အပိုင်း ၁၃၉
Viewers 23k

ကျန်းဟန်ရှု ဖုန်းဆက်ကာ စကားပြောနေချိန်တွင် သူက ပြီးခဲ့သည့်နှစ်များအတွင်းက စစ်ရေးပြဗီဒီယိုများကို ပြန်ရှာကြည့်နေလိုက်သည်။
"သူတို့က သဘောတူတယ်တဲ့ ..."
သူက ဖုကျန်းကို လှမ်းပြောလိုက်သည်။
"TV မှာ မပြရသေးတဲ့ ရိုက်ချက်တွေလည်း အများကြီး ရှိသေးတော့ အဲဒါတွေကို သုံးဖို့ ပေးမယ်တဲ့ ..."
ဖုကျန်းမှာ ထိုကဲ့သို့ ကိစ္စမျိုးကို အိပ်မက်ပင် မမက်ဖူးချေ။ ဤသို့ဖြင့်‌ ရွေးချယ်စရာလည်း များလာကာ ကုန်ကျစရိတ်ကိုလည်း ချွေတာနိုင်တော့မည်ဖြစ်သည်။ ကျန်းဟန်ရှု၏လည်ပင်းကို တွဲလွဲခိုကာ မေးစေ့ကို မော့နမ်းလိုက်သည်။
ကျန်းဟန်ရှုကလည်း သူ့ကို ဆွဲဖက်ကာ ခန္ဓာကိုယ်နှစ်ခုလုံး အကြားအလပ်မရှိ ပူးကပ်သွားတော့သည်။ လေပြေညှင်းက ပြတင်းပေါက်ကိုဖြတ်ကာ တိုက်ခတ်လာသည်။ လူးလွန့်နေသော ခန်းဆီးစတို့က မြေပြင်ထက်တွင် ကခုန်နေသည့်အရိပ်‌အယောင်တို့ ထင်ဟပ်နေပေသည်။
ကျန်းဟန်ရှုက ဖုကျန်း၏ခါးကိုဖက်ထားရင်း မေးလိုက်သည်။
"ဇာတ်လမ်းတိုက ဘယ်အချိန်ထွက်လာမလဲဆိုပြီးလည်း မေးသေးတယ် ..."
ဖုကျန်းက ခဏ စဉ်းစားလိုက်သည်။ အခက်ခဲဆုံးပြဿနာကို ဖြေရှင်းပြီးပြီဖြစ်၍ နောက်ပိုင်းရိုက်ချက်နှင့် တည်းဖြတ်မှုတို့မှာ သိပ်ပြီး မခက်ခဲလှတော့။ သူက ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ဒီတိုင်းသာဆို နမူနာငါးခုလောက် ရလောက်ပြီထင်တယ် ..."
ကျန်းဟန်ရှုက ခေါင်းငြိမ့်ပြလိုက်သည်။ မေလမှာ အချိန်ကောင်းဖြစ်သည်။ အရာအားလုံးက နိုးကြွနေကာ နွေရာသီပူပြင်းပြင်းသို့လည်း မရောက်သေးပေ။ သူက ဖုကျန်းကို မေးလိုက်သည်။
"ဇာတ်လမ်းတို ရိုက်ပြီးသွားရင် ခရီးထွက်ချင်လား ..."
ဖုကျန်းက ချက်ခြင်း သဘောတူလိမ့်မည်ဟုသာ တွက်ထားလိုက်သည်။ သူ့အဖေက တာဝန်ပြန်မလွှဲပေးခင် ဖုကျန်းနှင့်အတူ နိုင်ငံခြားခရီးသွားရန် အစီအစဉ်ချထားပြီးဖြစ်သည်။ သို့သော် သူက ခေါင်းကိုယမ်းရင်း ငြင်းဆန်လိုက်သည်။
"ရုပ်ရှင်ရိုက်စရာရှိသေးတယ် ..."
"အချိန်က အရမ်းကြပ်နေလို့လား ..."
သူက ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ် ပြည်ထောင်စုနေ့အမှီ ရိုက်ချင်လို့လေ ..."
ကျန်းဟန်ရှုကလည်း အတင်းတိုက်တွန်းမနေတော့။
"ဒါဆိုလည်း ကောင်းပြီလေ ..."
ဖုကျန်း " ဒီနှစ်ဆောင်းကျမှ အရုဏ်ဦးကို သွားကြည့်ရအောင်လေ ..."
ကျန်းဟန်ရှုက ခေါင်းငြိမ့်ပြပြီး မေးလိုက်သည်။
"ပြည်ထောင်စုနေ့အမှီဆို အဆင်သင့်ဖြစ်နေရတော့မှာ မဟုတ်လား ..."
သူက ပြောလိုက်သည်။
"ပြင်ဆင်နေတာ ပြီးတော့မှာပါ ..."
ထျန်းဟွာလွမ်ကျူးကို ရိုက်နေစဉ်ကတည်းက နောက်ရုပ်ရှင်အတွက် ဇာတ်ညွှန်းဆရာကို ရှာတွေ့ထားပြီးဖြစ်သည်။ ချီသဲလုံလောင်ရှီးက မိတ်တက်ပေးကာ မနေ့က သူ့ကို ဆက်သွယ်လိုက်ချိန်တွင် ရှေ့လအတွင်း အပြီးရေးပေးမည်ဟု ပြောလာသည်။
ထျန်းဟွာလွမ်ကျူးကို ရုံတင်ခဲ့သည်မှာ ရက်၂၀ ကျော်လာပြီး ရုံဝင်ကြေးမှာလည်း သန်းသုံးထောင်အထိ ရှိလာသည်။ ဆက်တိုက်ဆက်တိုက် တိုးနေကာ သန်း ၃၆၀၀ အထိ ရောက်လိမ့်မည်ဟုပင် ခန့်မှန်းရသည်။ ဖုကျန်းရိုက်ခဲ့သည့် ရုပ်ရှင်အားလုံး
၏ ရုံဝင်ကြေးစုစုပေါင်းမှာ ၁၀ဘီလီယံနီးပါး ရှိလာခဲ့သည်။ လူတိုင်းက ဖုကျန်း နောက်ရိုက်မည့်ရုပ်ရှင်အကြောင်း နားစွင့်နေကြသော်ငြား သူကတော့ ကင်မရာရှေ့ပင် ပေါ်မလာတော့။
ဇာတ်လမ်းတိုအတွက် အနည်းငယ် ရိုက်ကူးပြီးနောက်တွင်တော့ ဖုကျန်းသည် တစ်ချိန်လုံးအိမ်တွင်းပုန်းကာ လေ့လာနေသည်။ ပင်ပန်းလာချိန်မှ အောက်ထပ်ဆင်းကာ ရေတစ်ခွက်သောက်ပြီး ဆိုဖာပေါ် လှဲလေ့ရှိသည်။
ကျန်းဟန်ရှု အပြင်မှ ပြန်ရောက်လာချိန်တွင်တော့ ဆိုဖာပေါ်တွင်လှဲနေသော ဖုကျန်းကို တွေ့လိုက်ရသည်။ တီရှပ်အဖြူမှာ အပေါ်သို့ လိပ်တက်နေပြီး ကိုယ်တွင်းသားဖြူဖြူတို့ကို လှစ်ဟနေသည်။ သူက အနားတိုးကာ ထိုင်လိုက်ပြီး ဖုကျန်း၏ ဗိုက်ခေါက်ကို တို့ကြည့်လိုက်သည်။
ဖုကျန်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သေး။ ကျန်းဟန်ရှု ဝင်လာကတည်းက နိုးနေသော်ငြား မျက်လုံးကတော့ မပွင့်သေးပေ။ ဗိုက်ကို အတို့ခံရကာမှ မျက်လုံးတို့ကို ပြူးပြဲဖွင့်ကာ မေးလိုက်သည်။
"ပြန်လာပြီလား ..."
ကျန်းဟန်ရှုက သူ့ကို မေးလိုက်သည်။
"ရေသူမကောက်ကြောင်းက ဘယ်ရောက်သွားတာလဲ ..."
ဖုကျန်းသည် ပြီးခဲ့သည့်နှစ်က gym တွင် ရေသူမကောက်ကြောင်းရရန် အသည်းအသန် လုပ်ကာ ထိုအတွက်လည်း ဂုဏ်ယူဝင့်ကြွားခဲ့သည်။ ထျန်းဟွာလွမ်ကျူးကို ရိုက်ကူးစဉ်က gym တွင် လေ့ကျင့်ခန်း မလုပ်နိုင်တော့သော်လည်း ကောက်ကြောင်းကတော့ ရှိနေဆဲပင်။
တစ်ခြားမြို့မှ ပြန်လာပြီးချိန်တွင်တော့ တစ်ချိန်လုံး ဗီဒီယို တည်းဖြတ်ခြင်းနှင့် လေ့လာခြင်းတို့တွင်သာ အချိန်ကုန်နေပြီး အလှုပ်အရှား မရှိသည့်အတွက် ရေသူမ ကောက်ကြောင်း မရှိတော့သည်မှာ အနည်းငယ်တော့ ကျိုးကြောင်းဆီလျော်သယောင်။
"အဲ့ဒါ အဲ့ဒါက ..."
ဖုကျန်းက ဆိုဖာပေါ်မှ ထထိုင်လိုက်သည်။
"ခြေထောက်က မကောင်းသေးလို့ပါနော် ..."
"ခြေထောက်က ကောင်းကောင်းမသက်သာသေးလို့ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်နိုင်သေးဘူးဆိုတာတော့ သိတာပေါ့ ..."
ကျန်းဟန်ရှုက သူ့ပါးကို ဆွဲဖျစ်လိုက်သည်။
"ဒါပေမယ့် မင်းက လုံးဝကို လေ့ကျင့်ခန်းမလုပ်တာလေ Fitness room ကလည်း ပြန်ပြင်ထားပြီးပြီလေ လုပ်ချင်စိတ်ရှိတယ်သာပြောတာ တံခါးတောင် ဖွင့်မကြည့်ထားဘူး ဒါက ပျင်းနေတာမဟုတ်လို့ ဘာလဲ ပြောပါဦး ..."
"စာကြည့်ခန်းမှာပဲ တစ်နေကုန် နေ‌မနေနဲ့ဦး ..."
"သိပါပြီ ..."
ဖုကျန်းက ပြန်ပြောလိုက်သည်။
"ကတိကတော့ ပေးနေတာပဲ တကယ်လုပ်မယ်ဆိုရော ပျင်းသွားရော ..."
ကျန်းဟန်ရှုက လက်ကိုလွှတ်ကာ မတ်တပ်ထရပ်လိုက်သည်။
"ည ဘာစားမလဲ ..."
"ဘာဘီကျူး ..."
နောက်ပါးထံမှ ဖုကျန်းက ဝမ်းသာအားရ ပြောလိုက်သည်။
ဖုကျန်း၏ဇာတ်လမ်းတိုမှာ သရုပ်ဆောင်များများစားစား မလိုအပ်။ နှစ်များစွာအတွင်း နိုင်ငံ၏ တစ်ဖြေးဖြေး တိုးတက်ကြီးထွားလာပုံကိုသာ ဖော်ထုတ်ပြသရန် လိုအပ်သည်။
စစ်ရေးပြအခမ်းအနားမှလည်း အသုံးဝင်သည့် ဗီဒီယိုများကို တွေ့ခဲ့သည့်အပြင် အလုပ်ဝန်မှာ သိပ်မများလှ၍ တည်းဖြတ်ခြင်းအားလုံးကို သူကိုယ်တိုင်သာ လုပ်ဆောင်ကာ အတွေးတို့ ကွန့်မြူးရင်း ဆောင်ရွက်နေသည်။
စစ်ရေးပြအခမ်းအနားတစ်ခုတည်းကိုသာ အလုံးစုံ သုံး၍ မရသဖြင့် အထူးပြုလုပ်ချက်များလည်း ထပ်ထည့်ရန် လိုသေးသည်။ ဖုကျန်းမှာ ထိုကိစ္စတွင်တော့ အရည်အသွေးကောင်းမွန်စေရန် ကျွမ်းကျင်သူတစ်ဦးကို ရှာရပေဦးမည်။
ကျန်းဟန်ရှုက ရုံးခန်းထဲတွင် ဘောပင်ကိုကိုင်ပြီး စားပွဲကို ခေါက်နေသည်။ ဖုကျန်းက နေ့ခင်းပိုင်းတွင် ကုမ္ပဏီကိုလာကာ အနောက်တိုင်းစာ သွားစားကြမည်ဟု ပြောခဲ့သော်ငြား အလုပ်ဆင်းခါနီးအထိ ပေါ်မလာသေး။
အလုပ်အားလုံး လက်စသတ်ပြီးချိန်တွင်တော့ သူ့ကို ဖုန်းဆက်ကာ ဘာလို့ ရောက်မလာသလဲဟု မေးလိုက်တော့သည်။
ဖုကျန်းက အတော်ကြာ အသံတိတ်နေပြီးမှ အားတုံ့အားနာ ဆိုလိုက်သည်။
"မေ့သွားတာ ..."
ကျန်းဟန်ရှုက သူ့ကို မေးလိုက်သည်။
"အသံကြီးက မသဲမကွဲနဲ့ စိတ်မကြည်ဘူးလား ..."
ဖုကျန်းက လည်ချောင်းရှင်းကာ ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး ..."
ကျန်းဟန်ရှုက သက်ပြင်းချကာ ဒီညတော့ အနောက်တိုင်းစာနှင့်ဝေးပြီဟု တွေးလိုက်သည်။ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကောင်းကင်ကိုကြည့်ရင်း မေးလိုက်သည်။
"ဒီညဘာစားမလဲ ကိုယ် အပြန် ဝင်ဝယ်ခဲ့မယ် ..."
"ဟင့်အင်း ရေခဲသေတ္တာထဲမှာ အများကြီး ရှိနေသေးတယ် ..."
ဖုကျန်း၏အသံမှာ အနည်းငယ် စိတ်ညစ်နေသယောင်။ ကျန်းဟန်ရှုက မျက်မှောင်ကြုတ်ကာ ဒီည စောစောပြန်ရန် ဆုံးဖြတ်လိုက်သည်။
သူအိမ်ပြန်ရောက်လာချိန်တွင် တံခါးဖွင့်ကာ ဧည့်ခန်းထဲ ကြည့်လိုက်သော်လည်း အရင်လို ဆိုဖာပေါ် လှဲနေသူကို မတွေ့ရ။ လှမ်းခေါ်သော်လည်း ဘာသံမှ ပြန်မကြား။ အပေါ်ထပ်တွင် coco ၏ အခန်း၊ စာကြည့်ခန်းနှင့် သူနှင့်ဖုကျန်းတို့အခန်းများသာ ရှိသည်။
ရှေ့နှစ်ခန်းတွင် ဖုကျန်း၏ အရိပ်အယောင်ကို မတွေ့ရ။ တတိယအခန်းတံခါးကိုလှပ်ကာ ဟိုဟိုသည်သည် ကြည့်လိုက်ချိန်တွင်မှ ကုတင်ပေါ် လှဲနေသူကို တွေ့လိုက်ရတော့သည်။
မျက်လုံးတို့ကို မှိတ်ထားသည်မှာ အိပ်ပျော်နေ၍လား မပြောတတ်။ စောင်ပါးတစ်ထည် ခြုံထားကာ အသက်ရှူသံတိုးတိုးက ထွက်ပေါ်နေသည်။ ပါးတို့က နီရဲနေပြီ နှုတ်ခမ်းက ဖြူဖျော့ ခြောက်ကပ်နေသည်။ ကျန်းဟန်ရှုက ခပ်သ်ွသွက် လျှောက်လာကာ သူ့နဖူးကို စမ်းကြည့်လိုက်သည်။
ထိုနည်းဖြင့် သူ့ကိုယ်အပူချိန်ကို တိတိကျကျ မစမ်းနိုင်သော်ငြား ဖျားနေမှန်းတော့ သိနိုင်ပါသေးသည်။
နဖူးပေါ်မှ အအေးဓာတ်ကို ခံစားရသော ဖုကျန်းက ခေါင်းကိုရွှေ့ကာ ကျန်းဟန်ရှု၏လက်ဖမိုးကို ပွတ်လိုက်သည်။ နောက်ပိုင်းမှ ဘာဖြစ်နေသည်ကို သိသွားကာ မျက်လုံးကို ဖွင့်ကြည့်လိုက်ချိန်တွင်မှ ဝိုးတဝါးမြင်နေရသော ကျန်းဟန်ရှု၏ ပုံရိပ်က တဖြေးဖြေး ပြတ်သားလာတော့သည်။
"ပြန်လာပြီလား ..."
ဖုကျန်း၏အသံမှာ ဖုန်းထဲကထက်ပင် လေးလံအက်ရှနေသည်။
ကျန်းဟန်ရှုက သူ့ကို မေးလိုက်သည်။
"ဆေးရုံသွားပြီး ဆေးစစ်ရအောင် ..."
ဖုကျန်းက စောင်အောက်မှ လက်ကိုထုတ်ကာ ကျတ်းဟန်ရှု၏ လက်ဖမိုးကို အုပ်မိုးလိုက်သည်။ ဖျားနေသည့်အတွက် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက အပူပေးစက်လိုမျိုး ခြစ်ခြစ်တောက် ပူနေသည်။
ကျန်းဟန်ရှုကလည်း သူ့လက်ကို ပြန်ဆုပ်ကိုင်ထားလိုက်သည်။ နာရီသံတချပ်ချပ်မှတပါး တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဖုကျန်းက သူ့ကို ပြန်ပြောလိုက်သည်။
"ဆေးသောက်ပြီးသွားပြီ အခု ခဏလေး အိပ်လိုက်ချင်လို့ ..."
ညဉ့်နက်နေပြီဖြစ်ကာ သူ့အခြေအနေကလည်း သိပ်မဆိုးသည့်အတွက် ကျန်းဟန်ရှုက ဇွတ်အတင်း ဖိအားပေးမနေတော့။
"ည ဘာစားချင်လဲ ..."
ဖုကျန်းက ခေါင်းကိုယမ်းကာ သမ်းဝေလိုက်သည်။
"ဆေးသောက်ပြီးသွားတော့ ထပ်မစားချင်တော့ဘူး ..."
"ဒါဆိုလည်း အိပ်တော့လေ ..."
ကျန်းဟန်ရှုက သူ့ကို စောင်ခြုံပေးလိုက်သည်။
"မအိပ်ချင်တော့ဘူး ..."
"ဒါဆို ခဏလှဲနေမလား ..."
ဖုကျန်းက ခဏတွေးကာ စောင်အောက်မှ ဆန့်ထုတ်လာသည်။
"ဖုန်းလိုချင်တယ် ..."
"ဘယ်နားမှာလဲ ကိုယ်ယူပေးမယ် ..."
ဖုကျန်းမှာ ဘယ်နားထားမိမှန်း မမှတ်မိ။ အိမ်မှာ အကြီးကြီးဖြစ်သည့်အတွက် တစ်နေရာမဟုတ် တစ်နေရာ ရှိနေပါလိမ့်မည်။ သူက ပြောလိုက်သည်။
"စာကြည့်ခန်းထဲမှာထင်တယ် မဟုတ်ရင် မီးဖိုထဲမှာနေမှာ ..."
ကျန်းဟန်ရှုက သူ့ဖုန်းကို ဖုကျန်းနားထားကာ ဖုန်းထွက်ရှာလိုက်တော့သည်။ ဖုကျန်းက အပ်ယာပေါ်လှဲကာ သူ့ဖုန်းထဲမှ ဂိမ်းဆော့နေသည်။ ရက်ပေါင်းများစွာ အနားမယူခဲ့ရရာ ဖျားမှသာလျှင် အားလပ်ချိန်ပေးရန် အကြောင်းပြချက်ရတော့သည်။
ကျန်းဟန်ရှု ဖုန်းရှာတွေ့ချိန်တွင်တော့ ကုတင်ပေါ်တွင် သူ့ဖုန်းဖြင့် ဂိမ်းဆော့နေသော ဖုကျန်းကို တွေ့လိုက်ရသည်။
ဖျားနာမှုက သူ့ကို ပိုပြီး သိမ်မွေ့စေသည်။ ကုတင်ပေါ်လှဲနေသည်မှာ ကြောင်လိမ္မာကြီး ချထားသလိုပင်။ ကြောင်ကြီးက love garden ဂိမ်းကို ဖွင့်ကာ သူ့ကိုယ်ပိုင်စိုက်ခင်းကို ပြန်စိုက်ပျိုးရန် ကြိုးစားနေသည်။
ကျန်းဟန်ရှုက သူ့နား တိတ်တိတ်လေးဝင်ထိုင်လိုက်သည်။ အမျိုးသားတစ်ယောက်၏ ဝိတ်က အိပ်ယာကို အိကျသွားစေသည့်အတွက် သူရောက်လာကြောင်း သိလိုက်သည်။ သူက ကျန်းဟန်ရှုကို အပြစ်ကင်းစင်သည့် ကြောင်အိုကြီးလို မော့ကြည့်လိုက်သည်။
ကျန်းဟန်ရှုက ဖုန်းကို လှမ်းကြည့်လိုက်လျှင် ဥယျာဉ်ထဲမှ ဝက်လေးကောင်ကို တွေ့လိုက်ရသည်။ သူက ကြောင်ကြီးကို ခေါင်းပွတ်ပေးရင်း ပြောလိုက်သည်။
"ပြောတော့ password မေ့သွားပြီဆို ..."
သူပင် စကားပြန်မပြောနိုင်ခင် ချန်ကဲလော့၏ညှို့ဓာတ်ပြင်းသည့် အသံက ထွက်ပေါ်လာသည်။
"ကြိုဆိုပါတယ် မင်းကို အကြာကြီး စောင့်နေတာ ..."
"ဒါက ..."
ဖုကျန်းက မျက်လုံးကိုလှိမ့်ကာ ပြောလိုက်သည်။
"အခုတလောက စိတ်ကူးဉာဏ်တွေ ကုန်ခမ်းနေလို့လေ အဲဒါကြောင့် ပြန်ဆော့နေတာ ..."
ကျန်းဟန်ရှုက လက်ခံဟန် ခေါင်းငြိမ့်လိုက်သည်။ သူ့လက်ချောင်းများက ဖုကျန်း၏ လည်ဂုတ်မှတစ်ဆင့် မြီးညှောင့်ရိုးအထိ သာသာလေး နိမ့်ဆင်းသွားသည်။
xxxxxx