အပိုင်း ၁၄၀
Viewers 23k

ဖုကျန်းမှာ ကြက်သီးတို့ တစ်ဖြန်းဖြန်း ထလာသည်။
ကျန်းဟန်ရှုမှာ မကောင်းတာတစ်ခုခု ကြံစည်နေသည်ဟု ခံစားရ၍ ဖုန်းကိုချကာ မကျေမနပ် ‌ပြောလိုက်သည်။
"တော်ပြီ မဆော့တော့ဘူး..."
ကျန်းဟန်ရှုက ငုံ့ကြည့်ကာ သူ့နှုတ်ခမ်းတို့ကို ဖုကျန်း၏နားရွက်ဖြင့် ထိကပ်ပြီး အသက်ရှုထုတ်လိုက်သည်။ ဖုကျန်း၏ နားရွက်တို့မှာ ယားယံနီရဲလာတော့သည်။ ထို့နောက် ကျန်းဟန်ရှု၏ မေးခွန်းကို ကြားလိုက်ရသည်။
"ပြောပါဦး ဘယ်လိုစိတ်ကူးစိတ်သန်းမျိုးကို လိုချင်တာလဲ ကိုယ်လည်း ပေးနိုင်ပါတယ် ..."
ဒီတစ်ကြိမ်တွင်တော့ ဖုကျန်း၏မျက်နှာမှာ အိပ်ယာနိုးစကထက်ပင် ရဲရဲနီလာသည်။ တံခါးအပြင်မှ ကြောင်ကလည်း ဆက်တိုက်အော်နေသည့်အတွက် မတ်တပ်ရပ်ကာ ကျန်းဟန်ရှုကို မေးလိုက်သည်။
"Nainao က ဗိုက်ဆာနေတာလားမသိဘူး..."
ကျန်းဟန်ရှု " ကိုယ်တွေခဲ့တာတော့ သူ့ပန်းကန်ထဲမှာ ကြောင်စာလုံလုံလောက်လောက် ရှိပါတယ် ..."
သူက ကျန်းဟန်ရှုကို စကားအနည်းငယ်ပြောကာ ကျန်းဟန်ရှုကလည်း ရေလိုက်ငါးလိုက် ပြောခြင်းဖြင့် စကားလမ်းကြောင်းလွှဲသွားနိုင်ခဲ့သည်။ ဖုကျန်းမှာ စိတ်သက်သာရာရသွားဟန် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ဖုန်းစခရင်မှတစ်ဆင့် တစ်ဦးတည်းထီးထီးရပ်နေသော ချန်ကဲ့လော့ကို တွေ့လိုက်ရသည်။ သူ့ကို အာရုံမရှိသော်ငြား ပြန်လာလျှင်ပေးသည့် package ကိုတော့ လိုချင်နေဆဲဖြစ်သည်။
ဖုကျန်း၏ အကြည့်တို့ကို သတိပြုမိသော ကျန်းဟန်ရှုက သူ့ကိုလျစ်လျူရှုထားသည့်အတွက် စိတ်ဆိုးတကြီးပုံဖြင့် အသံပြုလိုက်သည်။
...
ဝင်လုဆဲနေက လိုက်ကာကိုဖြတ်ကာ သူတို့နှစ်ဦးပေါ် ကျဆင်းလာသည်။ သူက ဖုကျန်းကို ပြောလိုက်သည်။
"အိုကေ ဒါဆို စိတ်ကူးဉာဏ်ကွန့်မြူးတဲ့အကြောင်းလေး ထပ်ပြောရအောင် ..."
ဖုကျန်း "...."
သူက ရင်ဘက်ကိုဖိကာ ချောင်းဆိုးဟန်‌ဆောင်လိုက်သည်။
"ခေါင်းကိုက်တယ် ခေါင်းကိုက်တယ် မရတော့ဘူး သွားအိပ်မှ ဖြစ်တော့မှာ ..."
ထို့နောက် အိပ်ယာထဲကို ခပ်သွက်သွက် ဝင်အိပ်လိုက်သည်။
သရုပ်ဆောင်နေသည်ကို သိသော ကျန်းဟန်ရှုက သူ့ကို ခပ်ဖွဖွပုတ်ကာ အောက်ထပ်သို့ ထမင်းစားရန် ထွက်သွားလိုက်တော့သည်။
သူရေချိုးပြီး ထွက်လာကာ ကုတင်ပေါ် မထိုင်သေးခင် ဖုကျန်းက မျက်လုံးကို ကျဉ်းကျဉ်းလေးဖွင့်ကြည့်လိုက်သည်။ သူ့နှာခေါင်းမှာ နှာစေးနေကာ လေသံကလည်း အက်ရှနေသည်။
"ဟိုဘက်အခန်းကိုပဲ သွားအိပ်လိုက်နော် ..."
"ဘာလို့လဲ..."
ကျန်းဟန်ရှုက မေးလိုက်သည်။
"အဖျားကူးမှာကြောက်လို့ ..."
ကျန်းဟန်ရှုက ရယ်ကာ စောင်ထဲဝင်ပြီး သူ့ကို ဖက်ထားလိုက်သည်။ ဖုကျန်း၏ အသက်ရှူသံငွေ့ငွေ့က သူ့လည်ပင်းနားသို့ ရိုက်ခတ်နေသည်။
"ဘာလို့ မင်းအဖျားက လုံးဝ မသက်သာသေးဘူးလို့ ခံစားနေရတာပါလိမ့် ..."
ဖုကျန်းက နှာချေကာ ပိုပြီး သက်သာသည့်အနေအထားသို့ ပြောင်းရင်း ပြောလိုက်သည်။
"အိပ်တော့ ..."
....
နောက်နေ့မနက်တွင်လည်း ဖုကျန်းမှာ သက်သာမလာ။ သူ့အသံမှာ အက်ကွဲနေဆဲဖြစ်သည်။ အဘွားအိုကြီးလို တုန်ချည့်နေသည့်အသံဖြင့် ပြောလိုက်သည်။
"ကျန်းဟန်ရှု ..."
ကျန်းဟန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။ သူ့နဖူးကို စမ်းကြည့်လိုက်ချိန်တွင် လောင်ကျွမ်းတော့မတတ် ပူနေသည့်အတွက် အိပ်ရာမှ မြန်မြန်ထကာ အောက်ထပ်သို့ သာမိုမီတာ သွားရှာလိုက်သည်။ ထို့နောက် ဖုကျန်းကို အဖျားတိုင်းပေးလိုက်သည်။
.
"၃၈ တောင်ရှိနေပြီ ဆေးရုံသွားရအောင် ..."
.
ဖုကျန်းက သူ့ရင်ဘက်ပေါ် ခေါင်းတင်ကာ ပြောလိုက်သည်။
"မသွားချင်ဘူး ဆေးပဲသောက်မယ်လေ ..."
ကျန်းဟန်ရှု သက်ပြင်းဖွဖွချလိုက်သည်။
"ဒီတစ်ကြိမ်တော့ ကိုယ်လည်း အလိုမလိုက်နိုင်တော့ဘူး ..."
ဖုကျန်းက ခေါင်းကိုသာ ယမ်းလိုက်သည်။ မျက်နှာမှာ နီရဲနေပြီး ရှုထုတ်လိုက်သော လေတို့က မီးနဂါး၏ အသက်ရှူသည့်လေကဲ့သို့ပင်။ အိပ်ယာပေါ်တွင် လှဲနေရင်း ချွဲနွဲ့ပြောလိုက်သည်။
"မလှုပ်ချင်ဘူးဖြစ်နေတာ ..."
ကျန်းဟန်ရှုက သူ့ကိုဆွဲထူကာ အဝတ်လဲပေးလိုက်သည်။
"မသွားရင် မီးလုံးကြီးလို ဖြစ်သွားလိမ့်မယ်နော် ..."
ဖုကျန်းက ကျောင်းမသွားချင်၍ ဂျီကျနေသော ကလေးလိုမျိုး ပွစိပွစိ ရေရွတ်နေလိုက်သည်။
ကျန်းဟန်ရှုမှာ သူ့နာမည်တစ်ခုကလွဲ၍ ဘာကိုမှ သဲသဲကွဲကွဲ မကြားလိုက်။ ဖုကျန်းက သူ့ကို ဂရုဏာသက်ချင်ဖွယ်အကြည့်တို့ဖြင့် မော့ကြည့်နေလိုက်သည်။
ကျန်းဟန်ရှုမှာ ရုတ်ချည်း သဘောထား နူးညံ့သွားသည်။ သူက ဖုကျန်း၏ခေါင်းကိုပုတ်ကာ
"ထားလိုက်တော့ ကိုယ်ပဲ ဆရာဝန်ခေါ်လိုက်ပါ့မယ် ..."
ဖုကျန်းက အိပ်ယာပေါ် ပြန်လှဲနေလိုက်သည်။ သူ့လက်ကိုဆွဲထားကာ မသွားခိုင်းသည့်အတွက် ကျန်းဟန်ရှုမှာလည်း ကုတင်ဘေးတွင်သာ ဝင်ထိုင်နေလိုက်သည်။ ဒေါက်တာစုန့်ကို ဖုန်းဆက်ပြီးနောက် သူ့ခေါင်းကို ဖွဖွလေး ပွတ်ပေးနေရင်း ပြောလိုက်သည်။
"ခဏအိပ်လိုက်နော် ..."
ဖုကျန်းက မျက်လုံးကို ပိတ်လိုက်သော်လည်း ချက်ခြင်းပင် ပြန်ဖွင့်ကာ အလောတကြီး မေးလိုက်သည်။
"coco ရော ..."
.
"ဟိုဖက်အခန်းမှာ အိပ်နေတယ်လေ တွေ့ချင်လို့လား ..."
ဖုကျန်းက ခေါင်းကိုသာ ယမ်းပြလိုက်သည်။ ကျန်းဟန်ရှုမှာ ကိုယ်ခံအားကောင်း၍ သူ့ကို တစ်ညလုံးပွေ့ဖက်ကာ အိပ်သော်လည်း ကိစ္စမရှိသော်ငြား coco ကတော့ မတူပေ။ သူမက လွယ်လွယ်ကူကူ အဖျားကူးနိုင်သည့်အရွယ်ဖြစ်သည်။ သို့သော် အဖျားကူးမည်စိုး၍ သူမနှင့် မကစားပေးလျှင်လည်း ပျင်းနေမည်ကို စိုးရိမ်ရပြန်သည်။
သူက ခဏစဉ်းစားပြီး ပြောလိုက်သည်။
"coco ကို အဖိုးဆီ ပို့ထားလိုက်ရင်ရော ..."
ကျန်းဟန်ရှုက စောင်ကို ဆွဲခြုံပေးရင်း ပြောလိုက်သည်။
"နောက်မှ ကိုယ်ပို့လိုက်မယ် ..."
ဒေါက်တာစုန့်က ခပ်သွက်သွက်ပင် ရောက်ချလာသည်။ ကျန်းဟန်ရှု မနက်စာ ပြင်နေချိန်မှာပင် သူ့ကားက အောက်ထပ်သို့ ရောက်လာခဲ့ပြီဖြစ်သည်။
အပေါ်ထပ်ကိုတက်ကာ ဖုကျန်းကို စစ်ဆေးပြီးနောက် သူက ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး ရိုးရိုး အဆုတ်အအေးမိရုံလေးတင်ပါ ဆေးပဲသောက်ထားရင် ရပါတယ် ..."
ကျန်းဟန်ရှု "မနေ့ကတော့ အဖျားပျောက်ဆေး သောက်ထားတယ် ဒါပေမယ့် မသက်သာလို့ ..."
ဒေါက်တာစုန့်က သူ့ဆေးသေတ္တာကို ထုတ်လိုက်သည်။ ဖုကျန်း၏ အခြေအနေကို ဖုန်းဆက်ပြောလာကတည်းက ဒေါက်တာစုန့်သည် အအေးမိခြင်းဖြစ်ရမည်ဟု တွေးကာ ဆေးအများအပြား သယ်လာခဲ့ခြင်းဖြစ်သည်။
"ဒါဆို ဆေးအသစ်တစ်မျိုး ပေးလိုက်မယ် မတည့်တဲ့ဆေး ရှိလား ..."
"ဟုတ်ကဲ့ cephalosporin နဲ့တော့ မတည့်ဘူး ..."
ဒေါက်တာစုန့်က အာခနဲ လုပ်ကာ အယောင်ကျဆေးကို ပြန်ထားလိုက်သည်။ ထို့နောက် ကျန်းဟန်ရှုကို ဆေးပေးကာ
"အဖျားက နေ့ခင်းပိုင်းလောက်ဆို ကျသွားမှာပါ တကယ်လို့ မသက်သာသေးရင် ကျွန်တော့်ကိုဖုန်းဆက် ဆေးတစ်ပုလင်း လာချိတ်ပေးမယ် ..."
ကျန်းဟန်ရှုက ခေါင်းငြိမ့်ကာ ရေးမှတ်ထားလိုက်သည်။ သူ့ကို အောက်ထပ်သို့ လိုက်ပို့ပြီးနောက် ပြန်တက်လာချိန်တွင် ဖုကျန်းမှာ နောက်တစ်ခေါက် ပြန်အိပ်နေကြောင်း‌ တွေ့လိုက်ရသည်။ သူက မနက်စာကို ဘေးနားရှိ ဗီရိုပေါ် တင်လိုက်ပြီး သူ့ကို နှိုးကာ အစာကျွေးပြီး ဆေးတိုက်လိုက်သည်။
ဆေးသောက်ပြီးနောက် ဖုကျန်းလည်း သမ်းကာ စောင်ဆွဲခြုံရင်း အိပ်ပျော်သွားပြန်သည်။ ကျန်းဟန်ရှုလည်း သူ့အနားတွင် ခဏဆက်နေနေပြီး ပြဿနာမရှိမှန်း သေချာကာမှ ဘေးအခန်းရှိ coco ကို နှိုးကာ ကျန်းအိမ်သို့ လိုက်ပို့လိုက်သည်။
သူပြန်လာချိန်တွင်တော့ ဖုကျန်းမှာ နိုးနှင့်နေပြီး ကုတင်ပေါ်တွင် ဂိမ်းထိုင်ဆော့နေသည်ကို တွေ့လိုက်ရသည်။ love garden ဆော့နေတာ မဟုတ်လို့ တော်သေးတယ်။ သူက အနားလျှောက်လာကာ မေးလိုက်သည်။
"ဘယ်လိုနေသေးလဲ ..." .
"သက်သာလာပါပြီ ..."
သူ့အသံမှာ မနက်ပိုင်းကထက်တော့ အများကြီး ချောမွေ့လာလေပြီ။
"coco ကို ပို့လိုက်ပြီလား ..."
ကျန်းဟန်ရှုက ပြောလိုက်သည်။
"အဖိုးနဲ့အမေလည်း အိမ်မှာရှိနေတယ်လေ coco က တအားကို ပျော်နေတာ ..."
ဖုကျန်းလည်း ဖုန်းကိုချ၍ ထထိုင်ကာ လန်းလန်းဆန်းဆန်းဖြစ်စေရန် မျက်နှာကို ပွတ်လိုက်လျှင် ကျန်းဟန်ရှုက မေးလာသည်။
"‌အိပ်ရေးဝရဲ့လား ..."
.
ဖုကျန်းက နှာချေကာ သူ့ခေါင်းကို ကျန်းဟန်ရှု ပုခုံးပေါ် မှီထားရင်း ပြောလိုက်သည်။
"ခန္ဓာကိုယ်က ကပ်စီးစီးကြီးဖြစ်နေတော့ ရေချိုးချင်လို့ ..."
.
ကျန်းဟန်ရှုက သူ့မျက်နှာကို ဖွဖွလေး ပုတ်လိုက်သည်။
"မချိုးနဲ့ဦး အဖျားကျမှချိုး ..."
ဖုကျန်းသည်လည်း ဖျားနေချိန် ရေချိုးခြင်းက မကောင်းမှန်းသိသည့်အတွက် ဇွတ်အတင်း မတောင်းဆို။ သူက ဖိနပ်စီးကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ဘာလုပ်ရမှန်းမသိ ယောင်လည်လည် ဖြစ်နေ၍ ကုတင်ပေါ်ထိုင်နေသော ကျန်းဟန်ရှုကို တစ်ခုခု ပြောရန် ပြင်‌လိုက်သော်လည်း ဘာပြောရမလဲ မမှတ်မိတော့။
ဖုကျန်းလည်း အကြည့်တို့ကို ရုတ်သိမ်းကာ အခန်းထဲမှ ထွက်လာလိုက်သည်။ သူထွက်လာသည်ကို မြင်သည်နှင့် Tiola က လက်ကလေးကိုမြှောက်ကာ မြှောင်မြှောင်ဟု လှမ်းအော်လိုက်သည်။
ဖုကျန်းက သူ့ကို ကောက်ပွေ့လိုက်သည်။ Tiola ကလည်း လိမ်လိမ်မာမာဖြင့် လိုက်လာကာ လည်ပင်း‌ကိုမော့ပြီး သာသာလေး အော်လိုက်သည်။
သူက Tiola ကိုချီကာ တီဗီရှေ့ ဝင်ထိုင်လိုက်သည်။ ခဏအကြာတွင်တော့ ကျန်းဟန်ရှုလည်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အလုပ်ပိတ်ရက်မဟုတ်သော်ငြား ဖုကျန်းနေမကောင်းသဖြင့် ခွင့်တစ်ရက်ယူထားခြင်းဖြစ်သည်။ သို့သော် လက်မှတ်ထိုးစရာ စာရွက်စာတမ်းတို့ကိုတော့ အတွင်းရေးမှူးသုန်းက အိမ်လာပို့ထားပြီဖြစ်သည်။
သူက ဖုကျန်းနှင့်အတူ တီဗီခဏကြည့်ပြီးနောက် မေးလိုက်သည်။
"ကိုယ် စူပါမားကတ်ကို သွားမလို့ နေ့ခင်းပိုင်း ဘာစားဦးမလဲ ..."
ဖုကျန်းမှာ အဖျားမပျောက်သေးသည့်အတွက် ခံတွင်းပျက်နေဆဲဖြစ်သည်။ အရသာခပ်ပြင်းပြင်းကိုသာ စားချင်သော်ငြား ကျန်းဟန်ရှုက သဘောတူမည်မဟုတ်၍ ခေါင်းအုံးကိုမှီကာ ပြောလိုက်သည်။
"ပေါ့ပေါ့ပါးပါးရှိတာလေးဆိုရပါပြီ ..."
...
အတွင်းရေးမှူးသုန်း စာရွက်စာတမ်းများ လာပို့ချိန်တွင် သူက အားလုံးကို စာကြည့်ခန်းထဲယူသွားကာ အလုပ်လုပ်နေလိုက်သည်။ အားလုံးပြီးပြတ်သည့်နောက် ကားသော့ဆွဲကာ စူပါမားကတ်သို့သွားရန် ဆင်းလာလိုက်သည်။ သူမသွားမီ ဖုကျန်းကို မှာလိုက်သေးသည်။
"အိမ်မှာပဲ အေးဆေးနားနေနော် ..."
သူထွက်သွားပြီးနောက် ဖုကျန်းက နောက်ကျောဘက်မှ ခေါင်းအုံးကိုဆွဲထုတ်ကာ ကိုယ်နေဟန်ထားပြောင်းပြီး ဆိုဖာပေါ်တွင်သာ လှဲနေလိုက်သည်။ တီဗီတွင် ကျန်းရှင်းပါဝင်ထားသည့် idol drama ကို ပြသနေသည်။ ထိုဇာတ်လမ်းတွင် သူက အတွင်းရေးမှူးနှင့် အချစ်ဇာတ်လမ်းခပ်ရှုပ်ရှုပ်ကို စတင်နေသော လွှမ်းမိုးချယ်လှယ်ချင်သည့် ဥက္ကဌနေရာမှ ပါဝင်ထားသည်။
ထိုဇာတ်လမ်း၏ စိတ်ပျက်စရာကောင်းမှုက ဖုကျန်းထင်ထားသည်ထက်ပင် ကျော်လွန်နေသေးသည်။ လွတ်မြောက်ရာကို မရိုက်ကူးမီကသာ ထိုဇာတ်ကားကို ကြည့်ခဲ့မိပါလျှင် ကျန်းရှင်းသည် သူ့အဖွဲ့တွင်ပင် ပါနိုင်မည်မဟုတ်ချေ။ ယခုတော့ သူ၏ သရုပ်ဆောင်စွမ်းရည်မှာ ယခင်ကထက် တိုးတက်လာကာ အနာဂတ်တွင် အောင်မြင်နိုင်လောက်မည်ဟုပင် သတင်းသဲ့သဲ့ ကြားထားမိသည်။
ဒီဇာတ်လမ်းက အရမ်းကို ပူစပ်ပူလောင်နိုင်လွန်းတာပဲ။
ဖုကျန်းမှာ အဆုံးအထိပင် မကြည့်နိုင်တော့သည့်အတွက် ရီမုကိုကောက်ကိုင်ကာ တီဗီကို ပိတ်လိုက်သည်။ သူက ဆိုဖာပေါ်တွင် လှဲကာ ဂိမ်းတစ်ခုနှစ်ခုခန့် ဆော့လိုက်သေးသော်ငြား နောက်ပိုင်းတွင် ပျင်းရိလာကာ အိပ်ငိုက်စပြုလာ‌သည်။ သူနိုးလာချိန်တွင်တော့ မိနစ်နှစ်ဆယ်ခန့် ကုန်သွားပြီဖြစ်သော်လည်း ကျန်းဟန်ရှုကတော့ ပြန်မလာသေးပေ။
သူက သက်ပြင်းသာ အသာ ချလိုက်တော့သည်။ မတ်တပ်ထရပ်ကာ ရေတစ်ခွက်သောက်ပြီးချိန်တွင်တော့ ပိုပြီး နေကောင်းလာသလိုပင်။ ဗီဒီယိုကို ပြန်ကြည့်ရန် စာကြည့်ခန်းထဲသို့ သွားလိုက်သော်ငြား အခန်းတံခါးမှာ သော့ခတ်ထားသည်။
ဖုကျန်း ကြက်သေသေသွားတော့သည်။ သူနှင့် ကျန်းဟန်ရှုတို့ ဒီအိမ်ကို ပြောင်းလာကတည်းက စာကြည့်ခန်းကို သော့မခတ်ဖူးသည့်အတွက် သော့ထားသည့်နေရာကို မသိချေ။
ခေါင်းကိုအသာယမ်းကာ အိပ်ခန်းထဲသို့ ဝင်လာလိုက်သည်။ ဗီရိုရှေ့တွင် ငုတ်တုတ်ထိုင်ကာ အံဆွဲတို့ကို တစ်ခုပြီးတစ်ခု ဆွဲဖွင့်ရင်း သော့လိုက်ရှာလိုက်သည်။
"ရှာမနေနဲ့ သော့က ကိုယ်ဖွက်ထားတာ ..."
ကျန်းဟန်ရှု၏အသံက သူ့နောက်နားမှ ရုတ်တရက် ထွက်ပေါ်လာသည်။
.
ဖုကျန်းလည်း အသီးအရွက်အိတ်တို့ ကိုင်ထားဆဲကျန်းဟန်ရှုကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြရင်း မေးလိုက်သည်။
"ဘာလို့ စာကြည့်ခန်းကို သော့ခတ်ထားတာလဲ ..."
"ဒါရိုက်တာကြီးက အားလပ်ချိန်မရှိတော့ အနားယူစေချင်လို့လေ ..."
ဖုကျန်းက အတော်ကြာ တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။
"ဒါဆို စာအုပ်နှစ်အုပ်လောက်ပဲ ယူလို့ရလား ..."
ကျန်းဟန်ရှုက တစ်ခဏ စဉ်းစားကာ ဘီရိုထဲမှ မီးစာကို ထုတ်ပေးလိုက်သည်။
"ဒါကိုသုံးလိုက်လေ ..."
ဖုကျန်း "...."
သူ့ကို လက်မအကြီးကြီး ထောင်ပြရုံသာ တတ်နိုင်တော့သည်။
xxxxxx