အပိုင်း ၁၄၁
Viewers 23k

ဖုကျန်း၏အဖျားက ရက်ပိုင်းအတွင်း သက်သာလာခဲ့သည်။ ကျန်းဟန်ရှုက coco ကို ကျန်းအိမ်မှ ချက်ခြင်း ပြန်ခေါ်လာခဲ့သည်။ သူမက တစ်နှစ်ခွဲရှိပြီဖြစ်၍ စကတ်သေးသေးလေးဝတ်ကာ ဟိုဟိုသည်သည် ပြေးတတ်သည့်အရွယ် ရောက်နေပြီဖြစ်သည်။ ကော်ဇောထူထူ ခင်းထားသည့်အတွက် ချော်လဲလျှင်ပင် ငိုမည်မဟုတ်။ ကြမ်းပေါ် လှဲနေကာ လက်တို့ကို ဆန့်တန်းရင်း သူ့နားကို ရောက်လာသော ဖုကျန်းကို ပြုံးပြီး ပါးပါး ပါးပါး ဟု လှမ်းခေါ်နေသည်။
ဖုကျန်းလည်း သူမ‌နား လျှောက်လာကာ ထိုင်ချလိုက်ပြီး ပါးအိအိလေးကို ကိုင်ကြည့်လိုက်သည်။ ထိုသည်ကပင် သူမကို မြှူသလိုဖြစ်နေ၍ လက်သေးသေးလေးများကိုယမ်းကာ တစ်ခစ်ခစ် ရယ်နေလိုက်သည်။ သူလည်း coco ကို ပွေ့ချီကာ စာကြည့်ခန်းထဲသို့ ခေါ်လာလိုက်သည်။
ဤသည်မှာ ဖုကျန်း၏ အိမ်တွင်အလုပ်လုပ်သည့်ပုံစံ ဖြစ်သည်။ စာကြည့်ခန်းတစ်ခန်းလုံးကို ကော်ဇောထူထူ ခင်းထားသည့်အတွက် ခိုက်မိမည်ကို မစိုးရိမ်ရ။ သူအလုပ်လုပ်နေချိန်တွင် coco က ကြမ်းပေါ်တွင် ငြိမ်ငြိမ်လေး ဆော့နေသည်။ ငိုလည်းမငို။ ထိန်းနေသူကို အလုပ်ရှုပ်အောင်လည်း မလုပ်။ ပင်ပန်းလာလျှင် အိပ်လိုက်ကာ နိုးလာပါက မျက်လုံးပြာဝိုင်းဝိုင်းကြီးများဖြင့် ဟိုဟိုသည်သည် လိုက်ငေးနေရင်း တစ်ယောက်တည်း ကစားနေသည်။
ဗိုက်ဆာလာပါက ဖုကျန်းအနား လေးဘက်ထောက်သွားကာ ဘောင်းဘီစကို ဆွဲလိုက်သည်။ ထိုအခါ သူလည်း ချက်ခြင်း သဘောပေါက်လိုက်တော့သည်။
ကစား၍ ပင်ပန်းလာချိန်တွင်တော့ coco သည် ပန်ဒါရုပ်လေးကိုပိုက်ကာ အိပ်နေလိုက်သည်။ အသံမကြား၍ လှမ်းကြည့်လိုက်ကာမှ ကြမ်းပေါ်တွင် ကွေးကွေးလေးအိပ်နေသူကို တွေ့ရမည်ဖြစ်သည်။
ဖုကျန်းက ဖွဖွလေးပြုံးကာ သူမကို သာသာလေး ပွေ့ချီပြီး သူ့ဘေးနားရှိ ပုခက်ထဲသို့ ထည့်ပေးလိုက်သည်။ coco က လက်သေးသေးလေးကို ဆန့်ထုတ်ကာ ခေါင်းကိုပွတ်လိုက်ပြီးနောက်တွင်တော့ အိပ်မက်ကမ္ဘာထဲသို့ တစ်ဖန်ပြန်ရောက်သွားပြန်သည်။
ဖုကျန်းက စောင်ခြုံပေးပြီး ကွန်ပျူတာစီသို့ ပြန်လာခဲ့လိုက်သည်။ အထူးပြုလုပ်ချက်ထည့်သွင်းသည့်ကုမ္ပဏီမှာ အားလုံးပြီးစီးလုနီးပါး ရှိနေပြီဟု ဖုန်းဆက်လာသည့်အတွက် လိုအပ်သည်များကို စစ်ဆေးနေခြင်းဖြစ်သည်။ အကြံပြူချက်၊ ဖြည့်စွက်ချက်များကို ပေးပို့ပြီးနောက် ကုမ္ပဏီက ပြန်လည်ဖြည့်ဆည်းပြီးချိန်တွင် အားလုံး အဆင်သင့်ဖြစ်လုနီးပြီဖြစ်သည်။
ဖုကျန်းက နောက်ကိုမှီထိုင်ကာ ‌ဗီဒီယို၏ စာတန်းထိုးကို ကြည့်နေလိုက်သည်။
<< သစ္စာရှိတဲ့ သွေးသားတွေကို တောင်ကုန်းတွေမှာ မြှုပ်နှံခဲ့ရတယ် ဒါဆို ဘာလို့ မြင်းသေကောင်တွေကို ပြန်မသယ်လာရမှာလဲ
အမိမြေကို အသက်နှင့်ရင်းကာ ကာကွယ်ခဲ့သူများမှာ နိုင်ငံရပ်ခြားတွင်သာ အသက်ကို စွန့်လှူခဲ့ရသည်။ စစ်သားငယ်တို့က ထိုသွေးစွန်းမြေကို လေးလေးနက်နက်ပင် ဦးညွတ်လိုက်ကြသည်။
"ကျွန်တော်တို့က အိမ်ကိုပြန်ခေါ်ပေးသွားပါ့မယ် ..."
သူရဲကောင်းဝါဒတို့က ကောင်းကင်တစ်ခွင် ကြဲပြန့်နေသည်။ စစ်သားငယ်တို့က တစ်ချိန်က ဆုံးရှုံးခဲ့ကာ ယခုတော့ သွင်ပြင်ပြောင်းလဲနေပြီဖြစ်သည့် ‌မြေကိုကြည့်ပြီး မွေးရပ်မြေသို့ ပြန်လာခဲ့ကြသည်။
ဇာတ်ညွှန်းမှာလည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည့်အတွက် ဖုကျန်းသည် သရုပ်ဆောင်များကို ဆက်သွယ်ကာ ရုပ်ရှင်ကို ချက်ခြင်းလက်ငင်းပင် အကောင်အထည်ဖော်တော့သည်။
ရပ်မကြည့်နိုင်တော့သော ကျန်းဟန်ရှုက သူ့ကို မေးလိုက်သည်။
"မနားတော့ဘူးလား ..."
ဖုကျန်းက ခဏတွေးလိုက်သည်။ ဇာတ်လမ်းတို ရိုက်ပြီးသွားသော်ငြား သူ့နောက်‌ကျောရှိ ကျောက်တုံးကြီးက ပျောက်သွားဟန်မတူ။ နောက်ထပ်တစ်တုံးပင် ပိုလာကာ အချိန်မရွေးပြုတ်ကျတော့မည့်အတွက် သူ့တွင် အချိန်မလောက်တော့ဟုသာ ခံစားနေရသည်။
လက်တွေ့တွင်တော့ အရာတိုင်းက သူတွေးထားသလို တင်းကြပ်မနေပေ။ မေလအစောပိုင်းတွင်သာ ရှိသေးကာ ပြင်ဆင်မှုတို့မှာလည်း ပြီးလုပြီဖြစ်သည်။ အောက်တိုဘာရောက်ရန် ငါးလလိုသေးသည့်အတွက် တစ်ရက်နှစ်ရက် နားခြင်းသည် ပြဿနာမဟုတ်ပေ။
ကျန်းဟန်ရှုက သူ့လက်ကိုဆွဲကာ ပြောလိုက်သည်။
"လာပါ အပြင်လေးဘာလေးသွားရအောင် နှစ်ရက်ပဲလေ ဘာမှ မနှောင့်နှေးပါဘူး ..."
သူပြောသည်မှာ ယုတ္တိကျသည့်အတွက် ဖုကျန်းလည်း လက်ခံလိုက်ရတော့သည်။ နှစ်ရက်လုံး ဖုန်းကိုပိတ်ကာ အလုပ်ကိစ္စအားလုံးကို စတူဒီယိုသို့သာ လွှဲအပ်ခဲ့သည်။
သူက ကျန်းဟန်ရှုကို မေးလိုက်သည်။
"ဘယ်သွားကြမလဲ ..."
အစောကြီးကတည်းက စီစဉ်ထားသော ကျန်းဟန်ရှုက သူ့ကို ပြောလိုက်သည်။
"ပထမတစ်ရက်က ပြတိုက်ကို သွားကြမယ် နောက်နေ့ကျ ရုပ်ရှင်ကြည့်ပြီး ဖယောင်းတိုင်လေးတွေနဲ့ ရိုမန့်တစ်ဆန်ဆန်လေး ညစာသွားစားကြမယ်လေ ပြီးမှ ပြန်လာမယ် ဘယ်လိုလဲ..."
ညစာစားပြီးနောက်ပိုင်းကိစ္စများမှာတော့ သူမပြောလျှင်ပင် ဖုကျန်းက နားလည်မည်ဟုသာ တွေးထားလိုက်သည်။
ဖုကျန်းမှာ ခေါင်းကိုသာ အသာယမ်းလိုက်တော့သည်။ သူလည်း ကျန်းဟန်ရှု၏ စီစဉ်မှုများကို သဘောတွေ့သည်ဟန်ပင်။
နောက်တစ်နေ့တွင် ကုန်စည်ပြပွဲ၏ အပြင်ဘက်သို့ရောက်ကာ အထဲဝင်ရန် လက်မှတ်ဖြတ်လိုက်သည်။ ပန်းပွင့်ပုံအစိမ်းရောင်ဆွယ်တာဝတ်ထားသည့် အစောင့်နှစ်ဦးက သူတို့ကို တားလာသည့်အတွက် ဖုကျန်းမှာ နားဝေတိမ်တောင်ဖြစ်သွားသည်။ အထဲဝင်ဖို့ လုံခြုံရေးဂိတ်ကို ဖြတ်ရသေးတယ်လား။ မကြားမိသလိုပဲကို။
ဝန်ထမ်းက သူ့ကို ရှင်းပြလိုက်သည်။
"အထဲမှာ ပွဲလုပ်နေတဲ့အတွက် ဧည့်သည်တွေကို မျက်နှာဖုံး တပ်ဖို့ လိုအပ်နေလို့ပါ ပူးပေါင်းပေးပါဦးနော် ..."
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့သည် အပြင်သွားတိုင်း mask တပ်လေ့ရှိသော်လည်း ပရိသတ်များ၏ သတိထားမိခြင်းကိုသာ ခံခဲ့ရသည်။ ဒီတစ်ကြိမ်တွင်တော့ အိပ်ငိုက်နေစဉ် ခေါင်းအုံးထိုးပေးလာသလိုမျိုး အခွင့်အခါ သင့်လှပေသည်။
ကျန်းဟန်ရှုက နှစ်ခုယူကာ ကျေးဇူးတင်စကားပြောလိုက်သည်။ ကုန်စည်ပြပွဲအတွင်း ဝင်ချိန်တွင်တော့ ဖုကျန်းက သူ့လက်ထဲမှ မျက်နှာဖုံး ကိုကြည့်ကာ ပြောလိုက်သည်။
"ငွေရောင်လေးလိုချင်လို့ ..."
ကျန်းဟန်ရှုက ပြုံးကာ သူလိုချင်သည့်တစ်ခုကို ပေးလိုက်သည်။ မျက်နှာဖုံးက သူ့မျက်လုံးမှတစ်ပါး မျက်နှာတစ်ခြမ်းလုံးကို ဖုံးထားနိုင်ကာ ပါးစပ်နှင့် မေးစေ့တို့သာ ပေါ်နေသည်။ ဖုကျန်းက မျက်နှာဖုံးကို လဲတပ်လိုက်ကာ အထဲသို့ သိလိုစိတ်အပြည့်ဖြင့် ခပ်သွက်သွက် ဝင်သွားလိုက်သည်။
ကင်မရာနှင့် ပုခက်ကို တွေ့လိုက်ရချိန်တွင်တော့ ရသစုံရှိုးတစ်ခုခု ရိုက်နေသည်ဟု သိလိုက်ရသည်။ ထိုသည်မှာ သူတို့နှင့် မသက်ဆိုင်သည့်အတွက် လမ်းအတိုင်း ဆက်လျှောက်လာလိုက်သည်။ ရှေ့နားတွင် အီတလီစတိုင် ကြွေပြားခင်းထားသော ဥယျာဉ်တစ်ခုနှင့် ဘုရားကျောင်းကို တွေ့လိုက်ရပြီး အသစ်စက်စက် ဇနီးမောင်နှံတို့က ထိုနေရာတွင် ဓာတ်ပုံရိုက်နေကြသည်။
ခပ်လှမ်းလှမ်းမှ ဆူညံသံကို ကြားလိုက်ရသည့်အတွက် ဖုကျန်းလည်း ကျန်းဟန်ရှုကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ရသစုံရှိုး ရိုက်နေတာထင်တယ် ..."
"ကိုယ်လည်း အဲ့လိုထင်တာပဲ..."
ပြပွဲထဲတွင် မျက်နှာဖုံးသုံးမျိုးကိုသာ တွေ့လိုက်ရ၍ ကျန်းဟန်ရှုလည်း စကားပြောနေသည်ကို ခဏရပ်လိုက်သည်။
"ပြိုင်ပွဲလုပ်နေတာလည်း ဖြစ်နိုင်တယ် ..."
သေချာတာပေါ့။ ကျန်းဟန်ရှု၏ စကားအဆုံးတွင် ဘေးနားရှိ အသံလွှင့်စက်များမှ အစီအစဉ်တင်ဆက်သူ၏ စကားသံ ထွက်ပေါ်လာသည်။
"ငွေရောင်မျက်နှာဖုံးရှင်တွေက Millennium Stone ဘက်ကို သွားပေးပါ အပြာရောင်မျက်နှာဖုံးက Wansui ရေကန်ကို သွားပြီးတော့ အနီရောင်မျက်နှာဖုံးကတော့ ကျောက်တုံးဖြူတာဝါကို သွားပေးပါ ..."
"အဖော်နဲ့ ခွဲပြီးမသွားချင်ဘူးဆိုရင်တော့ ကြယ်နီပလာဇာမှာ အဝါရောင်မျက်နှာဖုံး လဲပေးပါ..."
ဖုကျန်းတို့လည်း တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ အဝါရောင်မျက်နှာဖုံးလဲရန် ကြယ်နီပလာဇာသို့ လာလိုက်ကြသည်။ နောက်ဆော့ရမည့်ဂိမ်းမှာ တကယ်ကို ပျင်းစရာ ကောင်းလှသည်။
ဖုကျန်းနှင့် အဖွဲ့သားအားလုံးမှာ ဝါနုသူများဖြစ်၍ အမှတ်နည်းနည်းသာရပြီး ကျန်းဟန်ရှုနှင့် ကောင်မလေးတစ်ယောက်သာ နောက်ဆုံးမေးခွန်းတွင် အမှတ်အများကြီး ရခဲ့သည်။
တင်ဆက်သူက သူ့ကို မျက်နှာဖုံးချွတ်ပြနိုင်မလားဟု မေးခဲ့သော်လည်း ကျန်းဟန်ရှုက ခေါင်းယမ်ပြီးသာ ငြင်းလိုက်သည်။ သူက စင်ပေါ်မှဆင်းကာ ရလာသော ဆုကို ဖုကျန်းထံ လွှဲပေးလိုက်ပြီး ထိုမြင်ကွင်းက ဓာတ်ပုံရိုက်ခံလိုက်ရသည်။
ဓာတ်ပုံအရိုက်ခံလိုက်ရသည်က ပြဿနာကြီးမဟုတ်။ မျက်နှာဖုံးချွတ်လိုက်ချိန်တွင် သူတို့ကို မှတ်မိသွားကာ အင်တာနက်ပေါ် အတင်ခံလိုက်ရသည်။ ရှိုးမှာ လူသိမများသော်ငြား ဖုကျန်းတို့နှစ်ဦးကြောင့် ကြည့်ရှုနှုန်း တိုးလာသည့်အတွက် ဒါရိုက်တာက သူတို့နှစ်ဦးကို ရသစုံရှိုးတွင်ပါဝင်ရန် စိတ်ကူးရှိလားဟုပင် ကမ်းလှမ်းလာသည်။
ပြပွဲမှ ထွက်လာပြီးနောက် ဖုကျန်းမှာ ခေါင်းထဲမှ စက်သံတစ်သံကို ကြားလိုက်ရသည်။ နောက်တစ်လှမ်းဆုတ်ကာ ပတ်ပတ်လည်လိုက်ရှာလိုက်သော်ငြား စက်သံထွက်မည့် တစ်ခုခုကိုမှ ရှာမတွေ့‌ချေ။
"ဘာဖြစ်လို့လဲ ..."
ကျန်းဟန်ရှုက မေးလိုက်သည်။
အသံက သူ့ခေါင်းထဲမှာ ကြားနေရဆဲပင်။ ဖုကျန်းက ခေါင်းကိုသာ ယမ်းပြလိုက်သည်။
"ဘာမှမဖြစ်ပါဘူး နားကြားမှားတာ နေမှာ ..."
ကျန်းဟန်ရှုက သူ့ပုခုံးကို ပုတ်လိုက်သည်။
"ပင်ပန်းနေပြီလား တစ်ခုခုစားမလား အိမ်ပြန်မလား ..."
"အိမ်ပဲပြန်ရအောင် ..."
ကျန်းဟန်ရှု "ဒါဆို စူပါမားကတ်မှာ စားဖို့ တစ်ခုခု ဝင်ဝယ်ရအောင် ..."
အိမ်ပြန်ရောက်ပြီးနောက် ကျန်းဟန်ရှုက အသီးအရွက်နှင့် ပင်လယ်စာထုပ်ကို မီးဖိုထဲသို့ သယ်သွားသည်။ ဖုကျန်းက ဆိုဖာပေါ်ထိုင်ကာ တီဗီဖွင့်လိုက်ချိန်တွင် စက်ရုပ်သံတစ်ခုက အတွေးထဲပေါ်လာသည်။
"ဟယ်လို မစ္စတာဖု system ၂၃၃ ပါ တွေ့ရတာ ဝမ်းသာပါတယ် ..."
ဖုကျန်းမှာ အသိစိတ်လွတ်သွားကာ လက်ထဲမှ ရီမုကို လွှတ်ချလိုက်သည်။
"မကြောက်ပါနဲ့ ကျွန်တော့်မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး ..."
ထိုအသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူက မီးဖို‌ထဲသို့ အော်ပြီး ပြေးသွားတော့သည်။
"ကျန်းဟန်ရှုရေ ..."
System 233 "...."
ကျန်းဟန်ရှုလည်း မီးဖိုထဲမှ ပြေးထွက်လာကာ သူ့ကို မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ..."
သူက ပါးစပ်ကို ဟလိုက်သော်ငြား ဘာမှ ပြောလို့မရခဲ့။ ကျန်းဟန်ရှုက သူ့ကို နားမလည်နိုင်စွာ ကြည့်နေလိုက်သည်။
System 233" ကျွန်တော့်ရဲ့ တည်ရှိမှုကို မစ္စတာကျန်းကို ရှင်းပြလို့ မရပါဘူး ..."
"ကျွန်တော့်ကိုယုံပါ မစ္စတာဖု ဘာမှ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး ..."
ထိုအခြေအနေတွင် ဘယ်လိုရည်ရွယ်ချက်ပဲရှိရှိ ထို system ၏စကားကို နားထောင်ရုံမှတစ်ပါး ရွေးစရာ မရှိတော့ပေ။ သူက ကျန်းဟန်ရှုကို ခေါင်းသာ ယမ်းပြလိုက်တော့သည်။
"ဘာမှမဖြစ်ပါဘူး ..."
ကျန်းဟန်ရှုက သူ့ကို စိုက်ကြည့်နေလိုက်ပြီးနောက် မယုံသင်္ကာဖြင့်သာ မီးဖိုထဲ ပြန်သွားလိုက်တော့သည်။
သူထွက်သွားပြီးနောက် ဖုကျန်းက နောက်ကိုမှီထိုင်လိုက်သည်။ သူ့စိတ်ထဲမှ သတ္တဝါလေး၏စကားကို ပြန်တွေးမိတိုင်း ထူးဆန်းနေဆဲဖြစ်သည်။ အတော်အသင့် တည်ငြိမ်လာကာမှ မေးလိုက်သည်။
"မင်းက ဘာလဲ ..."
အသံက ပြန်ဖြေလိုက်သည်။
"ကျွန်တော်က ဒီကမ္ဘာနဲ့ အဝေးကြီးမှာရှိတဲ့ Alpha ဂြိုဟ်က system 233 ပါ ..."
ဖုကျန်းမှာ ထိုဂြိုဟ်က ဘာမှန်းပင် မသိ။ သူက မျက်လွှာချကာ တွေးလိုက်ပြီးမှ သူ့ကို မေးလိုက်သည်။
"ငါက ဘာလုပ်ပေးရမှာလဲ ..."
ကလေးဘဝကသာဆိုလျှင် ဖုကျန်းသည် သူ့ကိုယ်သူ ကောင်းကင်ဘုံ၏ သားတော်ဟု တွေးကောင်းတွေးလိမ့်မည်။ ယခုတော့ ထိုကိစ္စကို သိပ်ပြီး ဝမ်းသာအားရ မဖြစ်တော့။ အထူးသဖြင့် နာမ်ရုပ်သုံးသွယ်ကို ကြည့်ပြီးချိန်တွင် ဂြိုဟ်သားများနှင့် ပတ်သက်သာ ပို၍ပင် စိတ်မဝင်စားတော့ချေ။
system 233 " မစ္စတာဖု system 886 က မစ်ထန်ဆီက ရတဲ့အမှတ်တွေကို သုံးပြီး လူကြီးမင်းကို ထိခိုက်နစ်နာစေခဲ့တယ်လို့ သိရတဲ့အတွက် အင်မတန်မှကို ဝမ်းနည်းမိပါတယ် ..."
သူက မျက်မှောင်ကြုတ်လိုက်သည်။ ခဏ စဉ်းစားပြီးမှ အဓိပ္ပါယ်ကို နားလည်သွားသည့်အတွက် system ကို မေးလိုက်သည်။
"မင်းပြောသလိုဆို ထန်ဝမ်ဝမ်က system ရဲ့ အကူအညီနဲ့ လူတွေရဲ့စိတ်ကို ထိန်းချုပ်ပြီး ပြဿနာတွေကို ဖန်တီးခဲ့တာပေါ့ ဟုတ်လား ..."
233..."အဲဒါက system 886 ပါ ကျွန်တော်တို့က သူနဲ့မတူတဲ့ system ကောင်း တွေပါ ..."
သူက ဆက်ပြောလိုက်ပြန်သည်။
"ကျွန်တော်တို့က system 886 ကြောင့် နစ်နာသွားတဲ့သူတွေကို နဂိုအတိုင်း ပြန်လုပ်ပေးဖို့ လာတာပါ ကျွန်တော်တို့ရဲ့ လတ်တလော စွမ်း‌ဆောင်ရည်အရဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုကိုပဲ လုပ်ပေးနိုင်ပါဦးမယ် စိတ်ပိုင်းဆိုင်ရာအတွက်ကတော့ လျော်ကြေးသပ်သပ်ပေးပါ့မယ် လောကကြီးကို ထိခိုက်စေမယ့် ဆုတောင်းမဟုတ်သရွေ့ အတတ်နိုင်‌ဆုံး ဖြည့်ဆည်းပေးပါ့မယ် ..."
ဖုကျန်းက တစ်ခဏ အသံတိတ်သွားသည်။
xxxxxx