အပိုင်း ၁၃၈
Viewers 23k

ထိုအပိုင်းမှာ ရုပ်ရှင်၏ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းဟုပင် ခေါ်ရပေမည်။ မှော်ဆန်ဆန်ဂီတသံနှင့်အတူ သူဌေးဖန့်ဟုန်ကလည်း ပရိသတ်ကို ရယ်မောသံ တသောသော ညံစေခဲ့ပြန်သည်။ ယဲ့ထျန်းနှင့် ဝမ်မင်ကဲတို့မှာ နောက်ဆူံတွင်တော့ ကြက်ကားတစ်စီး၏ ကျေးဇူးဖြင့် အသက်ဘေးမှ လွတ်လာခဲ့တော့သည်။
သူတို့ ကားပေါ်တက်တက်ချင်းပင် ကြက်ခြင်းက အဖုံးပွင့်သွားသည်။ မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် ကြက်အော်သံတို့ ဆူညံနေသော်ငြား ဝမ်မင်ကဲတို့ကတော့ ကိုယ့်အိမ်ကိုယ့်ယာ ရောက်နေသည်ဟု အထင်မှားနေလားမသိ။ နှစ်ဦးသား စကားထများကြပြန်သည်။ ဝမ်မင်ကဲ၏ အရှေ့မြောက်လေသံမှာ ပို၍ပို၍ ပီပြင်လာကာ ယဲ့ထျန်းနှင့်ပင် အပြိုင်ပြောနိုင်နေသည်။ ဘယ်သူကမှ အလျော့မပေးချင်သည့်အတွက် ရန်ပွဲက ပို၍ပင် ပြင်းထန်လာတော့သည်။
ကားရပ်သွားချိန်တွင်တော့ Lhasa ကို ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ရောင်စုံအလံတို့ တလူလူလွင့်နေကာ ခပ်ဝေးဝေးမှ မြင်းဟီသံကို ကြားနေရသည်။ ကြက်တို့ ပျံထွက်လာသည်မှာ ပန်းဖြူဖြူများ ကြဲချလိုက်သလိုပင်။
ဝမ်မင်ကဲက ကြောင်ကြည့်နေပြီးမှ သက်ပြင်းချကာ ‌ပြောလိုက်သည်။
"လှလိုက်တာ ..."
"စားစရာတွေပါကွာ ..."
ယဲ့ထျန်းက သူ့ပုခုံးကိုပုတ်ကာ ဖန်ဟဲနှင့် ချိုက်ဖေးတို့ကို ကူညီကာ ကြက်လိုက်ဖမ်းပေးလိုက်သည်။
ဝမ်မင်ကဲလည်း အတော်ကြာ တုန့်ဆိုင်းနေပြီးနောက် ဝင်ရောက်ပူးပေါင်းလိုက်တော့သည်။
ရှုယွမ်က သက်ပြင်းချရင်း ခပ်ချဉ်ချဉ်ပြုံးလိုက်သည်။
--- ရုပ်ရှင်က ရယ်ရရုံတင်မကဘူး ဇာတ်ကောင်စရိုက်ကလည်း တစ်ဖြေး‌ဖြေး တိုးတက်လာပြီ။ အဓိကဇာတ်လိုက်နှစ်ယောက်က ပြောင်းလဲဖို့ အစပျိုးနေပြီ
Lhasa သို့ ရောက်ပြီးနောက် နှစ်ဦးသား လမ်းခွဲ လိုက်ကြသည်။ ယဲ့ထျန်းက Potala နန်းတော်သို့သွားကာ ဝမ်မင်ကဲကတော့ လမ်းကြားတစ်ခုထဲသို့ ဝင်သွားလိုက်သည်။ ပွဲတော်ရက်နားနီးပြီဖြစ်၍ ဝန်းကျင်တစ်ခွင် လှုပ်ရှားသက်ဝင်နေပေသည်။
၁၅ ရက်မြောက်နေ့တွင်တော့ ပြန်လည်တွေ့ဆုံကြပြန်သည်။ လရောင်အောက်က သဲသောင်ပြင်တွင်ထိုင်ကာ စကားဆိုနေလိုက်ကြသည်။
"ငါ မင်းကို လိမ်ပြောခဲ့တာ တကယ်တမ်း ငါ့ဇနီးဟောင်းက တစ်ခြားယောကျာ်းနဲ့ လိုက်ပြေးသွားတယ်လေ ဒီကိုလာတာက ..."
ယဲ့ထျန်းက သက်ပြင်းချကာ ခေါင်းငိုက်စိုက်ကျလျက် ပြောလိုက်သည်။
"မင်္ဂလာဓာတ်ပုံကို ဒီလာရိုက်ကြမယ်လို့ ပြောဖူးလို့လေ ..."
သူ့ရှေ့တွင် မျက်နှာမပျက်ချင်၍ ထိုသို့ ပြောခဲ့သော်လည်း မိတ်ဆွေတစ်ဉီးကို လိမ်ညာမိသည့်အတွက် နောင်တရနေခြင်းဖြစ်သည်။ ထိုသည်ကို သဘောပေါက်သော ဝမ်မင်ကဲက ဝိုင်တစ်ငုံသောက်ရင်း ပြောလိုက်သည်။
"ငါလည်း အတူတူပါပဲကွာ ငါလည်း ထိုင်ဝမ်က လာတာမဟုတ်ဘဲ အရှေ့မြောက်ပိုင်းက လာတာလေ အဖိုးက ထိုင်ဝမ်မှာ မနှစ်က ဆုံးသွားတာ သူ့ရဲဘော်က ဒီမှာရှိနေလို့ ငါက သူ့အစား လာတွေ့ပေးတာ ..."
သူ့အသံက တစ်ဖြေးဖြေး တိုးသွားသည်။
"သွားတွေ့ခဲ့ပေမယ့် သူက သေသွားပြီတဲ့လေ ..."
ယဲ့ထျန်းက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူ့ကို ဖိချကာ ပြောလိုက်သည်။
"ဒီသခင်ကြီးပေးတဲ့လက်ဆောင် အခုချက်ခြင်း ပြန်ပေးစမ်း ..."
"No no !! ..."
ဝမ်မင်ကဲက သူ့လက်ထဲမှ ရုန်းကာ ထွက်ပြေးသွားလိုက်သည်။
"တရုတ် အရှေ့မြောက်ပိုင်းက လက်ဆောင်ကို လိုချင်သေးတယ်ပေါ့ ဒီသခင်ကြီးက ရေလက်ကြားနှစ်ဖက်ကြားက ခင်မင်မှုအတွက် ပြင်ခဲ့တာကွ ပြန်ပေးလို့‌ ..."
"အိုက်ယား ကပ်စေးနှဲလိုက်တာ ယွမ်ငါးဆယ်တောင် မသဒ္ဒါဘူးလား ..."
....
နှစ်ဦးသား သဲသောင်ပြင်ပေါ် ပြေးလွှားနေလိုက်ကြသည်။ လင်းယုန်တို့က ပြာလဲ့လဲ့ကောင်းကင်အောက်တွင် လူးလာပျံဝဲနေကြသည်။ ကင်မရာက အဝေးတစ်နေရာသို့ မြင်ကွင်းရွေ့သွားရင်း ဇာတ်လမ်းကို အဆုံးသတ်လိုက်သည်။
ရှုယွမ်မှာ ဖုကျန်းရိုက်ခဲ့သမျှထဲတွင် ဒီဇာတ်သိမ်းကို သိပ်မကျေနပ်မိ။ ဘယ်သူမှ ရုံထဲက ထွက်မသွားသေးဘဲ အချပ်ပိုကို စောင့်နေလိုက်ကြသည်။
ပြီးခဲ့သည့်အခေါက်က ဖုကျန်း၏ အချပ်ပိုကို သူမှတ်မိနေပါသေးသည်။ ဒီတစ်ခေါက်တော့ ဘယ်လို အချပ်ပိုမျိုး လာလေဦးမယ်မသိ။
ပိတ်ကားက အမှောင်ကျသွားကာ ခပ်ဆိုးဆိုးရေသူမကာတွန်းရုပ်လေး ထွက်ပေါ်လာသည်။ ၎င်းမှာ ပြီးခဲ့သည့်အခေါက် ဖုကျန်းတင်ခဲ့သော ဗီဒီယိုထဲမှ host ဖြစ်သည်။ ထို့နောက်တွင် မှော်ဆန်ဆန်ဂီတသံနှင့်အတူ ယဲ့ထျန်းနှင့် ဝမ်မင်ကဲတို့ကို လူစည်ကားနေသည့် Lhasa လမ်းမပေါ်တွင် တွေ့လိုက်ရပြန်သည်။
မိုင်းတွင်ပိုင်ရှင်နှင့် သူ့လူမိုက်များမှာ ဖမ်းဆီးခံလိုက်ရသည်။ အနီရောင်ဘီကီနီနှင့် ပန်ဒါကို အစိုးရက ကမ်းခြေတွင် အမှတ်တရရုပ်ထုအဖြစ် ထားခဲ့သည်။ သူတိူ့တွေ့ခဲ့သည့် ဘုန်းတော်ကြီးမှာလည်း လျှာခလုတ်မတိုက်ဘဲ မန္တာန်ကို ပီပီသသ ရွတ်ဆိုနိုင်သွားသည်။ ထို့နောက်တွင်တော့ ယဲ့ထျန်းနှင့် ဝမ်မင်ကဲတို့လည်း သီချင်းသံဆူညံနေသော ဘတ်စ်ကားပေါ် ပြန်ရောက်သွားကာ အိမ်ပြန်ခရီးကို စတင်လိုက်ကြသည်။
ဂီတသံက တအားကို စွဲငြိစရာကောင်းတာပဲ။ ရှုယွမ်မှာ ခြေထောက်တလှုပ်လှုပ်ဖြင့် စည်းချက်မလိုက်ဘဲကို မနေနိုင်တော့။ နောက်ဆုံးတွင်တော့ သီချင်းသံလည်းတိတ်ကာ ရုပ်ရှင်လည်း ပြီးဆုံးသွားခဲ့သည်။
အပြင်ရောက်ကာမှ ရှုယွမ်က သူ့ကောင်မလေးကို ‌မေးလိုက်သည်။
"ကြည့်လို့ကောင်းလား ..."
သူမက ခေါင်းငြိမ့်ပြလိုက်သည်။ ရုံထဲတွင် ရယ်ရလွန်း၍ ပါးပင် နာနေပြီဖြစ်သော်ငြား သူမ ရှာတွေ့ထားသည်က ပို၍ပင် စိတ်ဝင်စားစရာ ကောင်းနေသေးသည်။ သူမက ဖုန်းကို ပေးရင်း ပြောလိုက်သည်။
"ဒါကို ကြည့်ပါဦး ..."
သူမက ရုပ်ရှင်ရီဗျူးတစ်ခု ရှာထားသည်ဟု ထင်လိုက်သော်ငြား ဘူတာထဲမှ သတင်းတစ်ပုဒ်ကို ပြလိုက်ခြင်းဖြစ်သည်။ ဒါက ဘာများ စိတ်ဝင်စားစရာ ပါလို့လဲ။
သို့သော်ငြား ပြီးပြည့်စုံသည့် ချစ်သူကောင်လေးအနေဖြင့် ရှုယွမ်သည် ဖုန်းကို လှမ်းယူကာ အလေူအနက်ကြည့်လိုက်သည်။
တကယ်အံ့ဩစရာပဲ။ ဈေးဝယ်ထွက်ဖို့မှတ်နေတာ ဒါပေမယ့် အခုကျ ရုပ်ရှင်ရုံထဲကို ပြန်သွားလိုက်ချင်ပေါ့။
ထျန်းဟွာလွမ်ကျူး၏ ပထမရက်ရုံဝင်နှုန်းမှာ အတော်ပင်ကောင်းကာ အွန်လိုင်းတွင်လည်း အဆိုးမြင်သည့် မှတ်ချက်ဟူ၍ မရှိပေ။ ဒီလိုရုပ်ရှင်မျိုးက တစ်မိသားစုလုံး လာကြည့်သင့်တာကို ဘာလို့များ နွေဦးပွဲတော်မှာ မလွှင့်ရတာလဲဟု နှမြောသံတို့ကိုသူ ကြားရသည်။
--- ငါလေ ရုံထဲမှာတုန်းက ရယ်တာကို ရပ်ကိုမရပ်နိုင်ဘူး ဖုန်းကျန့် ဘုန်းကြီးလုပ်တဲ့အပိုင်းက တအားရယ်ရတာပဲ ရိုက် ရိုက် ရိုက် ဒီငတုံးကောင်ကို တောင်ဘက်အထိ ရိုက်...
--- တကယ်ကို အံ့ဩစရာပဲ။ ယွမ်သုံးဆယ်က လုံးဝကို တန်တယ်နော် တစ်ခေါက်လောက်တော့ မဖြစ်မနေသွားကြည့်ကြပါ
--- ချီသဲလုံရဲ့ ကွန်ဖူးကတော့ အရင်လောက် မကောင်းတော့ဘူး
--- ဒါနဲ့လေ ရုပ်ရှင်ရုံထဲကဟာတွေကို ရင်းနှီးသလို မခံစားရဘူးလား တစ်နေရာရာမှာ တွေ့ဖူးနေသလိုပဲ
--- အပေါ်ထပ်ပြောတာဟုတ်တယ်။ ကူးချတာများလား။
....
လူတိုင်းက ဇာတ်လမ်းကို ရင်းနှီးသည်ဟု ခံစားနေရသည်။ တကယ်သာ ကူးချရိုးမှန်ပါလျှင် သတင်းထူးဖြစ်သည့်အတွက် သက်သေကို အသည်းအသန် လိုက်ရှာကြတော့သည်။
တကယ်ဖြစ်သယောင်‌ယောင် ရေးခဲ့သည့် နာမည်ကြီး သတင်းတုတို့မှာ ရုပ်ရှင်ထဲက ဖြစ်ရပ်များနှင့် တူနေ၍သာ ရင်းနှီးနေသလို ခံစားမိခြင်းဖြစ်သည်ဟုတော့ ဘယ်သူမှ ထင်မထားမိပေ။
ထျန်းဟွာယွမ်ကျူး၏ ‌ကျော်ကြားမှုက တစ်ဖန် မြင့်တက်သွားပြန်သည်။ ဖုကျန်းဟွာကို follow မလုပ်ထားသူများကပင် ရောက်လာကြတော့သည်။ ဗီဒီယိုများကို မမြင်ခင်အထိ ဘာက စိတ်ဝင်စားစရာကောင်းနေမှန်း သဘောမပေါက်။ ရုပ်ရှင်နဲ့ တွဲကြည့်လိုက်ကာမှ ရယ်ရမှန်း သိတော့သည်။
---- ဘုရားရေ အရင်ကလေ ဒီအသုံးမဝင်တဲ့သတင်းတွေကို ဘာလို့ တင်တာလဲဆိုပြီး မေးဖူးတယ်သိလား ဒီလိုမျိုး အမှိုက်ကနေ ရွှေထွက်လာမယ်လို့တော့ အိပ်မက်ကို မမက်ဖူးဘူး
--- ဇာတ်လမ်းကို အစအဆုံး ကြည့်မိသွားသလိုပဲ
---ဒါကိုတွေ့လိုက်တော့ ရုပ်ရှင်ကို မဖြစ်မနေသွားကြည့်ရမယ်ဆိုတဲ့အတွေး ဝင်လာရော
....
ထျန်းဟွာလွမ်ကျူး၏ ရုံဝင်ကြေးမှာ ဆက်တိုက် တိုးမြင့်လာသည်။ ၎င်းက ငါးရက်အတွင်းတွင်ပင် သန်း ၁၂၀၀ ဖြစ်လာကာ ဒါရိုက်တာဖုကျန်းမှာ‌လည်း ပို၍ပင် အာရုံစိုက်ခံလာရသည်။ သူက ရုပ်ရှင်လေးကား ရိုက်ကူးထားကာ တစ်ကားစီကလည်း အမျိူအစား ကွဲပြားသည့်အပြင် အရည်အသွေးမှာလည်း ထိပ်တန်းရောက်ကာ ပရိသတ်ကို အတော်အံ့အားသင့်စေခဲ့သည်။
လူတိုင်းက သူ၏ နောက်ထပ်ရုပ်ရှင်ကို စောင့်မျှော်နေကြသော်ငြား ဖုကျန်းကတော့ ပေါ်ပင်ပေါ်မလာတော့။ ပရိုမိုးရှင်းလည်း မဆင်း။ ရသစုံရှိုးတွင်လည်း မလာ။ ဤလောကမှ အငွေ့ပျံသွားသလိုမျိုး အစအနပင် ရှာမရတော့။
.....
ဖေဖော်ဝါရီလနှောင်းပိုင်း ဖျင်ဟိုင်မြို့သို့ ပြန်ရောက်လာချိန်မှစ၍ ဖုကျန်းသည် ဗီဒီယိုအတိုအတွက်သာ အာရုံစိုက်ထားတော့သည်။ ထျန်းဟွာလွမ်ကျူးကို ရိုက်ကူးနေစဉ်အတွင်း ချီသဲလုံ၊ ဖုန်းကျန့်တိူ့နှင့် ဆွေးနွေးခဲ့ရာ အားလုံးက သူ့အကြံကို ကောင်းသည်ဟု ထင်ကြသော်ငြား ရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမား လိုအပ်ပေလိမ့်မည်။ အထက်မှ တောင်းဆိုသည်မှာ ဇာတ်လမ်းတိုဖြစ်သည့်အတွက် ရန်ပုံငွေမှာလည်း များမည်မဟုတ်ချေ။
ဖုကျန်းလည်း ထိုကိစ္စကို နားလည်သော်ငြား သူ့အကြံကိုတော့ မစွန့်လွှတ်လိုသေးပေ။ ထို့ကြောင့် ကျန်းဟန်ရှုကို ဖုန်းဆက်ကာ သူ့တွင် လက်ကျန်ငွေ ဘယ်လောက်ရှိသေးလဲဟု မေးလိုက်သည်။
သူ့လက်ကျန်ငွေမှာ သုညသာ ရှိတော့ကြောင်း သိလိုက်ရသည်။ သူ့ဝင်ငွေအချို့အဝက်မှာ စတူဒီယိုအတွက် သုံးလိုက်ကာ ကျန်ငွေများကိုတော့ ကျန်းဟန်ရှုကို ရင်းနှီးမြှုပ်နှံခိုင်းထားသည်။
ဖုကျန်းက သက်ပြင်းချရင်း နားမလည်နိုင်စွာ မေးလိုက်သည်။
"ပိုက်ဆံတွေက ဘာလို့ ကုန်ကုန်သွားရတာလဲ ..."
သူက ပြန်ဖြေလိုက်သည်။
"လိုချင်ရင် အရင်ဆုံး ပေးရမှာလေ နောက်ပိုင်းကျ အိတ်ထဲမှာ ငွေတွေအများကြီး ရှိလာမှာပါ ..."
ဖုကျန်း "...."
ထိုစကားမှာ ယုတ္တိရှိသော်ငြား ဖုကျန်းကတော့ တစ်ခုခုမှားနေသယောင် ခံစားလိုက်ရသည်။
"ပိုက်ဆံက ဘာလို့လဲ ရုပ်ရှင်အသစ် ရိုက်ချင်လို့လား ..."
သူက မေးလိုက်သည်။ သူ့လက်ထဲတွင် ငွေသားအချို့ရှိနေသေးသည့်အတွက် ဖုကျန်းသာ လိုအပ်ပါလျှင် လွှဲပေးရန်ဖြစ်သည်။
"အရင်က စီစဉ်ထားတဲ့ ဇာတ်လမ်းတိုလေ ..."
သူ ဇာတ်လမ်းတိုရိုက်ချင်မှန်း ကျန်းဟန်ရှုလည်း သိပြီးသားဖြစ်သည်။ ဇာတ်လမ်းတိုမှာ ရှစ်မိနစ်ခန့်သာ ကြာမြင့်မည်ဖြစ်၍ သိပ်ပြီး ငွေကုန်ကြေးကျမများ။ ဖုကျန်းတွင်ရှိသည့် လက်ကျန်ငွေကပင်လျှင် လုံလောက်သည်ဟုသာ ထင်ခဲ့သည်။ ထျန်းဟွာလွမ်ကျူး၏ ရုံဝင်ကြေးမှာလည်း အတော်များသည့်အတွက် ရိုက်ကူးရေးကို ဖင့်လေးနေရန်မလိုပေ။
သို့သော် ဇာတ်လမ်းတိုတစ်ပုဒ်အတွက် ငွေအများကြီး ကုန်လိမ့်မည်ဟု ကျန်းဟန်ရှုလည်း မထင်မှတ်ထားပေ။
"တစ်သန်းတောင် မလောက်သေးဘူး ..."
သူက ဖုန်းထဲမှ မေးလိုက်သည်။
ဖုကျန်းက အရှက်ပြေချောင်းဆိုးကာ ပြောလိုက်သည်။
"ဟုတ်မယ် မလောက်သေးဘူးလို့ ... ထင်တာပဲ ..."
"ဘယ်လောက်လိုတာလဲ ..."
"မသိသေးဘူး ဒါပေမယ့် အများကြီးကိုလိုမှာ ..."
ဖုကျန်းကိုယ်တိုင်လည်း မသဲမကွဲဖြစ်နေဆဲပင်။ သူက ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ပြန်ရောက်မှ ပြောပြမယ်လေ ..."
သူ့ကို အနည်းငယ် တိုက်တွန်းပြီးနောက် ကျန်းဟန်ရှုလည်း ဖုန်းချလိုက်တော့သည်။
ဖျင်ဟိုင်မြို့သို့ ပြန်ရောက်ချိန်တွင်တော့ ဖုကျန်း၏ ဇာတ်ညွှန်းမှာ ယေဘုယျအားဖြင့် ပြည့်စုံပြီဖြစ်ကာ ငွေအဆင်သင့်ဖြစ်သည်နှင့်တစ်ပြိုင်နက် စတင်ရိုက်ကူးနိုင်မည်ဖြစ်သည်။
သို့သော်လည်း ငွေကတော့ ပျောက်နေဆဲဖြစ်သည်။ ကျွမ်းကျင်သူအချို့နှင့် ဆွေးနွေးပြီးနောက် ဖုကျန်းသည် သူ့ဇာတ်လမ်းတိုမှာ ငွေလုံလောက်လျှင်တောင် ထောင်ပေါင်မှ သူဝယ်ထားသည့် စာအုပ်များပေါ်မူတည်ကာ လွယ်လွယ်ကူကူ မရိုက်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ စာအုပ်ထဲမှ ဗဟုသုတမှာ အတော်ကို နည်းပါးသေးသည့်အတွက် ပညာရှင်တစ်ဦးကို အရင်ရှာရဦးမည်ဖြစ်သည်။
ထို့ပြင် ရိုက်ကူးချိန်တွင် အစစ်အမှန်ပုံရိပ်များကို ရိုက်ကူးရန် မလွယ်သလို အထူးပြုလုပ်ချက်များကိုသာ နေရာတကာ ထည့်ရပါလျှင်လည်း စရိတ်က သေးမည်မထင်။ ထို့ပြင် အထက်ကလည်း ကျသင့်ငွေကို အကုန်ပြန်ပေးမည် မဟုတ်ချေ။
တစ်နေကုန် မျက်မှောင်ကိုကြုတ်၊ ခေါင်းတကုတ်ကုတ်ဖြင့် လေ့လာနေသောသူကိုကြည့်ရင်း ကျန်းဟန်ရှုပါ စိတ်ဖိစီးလာတော့သည်။
ဖုကျန်းနှင့် စကားပြောကာ သူလိုချင်သည့်ရှုထောင့်ကို ယေဘုယျ နားလည်ပြီးနောက်တွင်တော့ ကျန်းဟန်ရှုက သူ့ကို နည်းလမ်းကောင်းတစ်ခု ပြောပြလိုက်သည်။
"စစ်ရေးပြပွဲတုန်းက ရိုက်ထားတာတွေကို ထည့်သုံးရင်ရော ..."
ဖုကျန်းမှာ တကယ်ကို ထိုအကြောင်းကို မတွေးမိခဲ့။ သူက ကျန်းဟန်ရှုကို မော့ကြည့်လိုက်လျှင် တစ်ဖက်သူမှာ အနည်းငယ် စိတ်ပျက်ဟန်ဖြင့် မေးလိုက်သည်။
"တစ်ခုခုများ မှားလို့လား ..."
"အဆင်ပြေပါ့မလား ..."
ဖုကျန်းသည် မူလကတော့ အကုန်လုံးကို အစအဆုံးပြန်ရိုက်ချင်ခဲ့သော်ငြား ကျန်းဟန်ရှု၏အကြံပြုချက်က သူ့ကိုဆွဲဆောင်လိုက်သည်။ စစ်ရေးပြအခမ်းအနားမှာ အမိမြေ၏ အတိတ်နှစ်များစွာက တိုတက်လာမှုကို ဖော်ကျူးနေကာ ၎င်းထက် ပိုပြီး တိတိကျကျ ဖော်ကျူးနိုင်မည့်အရာဟူ၍လည်း မရှိနိုင်။
"ကိုယ် အကူအညီတောင်းလိုက်ရမလား ..."
ကျန်းဟန်ရှုက ခပ်ပြုံးပြုံးမေးလိုက်သည်။
ဖုကျန်းက အတော်ကြာ တုန့်ဆိုင်းနေပြီးမှ ခေါင်းငြိမ့်ပြလိုက်လေသည်။
xxxxxx