အပိုင်း ၁၃၆
Viewers 23k

ဖုကျန်းသည် ပြီးခဲ့သည့်နှစ်ရက်က ဆွဲထားခဲ့သည့်သတင်းကို ခပ်သွက်သွက်တည်းဖြတ်ကာ အင်တာနက်ပေါ် တင်လိုက်သည်။
*** တာဝန်သိပြည်သူ မစ္စတာဝမ်ရဲ့ သတင်းပေးပို့ချက်အရ ထင်းဟွာအိမ်ရာဝန်းအတွင်းက အများပြည်သူသုံးစက်ဘီးတွေကို မသမာသူလူတစ်စုက စက်မဲ့လေယာဉ်အဖြစ် ပြောင်းလဲအသုံးပြုနေတယ်လို့ သိရပါတယ်
*** အံ့ဩစရာပဲ ကောင်းကင်ဘုံကို ဝင်စားခြင်းမှာ ဖြတ်သွားဖြတ်လာတစ်ယောက်က နစ်နာသူရဲ့ ပြန်ပေးဆွဲပြီး ရောင်းစားခြင်းကို ခံလိုက်ရတယ်တဲ့
*** ကျန်းလင်ရေလှောင်တမံအနီးမှာ ထူးဆန်းတဲ့ တွင်းပေါက်ကြီးတစ်ပေါက်ကို တွေ့ရပြီးတော့ ဂြိုဟ်သားတွေရဲ့ အကြွင်းအကျန်လို့ သုံးသပ်မိပါတယ်
....
အင်တာနက်သုံးစွဲသူများက ထိုသတင်းမျိုးကို မယုံကြည်ကြပေ။ ဖုကျန်း၏ သတင်းများကို ကြည့်သည့် အကြောင်းပြချက်မှာ ဆွဲသားချက်များက လှလွန်း၍ Emoticon အဖြစ် အသုံးပြုနိုင်သောကြောင့်သာ ဖြစ်သည်။
ဇန်နဝါရီလသို့ ရောက်ရှိလာကာ လကုန်တွင် နွေဦးပွဲ‌တော်ရှိသည့်အတွက် အခြားနှစ်ကူးရုပ်ရှင်အားလုံးက အပြိုင်အဆိုင် ပရိုမိုးရှင်းဆင်းလာကြသည်။ ဖုကျန်း၏ နောက်ရိုက်သည့်ရုပ်ရှင်မှာ ဟာသရုပ်ရှင်ဖြစ်ကြောင်း သိကြသည့်အတွက် နွေဦးပွဲတော်အမှီ ထုတ်လွှင့်မည်ဟု ထင်ကြသော်ငြား အင်တာနက်ပေါ်တွင် သတင်းတစ်စွန်းတစ်စတောင် ရှာမတွေ့ချေ။ ဒါရိုက်တာဖုက နွေဦးပွဲတော်အမှီ လွှင့်ဖို့ စိတ်မကူးဘူးထင်တယ်။
အိမ်ပြန်ရောက်ပြီးနောက် မစ္စတာကျန်းက ဖုကျန်းအနားတွင် အားလပ်နေသော ကျန်းဟန်ရှုကို မကျေနပ်စွာဖြင့် အလုပ်ကိစ္စများကို လွှဲယူလိုက်ရသည်။ သူက ကျန်းဟန်ရှုကို ဖုန်းဆက်လိုက်သည်။
"မင်းမှာ လက်မှတ်လာထိုးရမယ့် စာချုပ်တွေရှိသေးတယ် အချက်အလက်က ပြီးမှ ပို့ပေးမယ် ..."
ကျန်းဟန်ရှုက ဘေးနားရှိ ဖုကျန်းကို စောင်းငဲ့ကာ ကြည့်လိုက်သည်။ သူနှင့်အတူ ရိုက်ကွင်းတွင် နေနေရသည်မှာပင် ကောင်းလှနေပြီဟု တွေးမိသည့်အတွက် မစ္စတာကျန်း၏ မကျေနပ်ချက်တို့ကို တည်တည်ငြိမ်ငြိမ်ဖြင့် လက်ခံလိုက်သည်။
"အိုကေ ..."
သူ ပြန်မလာမည်ကို စိုးရိမ်၍ မစ္စတာကျန်းက သူ နောက်လုပ်ရမည့် အစီအစဉ်များကို အီးမေးလ်ပို့ကာ ခပ်သွက်သွက်ပြန်လာရန် လောဆော်လိုက်သည်။
ဟိုတယ်သို့ ပြန်ရောက်၍ ဖုကျန်းကို ထိုအကြောင်း ပြောလိုက်သော်ငြား သူကတော့ ဘာမှ ခံစားရဟန်မတူ။ ကျန်းဟန်ရှုမှာ သူနှင့် မနီးမဝေးတွင် ရှိနေမည့်အတွက် မကြာခဏ တွေ့နိုင်ဦးမည်ဖြစ်သည်။
ကျန်းဟန်ရှုကတော့ ဖုကျန်း မခံစားရသည့် အကြောင်းအရင်းမှာ ဟိုကြောင်ကြောင့်ဟု ကောက်ချက်ချလိုက်သည်။
အိုက်ယား အချစ်ခံရဖို့အရေး ကြောင်တစ်ကောင်နဲ့ ယှဉ်လုနေရမယ်လို့ တွေးကို မတွေးဖူးဘူး
နောက်တစ်နေ့တွင်တော့ သူက ထွက်သွားခဲ့သည်။ ဖုကျန်းမှာ ယမန်ညက အဆင်ပြေပါသည်ဟု ပြောခဲ့သော်ငြား သူမရှိတော့သည့်အချိန်တွင်တော့ အနည်းငယ် နေသားမကျတော့သယောင်။ သို့သော် ရိုက်ကူးရေးကိုတော့ မနှောင့်နှေးစေခဲ့ပေ။
ကျန်းဟန်ရှုမှာလည်း အနီးနားမြို့သို့ ရောက်ရှိပြီးနောက် အနားပင်မယူဘဲ လက်မှတ်ထိုးရန် ကုမ္ပဏီသို့ တိုက်ရိုက်သွားပြီးနောက် လုပ်ဖော်ကိုင်ဖက်နှင့်အတူ ညစာစားလိုက်သည်။ အားလုံးပြီးဆုံးချိန်တွင်တော့ ညရှစ်နာရီပင် ထိုးနေပြီဖြစ်သည်။ နောက်နေ့တွင်လည်း အလုပ်ရှိနေသေးသည့်အတွက် ဖုကျန်းထံ မပြန်နိုင်တော့ပေ။
သူနေရန်အတွက်နေရာကို ကုမ္ပဏီမှ တာဝန်ရှိသူက စီစဉ်ပေးထားကာ သန့်ရှင်းသပ်ရပ်ပြီး သွားလာရေးလည်း လွယ်ကူသည်။ အခန်းဝရှေ့တွင် ရပ်နေသော ညအိပ်ဖော်မိန်းကလေးနှစ်ဦးမှာ‌တော့ ကျန်းဟန်ရှု၏ နှင်ထုတ်ခြင်းကို ခံလိုက်ရသည်။
ထိုကိစ္စကို ကြားသိရချိန်တွင်တော့ တာဝန်ရှိသူသည် ထိုကိစ္စကို စီစဉ်သော မန်နေဂျာအား ပိတ်ရိုက်လိုက်တော့သည်။
"မင်းခေါင်းထဲမှာ ရေတွေနဲ့ပြည့်နေတာလား ဟင် ဒါမျိုးကို စီစဉ်ရဲသေးတယ်ပေါ့ ..."
မန်နေဂျာမှာ မတရားစွပ်စွဲခံလိုက်ရဟန်ဖြင့် ပြန်ပြောလိုက်သည်။
"အရင်က လာတဲ့သူဌေးတွေလည်း ဒီလိုစီစဉ်ပေးရတာပဲလေ ..."
"ကျန်းဟန်ရှုက ဘယ်သူမိုလို့လဲ အရင်သူတွေနဲ့ တူမလား သူနဲ့ ဒါရိုက်တာဖုက လက်ထပ်ပြီးသားဆိုတာကို မင်းမသိဘူးလား ..."
အမှားကို သိသွားဟန်ရှိသော ဒါရိုက်တာက အမောတကော ပြန်ပြောလိုက်သည်။
"ဒါဆို ကောင်လေးရှာပေးရမှာလား ..."
"မင်းခေါင်းထဲမှာ -ျီးတွေ ပြည့်နေတာလား ကျန်းဟန်ရှု ဘယ်ကနေ လာတာလဲသိလား ဖုကျန်းနောက်ကိုလိုက်နေရာကနေ ရောက်လာတာကွ မင်းမေကြီးတော်ကြီးကို ကောင်လေးရှာပေးနေ ..."
သူက မန်နေဂျာကို နောက်တစ်ခါ ရိုက်ကာ ဒေါသတကြီး ပြောလိုက်ပြန်သည်။
"လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် အထုပ်သိမ်းပြီး နှစ်သစ်ကူးဖို့ အိမ်ပြန်လိုက်တော့ ..."
မန်နေဂျာမှာ အမှန်တကယ်ကို နှစ်သစ်ကူးရန် အိမ်ပြန်ချင်သော်ငြား သူ့သူဌေးဆိုလိုသည်မှာ နိမိတ်မကောင်းမှန်းတော့ သိနေပါသေးသည်။
"ဒါဆို ဘာလုပ်သင့်လဲ ..."
သူက မေးလိုက်သည်။
"သူက ဘာမှ ပြောမလာမှတော့ ဒီတိုင်းလေးပဲ ထားလိုက် ..."
ထိုအချိန်မှစ၍ ကျန်းဟန်ရှုအနားတွင် အရှုပ်ဇယားတို့ကို မတွေ့ရတော့။
သူ့အလုပ်များ ဖြေရှင်းပြီးနောက် ရိုက်ကွင်းသို့ ပြန်လာကာ နှစ်သစ်ကူးမနက်တွင် ဒေသခံတို့၏ ဓာတ်ပုံကို ရိုက်ပြီးမှ အိမ်ပြန်ရန် လက်မှတ်ဖြတ်လိုက်ကြသည်။
မီးပုံးပွဲတော်နေ့တွင် ရိုက်ကူးရန် ရှိသေးသည့်အတွက် ဖုကျန်းက အားလုံးကို သတိပေးလိုက်သည်။
"တစ်လပိုင်း ဆယ်ရက်နေ့ကျ ပြန်လာဖို့ မမေ့ကြနဲ့နော် ..."
အားလုံးကလည်း မပြန်ခင် ဖုကျန်းကို တောင်းဆိုလိုက်ကြသည်။
"ဒါရိုက်တာဖုရော စာအိတ်နီမပေးတော့ဘူးလား ..."
ဖုကျန်းက ပြုံးလိုက်သည်။
"ညကျ ဂရုထဲမှာ တင်ထားပေးမယ် ..."
အားလုံးပြန်သွားပြီးနောက် ဖုကျန်းတို့လည်း ဖျင်ဟိုင်မြို့သို့ ပြန်ရန် လေယာဉ်လက်မှတ်ဖြတ်ကာ ကျနအိမ်သို့သာ တိုက်ရိုက်ပြန်လိုက်ကြသည်။ သူတို့က ဖုကျန်းချန်နှင့် ဖုထင်တို့ကိုပါ ဖိတ်ရန် တိုင်ပင်လိုက်သည့်အတွက် လေထုတစ်ခုလုံး ရွှင်မြူးတက်ကြွနေပေသည်။
ညစာစားပြီးနောက် အားလုံး TV ရှေ့ စုဝေးကာ စကားပြောလိုက်၊ မာကျောက်ကစားလိုက်၊ ရံဖန်ရံခါ TV ကို လှမ်းကြည့်လိုက်ဖြင့် အချိန်ဖြုန်းနေကြသည်။ ဖုကျန်းနှင့် ကျန်းဟန်ရှုကတော့ မီးဖိုချောင်ထဲတွင် မနက်အစောစာအတွက် ဖက်ထုပ်ပြုတ်နေကြသည်။ အရေအတွက်မှာတော့ ယခင်နှစ်ကထက် ပိုပြီးများလာသည်။
၁၂ နာရီထိုးခါနီးတွင်တော့ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့က ဖုန်းခေါ်ကာ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ကြသည်။ ချီသဲလုံလောင်ရှီးကို ဖုန်းဆက်လိုက်ချိန်တွင် သူက ဖုကျန်းကို မေးလိုက်သည်။
"ဖန်ဟဲနဲ့ ချိုက်ဖေးကလည်း ဧည့်သရုပ်ဆောင်လုပ်ချင်လို့တဲ့ ရလား ..."
ထိုသူနှစ်ဦးမှာ ဟာသဘုရင် မစ္စတာဖုန်းကျန့်လောက် မတော်ကြသော်ငြား နွေဦးပွဲတော်၏ ပုံမှန်ဧည့်သည်များဖြစ်ကြသည်။ သေချာပေါက်ကို လာလို့ရတာပေါ့
"ရပါတယ် ..."
ဖုကျန်းက ခဏရပ်လိုက်သည်။ ဒီအိုင်ဒီယာမျိုး ဘယ်လိုရလာသလဲဆိုတာကို သိချင်နေ‌ဆဲဖြစ်သည်။
သူ ဘာတွေးနေသလဲဆိုတာကို ရိပ်မိသော ‌ချီသဲလုံက ထိုသူနှစ်ဦးမှာလည်း ဖုန်းကျန့်က အလုပ်အတူတူ လုပ်ချင်ပါသည်ဆို၍ ရောက်လာခြင်းဖြစ်ကြောင်း ပြောလိုက်သည်။
ဖက်ထုပ်ပြုတ်ပြီးနောက် ဖုကျန်းတို့လည်း မီးဖိုချောင်ထဲမှ ထွက်လာကာ TV ရှေ့မှ ထိုင်ခုံပေါ်ထိုင်ရင်း ပွဲအစီအစဉ်များကို ထိုင်ကြည့်နေလိုက်သည်။ အစီအစဉ်များစွာကို ဖြတ်တောက်ပစ်ကြောင်း အင်တာနက်ပေါ်တွင် တွေ့လိုက်သည့်အတွက် ဖန်ဟဲနှင့် ချိုက်ဖေးတို့ကဲ့သို့ ရင်းနှီးနေသော မျက်နှာများကို စင်ပေါ်တွင် မတွေ့ရတော့။
၉ ရက်နေ့တွင်တော့ ဖုကျန်းလည်း ရိုက်ကွင်းသို့ ပြန်လာလိုက်သည်။ ကျန်းဟန်ရှုမှာတော့ ကိုင်တွယ်စရာကိစ္စ ရှိနေသေး၍ သူနှင့်အတူတူ မလိုက်ခဲ့နိုင်ပေ။ ရိုက်စရာအပိုင်းများလည်း သိပ်မကျန်တော့သည့်အတွက် လဝက်အတွင်း ပြန်လာနိုင်မည်ဟု တွက်ထားလိုက်သည်။
နောက်ဆုံးတွင်တော့ အက်စတာဥကို ခွဲရတော့မည်ဖြစ်သည်။ ထိုအတွက် ဖုကျန်းသည် နောက်ခံတေးကို ရက်အများကြီး ကြိုထည့်ထားသည်။
"မင်းရဲ့ တေးသံက မှော်ဆန်လိုက်တာ ..."
ထိုသီချင်းသံကို ကြားချိန်တွင်တော့ ချီသဲလုံမှာ ခြေထောက်လှုပ်ကာ စည်းချက်မလိုက်ဘဲ မနေနိုင်တော့။
ဖုကျန်းက ပြုံးကာ ပြောလိုက်သည်။
"ကကွက်ထွင်ပေးဖို့ တစ်ယောက်ရှာထားတယ် ချီလောင်ရှီး နောက်ပိုင်းကျ အတူတူသင်ချင်လား ..."
"မဟုတ်တာ မဟုတ်တာ ငါ့က ခြေရောလက်ရော မကောင်းတော့တဲ့ လူအိုကြီးပါကွာ ..."
ဖုကျန်းက ဇွတ်အတင်း ဖိအားမပေး။ ဖုန်းကျန့်လောင်ရှီးမှာ အတော်ကို သဘောကျသည့်အတွက် ဖန့်ဟဲလောင်ရှီး၊ ချိုက်ဖေးလောင်ရှီးတို့နှင့်အတူသာဆိုလျှင် လူငယ်များနှင့်အပြိုင်ပင် ကနိုင်လောက်သည်။ ထို့ပြင် အကမှာလည်း ကကွက်သပ်သပ်မဟုတ်ဘဲ ကိုယ်ကာယလေ့ကျင့်ခန်းဖြစ်သည်။
သံစဉ်က မှော်ဆန်သလို အက ကလည်း စိတ်ဝင်စားစရာ ကောင်းလှသည်။
ရုပ်ရှင်မှာ ဖုကျန်းထင်ထားသည်ထက်စောပြီး ဖေဖော်ဝါရီလတွင် အပြီးသတ်နိုင်ခဲ့သည်။ ရုပ်ရှင်နာမည်ကို ထျန်းဟွာလွမ်ကျူးဟု ဆုံးဖြတ်လိုက်သည်။ ရုပ်ရှင်ထဲမှ ဇာတ်ကောင်မှာ မလိုက်မဖက် လေလုံးထွားလေ့ရှိသည့်အပြင် ဇာတ်ကောင်ကို ရောင်ပြန်ဟပ်နေ၍ ထိုနာမည်ကို ရွေးလိုက်ခြင်းဖြစ်သည်။
ရိုက်ကူးရေးအပြီးတွင်တော့ တည်းဖြတ်ခြင်းနှင့် ထုတ်လုပ်ရေးအပိုင်းသာ ကျန်တော့သည်။ ပန်းပွင့်လေးများ ကျဆင်းနေသည့် အထူးပြုလုပ်ချက်မှာ နည်းပါးလွန်း၍ ဖုကျန်းမှာ ဈေးဆိုင်ပိုင်ရှင် ဖြစ်လုနီးပါးပင်။
ဒီတစ်ကြိမ်တွင်တော့ သူ့မှာ နားချိန်မရှိတော့ဘဲ နောက်ထပ် ဗီဒီယိုအတိုရိုက်ရန် ပြင်ဆင်လိုက်ရတော့သည်။
တည်းဖြတ်မှုပြီးစီးသော ထျန်းဟွာလွမ်ကျူးကို ဖုကျန်းထံ ပြသအစီရင်ခံကာ အမှားကင်းမှန်း သေချာချိန်တွင်တော့ အထူးပြုလုပ်ချက်တို့ ထည့်တော့မည်ဖြစ်သည်။ အချိန်တို့ကို တွက်ဆကြည့်လိုက်ရာ ရုပ်ရှင်ကို ဧပြီလအတွင်း ထုတ်လွှင့်နိုင်မည်ဖြစ်သည်။ ယခု မတ်လသို့ ရောက်နေပြီဖြစ်၍ ပရိုမိုးရှင်းဆင်းရတော့မည့်အချိန်ဖြစ်သည်။
သို့သော်ငြား သတင်းစာရှင်းလင်းပွဲနှင့် ဇာတ်လမ်းသစ်မိတ်ဆက်ပွဲတို့ ပြုလုပ်ပါသော အခြားရုပ်ရှင်များနှင့် နှိုင်းစာပါလျှင် သူ့ရုပ်ရှင်ပရိုမိုးရှင်းမှာ အတော်ပင် ရိုးစင်းနေသေးသည်။ မိတ်ဆက်ထွက်လာသည်မှလွဲ၍ ဒါရိုက်တာဖုတစ်ဦးတည်းသာ အားလပ်နေကာ အင်တာဗျူးရန် လက်ခံနိုင်ပေသည်။
ယဲ့ထျန်းနှင့် ဝမ်မင်ကဲတို့နှစ်ဦးလုံးမှာ ကျောင်းပြန်တက်နေရပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ဘာသာရပ်တော်တော်များများကို ပျက်ကွက်ခဲ့သည့်အတွက် သင်ကြားရေး၊ စာမေးပွဲတို့နှင့် အလုပ်များနေသည်။ ဖုန်းကျန့်လောင်ရှီးမှာ နိုင်ငံခြားသို့ ပြန်သွားကာ ချီသဲလုံနှင့် ဖန့်ဟုန်လောင်ရှီးတို့လည်း လိုက်သွားကြသည်။ ဖန်ဟဲလောင်ရှီးမှာလည်း အလုပ်များနေသည့်အတွက် သူတို့ကို အနှောင့်အယှက်ပေး၍ မသင့်ပေ။
ဖုကျန်းကိုယ်တိုင်သည်လည်း အားလပ်နေသည်တော့ မဟုတ်ပေ။ ဇာတ်လမ်းတိုရိုက်ရန် အလုပ်များနေသည့်အတွက် အင်တာဗျူးအချို့ လက်ခံပြီးချိန်တွင် ကျန်ကိစ္စအဝဝတို့ကို စတူဒီယိုသို့သာ လွှဲအပ်ထားလိုက်တော့သည်။
စတူဒီယိုဝန်ထမ်းများမှာ လူထုဆက်ဆံရေးတွင် ဖုကျန်းထက်ပင် ပိုမို‌စွမ်းဆောင်နိုင်သည့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ထျန်းဟွာလွမ်ကျူးသည် ဖုကျန်းရိုက်ခဲ့သမျှထဲတွင် လူသိအများဆုံးရုပ်ရှင် ဖြစ်လာသည်။ ချွန်းဟွာတောင်ကိုတော့ ထည့်တွက်လို့ မရဘူးပေါ့။ အဲ့ဒါက ဖုကျန်းကြောင့်သပ်သပ်နဲ့ လူသိလာတာမှ မဟုတ်‌တာ။
သရုပ်ဆောင်တို့၏ ပရိုမိုးရှင်းဆင်းပေးမှု မပါဝင်သော်ငြား အင်တာနက်ပေါ်မှ လူငယ်အများစုမှာတော့ထိုရုပ်ရှင်ကို ထုတ်လွှင့်တော့မည်ဖြစ်ကြောင်း သိနေပြီးသားဖြစ်သည်။ ဖုကျန်းရိုက်ခဲ့သမျှမှာလည်း ဆိုးဆိုးဝါးဝါး မဖြစ်ဖူးသည့်အပြင် နွေဦးပွဲ‌တော်ကာလကို ခပ်ညံ့ညံ့ရုပ်ရှင်များဖြင့်သာ ဖြတ်သန်းခဲ့ရသည့်အတွက် နောက်ကျိနေသော စိတ်အစုံကို သူ့လက်ရာဖြင့် ပြန်လည်ဖြေဖျောက်ရန် ဆုံးဖြတ်လိုက်ကြသည်။
နွေဦးပွဲတော်ရုပ်ရှင်အားလုံးမှာတော့ ဆိုးဝါးနေသည်မဟုတ်ပေ။ အစောပိုင်းက လူစိတ်ဝင်စားမှု မရခဲ့သည့် သိပ္ပံရုပ်ရှင်ကားတစ်ကားမှာ ရင်သပ်ရှုမောဖွယ် အရည်အသွေးနှင့်အတူ ပြိုင်ဘက်အားလုံးကို ရိုက်ချကာ ရုံဝင်ကြေး သန်းလေးထောင်နီးပါး ရရှိခဲ့သည်။
ထိုကာလတွင် ပြသသည့် ဟာသရုပ်ရှင်များမှာတော့ မစွံလှ။ အစောပိုင်းကမူ လူတိုင်းက အမျှော်လင့်ကြီး မျှော်လင့်ကြသော်ငြား မှန်းချက်နှင့်နှမ်းထွက်မကိုက်ပေ။ ဟာသပြကွက်ပင် မပါပါဘဲလျက် ဖျစ်ညှစ်ရယ်ခိုင်းနေသလိုပင်။ သိပ္ပံရုပ်ရှင်မှာ ရယ်ရသော်ငြား အမျှော်လင့်ထားရဆုံး ဇာတ်သိမ်းပိုင်းမှာတော့ ဝေဝါးကာ မပြတ်သားပေ။
မည်သို့ပင်ဖြစ်စေ ဒီတစ်ခေါက်တော့ သိပ္ပံရုပ်ရှင်များက ရုံဝင်ကြေးမြင့်သည့်အလှည့်ဟုပင် ဆိုနိုင်ပေသည်။ အနုပညာလောကမှာလည်း ကောင်းသည်ထက် ကောင်းလာပြီး လူငယ်များမှာလည်း အရည်အချင်းတို့ကို ပြသနိုင်သည့် အခွင့်အရေးတို့ များသည်ထက်များလာသည်။ မျိုးဆက်ဟောင်းတို့ထက် ခြေတစ်လှမ်းပင် နောက်ကျကျန်မနေသလို ရုံဝင်ကြေးမှာလည်း အရည်အသွေးပေါ် မူတည်၍သာ တိုးများလာသည်။
အတိုချုပ်‌ရပါလျှင် ရုပ်ရှင်လောက၏ ရွှေခေတ်သို့ တစ်ဖြေးဖြေး ရောက်ရှိလာလေပြီ။
xxxxxx