရှုက သူ့ကို ပြောလိုက်သည်။
"ကိုယ့်ဘာသာစဉ်းစား ..."
ဖုကျန်းက ခေါင်းကိုအသာယမ်းကာ ခဏစဉ်းစားလိုက်သည်။
"ကျွန်တော်ပြန်လာတာကို စောင့်မလား နှိပ်ပေးမယ်လေ ..."
ကျန်းဟန်ရှု၏ ချောင်းဟန့်သံက ပြတ်ပြတ်သားသားပင် ထွက်ပေါ်လာကာ ဖုကျန်း၏ နားများကို အနည်းငယ်ပင် ယားယံသွားစေသည်။ ထို့နောက် ကျန်းဟန်ရှု၏ စကားသံကို ကြားလိုက်ရသည်။
"ပြန်လာတဲ့အထိ မစောင့်နိုင်တော့ဘူး အခုပဲ လုပ်ပေး ..."
"အခု? ..."
"နောက်လှည့်ကြည့်လိုက်ပါဦး ..."
ခေါင်းကိုလှည့်ကြည့်လိုက်ချိန်တွင် မလှမ်းမကမ်းရှိ လမ်းပေါ်တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတို့ကိုပင် မယုံနိုင်တော့။ ခပ်သွက်သွက်ပြေးလာချိန်တွင်တော့ ထိုသူမှာ တကယ်ကို ကျန်းဟန်ရှုဖြစ်နေကြောင်း တွေ့လိုက်ရသည်။
"ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ ..."
ဖုကျန်းက သူ့လက်ကိုဆွဲကာ ရိုက်ကွင်းသို့ ဦးတည်လိုက်သည်။
"ကိုယ် သဝန်တိုနေပါတယ်လို့ မပြောဘူးလား ..."
ဘေးမှ ဖြတ်သွားသော ဝမ်မင်ကဲက ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းဟန်ရှုကို အသည်းအသန် ရှင်းပြလိုက်သည်။
"အစ်ကိုကျန်း ကျွန်တော် တကယ်ကို ဆရာဖုနဲ့ ဘာမှ မပတ်သက်ပါဘူး ကျိန်ဆိုကျိန်ရဲပါတယ် ..."
ကျန်းဟန်ရှုက ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်သည်။ သူက ပေါက်ပန်းလေးဆယ် ရိုက်ထားသည့် ဓာတ်ပုံတို့ကို အတည်မယူပေ။ ထိုစကားများမှာလည်း ဖုကျန်းကို စနောက်လိုရုံသပ်သပ်သာဖြစ်သည်။
ဖုကျန်းက သူ့ကို မော်နီတာရှေ့တွင် ဝင်ထိုင်စေကာ မေးလိုက်သည်။
"ကုမ္ပဏီကရော အလုပ်များနေလား ..."
"ပြီးသလောက်နီးပါး ဖြစ်နေပါပြီ ..."
ကျန်းဟန်ရှုက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"အဖေက သန်ဘက်ခါဆို ပြန်ရောက်တော့မှာလေ ကုမ္ပဏီကိစ္စတွေက သူ့လက်ထဲ ပြန်လွှဲလိုက်ပြီ ..."
"ဒါကြီးက အရမ်း မသက်ညှာရာ မကျဘူးလား ..."
ကျန်းဟန်ရှု '' မသက်ညှာဘူး ဒါဆို ကိုယ် အခုပဲ ပြန်လိုက်ရတော့မလား ..."
ထို့နောက် ခုံပေါ်မှထကာ ပြန်ရန်ပြင်လိုက်သည်။
ဖုကျန်းက သူ့အင်္ကျီစကို အလောတကြီး ဆွဲလိုက်ကာမှ ကျန်းဟန်ရှုလည်း ခပ်ပြုံးပြုံးဖြင့် ပြန်ထိုင်ကာ နှစ်ဦးသား နှစ်ကိုယ်ကြားစကားတို့ တီးတိုးဆိုလိုက်တော့သည်။
ဖုကျန်းသည် wazhan တွင် ဗီဒီယိုပေါင်းများစွာ တင်ခဲ့ကာ ပရိသတ်တို့မှာလည်း အကုန်ကြည့်ပြီးဖြစ်၍ အနည်းငယ် ငြီးငွေ့လာတော့သည်။
Onion News မှာ ပုံမှန်အားဖြင့် ခေတ်စားနေသော သတင်းများကိုသာ တင်လေ့ရှိသော်လည်း ဖုကျန်း၏ သတင်းများမှာတော့ သံယောင်လိုက်ခြင်း မဟုတ်ပေ။ ဆွဲထားသည်များမှာ အတော်ကို စိတ်ဝင်စားစရာ ကောင်းလှသော်ငြား ပရိသတ်များကတော့ တစ်ဖက်ပိတ်ဖြစ်နေသည်။
--- ဒီသတင်းက ဘာအတွက်လဲ ပန်ဒါသူရဲကောင်းက ဓားပြလိုမျိုး မျက်နှာဖုံးစွပ်နဲ့ ရုပ်ဖျက်ပြန်ပြီ ဒီဟာသလိုလို သတင်းက ဘာကို ဖော်ပြချင်နေတာလဲ...
....
.
ဖုကျန်းသည် အင်တာနက်ပေါ်မှ မှတ်ချက်တို့ကို အလေးမထား။ ရိုက်ကူးရေးတွင်သာ အာရုံစိုက်ထားသည်။ ကျန်းဟန်ရှု ရောက်လာချိန်မှစ၍ ဒါရိုက်တာဖုသည် ပိုပြီး ရွှင်ပျလာသည်မှာ အချစ်၏ အာဟာရဓာတ် ကြွယ်ဝသူတစ်ယောက်ကဲသို့ပင်။ တစ်ကိုယ်တည်းသမားတွေနဲ့ တကယ်ကို ကွာခြားတာပဲ။
နောက်တစ်ခန်းတွင် ယဲ့ထျန်းနှင့် ဝမ်မင်ကဲတို့သည် သက်လတ်ပိုင်းစုံတွဲတစ်တွဲနှင့်အတူ ခရီးဆက်ခဲ့သည်။ ညဉ့်နက်ပိုင်း ရောက်ကာမှ ထိုသက်လတ်ပိုင်းစုံတွဲမှာ သူတို့ကို မိုင်းတွင်းတွင် ရောင်းစားရန် လိမ်ခေါ်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ဖုကျန်းက မော်နီတာနောက်တွင်ထိုင်ကာ ယဲ့ထျန်းနှင့် ဝမ်မင်ကဲတို့၏ သရုပ်ဆောင်မှုကို ကြည့်နေသည်။ သူက ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်လျှင် သူ့ဘေးနားရှိ ကျန်းဟန်ရှုက ကြင်နာမှုတို့ ယိုဖိတ်နေသော အကြည့်ဖြင့် လှမ်းကြည့်လာသည်။
ဝမ်မင်ကဲနှင့် ယဲ့ထျန်းတို့နှစ်ဦးလုံးမှာ တက်ကြွကာ ဟာသဉာဏ်ရွှင်ကြသူများဖြစ်၍ တစ်နေကုန် ပြက်လုံးထုတ်နေကာ ဖုကျန်းအပါအဝင် ရိုက်ကွင်းတစ်ခုလုံး မရပ်မနားပင် ရယ်မောနေကြရသည်။
ကျန်းဟန်ရှုကလည်း ဒီနေရာတွင် ရှိနေသည့်အတွက် ဖုကျန်းမှာ ထိုအကြောင်းကိုတွေးရန် စိတ်မပါလှပေ။
နေ့ခင်းနားချိန်အတွင်း ကျန်းဟန်ရှုက သူ့အတွက် နေ့လည်စာ သွားဝယ်ပေးခဲ့သည်။ ပြန်လာချိန်တွင် ယဲ့ထျန်းက ဇာတ်ညွှန်းစာရွက်ကိုင်ကာ ဖုကျန်းကို မေးနေသည်ကို တွေ့လိုက်ရသည်။
ကျန်းဟန်ရှုက သူ့ဘေးကို ဝင်ထိုင်လိုက်သည်အထိ ဖုကျန်းက သူ့ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။
ကျန်းဟန်ရှုမှာ သူ၏ ဆွဲဆောင်နိုင်စွမ်း ကျဆင်းသွားပြီလားဟု အတွေးဝင်မိတော့သည်။ သူတို့ ဆောက်လုပ်ရေးဆိုက်တွင် အလုပ်လုပ်စဉ်ကဆို ဖုကျန်းက ထမင်းစားချိန်တိုင်း သူ့ကို ခိုးခိုးကြည့်ကာ သူ အကြည့်လွှဲချိန်တွင်မှ အနားနားရှိ ချိုချဉ်ကို ဟမ်းစတားလိုမျိုး ဝုန်းခနဲ ကောက်ယူတတ်သေးသည်။
သို့သော်ငြား အခု သူ ထမင်းဘူး ယူလာချိန်တွင်တော့ မျက်တောင်ပင် မော့မလာတော့။ အခြားအမျိုးသားနှင့်သာ တရစပ် စကားပြောနေသည်။
ကျန်းဟန်ရှုက အဝေးသို့ လှမ်းကြည့်လိုက်သည်။ ချီသဲလုံလောင်ရှီးနှင့် ဖုန်းကျန့်လောင်ရှီးတို့က သစ်ပင်အောက်တွင်ထိုင်ကာ ရယ်ရယ်မောမော စကားပြောနေကြသည်။
"ဒါရိုက်တာဖုက တအားကို အလုပ်များနေတာပဲ ..."
ကျန်းဟန်ရှုက သူ့ဘေးဝင်ထိုင်ကာ ချဉ်စူးနေသောလေသံဖြင့် ပြောလိုက်သည်။
"ကြားဖူးတာကတော့ လူသစ်တွေကရယ်ရပြီး လူဟောင်းတွေကတော့ ငိုရတယ်တဲ့ ..."
ဖုကျန်းသည်လည်း သူဆိုလိုသည်ကို ချက်ခြင်းပင် သဘောပေါက်လိုက်သည်။ သူက လက်ထဲမှ ဇာတ်ညွှန်းစာရွက်ကိုချကာ ကျန်းဟန်ရှု၏လက်ကို လှမ်းကိုင်လိုက်ပြီး ပြုံးပြုံးလေး စကားဆိုလိုက်သည်။
"ရှေးလူကြီးတွေ ပြောကြတာ‌ကတော့ အဝတ်ဟောင်း တွေက အသစ်လောက် မကောင်းသလို လူသစ်ကလည်း လူဟောင်းလို မကောင်းဘူးတဲ့ လာပါဦး ဒီအလှလေးကို အန်ကယ်က ချစ်ပါရစေဦး ..."
ယဲ့ထျန်းက သူ့မျက်လုံးကို အုပ်ကာ အော်ပြောလိုက်သည်။
"ဒါရိုက်တာဖုရေ အဖွဲ့ထဲက တစ်ကိုယ်တည်းသမားတွေကိုလည်း အသက်ရှင်ခွင့်ပေးပါဦး ..."
ထွက်ပြေးသွားကြသော ဝမ်မင်ကဲနှင့် ယဲ့ထျန်းတို့ကိုကြည့်ကာ ရယ်မောလိုက်ရင်း ဖုကျန်းသည် ကျန်းဟန်ရှုဘေးသို့ ဝင်ထိုင်လိုက်သည်။ ကျန်းဟန်ရှုကတော့ သဝန်တိုနေသေး၍ ခပ်တည်တည်သာ နေနေသည်။
ဖုကျန်းက သူ့လက်မောင်းကို ဖက်ကာ စကားတွတ်ထိုးနေသည့်အတွက် မပြုံးဘဲ မနေနိုင်တော့။ သူ့ပုခုံးပေါ်မှီကာ မျက်လုံးတို့ကို မှိတ်လိုက်ပြီးနောက် မကြာမီတွင် အသက်ရှူသံတိုးတိုးကို ကြားလိုက်ရသည်။ ခေါင်းကိုငုံ့ကာ ကြည့်လိုက်ချိန်တွင်တော့ ပါးစပ်ဟကာ အိပ်မောကျနေသော ဖုကျန်းကို တွေ့လိုက်ရသည်။
တလှုပ်လှုပ်ဖြစ်နေသော သူ့မျက်ခွံတို့ကတော့ ဖုကျန်းကို သစ္စာဖောက်နေသည်။
"အိပ်ချင်ယောင်ဆောင်မနေနဲ့တော့ ..."
ကျန်းဟန်ရှုက ပြောလိုက်သည်။
သို့သော် ဖုကျန်းကတော့ မကြားဟန်ပြုကာ သူ့လက်မောင်းကို ကုပ်ကပ်ဖက်တွယ်ထားလိုက်သည်။
ကျန်းဟန်ရှုလည်း ခပ်ဖွဖွရယ်ကာ ဖုကျန်း၏ နှာခေါင်းနှင့် ပါးစပ်တို့ကို လက်ဖြင့် အုပ်ထားလိုက်သည်။ တစ်မိနစ်ပင် မကြာလိုက်။ သည်းမခံနိုင်သော ဖုကျန်းက သူ့ကို ဖူးမို့နေသော မျက်လုံးတို့ဖြင့် ကြည့်လာသည်မှာ ဖားတစ်ကောင်ကဲ့သို့ပင်။
သူက ဖားပေါက်လေးကို ပြောလိုက်သည်။
"ထမင်းအရင်စားရအောင် အိပ်ချင်သေးရင် အခန်းပြန်ရောက်မှ အိပ်နော် ဒီလိုကြီးအိပ်ရင် မအီမသာဖြစ်နေလိမ့်မယ် ..."
ဖုကျန်းက သူ့လက်ကိုဆွဲကာ လေးတိလေးကန်ဖြင့် ပြောလိုက်သည်။
"ကျွန်တော်နဲ့ အတူတူ အိပ်ပေး ..."
"အိပ်ပေးမှာပေါ့ ..."
ကျန်းဟန်ရှုက ခဏတွေးကာ ဆက်မေးလိုက်သည်။
"ဧည့်သည်လူကြီးမင်းက ဘယ်လိုမျိုး ပေးချေဖို့ စဉ်းစားထားလဲဗျ ..."
ဖုကျန်း : " အသားနဲ့ ပေးလို့ရလား ..."
(ဆန်းဆန်းပြားပြားအိပ်တာကို သုံးတဲ့ အသားလား စားလို့ရတဲ့အသားလားတော့ မသိပါဘူး>⁠.⁠<)
ကျန်းဟန်ရှုက ခေါင်းကိုယမ်းကာ ရယ်လိုက်ရင်း စားပွဲပေါ်မှ ထမင်းဘူးကို ဖွင့်လိုက်သည်။ အသားဟင်းနှစ်ပွဲနှင့် အရန်ဟင်းသုံးပွဲ ဝယ်လာရာ အရွယ်ရောက်ပြီးသော အမျိုးသားနှစ်ဦးအတွက် ကောင်းကောင်းကြီး လုံလောက်ပေသည်။
ကျန်းဟန်ရှုက အစပ်မထည့်ရန် ပြောခဲ့သော်ငြား ဆိုင်ရှင်က ငရုတ်ပွတို့ကို ထည့်လိုက်သေးသည်။ ဖုကျန်းက သူသတိမထားမိသည်ကို အခွင့်ကောင်းယူကာ တစ်လုပ်စားလိုက်သည်။ ပြီးမှ သူ့ကိုပြောလိုက်သည်။
"ငရုတ်ပွက မစပ်ပါဘူး ..."
ကျန်းဟန်ရှုကလည်း တစ်လုပ်နှိုက်စားလိုက်သည်။ အလွန်အကျူး မစပ်သော်ငြား အစပ်အရသာတော့ ရနေဆဲဖြစ်ရာ သူက ငရုတ်ပွအားလုံးကို ဖုကျန်းနှင့်ဝေးရာသို့ ဖယ်ထုတ်လိုက်သည်။
ဖုကျန်း "...."
"နာမည်က ဘာလဲသိလား ..."
သူက ကျန်းဟန်ရှုကို မေးလိုက်သည်။
"အိုကေ? ..."
"အမွှေးနှုတ်ခံရတဲ့ငန်း ..."
ကျန်းဟန်ရှုက တစ်ခဏ အသံတိတ်သွားသည်။ ဖုကျန်း၏ ထမင်းပန်းကန်ထဲတွင် ဖွက်ထားသော ငရုတ်ပွတို့ကို မြင်လိုက်သည့်အခါ တုန့်ဆိုင်းခြင်းမရှိဘဲ လွှင့်ပစ်ကာ ပြောလိုက်သည်။
"ဒီစကားပုံက ဝမ်ထုန်စီကနေ သိလာတာထင်တယ် ..."
....
ညနေပိုင်း ရိုက်ကူးရေးအပြီးတွင် ကျန်းဟန်ရှုနှင့် ဖုကျန်းတို့သည် ဘတ်စ်ကား မစီးဘဲ ဟိုတယ်အထိ ဖြေးဖြေး‌ချင်း လမ်းလျှောက်လာလိုက်သည်။ တံတားကိုဖြတ်ကူးချိန်တွင် ထိပ်၌ စက္ကူပုံးတစ်ခုကို တွေ့လိုက်ရ၍ ဖုကျန်းလည်း သိလိုစိတ်ပြင်းပြစွာဖြင့် သွားကြည့်ရာ စွန့်ပစ်ခံရဟန်ရှိသော ပြောက်ကြားကြောင်တစ်ကောင်ကို တွေ့လိုက်ရသည်။
xxxxx