အပိုင်း ၁၃၅
Viewers 23k

ဘေးပတ်လည်ကို ကြည့်လိုက်ချိန်တွင် စွန့်ပစ်ထားခဲ့သည့် ကြောင်ပိုင်ရှင်မှာ အဝေးသို့ ရောက်နေပြီဖြစ်သည်။
သူက ငုတ်တုတ်ထိုင်ကာ ကြောင်ကို လှမ်းကိုင်လိုက်သည်။ ကြောင်ပေါက်လေးက အသံတိုးတိုးလေး အော်လိုက်လျှင် သူက ဘေးတွင်ရပ်နေသော ကျန်းဟန်ရှု၏ ဘောင်းဘီစကိုဆွဲကာ ပူဆာလိုက်သည်။
"ကျန်းဟန်ရှု ဒီကောင်လေးကို မွေးချင်လို့ ..."
ကျန်းဟန်ရှုက သူ့ကို ပြောလိုက်သည်။
"ဒါဆိုလည်း ခေါ်ခဲ့လေ ..."
သူက ပုံးကို မ, လိုက်လျှင် တုန်ခါမှုကို ခံစားမိသည့်ကြောင်က ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သည်။ သူ့ခြေချောင်းတို့က ဖွေးဖွေးဖြူကာ နှာခေါင်းက ပန်းရောင်သမ်းနေသည်။ အခုအချိန်အထိတော့ မျက်နှာသေးသေးလေးမှာ ဝိုင်းစက်နေသေးသော်ငြား ကြီးလာလျှင် ဘယ်လိုဖြစ်လာမည်လဲတော့ မသိသေးပေ။
ဖုကျန်းတို့က ဟိုတယ်သို့ တန်းပြန်မသွားဘဲ ဆေးရုံသို့သွားကာ ကြောင်တွင် တစ်ခြားရောဂါရှိမရှိ စစ်ဆေးလိုက်သည်။ ပြီးမှ ကြောင်စာထုပ်နှင့် အရုပ်အချို့ဝယ်ကာ ပြန်လာလိုက်သည်။
ဖုကျန်းမှာ အကောင်ပိ‌စိလေးများကို သဘောကျဟန်တူသည်။ အခန်းပြန်ရောက်ကတည်းက သူ့အာရုံအလုံးစုံမှာ ကြောင်ထံတွင်သာ ငြိတွယ်နေကာ တစ်ချိန်လုံး သူနှင့် ဆော့ပေးနေသည်။
ကျန်းဟန်ရှုကတော့ နောက်တစ်ကြိမ် လျစ်လျူရှုခံလိုက်ရပြန်သည်။ ကုတင်ခြေရင်းတွင်ထိုင်ကာ ဖုကျန်းများ ကြောင်ထံမှ အကြည့်လွှဲလာလေမလားဟု မျှော်တလင့်လင့်ဖြင့် စောင့်ဆိုင်းနေသည်။
ငါးမိနစ်ခြောက်မိနစ်ခန့် အကြာတွင်တော့ ဖုကျန်းက သူ့ကို မော့ကြည့်ကာ စကားပြောလိုက်သည်။
"ဘောလုံးကို ဒီဘက်ပစ်ပေးပါဦး ..."
ကျန်းဟန်ရှု "...."
သူ့ပေါင်ဘေးနားရှိ ဘောလုံးကို ပစ်ပေးပြီးချိန်တွင်တော့ ဖုကျန်းသည် ကြောင်နှင့်သာ ညဉ့်နက်သည်အထိ အချိန်ဖြုန်းနေတော့သည်။
"သူ့ကို နာမည်ပေးချင်တယ် ..."
ဖုကျန်းက အခန်းမီးပိတ်ကာ ကုတင်ပေါ် လှဲသည်အထိ ကြောင်အကြောင်းသာ ပြောနေဆဲဖြစ်သည်။ သူက ခဏမျှတွေးကာ တိုင်ပင်လိုက်သည်။
"ထျန်းသဆိုရင်ရော ဘယ်လိုနေလဲ ..."
ကျန်းဟန်ရှုက ဟမ့် ဟုသာ အသံပြုကာ နာမည်အပေါ် ဘာမှ မှတ်ချက်မပေး။
"ကြောင်မွေးဖူးလား ..."
ဖုကျန်းက မေးလိုက်သည်။
"ဟင့်အင်း golden retriever ပဲ မွေးဖူးတယ် ..."
ကျန်းဟန်ရှုငယ်စဉ်က မစ္စတာကျန်းတို့ ဇနီးမောင်နှံမှာ ကုမ္ပဏီကိစ္စဖြင့် အလုပ်များနေသည့်အပြင် မစ္စစ်ကျန်းမှာလည်း ကျောင်းအုပ်မဟုတ်သေး၍ သူ့ကို အချိန်ပေးပြီး ဂရုမစိုက်နိုင်ပေ။ မစ္စတာကျန်းက သူနှင့် အဖော်လုပ်ပေးရန် golden retriever မွေးဖို့ အကြံပေးခဲ့ပြီး သူ့ငယ်ဘဝတစ်ခုလုံးကို ထိုခွေးက အဖော်ပြုပေးခဲ့သည်။ သူ အထက်တန်းကျောင်းသားဖြစ်ချိန်တွင်တော့ ထို golden retriever လည်း အရွယ်ရ၍ သေဆုံးသွားခဲ့သည်။
ဖုကျန်းက သူ့ဖက်လှည့်ကာ ပွေ့ဖက်နှစ်သိမ့်ပေးလိုက်သည်။
......
နောက်ဆုံး၌ ဖုန်းကျန့်လောင်ရှီး ရိုက်ကူးရမည့်အပိုင်းသို့ ရောက်လာပြီဖြစ်သည်။ သူက ရိုက်ကူးရေးအဖွဲ့နောက်သို့ ဆက်တိုက် လိုက်နေသည့်အတွက် ဖုကျန်းသည် ချီသဲလုံကို စိုးရိမ်တကြီး မေးလိုက်သည်။
"ဖုန်းကျန့်လောင်ရှီးရဲ့ ခန္ဓာကိုယ်ကရော အဆင်ပြေရဲ့လား ..."
"အဆင်ပြေပါ့ ဒီမနက်တောင် အသားပေါင်းအကြီးကြီးသုံးခု စားလိုက်သေးတယ် ..."
ချီသဲလုံက လက်ကိုယမ်းပြလိုက်ပြီးမှ တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ပြောလိုက်သည်။
"ဒါနဲ့လေ သန်ဘက်ခါကျ ဖန့်ဟုန်မင်ရောက်လာလိမ့်မယ် ဇာတ်ကောင်တစ်ယောက်လောက် ထပ်ထည့်ချင်လို့ ရိုက်ကွက်အများကြီး မလိုပါဘူး ရုပ်လုံးပြရုံလေးတင် ..."
"ဖန့်လောင်ရှီးလည်း လာမှာလား ..."
ဖုကျန်းက အံဩတကြီး မေးလိုက်သည်။
ချီသဲလုံ " အင်း ..."
ဤသည်မှာ ဖုကျန်းနှင့် သူ့ရုပ်ရှင်အတွက်တော့ မင်္ဂလာသတင်းပင်။ ဖန့်ဟုန်နှင့် ဖုန်းကျန့်တို့သည် နွေဦးပွဲတော်၏ partner အဖြစ် အတူတူ အလုပ်လုပ်လာကြသည်မှာ နှစ်ပေါင်းမနည်းပေ။ သူတို့က ချီသဲလုံ၏ ဇာတ်ညွှန်းနှင့်အတူ ပရိသတ်ကို အတွဲညီညီ ဖျော်ဖြေခဲ့ကြသည်။
ချီသဲလုံက သက်ပြင်းချကာ ပြောလိုက်သည်။
"ဒါက ငါတို့သုံးယောက်စုံပြီး အလုပ်လုပ်နိုင်တာ နောက်ဆုံးအကြိမ်ဖြစ်မယ်ထင်တယ် ..."
"တကယ်လို့ ချီလောင်ရှီးသာ အတူတူ ထပ်ရှိချင်သေးရင် နောက်ရုပ်ရှင်မှာလည်း လောင်ရှီးကိုပဲ ခေါ်မယ်လေ ..."
ချီသဲလုံက ချက်ခြင်းပင် အပျော်လုံးဆို့စွာ ပြောလိုက်သည်။
"တော်လိုက်တဲ့ကလေး ..."
.....
ထန်ချင်က အေးစက်စက်ကြမ်းပြင်ပေါ်တွင် လှဲနေကာ ဝမ်းဗိုက်ကို အုပ်မိုးထားရင်း ထန်ဝမ်ဝမ်ကို မျက်ရည်လည်ရွှဲဖြင့် ပြောလိုက်သည်။
"အစ်မရေ ကျွန်မကို ဒီလောက်တောင် မုန်းနေလား ..."
ထန်ဝမ်ဝမ်မှာ ဘာဖြစ်သွားမှန်းပင် နားမလည်နိုင်။ သူမ အခန်းထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ထန်ချင်းက ကြမ်းပေါ်ပစ်လှဲကာ မင်းသမီးရှုံးလောက်အောင် အော်ဟစ်ငိုယိုနေခြင်းဖြစ်သည်။
သူမ ဘာမှ မပြောနိုင်သေးခင်မှာပင် ချင်ကျောက်က ပြန်ရောက်လာခဲ့သည်။ သနားစဖွယ် ငိုကြွေးနေသော ထန်ချင်ကို ပွေ့ဖက်ကာ ထန်ဝမ်ဝမ်ကို စူးစူးရဲရဲ ‌စိုက်ကြည့်လိုက်သည်။ သူမက အပြစ်မကင်းသလို ခံစားမိသော်လည်း လုံးဝ အပြစ်လွတ်လိမ့်မည် မဟုတ်ပေ။
ယခင်ကသာဆိုလျှင် သူမလည်း ချင်ကျောက်ထံ ပြေးဝင်ကာ လုပ်ကြံစွပ်စွဲခံရပါသည်ဟု ငိုကြွေးတိုင်ကြားမည်ဖြစ်သော်လည်း ယခုတော့ ဘာမှ ပြောစရာစကား မရှိတော့။ ဖုကျန်းကို မယုံခဲ့သည့် ဖုကျန်းချန်လိုမျိုးပင် ချင်ကျောက်ကလည်း သူမဘာပြောပြော ယုံကြည်မည်မဟုတ်ပေ။
ချင်ကျောက်၏အမြင်တွင်တော့ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းပင်ဖြစ်သည်။
ချင်ကျောက်က သူမကို ချင်မိသားစုမှ ဒေါသတကြီး နှင်ထုတ်လိုက်သည်။ ထန်ချင်ကတော့ အောင်နိုင်သူအပြုံးနှင့်အတူ ချင်မိသားစုသို့ ရွှေ့လာခဲ့သည်။
system ကို ပိုင်ဆိုင်ပြီးသည်မှစ၍ လမ်းပေါ်နေရသည့်ဘဝမျိုးကို နောက်တစ်ကြိမ် မကြုံရတော့ပေ။ ယခုတော့ မူလစမှတ်သို့ တစ်ဖန်ပြန်ရောက်သွားခဲ့လေပြီ။
သူမက system ကို စိတ်ထဲမှ လှမ်းခေါ်လိုက်သည်။
"သနားကြင်နာမှုရမှတ်တွေက လုံလောက်ပြီလား ..."
သို့သော်ငြား စက်သံတကျီကျီကိုသာ ကြားလိုက်ရသည်။ system မှာ သူယခင်ပြောခဲ့သလို စွမ်းအင်ပြတ်နေ၍ထင်သည်။ သူမကိုပင် အကြောင်းမပြန်နိုင်တော့။
ဖုကျန်းအပေါ် လုပ်ခဲ့သမျှ ဆိုးယုတ်မှုတို့က သူမ‌အပေါ် ပြန်ရောက်လာခဲ့သည်။ ဝဋ်ကြွေးတစ်ပတ်ပြန်လည်ခြင်းဖြစ်သည်။
ဖုထင်က ထိုသတင်းကို ပထမဆုံး ကြားခဲ့သူဖြစ်သည်။ ယခင်က သူနှင့် ဖုကျန်းချန်တို့သည် ထန်ဝမ်ဝမ်၏ ထူးခြားချက်ကို ရှာဖွေလိုသော်ငြား ချင်မိသားစုက တင်းတင်းကြပ်ကြပ် ကာကွယ်ထားသည့်အတွက် မလုပ်နိုင်ခဲ့။ ချင်ကျောက်က လူစားထိုး‌လိုက်သလိုမျိုး ပြောင်းလဲသွားမည်ဟုတော့ မမျှော်လင့်ထားပေ။ သူက ထန်ဝမ်ဝမ်ကို လုံး ဝ ဂရုမစိုက်တော့။ ချင်ကျောက်မှာလည်း သူတို့လိုပင် တစ်ခုခု၏ ထိန်းချုပ်မှုကို ခံထားရ၍ဖြစ်မည်ဟုသာ တွေးလိုက်သည်။
ဒီတစ်ခါရော သူ့ကို ဘာက ထိန်းချုပ်ထားတာပါလိမ့်
မည်သို့ပင်ဆိုစေ ထိုကိစ္စက ဖုထင်အတွက်တော့ သတင်းကောင်းဖြစ်သည်။ သူမ ဖုကျန်းအပေါ် လုပ်ခံသမျှအားလုံးမှာ ဝဋ်ပြန်လည်နေပြီဖြစ်သည်။
ယခုထန်ဝမ်ဝမ်မှာ ဖုကျန်းကြုံခဲ့သည်များနှင့် တစ်ထပ်တည်းပင်။ သူမက အသက်မွေးဝမ်းကျောင်းတစ်ခုကိုမှ ရှာမတွေ့ခဲ့။ ထန်အိမ်သို့ ပြန်ခဲ့သော်ငြား သူမ၏ သွေးရင်းမိဘများက အသိအမှတ်မပြုပေ။ အစောပိုင်းတစ်ရက်နှစ်ရက်ကတော့ ဟန်ဆောင်ပန်ဆောင် ကောင်းပြသေးသော်ငြား ချင်ကျောက်က ထန်ချင်ကို အမှန်တကယ် နှစ်သက်သည်ဟု သိလိုက်ရချိန်မှစ၍ သူမကို နှင်ထုတ်လိုက်တော့သည်။
ချင်ကျောက်ရှာတွေ့ခဲ့သည့် သူမ၏ မိဘဆိုသူများမှာ အစစ်ဟုတ်မဟုတ်ပင် သံသယဝင်မိတော့သည်။
system က သူမကို ဖုမိသားစုဝင်ဟု ဖုထင်နှင့် ဖုကျန်းချန်တို့အား အယုံသွင်းခဲ့သလိုမျိုး သူမကိုလည်း ထန်မိသားစုဝင်ဟုများ မှားယွင်းပြောဆိုခဲ့သလားဟု တွေးစပြုလာသည်။
သူမက ထို မိဘရင်းအမည်ခံသူများကို ထပ်ရှာတော့မည်မဟုတ်ပေ။
နောက်ဆုံးတွင်တော့ ရွေးစရာမရှိတော့၍ မူလက မိဘမဲ့ဂေဟာသို့သာ ပြန်လာ‌ရတော့သည်။ ဂေဟာမှူး၏ သဘောထားမှာ မဆိုးလှသည့်အတွက် သူမကို လိုလိုချင်ချင်ပဲ ပြန်လက်ခံပေးခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းတွင်ပင် နှစ်တစ်နှစ်က ကုန်ဆုံးသွားပြန်သည်။ ယဲ့ထျန်းနှင့် ဝမ်မင်ကဲတို့မှာ ပို၍ အတွဲညီလာကာ ကင်မရာရှေ့မဟုတ်လျှင်ပင် ဒေသိယစကားတို့ ပြောနေကြသည့်အဆင့်အထိ ရောက်လာခဲ့သည်။
ဖုန်းကျန့်၊ ဖန့်ဟုန်နှင့် ချီသဲလုံတို့ သုံးဦး၏ ပါဝင်ပေးမှုကြောင့် ဖုကျန်းတစ်ယောက် သူ့ရုပ်ရှင်အပေါ် အတော်ပင် ယုံကြည်ချက်ရှိလာသည်။
ဖုန်းကျန့်လောင်ရှီးမှာ ကျန်းမာရေးမကောင်းသည့်အတွက် တစ်ရက်လျှင် တစ်ပိုင်းနှစ်ပိုင်းထက်ပိုပြီး မရိုက်ကူးနိုင်ပေ။ ကျန်သည့်အချိန်များကို ပက်လက်ကုလားထိုင်ပေါ်တွင် စောင်ပိုင်းတစ်ထည် လွှမ်းထားရင်း နေရောင်ကို ရှုစားခြင်းဖြင့်သာ အချိန်ဖြုန်းနေသည်။ အိပ်ငိုက်လာ၍ သမ်းလိုက်သည်ကိုမြင်လျှင် ဖုကျန်းက သူ့ကို လာမေးလိုက်သည်။
"မစ္စတာဖုန်း ဒီနားက နည်းနည်းဆူတော့ အနားယူဖို့ ဟိုတယ်ကို လိုက်ပို့ပေးရမလား ..."
"မလိုပါဘူး ဒီလိုမျိုး သက်ဝင်လှုပ်ရှားနေတာကို သဘောကျလို့ ..."
ဖုန်းကျန့်က လက်ကိုယမ်းကာ ပြောလိုက်သည်။
"ရှောင်ဖု မင်းရုပ်ရှင်က နွေဦးပွဲတော်မှာ ဟာသရုပ်ရှင်အနေနဲ့ ပါဝင်မှာလား ..."
ဖုကျန်းက ခေါင်းယမ်းပြလိုက်သည်။
"အရမ်းနောက်ကျနေပြီ အခုပြီးသွားတယ်ဆိုရင်တောင် တစ်လအတွင်း တည်းဖြတ်နိုင်ဖို့ဆိုတာ မလွယ်ဘူးလေ ..."
ဖုန်းကျန့်က ပြောလိုက်သည်။
"နည်းနည်းတော့ အလောသုံးဆယ်ဖြစ်သွားမယ်နော် ရိုက်ပြီးဖို့က ဘယ်လောက်လိုသေးလဲ ..."
မူလကတော့ နွေဦးပွဲတော်တွင်ပါ နားရက်မပေးရန် ကြံရွယ်ထားခြင်းဖြစ်သည်။ သို့သော် ရိုက်ကူးရေးပြီးချိန်ကို ကန့်သတ်မထားသည့်အပြင် နှစ်သစ်ကူးနေ့ရိုက်ကွက်မှာလည်း အချိန်မရွေး ပြန်ရိုက်နိုင်သည့်အတွက် လူတိုင်းကို နွေဦးပွဲတော်နေ့မျိုးတွင် မိသားစုနှင့် ပြန်စုံစည်းရန်အတွက် ခွင့်ပေးရန်သာ ဆုံးဖြတ်လိုက်သည်။
ဖုကျန်း၏ မူလမှန်းဆချက်အရဆိုလျှင် ဖေဖော်ဝါရီလအကုန်တွင် အပြီးသတ်နိုင်မည်ဖြစ်သော်လည်း နားရက်ပေးဦးမည်ဖြစ်သည့်အတွက် မှန်းထားသည်ထက် ပိုပြီး နှောင့်နှေးပေလိမ့်မည်။
"မတ်လလောက်လို့ ခန့်မှန်းထားပါတယ် ..."
ဖုကျန်းက တွေးဆဆဖြင့် ပြောလိုက်သည်။
"ဧပြီလနှောင်းပိုင်း ဒါမှမဟုတ် မေလလောက်တော့ လွှင့်နိုင်မယ်ထင်တယ် ..."
ဖုန်းကျန့် " မျိုးချစ်စိတ်အကြောင်း ဗီဒီယိုအတိုလေး ရိုက်မလို့ဆို အဲ့ဒါကရော ဘယ်လိုနေလဲ ..."
ဖုကျန်းက ပြန်ဖြေလိုက်သည်။
"ပြင်နေပါပြီ ..."
"အဲ့အကြောင်းရော ပြောပြလို့ရလား ..."
ဖုကျန်းက သူ့အတွေးတို့ကို မျှဝေလိုက်သည်။ အမျိုးသားနေ့အမှတ်တရ ဗီဒီယိုအတွက် သူဝယ်ထားသမျှ စာအုပ်တို့ကို ဖတ်ရှုပြီးဖြစ်သည်။ ဗီဒီယိုမှာ ရှစ်မိနစ်မှ ဆယ်မိနစ်အထိ ရှည်ရန်လိုအပ်ရာ နောက်ဆုံးတွင် နည်းပညာတိုးတက်လာမှုအကြောင်း ရိုက်ကူးရန်သာ ဆုံးဖြတ်လိုက်သည်။
အတိတ်သမိုင်းကြောင်းအတွက်မူ ဇာတ်လမ်းရှည်ရိုက်ကူးရန်သာ တေးမှတ်ထားလိုက်သည်။
အိုင်ဒီယာရှိထားပြီးဖြစ်သော်ငြား လက်ရှိရိုက်နေဆဲရုပ်ရှင်နှင့် သတင်းဗီဒီယိုတို့တွင်သာ အာရုံစိုက်ထားရဦးမည်ဖြစ်သည်။
ဖုကျန်း၏အတွေးတို့ကို ကြားပြီးနောက် ဖုန်းကျန့်၏ တုန့်ပြန်မှုမှာ အနည်းငယ် တုန့်ဆိုင်းနေဟန်ပင်။ သူသည်လည်း ငယ်ရွယ်စဉ်က ဒါရိုက်တာလုပ်ခဲ့သည့်အတွက် ထိုကိစ္စများကို အနည်းငယ် တီးမိခေါက်မိရာ သူက ဖုကျန်းကို မေးလိုက်သည်။
"အဆင်တော့ပြေပေမယ့် အရမ်းကြီး အကုန်အကျများမယ်ထင်တယ်နော် ကုန်ကျစရိတ်ကို ကာမိပါ့မလား ..."
ဖုကျန်းမှာ အနည်းငယ် မင်သက်သွားသည်။ သူက ထိုပြဿနာအကြောင်း လုံးဝ တွေးမထားမိပေ။
"ကျွန်တော်မသိဘူး ..."
ဖုန်းကျန့်က သူနှင့် စကားဆက်ပြောချင်သော်ငြား လက်ထောက်ဒါရိုက်တာက ဖုကျန်းကို လှမ်းခေါ်လိုက်သည်။
"ဒါရိုက်တာဖု အားလုံး အဆင်သင့်ဖြစ်ပြီ စရိုက်လို့ရပြီနော် ..."
ဖုကျန်း " ဒါဆို ဖုန်းလောင်ရှီး ကျွန်တော်သွားနှင့်မယ်နော် သက်တောင့်သက်သာမဖြစ်ရင် ကားမောင်းတဲ့သူကို ဟိုတယ်ပြန်ပို့ခိုင်းလိုက်နော် ..."
ဖုကျန်းက မော်နီတာရှေ့ထိုင်ကာ အားလုံးအဆင်သင့်ဖြစ်ချိန်တွင် ရိုက်ကူးရေးကို စတင်လိုက်တော့သည်။ ချီသဲလုံက ဖုန်းကျန့်ဘေးဝင်ထိုင်ကာ ယဲ့ထျန်းနှင့် ဝမ်မင်ကဲတို့ သရုပ်ဆောင်နေသည်ကို အတူတူ ကြည့်နေလိုက်သည်။
"ငါတို့တွေက အိုလာပြီနော် ..."
ဖုန်းကျန့်က ကောက်ကာငင်ကာ ပြောလိုက်သည်။
ချီသဲလုံက ရယ်ကာ သာသာလေး‌ ပြောလိုက်သည်။
"နှစ်တွေအကြာကြီး အသက်ရှင်လာတာကိုမှ မအိုချင်သေးလည်းကွာ ..."
xxxxxxx