အပိုင်း ၁၃၇
Viewers 23k

ထျန်းဟွာလွမ်ကျူး၏ trailer ကို မြင်လိုက်ရချိန်တွင်တော့ လူတိုင်းမှာ တအံ့တဩ ဖြစ်ကုန်ရတော့သည်။ ဖုကျန်းက ဝါရင့်သရုပ်ဆောင်အမြောက်အများ ပါဝင်ထားသည်ဟု ထုတ်ပြောဖူးသော်ငြား နွေဦးပွဲတော်ညနေပိုင်းအစီအစဉ်၏ ပုံမှန်ဧည့်သည်တော်ကြီးများ ဖြစ်လိမ့်မည်ဟုတော့ ထင်မှတ်မထားပေ။ ညနေပိုင်းအစီအစဉ်များတွင် နောက်တစ်ကြိမ် မတွေ့နိုင်တော့၍ စိတ်ပျက်နေကြသော်ငြား ထိုကဲ့သို့ တစ်စုတစ်ဝေးတည်း ပြန်တွေ့ရလိမ့်မည်ဟုတော့ အိပ်မက်ပင် မမက်ဖူးချေ။
--- trailer ကတော့ လုံးဝကို ပြီးပြည့်စုံလုနီးပါးပဲ။ ဖုန်းကျန့်၊ ဖန်ဟုန်၊ ဖန်ဟဲ၊ ချိုက်ဖေး ပြီးတော့ ဖန်ယိဖန်ပါ ပါသေးတယ်ထင်တယ် သူတို့မျက်နှာတွေကို မြင်ရရုံနဲ့ကို ရယ်ချင်နေပြီ ဘာလို့များ နွေဦးပွဲတော်အမှီ မလွှင့်တာလဲ မသိဘူး
‌--- နွေဦးပွဲတော်အစီအစဉ်ကို ရုံထဲမှာ ကြည့်နေရသလိုကြီးပဲ trailer က ဘာလို့ တိုတိုလေးလဲ တကယ် ထွက်လာဖို့ကို မစောင့်နိုင်တော့ဘူး
--- ဒါရိုက်တာဖုကတော့ ဆရာကြီးပဲ ဒီလူတွေကို ဘယ်လိုများ ခေါ်လာတယ်မသိဘူး
--- ရယ်ရရ မရရ ဖုန်းကျန့်နဲ့ ဖန့်ဟုန်ကို မြင်လိုက်ကတည်းကကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီ။
--- ငါရောပဲ ဒါက နွေဦးပွဲတော်မှာ လွှင့်ခဲ့သင့်တာကိုဟယ် ဘာပဲဖြစ်ဖြစ်ပါ သိပ်မကြာခင် ထွက်‌လာတော့မှာပါပဲ။
.....
အင်တာနက်တစ်ခွင်လုံးမှာလည်း ပရိသတ်တို့၏ ရင်ခုန်စိတ်လှုပ်ရှားသံတို့ဖြင့်သာ ပြည့်နှက်နေသည်။
လူတိုင်းထင်ထားသလို မကောင်းလောက်ပါဘူးဆိုပြီး တွေးတဲ့လူတွေလည်း သေချာပေါက်ကို ရှိသေးတာပေါ့။ ရင်းနှီနေတဲ့သူတွေ အများကြီးပဲဆိုပေမယ့် နာမည်ကြီးတွေ ပြွတ်သိပ်ထည့်တာကြီးက အပိုအလုပ်ကြီးပဲလေ အကုန်လုံးက နာမည်ကြီးတွေဆို‌တော့ ရိုက်ကွက်ကို အတူတူ ထားပေးရမှာ ဒီလိုကြီးဆို ရုပ်ရှင်ရဲ့အနှစ်သာရ ဘယ်လိုလုပ်ရတော့မှာလဲ။
ထိုသို့ပြောသူများမှာတော့ မကြာခင်မှာပင် ဖုကျန်း၏ မျက်နှာဖြတ်ရိုက်ခြင်းကို ခံလိုက်ရသည်။
ထောင့်စေ့အောင် ပြင်ဆင်ထားသော ထျန်းဟွာလွမ်ကျူးသည် စိစစ်ရေးကိုလည်း ခပ်သွက်သွက်ပင် ဖြတ်ကျော်လာနိုင်ခဲ့သည်။ ပြန်ပြင်ရိုက်ကူးရန်လည်း တစ်ကွက်မှ မလိုအပ်ခဲ့။
ဖုကျန်းက ပြသမည့်ရက်ကို ဧပြီလ ၉ ရက်ဟု သတ်မှတ်လိုက်သည်။ အစောပိုင်းတွင်တော့ ဘယ်သူကမှ ဖုန်းကွယ်ထားသော အဓိပ္ပါယ်ကို မသိကြ။ အလုပ်သမားနေ့လည်း မဟုတ်၊ April fool's နေ့လည်း မဟုတ်သည့်အတွက် ဒီတိုင်း ကြုံရာတစ်ရက်ကို ရွေးလိုက်သည်ဟုသာ တွေးကြ၏။ သို့သော် ကောင်မလေးတစ်ဦးက ထိုနေ့၏ အရေးကြီးမှုကို ရှာတွေ့သွားတော့သည်။
အဲ့ဒါက ဖုကျန်းနဲ့ ကျန်းဟန်ရှုတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့တဲ့။
မနှစ်က သူနှင့်ကျန်းဟန်ရှုတို့ ဧပြီလ ၉ ရက်နေ့တွင် လက်ထပ်ခဲ့ပြီးပြီဟူသည့် ဖုကျန်း၏ ရှင်းလင်းချက်မှာ ယခုထိ ရှိနေဆဲဖြစ်သည်။ အပုပ်အသိုးစားသူတစ်အုပ်မှာတော့ စိတ်လှုပ်တရှားဖြင့် တစ်နေကုန် ခွေးစာစားနေရတော့သည်။
အင်တာနက်သုံးစွဲသူများမှာလည်း ချဉ်စူးနေသော ခံစားချက်တို့နှင့်အတူ ခွေးစာတစ်လုပ်ကို မျိုချလိုက်ရတော့သည်။
အားလုံး၏ မျက်စိရှေ့တွင်ပင် ဧပြီလ ၉ ရက်နေ့သို့ ရောက်လာတော့သည်။ အဖြူရောင်ရဲတိုက်နှင့် လွတ်မြောက်ရာတို့၏ ပထမရက် ရုံဝင်နှုန်းမှာ သိပ်ကျေနပ်ဖွယ်ရာ မရှိခဲ့။ နောက်ပိုင်းမှသာ တရိပ်ရိပ် ထိုးတက်လာခြင်းဖြစ်သည်။ သို့သော် ထျန်းဟွာလွမ်ကျူးကတော့ မတူ။ တန်းစီနှုန်းနှင့် ကြည့်ရှုသူ အရေအတွက်မှာ အတော်ပင် မြင့်မားကာ ကြိုတင်ရောင်းရငွေကသည်ပင် သန်းနှစ်ရာအထိ တဟုန်ထိုး ထိုးတက်သွားသည်။
ရှုယွမ်သည် ပြီးခဲ့သည့်နှစ်က လက်မှတ်ရောင်းသူမိန်းကလေးနှင့် ချစ်ကြိုက်နေကြပြီဖြစ်သည်။ ရည်းစားဟောင်းနှင့် ကြည့်ခဲ့သည့် ယမန်ညမှ အနောက်အရပ်လေကို သင်ခန်းစာယူကာ ရှုယွမ်သည် အစောကြီးကတည်းကပင် အွန်လိုင်းမှ လက်မှတ်ကြိုဝယ်ထားလိုက်သည်။ သူ့ကောင်မလေးနှင့်အတူ ရုံထဲဝင်လာချိန်တွင်တော့ ထိုင်ခုံအလွတ်ပင် မရှိတော့။
ပြီးခဲ့သည့်နှစ် လွတ်မြောက်ရာကို ကြည့်ခဲ့စဉ်ကလည်း လူဝင်နှုန်းမြင့်မှန်း သိရကာမှသာ သက်မ ချနိုင်တော့သည်။ နောက်ဆုံးတော့ ကြောက်ဒူးတုန်စရာ မလိုတော့ဘူးပဲ။
ပိတ်ကားထက်မှာတော့ ကြော်ငြာလာနေဆဲဖြစ်သည်။ ရှုယွမ်က ပေါက်ပေါက်ဘူးကို ကောင်မလေးနှင့်အတူ အရသာရှိရှိ စားနေလိုက်သည်။
နှစ်မိနစ်အကြာ ရုပ်ရှင်စတင်ချိန်တွင် မြင်ဖူးနေကျ နဂါးရုပ်အမှတ်အသားက ထွက်ပေါ်လာသည်။ ရှုယွမ်လည်း နောက်ကိုမှီကာ သက်‌တောင့်သက်သာရှိသည့် ကိုယ်ဟန်ကို ချိန်ညှိလိုက်သည်။
ငြင်းခုန်နေသူအပြည့်နှင့် အပြာရောင်ဘတ်စ်ကားက မြင်ကွင်းတွင် ပေါ်လာသည်။
"ပြောတော့ကျ မနက်ဖြန် ပင်ကျိုးကို ရောက်မှာဆို ..."
"ကုမ္ပဏီက ဒေဝါလီခံသွားတာတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူးလေဗျာ နောက်နေ့အတွက် နေစရာ၊ စားစရာတွေပါ ပေးနိုင်တော့မှာ မဟုတ်ဘူး ဆက်သွားချင်သေးလား ..."
"ငွေပြန်အမ်း ငွေပြန်အမ်းပေးလို့ ..."
"ငွေပြန်အမ်းခိုင်းချင်ရင်တောင် ကုမ္ပဏီကို အရင်ပြန်ရဦးမယ်လေ ..."
အခြားဧည့်သည်များက ဧည့်လမ်းညွှန်၏စကားအတိုင်း ငွေပြန်သွားတောင်းရန် အဆင်သင့်ဖြစ်နေကြသော်ငြား ခရီးသည်နှစ်ဦးမှာတော့ တစ်မူထူးနေသည်။ တစ်ညအိပ်နှစ်ရက် ကားပြန်စီးကာ အေဂျင်စီအသစ်လည်း ထပ်ရှာရဦးမည်မှာ အချိန်ပုပ်လွန်းလှသည့်အတွက် သူတို့နှစ်ဦးသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ခရီးဆက်လိုက်ကြတော့သည်။ လမ်းတစ်လျှောက်လုံးတွင်လည်း ပြက်လုံးတို့က မနည်းမနောပင်။
Lhasa သွားရာလမ်းတွင် Zhuangzi သို့ လမ်းမှားကာ ရောက်သွားသည်။ လမ်းစရိတ်လည်း မရှိတော့သည့်အတွက် ပျက်စီးနေသော ပန်ဒါလက်မောင်းကို ပြန်ပြင်ရာတွင် အလုပ်ဝင်လုပ်လိုက်ကြသည်။ သည်းမခံနိုင်သော ယဲ့ထျန်းက ပန်ဒါကို ဆေးဖြင့် အနီရောင်ဘီကီနီ ဝတ်ပေးလိုက်တော့သည်။ ထို့နောက် နေစောင်းခါနီးအချိန်တွင် စက်ဘီးတစ်စီးဖြင့် ထွက်ပြေးသွားကြတော့သည်။ ရုပ်ရှင်ရုံတစ်ရုံလုံးမှာ ဝါးလုံးကွဲ ရယ်လိုက်ကြတော့၏။
ရှုယွမ်၏ ကောင်မလေးမှာတော့ ကြက်သေသေနေသည်။ ပြီးခဲ့သည့်နှစ် ဘူတာရုံတွင် လျှောက်ပတ်ကြည့်နေစဉ်က <<< ပန်ဒါကို ဆေးဖြင့် အနီရောင်ဘီကီနီဝတ်ပေးသွား >>> ဟူသည့် သတင်းကို တွေ့မိခဲ့ကြောင်း အမှတ်ရလိုက်သည်။ သူမက ရှုယွမ်ကို တိုးတိုးလေး ပြောလိုက်သည်။
"ဒါကြီးကို ရင်းနှီးနေသလိုပဲ..."
ရှုယွမ်ကတော့ သူမပြောသည်ကို တစ်လုံးမှ မကြားလိုက်။ ရုပ်ရှင်ထဲတွင်သာ စိတ်ရောကိုယ်ပါ နစ်ဝင်နေသည့်အတွက် သူမကို ပြောလိုက်သည်။
"ဒါပြီးမှ ဆက်ပြောရအောင်နော် ..."
သူမက သက်ပြင်းသာ အသာချလိုက်တော့သည်။ ရုပ်ရှင်ကိုလည်း အာရုံမစိုက်နိုင်တော့သည့်အတွက် ဖုန်းမီးကို လျော့ကာ Wazhan ၏ နောက်ဆုံးထွက်သတင်းများကို လိုက်ရှာဖတ်နေလိုက်သည်။
စက်ဘီးပျက်သွားရန်မှာ သိပ်ပင်မကြာလိုက်။ လမ်းတွင်ရပ်ကာ စက်ဘီးပြင်လိုက်သော်လည်း အချိန်ကြာသည်အထိ ဘာမှ တိုးတက်မလာပေ။
"မင်းရဲ့ heavy industry က တအား မကောင်းလွန်းနေဘူးလား ဘာလို့ စက်ဘီးလေးကိုတောင် မပြင်နိုင်ရတာလဲ ..."
(heavy industry က သံထည်လုပ်ငန်း၊ ကားတည်ဆောက်ရေးတို့လိုမျိုး လုပ်အားအများကြီး စိုက်ထုတ်ရတဲ့ လုပ်ငန်းမျိုးပါ။ ချည်ထည်လုပ်ငန်းလိုမျိုးကိုကျ light industry လို့ ခေါ်ပါတယ်တဲ့)
"heavy industry? ..."
ယဲ့ထျန်းက ရယ်လိုက်သည်။
"အသားကင်တာလား ..."
"ပြီးတော့ စက်ဘီးကိုရော ကားပြင်သလို မပြင်တတ်ဘူးလား ..."
ထိုင်ဝမ်သားနှင့် အရှေ့မြောက်ပိုင်းသားတို့က စကားနိုင်လုလိုက်ကြတော့သည်။ ချီသဲလုံလောင်ရှီး၏ ဇာတ်ညွှန်းတို့မှာ သဘာဝကျကျ ရယ်ရသည့်အတွက် ရုံထဲတွင် ရယ်သံတို့ပင် မစဲနိုင်တော့။
မူလတန်းကျောင်းသားများလို စကားနိုင်လုအပြီးတွင်တော့ စက်ဘီးလည်း ပြင်ပြီးသွားပြီဖြစ်သည်။ ယဲ့ထျန်းလည်း ဝမ်မင်ကဲနှင့်အတူ မြို့ထဲသို့ စက်ဘီးဖြင့် ထွက်လာလိုက်တော့သည်။
သူတို့က မြို့ထဲတွင် သူတောင်းစားလေးဖြင့် တွေ့လိုက်သည်။ သူက ဝမ်မင်ကဲ၏ ဘောင်းဘီစကိုဆွဲကာ ဖေဖေ၊ ဖေဖေဟု တကြော်ကြော် လိုက်အော်နေသည်။ ဝမ်မင်ကဲမှာ မွေးကတည်းက အခုအထိ ရည်းစားပင် မထားဖူး။ သူတောင်းစားလေးမှာတော့ ရှစ်နှစ်ကိုးနှစ်ခန့်ပင် ရှိနေပြီဖြစ်သည်။ ဝမ်မင်ကဲမှာ ၂၂ နှစ်သာ ရှိသေးရာ ၁၅ နှစ်ကတည်းက ကလေးရခဲ့သည်မှာ ယုံလောက်စရာတော့ မဟုတ်ပေ။
ဝမ်မင်ကဲက ထိုလူလိမ်လေးအနားမှ ထွက်သွားမည်ပြင်သော်လည်း ကြင်နာသူကြီး ယဲ့ထျန်းကတော့ ငွေအကြွေလေးပေးကာ စားစရာပင် ကျွေးလိုက်သေးသည်။
စိတ်ပျက်စရာကောင်းလောက်အောင်ကို အပြစ်ကင်းပြီး နုံအနေလိုက်တာများ။
သူ၏ သဘောဖြူမှုက အမှားအယွင်းတစ်ခု ဖြစ်သွားတော့သည်။ ထိုသူတောင်းစားမှာ အမှန်ကို လူလိမ်ဖြစ်ကာ သူတို့ထံမှ ငွေအားလုံးကို အလစ်သုတ်သွားတော့သည်။ ကြင်နာတတ်သူ ဇနီးမောင်နှံက အတူတူခေါ်သွားပေး၍သာ တော်သေးသည်။
ရှုယွမ်၏ မျက်နှာတွင် သဘောပေါက်ဟန် အပြုံးတို့က ထွက်ပေါ်လာသည်။ လောကကြီးမှာလည်း လူကောင်းတွေ ရှိသေးတာပဲ။
တွေး၍ပင်မဆုံးသေး။ ပါးရိုက်ခံလိုက်ရတော့သည်။ ထိုလင်မယားမှာ လူကုန်ကူးသူများဖြစ်ကာ ကြီးကြီးငယ်ငယ်၊ ပျိုပျိုအိုအို ကျားမ မရွေး ရောင်းစားမည့်သူများဟု လုံးဝ ‌မမျှော်လင့်ထားပေ။ ယဲ့ထျန်းက ညသန်းခေါင်ကြီး နိုးလာကာ သူတို့အကြံကို ကြားလိုက်မိ၍သာ တော်သေးသည်။ ထိုလင်မယားကို သင်ခန်းစာပေးရန် ဝမ်မင်ကဲနှင့် တိုင်ပင်လိုက်သည်။
အတော်ကြာ တိုက်ခိုက်ပြီးကာမှ ထိုလင်မယားကို မိုင်းတွင်းသို့ပို့ကာ ဗန်ကားကို လုလာနိုင်တော့သည်။
ရုံထဲတွင် ရယ်သံမောသံ တသောသော ညံနေပြန်တော့သည်။
ရှုယွမ်၏‌ကောင်မလေးက catalog ကို လှန်နေရာမှ ရပ်လိုက်သည်။ ရုပ်ရှင်၏ လက်ရှိအပိုင်းမှာ ထိုအရေမရ အဖက်မရသတင်း၏ <<< အံ့ဩစရာပဲ မိုးကောင်းကင်ကနေ တမန်တော်ကြွလာတယ်ထင်တယ် လူကုန်ကူးတဲ့သူနှစ်ယောက်က နစ်နာသူတွေရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရတယ်တဲ့ >>> ဖြင့် ကိုက်ညီနေသည်။
ဗန်ကားနှင့်အတူ ခရီးဆက်ရာလမ်းတွင် တိဘက်ဘုန်းတော်ကြီး ဖုန်းကျန့်နှင့် တွေ့ပြန်သည်။ ဘုန်းတော်ကြီး၏ မန္တာန်မှာ လျှာခလုတ်တိုက်ဂါထာဖြစ်သော်ငြား သူ့ပါးစပ်တို့က ကောင်းကောင်း မလှုပ်ရှားနိုင်တော့သည့်အတွက် ပီပီသသ ရှင်းမပြနိုင်။ အသံထွက်ပြဿနာသည်ကပင်လျှင် ပြက်လုံးများ တန်းစီထွက်လာစေတော့သည်။
Lhasa သို့ ချောချောမွေ့မွေ့ ရောက်တော့မည်ဟု ထင်ထားသော်ငြား အထင်နှင့်အမြင်တို့က တစ်ခြားစီပင်။ လမ်းတစ်ဝက်တွင် ကားပျက်သွားပြန်ကာ ပြင်ရန်နေရာရယ်ဟုလည်း မရှိ။ ဝမ်မင်ကဲက ကားပြင်ဆရာ လုပ်ခဲ့ဖူးရွေ့သာ တော်သေးသည်။ သူပြင်နိုင်သရွေ့ ခရီးဆက်‌နိုင်မည်ဖြစ်သည်။
"နိုင်သရွေ့" ဟူသည့်စကားမှာ အတော်ပင် ထူးဆန်းလှသည်။ အသုံးများ၍ ရင်းနှီးနေသော်ငြား ရလဒ်ကတော့ မကောင်းပေ။
ဝမ်မင်ကဲက ကားအောက်ဝင်ကာ အကြာကြီး ပြင်နေသော်ငြား စက်ကနိုးမလာ။ ယဲ့ထျန်းက ကားထဲတွင် ထိုင်နေရင်း သူ့ကို သီချင်း ရွဲ့ဆိုလိုက်သည်။
"ကားထဲမှာ ရှိ‌မနေသင့်ဘူး ကားအောက်မှာပဲ ရှိနေသင့်တာ ..."
သူ့အသံကြောင့်ဖြစ်မည်။ ဝမ်မင်ကဲသည် ကားအောက်မှ ‌ဒေါသတကြီးထွက်လာကာ ပြောလိုက်သည်။
"မြန်မြန်ဆင်းလာခဲ့ ..."
ဝမ်မင်ကဲ၏ လေသံမှာ ထိုင်ဝမ်သံစစ်စစ် မဟုတ်တော့။ ရယ်စရာ ကောင်းလောက်အောင်ကို အရှေ့မြောက်ပိုင်းလေသံ ရောနေပြီဖြစ်သည်။
ယဲ့ထျန်းက ကားထဲမှ ဆင်းကာ ဘေးနားရှိ ကျောက်တုံးကြီးပေါ်သို့ ထိုင်နေလိုက်သည်။ ပဲပင်ပေါက်လို တွန့်လိမ်နေသည့် ဝမ်မင်ကဲကိုကြည့်ကာ ကြက်သီးထစရာ ကောင်းလောက်အောင် ပြုံးနေလိုက်သည်။ ဝမ်မင်ကဲကလည်း သူ့အပြုံးကို မြင်လိုက်သည့်အတွက် နှစ်ဦးသား စကားများကြပြန်သည်။ ယဲ့ထျန်းက သူ့ကို မင်းသမီးလေးလို ပွေ့ချီလိုက်ကာ သူထိုင်ထားသည့် ကျောက်တုံးပေါ် တင်ပေးလိုက်သည်။
ထိုအချိန်မှစ၍ ဝမ်မင်ကဲမှာ သူ့ကို လိင်တူကြိုက်သူဟု ထင်သွားဟန်တူ၏။ တစ်လမ်းလုံး သူ့ကို နည်းမျိုးစုံသုံးကာ ရှောင်ဖယ်နေသည်ကပင်လျှင် တစ်ရုံလုံးကို အမိုးပွင့်မတတ် ရယ်မောစေပြန်သည်။
သူတို့နှစ်ဦး၏ လှည့်ဖျားခြင်းကို ခံခဲ့ရသော မိုင်းတွင်းပိုင်ရှင်ကလည်း သူတို့ကို လိုက်ဖမ်းခိုင်း၍ အသည်းအသန် ထွက်ပြေးရပြန်သည်။
မိုင်းတွင်းကလူများကို ရှောင်ပုန်းရင်း ကျန်းလင်ရေလှောင်တမံအနီးသို့ ရောက်လာခဲ့သည်။ ခြေကုန်လက်ပမ်းကျကာ နှစ်ဦးသား မြေပေါ်တွင် ထူးထူဆန်းဆန်းပုံစံဖြင့် အပုံလိုက် လဲသွားတော့သည်။ သိပ်ဂရိုစိုက်မနေဘဲ ခပ်သွက်သွက်ထကာ ထိုရာဇဝတ်ကောင်များလက်မှလွတ်ရန် မြို့ထဲသို့ ပြေးဝင်လာလိုက်ကြသည်။
‌ထိုအချိန်တွင် ယဲ့ထျန်းကို ဆိုင်းဘုတ်တစ်ခုက ဖုံးအုပ်ထားပြီး သူပြေးနေချိန်တွင် စူပါမန်းလိုမျိုးပင်။ <<< ဆိုးယုတ်မှုတို့ကို ဥပဒေနှင့်အညီ ဖိနှိပ်ခြင်းဖြင့် ပိုမိုကောင်းမွန်သော လူ့ဘောင်အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ကြပါစို့ >>> ဟူသည့် ဆိုင်းပုဒ်နှင့် နောက်မှပြေးလိုက်နေကြသော ရာဇဝတ်ကောင်တို့မှာ အတော်ပင် လိုက်ဖက်ညီလွန်းလှသည်။
xxxxxx