Chapter 114
Viewers 4k

🚩Chapter -114

 Arc_6 . တိသမီးပြန်လာခြင်း [ 6 ]


____


စုရွေ့၏ မျက်လုံးများရှိ အေးစက်မှုသည် လျှပ်တစ်ပြက်အတွင်း ပျောက်ဆုံးသွားသည်။ 


ချန်ချင်းကျင်းက ၎င်းကို အနည်းငယ် ခံစားမိသော်လည်း၊သူမ အမြင်မှားနေသည်ဟုသာ တွေးလိုက်၏။ ကျင်းချင်ဝမ်၏ အတိတ်ဘဝကို သူမ သိထား၏။သူသည် ဧကရာဇ်မိသားစုကို အဆုံးစွန်အထိ ပေးဆပ်ချင်သော စိတ်ရင်းမှန်ရှိသည်။ သူသည် ဉာဏ်ပညာရှိသူဖြစ်ကာ ရည်မွန်ပြီး ချဉ်းကပ်ရလွယ်ကူသော တော်ဝင်ဦးရီးတော်ပင်။


ယခုအချိန်တွင် ချန်ချင်းကျင်း၏ သံသယစိတ်များနှင့် လူအုပ်ကြီး၏ ရိုသေလေးစားသော ဟန်ပန်တို့အား စုရွေ့ ဂရုမစိုက်စွာ ပုံမှန်အတိုင်း နေနေသည်။မူရင်းပိုင်ရှင်၏ အသံအတိုင်း သူက တုပ၍ ပြောလိုက်၏။ 


"မကြာသေးခင်က ငါကိုယ်တော် အိမ်တော်ထဲမှာ နေရတာ မွမ်းကျပ်လာတယ်၊ဒါကြောင့် မြို့တော်အပြင်ဘက် လမ်းလျှောက်ထွက်ဖို့ စိတ်ကူးမိတယ်လေ၊ဒီနေ့က ရာသီဥတုလည်း သာယာတယ် ဆိုတော့ မြို့တော်အပြင်ဘက်အထိ မြင်းလှည်းစီးမယ်လို့ တွေးရင်း မနေ့က ချင်းယွီက ဒီနေ့ အမဲလိုက်ဖို့အကြောင်း ပြောခဲ့တာကို ရုတ်တရက် ပြန်သတိရမိတာ၊ဒါနဲ့ ငါကိုယ်တော်လည်း စည်ကားတဲ့ မြင်ကွင်းကို ကြည့်ဖို့ လာခဲ့တာ၊ အဟွတ် အဟွတ်"


ဤနေရာအထိ စကားပြောနေရင်း စုရွေ့ ရုတ်တရက် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ရင်း သူ့မျက်နှာမှာ သွေးရောင်ခြယ်သသွားတော့သည်။


သူ ချောင်းဆိုးသည့်အခါ သူ့ပတ်ဝန်းကျင်က လူများလည်း အသက်ကိုယ်စီ အောင့်ထားလိုက်မိကြ၏။


ကျင်းချင်ဝမ်ရဲ့ ခန္ဓာကိုယ်က တကယ်ကို အားနည်းနေတာပဲ...


အားလုံးက စုရွေ့ကို စူးစူးရဲရဲ ကြည့်နေချိန်မှာ၊ စုဝမ်ကတော့ မျက်လုံးလှန်၍ကြည့်လိုက်သည်။


သရုပ်ဆောင်စွမ်းရည်က တော်တော်ကောင်းတာပဲ၊ ဟင်းဟင်း၊ဒါဆိုလည်း ရှင့်အတွင်းအားသုံးပြီး သွေးတွေအန်အောင် လုပ်ပါလား...


သူမက သူ့ကို ပြက်ရယ်ပြုနေချိန်မှာပင်၊ စုရွေ့ ချောင်းဆိုးပြီး တစ်ကယ်သွေးများအန်လေတော့သည်။


စုရွေ့၏နှုတ်ခမ်းထောင့်ရှိ သွေးများနှင့် သူ့လက်ထဲမှ အဖြူရောင်လက်ကိုင်ပဝါပေါ်ရှိ အနီရောင်အစက်အပြောက်များကိုမြင်ပြီး ချန်ယွီရှု မျက်နှာထားက  ပို၍လေးနက်လာသည်။


"အရှင့်သား ခန္ဓာကိုယ်ကို ဂရုစိုက်ပါ၊ဧကရာဇ်က အရှင့်သားကို လိုအပ်နေပါသေးတယ်"


စုရွေ့ : မင်းအမေလား၊ ငါကမကြာခင် သေတော့မယ်လို့ ပြောချင်တာလား။ မင်းမသေရင် ငါလည်း မသေနိုင်ဘူး၊ ငါ ဆက်သည်းခံ​နေမယ်​......


ကံကောင်းထောက်မစွာ၊ ပဉ္စမမင်းသားနှင့် ဒုတိယမင်းသားတို့အဖွဲ့သည် ဤအခိုက်အတန့်တွင် ရောက်လာသည်။သို့ဖြစ်၍၊ လူတိုင်း၏ အာရုံစိုက်မှုသည် စုရွေ့ အပေါ်၌ မရှိတော့။


ဤကမ္ဘာ၏အမျိုးသားဇာတ်ဆောင်ဖြစ်သူ၊ ဒုတိယမင်းသား ချင်ယွဲ့၏ရုပ်ရည်သည် လုံးဝ ကျက်သရေရှိပြီး ထူးခြားသောအသွင်အပြင်ရှိသည်။


ပဉ္စမမင်းသားမှာလည်း ရုပ်ရည်က ချောမောသလို အရည်အချင်းလည်း များစွာ ရှိသည်။သူ့မျက်နှာထက်က ပါးလွှာသည့် နှုတ်ခမ်းလေးများမှာ ဆွဲဆောင်မှုရှိစွာ အချိုးကျနေ၏။


စုရွေ့၏ မြင်းလှည်းရှိနေသောကြောင့် သူတို့နှစ်ဦးစလုံးသည် တော်ဝင်ဦးရီးတော်အား ဂါ၀ရပြုကြရသည်။စုရွေ့၏ လက်ရှိခန္ဓာကိုယ်၏ အသက်ကိုပြောရလျှင်၊27 နှစ်သာရှိသေးပြီး ချင်ယွဲ့ထက် 7 နှစ်သာကြီး၏။ သို့သော်လည်း ဝါသဘာအရ မိသားစုတွင်၊ ဧကရာဇ်နှင့်ဧကရီမှတပါး မြို့တော်တစ်ခုလုံးရှိ လူတိုင်းက သူ့ကို လေးစားကြရသည်။


စုရွေ့သည် မင်းသားနှစ်ပါးအား စကားပြောဆိုနှုတ်ဆက်သည်။ ဤအတောအတွင်း သူသည် အကြီးအကဲ ပမာ လူတစ်စု၏ လေးစားမှုကို ခံယူနေသည်။ နောက်ဆုံး သူ အသိပြန်ကပ်သောအခါ ပြဿနာကြီးတစ်ခုကို တွေ့လိုက်ရ၏။


စုဝမ် ဒီမှာ မရှိတော့ဘူး..


"သခင်မလေးစုက ဘယ်ကိုသွားတာလဲ"


စုရွေ့ အသက်ရှူအောင့်ကာ မေးလိုက်သည်။ထိုအခါ သူ့ရထားလုံးနောက်ကို အမြဲလိုက်လာသည့်၊ အနီးနားမှာရှိသော တော်ဝင်ကိုယ်ရံတော်များက ရိုသေလေးစားစွာ ချက်ချင်းပြန်ဖြေသည်။


 "အရှင်၊ သခင်မလေးစုက သခင်လေး ချန်နဲ့ အမဲလိုက်ကွင်းထဲကို ဝင်နေပါပြီ"


တောကြီးမျက်မည်းထဲမှာ ယောက်ျားနဲ့ မိန်းမ နှစ်ယောက်တည်း အတူတူ တိတ်တိတ်ဆိတ်ဆိတ် ရှိနေကြတယ် ဟုတ်လား…


စုရွေ့ : ငါ သည်းခံမယ်……ငါ သည်းခံထားမယ် အား.. 'သည်းခံခြင်းရဲ့အဆုံးမှာ ခံနိုင်ရည်ရှိဖို့ မလိုဘူး' ဆိုတာကရော တစ်ကယ် မှန်သလား..


 "ဟိုဘက်လှည့်၊ တောင်ပေါ်ကဆင်း"


အေးအေးဆေးဆေး ညွှန်ကြားချက်ပေးရင်း စုရွေ့သည် ရထားကန့်လန့်ကာကို ချက်ချင်းဆွဲပိတ်လိုက်သည်။


ဤအချိန်တွင် ဖူရှန်းအမဲလိုက်ကွင်းအလယ်၌၊ ပါဝင်သူအားလုံးစုဝေးနေကြသောကြောင့် လူတိုင်းသည် မြင်းကိုယ်စီ စီး၍ အမဲလိုက်ကွင်းထဲသို့ ဆက်တိုက်ဝင်ရောက်လာကြသည်။


ဤအမဲလိုက်ပွဲသည် တရားမျှတကြောင်း အာမခံရန်၊ အမဲလိုက်လေးနှင့် မြှားအားလုံးကို အမဲလိုက်ကွင်းအပြင်ဘက်ကတည်းက သတ်မှတ်ထားသည့်အတိုင်း အားလုံးကို ပေးထားခဲ့သည်။ စုဝမ် နှင့် ချန်ချင်းကျင်းတို့သည် ယခုတစ်ကြိမ် အမဲလိုက်ခြင်းတွင် ပထမဆုံး ပါဝင်သော အမျိုးသမီးနှစ်ဦးဖြစ်သည်။ယခုဆို ပါဝင်သည့် လူတိုင်း မြှား(၃၀)ကို ကိုင်ထားကြသည်။


သူမတို့ နှစ်ယောက်သား မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း၊ပါးနပ်သူသာဆိုလျှင် သူမတို့ နှစ်ဦးကြားရှိ ယမ်းမှုန့်နံ့ကို သတိပြုမိမည်ဖြစ်သည်။


ချန်ချင်းကျင်း : ဟင်းဟင်း ၊ ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့ အရူးမ၊နင်က ငါ့ရဲ့ အစ်ကိုကို လက်ထပ်ဖို့ စိတ်ကူးရှိနေတာလား ၊နင် တွေးနေတဲ့ ယုတ်မာတဲ့ အကြံဆိုးတွေ ထုတ်သုံးလို့မရဘူးဆို  သေချာတယ်။


စုဝမ် : ဟင်းဟင်း၊ငါ့ကိုတောင် ဆေးခပ်ရဲတယ်ပေါ့၊ ဒီတစ်ခါ နင်ကံမကောင်းတော့ဘူး ၊ နင့်ဘဝအစစ်ကို ငါပြပေးမယ်၊ပြီးတော့ ဘဝက သေတာလောက် မကောင်းဘူးဆိုတာကိုလည်း နင် နားလည်အောင် လုပ်ပေးမယ်။


 "အစ်မ စုဝမ် ကျေးဇူးပြုပြီး ညီမနောက်လိုက်ခဲ့ပါ"


 "ညီမလေး ချင်ကျင်းပဲ  အရင်သွားပါကွယ်"


မြင်းပေါ်မှ သူတို့နှစ်ယောက်စလုံးက ပြုံးပြီး စကားကောင်းဆိုနေသော်လည်း၊ဘေးနားမှ ချန်ယွီရှုသည် နှစ်ယောက်ကြားမှ အာဃာတလှိုင်းလုံးကြီးများကို သတိမထားမိပုံရသည်။ ဆန့်ကျင်ဘက်အနေနှင့် အဝေးကမြင်းစီးနေသည့် ချင်ယွဲ့ကတော့၊ သူတို့ ၃ ယောက်၏ ကျောပြင်ကို ကြည့်ပြီး မေးစေ့ကို ပွတ်သပ်ရင်း ပြုံးလိုက်၏။


“စိတ်ဝင်စားဖို့ကောင်းတယ်၊ တစ်ကယ်ကို စိတ်ဝင်စားစရာပဲ”


သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်ရင်း ချင်ယွဲ့သည် မြင်းခေါင်းကို လှည့်ကာ သစ်တော၏ အခြားဘက်သို့ ဦးတည်သွားခဲ့သည်။


နေက မြင့်သထက်မြင့်လာပြီး လေညှင်းက မျက်နှာကို ဖြတ်တိုက်လျက်ရှိသည်။


စုဝမ် နှင့် ချန်အိ‌မ်တော်မှ မောင်နှမသည် အမဲလိုက်ကွင်းသို့ အတူတူဝင်ရောက်ခဲ့ကြသော်လည်း ချန်ချင်းကျင်းသည် စုဝမ်နှင့် မတူညီသော လမ်းဘက်သို့သွားသည့် သားကောင်ကို အထူးရွေးချယ်ပြီး ချန်ယွီရှုအား သူမနောက် လိုက်ခဲ့ဖို့ ခေါ်သွားသည်။ထို့ကြောင့် သူတို့မောင်နှမနှင့် စုဝမ်တို့ ကွဲကွာသွားခဲ့သည်။


စုဝမ် ဂရုမစိုက်ပေ။တစ်ကယ်တော့ သူမက ပွဲလာကြည့်ခြင်းပင်။ဤအချိန်အမဲလိုက်ပွဲတွင် သူမ သိထားသော ဤကမ္ဘာ၏ ဇာတ်လမ်းအရ၊ချန်ချင်းကျင်း၏ နှလုံးသားကို အနိုင်ယူရန် ချင်ထင်သည် အစီအစဉ်များစွာကို ဆက်တိုက်ပြင်ဆင်ခဲ့သည်။သူသည် ချန်ယွီရှု နှင့် ချန်ချင်းကျင်းတို့အား လူစုကွဲရန် သူ့လူများအားလွှတ်ထားသည်။ပြီးလျှင် ချန်ချင်းကျင်း တစ်ယောက်တည်း ရှိနေခိုက်၊ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကို လျှို့ဝှက်စွာ လွှတ်ပေးခဲ့ပြီး သူကတော့ သူမကိုကယ်တင်မည့် သူရဲကောင်းအဖြစ် ဇာတ်လမ်းဆင်ထား၏။


ဤသည်က ချင်ထင်၏ စိတ်ကူးယဉ်သက်သက်ပင်။လက်ရှိအခြေအနေမှာ ချန်ချင်းကျင်းသည် တစ်ယောက်တည်းရှိစဉ် ဒုတိယမင်းသား ချင်ယွဲ့ဆီသို့ ပြေးသွားမည်ဖြစ်သည်။ ထို့နောက်တွင်၊ လူနှစ်ယောက် အတူတူရှိနေကြပြီး တောထဲသို့ ရည်ရွယ်ချက်ရှိရှိ လွှတ်လိုက်သော သားရဲသည်လည်း ချင်ယွဲ့၏ အသွားနှစ်ဖက် ဓားအောက်တွင် အဆုံးသတ်သွားစေမည်ဖြစ်သည်။


တိုတိုပြောရလျှင်၊ ထိုအကြောင်းကို တွေ့ကြည့်ရုံဖြင့် စိတ်လှုပ်ရှားစရာကောင်းနေသည်။သို့ရာတွင်၊ စုဝမ်က ထိုသို့ဒရာမာမျိုးလောက်နှင့် မလုံလောက်သေးသလို ခံစားမိ၍ နောက်ထပ်ထပ်ထည့်သင့်သည်ဟု မြင်၏။


ထို့ကြောင့် အားလုံးက စိတ်အားထက်သန်စွာ အမဲလိုက်နေချိန်၌၊သူမသည်  အမဲလိုက်ကွင်းထဲမှာ လှည့်ပတ်သွားနေသည်။သူမသည် ဇာတ်ညွှန်းမှ ကျားဖြူဘုရင်ဟု ဆိုထားသည့် ကြမ်းတမ်းသော သားရဲကို ရှာဖွေနေမိသည်။


 အဖြူ၊ အဖြူ....


သူမသည် တောနက်ကြီးထဲတွင် အပြန်ပြန်အလှန်လှန် လျှောက်သွားကာ နောက်ဆုံးတွင် အောင်မြင်စွာ လမ်းပျောက်သွားခဲ့သည်။သို့သော်လည်း၊လမ်းပျောက်သည်က သူမအတွက် အသေးအဖွဲလေးပင်။


လမ်းပျောက်သွားကြောင်း သိလိုက်သောအခါတွင် စုဝမ်သည် သူမ၏အနောက်ဘက်ရှိ တောအုပ်နားဆီမှ တချွတ်ချွတ်အသံကိုကြားလိုက်ရသည်။ကျားဟိန်းသံကလည်း ရုတ်တရက် ထွက်ပေါ်လာ၏။သူမ စီးနေသည့် မြင်းက ချက်ချင်းပင် တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။


စုဝမ် အံ့အားသင့်သွားပြီး မြင်းကျောပေါ်ကနေ ပြုတ်ကျသွားရ၏။သို့ရာတွင်၊အချိန်မီဆိုသလို သူမ၏ ခန္ဓာကိုယ်က အေးစက်သော ရင်ခွင်ထဲသို့ ကျရောက်သွားသည်။


 "အဆင်ပြေရဲ့လား"


ရင်းနှီးသော အသံခပ်ဩဩက သူမ မျက်နှာကို အေးခဲသွားစေသည်။


 "လွှတ်၊ ကျွန်မကို မထိနဲ့"


သူမ၏ လေသံမှာ ရေခဲတမျှအေးစက်ပြီး အနည်းငယ် ကြောက်စရာကောင်းနေသည်။


စုရွေ့၏ ခန္ဓာကိုယ်သည် တောင့်တင်းနေသော်လည်း သူ့ရင်ခွင်ထဲက လူကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားဆဲပင်။


"မလွှတ်ဘူး၊ လွှတ်မပေးဘူး၊သေတဲ့အထိ အရိုက်ခံရရင်တောင် မင်းကို မလွှတ်ပေးဘူး”


စုဝမ် : ……


 ကလေးဆန်လိုက်တာ~


စုဝမ်က သူ့ရင်ခွင်ထဲတွင် ရုန်းကန်မနေတော့မှ၊ စုရွေ့ သက်ပြင်းချကာ သူမ မျက်နှာကိုငုံ့ကြည့်ရင်း ညင်သာသောလေသံဖြင့် "ရှောင်ဝမ်"


 "ရှောင်ဝမ်"


"ရှောင်ဝမ်"


စုဝမ်က သူ့ကို လျစ်လျူရှုနေတာကြောင့်၊ စုရွေ့အရှက်မဲ့စွာ သူမ နာမည်ကို အဆက်မပြတ်ခေါ်နေသည်။


 “တော်တော့"


သည်းမခံနိုင်တော့သော စုဝမ်လည်း သူ့ကို စကားမပြောနိုင်ဘဲ မနေနိုင်တော့ပေ။အဆုံးတွင် သူမ၏ခေါင်းပေါ်ရှိ နှင်းဖြူဖြူများကို မှုတ်ထုတ်လိုက်သည့် တောင်လေများ တိုက်ခတ်လာသည်အထိ နှစ်ယောက်သား တိတ်ဆိတ်သွားကြသည်။ 


နူးညံ့သော အဖြူရောင် နှင်းမှုန်လွှာသည် စုရွေ့၏ မျက်နှာကို ဖြည်းညှင်းစွာ ပွတ်တိုက်သွားသည်။ သူက စုဝမ်ကို နူးညံ့သိမ်မွေ့စွာဖြင့် ကြည့်နေသည်။


 "ကိုယ့်ကိုမုန်းလား"


 "ဘာလို့ အခုမှပေါ်လာတာလဲ"


သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ပြောလိုက်မိသည်။


 "မင်း ကိုယ့်ကိုမမုန်းဘူးလား"


စုရွေ့၏ အကြည့်သည် ရုတ်တရက် တောက်ပလာပြီး သူမ မျက်နှာကို ပျော်ရွှင်စွာ စိုက်ကြည့်လိုက်သည်။


စုဝမ်သည် သူက စိုက်ကြည့်နေသည့်အတွက် အနည်းငယ်ရှက်သွားပြီး မျက်နှာလွှဲကာ "ရှင့်ကိုမုန်းဖို့ ကျွန်မ ဘယ်မှာအချိန်ရမှာလဲ"


မမုန်းဘူးလား……


စစ်သူကြီးစုသည် လတ်တလော ဖြစ်နေသော ဒေါသစိတ်များ ရုတ်တရက် ဝေးကွာသွားတာကို ခံစားလိုက်ရသည်။


ဟုတ်တယ်၊ တီဗီဒရာမာထဲက အရာတွေက လိမ်ညာနေတာပဲ။


ထို့ကြောင့် သူသည် ထိုခွေးသွေး တီဗီဒရာမာများကို မကြည့်တော့ဖို့ ဆုံးဖြတ်လိုက်သည်။


 ခဏ နေဦး...


 စုဝမ် သူ့ကို မေးသည့်စကားကို ရုတ်တရက် တွေးပြီး “ဘာလို့ အခုမှ ပေါ်လာတာလဲ...ဟုတ်လား” 


သို့ဆိုလျှင်၊ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့ရဲ့ရှောင်ဝမ်လေးက သူ့ကို စောင့်နေခဲ့တာများလား။


 "ရှောင်ဝမ်၊ မင်း ကိုယ့်ကိုစောင့်နေခဲ့တာလား"


စုရွေ့ နှလုံးခုန်နှုန်းမြန်လာတာကို ခံစားလိုက်ရပြီး သူ့အသံကလည်း တုန်ခါနေသည်။


 “မ... မဟုတ်ပါဘူး”


စုဝမ်က ပြတ်ပြတ်သားသား ခေါင်းခါသည်။


လုံးဝ ဝန်မခံဘူး၊ သေတဲ့အထိ အရိုက်ခံရရင်တောင် သူမ ဝန်ခံမှာ မဟုတ်ဘူး။


 ဝေါင်း~


ကျားဘုရင်- မင်းတို့ တစ်ခုခုကို မေ့နေကြပြီမဟုတ်လား~ ကျား မရှိသလိုမျိုး မင်းတို့လူသားတွေက လာချစ်နေပြနေတယ် ဟုတ်လား...


_____

🚩