🌍Chapter 229
မျက်နှာပြောင်လေး၏အထင်သေးမှုမှာပင် အတော်ထူးဆန်းနေပြီးဖြစ်သည်။ ထို့အပြင် မျက်နှာပြောင်လေး၏အနမ်းဆိုသည့် ဆုမျိုးလည်းရှိသေးသည်။ ဤကလေးမလေးထံမှ အနမ်းခံရခြင်းဟာ ကိစ္စကြီးတော့မဟုတ်ချေ။ သို့သော် ဖူ၀မ်သော်ကထိုသို့ဆိုလာသောအခါ ထန်မော့ပင်လျှင် ထူးဆန်းသလို ခံစားလာရလေသည်။
သူက အနက်ရောင်မျှော်စင်ဘော့စ်ထက်တောင် စျေးပေါတယ်လို့ ဘာလို့ခံစားနေရတာပါလိမ့်...
ဟေး နေပါဦး မျက်နှာပြောင်လေးက မိန်းကလေးမှ မဟုတ်တာ...နို့နံ့တောင်မစင်သေးတဲ့ ကလေးမလေးကို...
ထန်မော့အလျင်စလိုရှင်းပြလိုက်သည်။
[သူ့အသက်က..] အရမ်းငယ်ပါတယ်...
"ဟီးဟီး ထန်ထန် ဒီဟာကမင်းရဲ့ပထမဆုံးအနမ်းလို့တော့မပြောနဲ့နော်"
သူ၏စကားမှာဖြတ်ပြောခံလိုက်ရပြီး ထန်မော့မှာ ခပ်လှမ်းလှမ်းမှ ပိုင်ရို့ယောင်ကို ကြည့်လိုက်သည်။
မျက်နှာပြောင်လေးမှာလည်း အနည်းငယ် အံ့သြသွားခဲ့လေသည်။
"အာ...ပထမဆုံးအနမ်းလား"
ကလေးမလေးမှာ ထန်မော့၏ နှုတ်ခမ်းကိုစိုက်ကြည့်နေပုံပင်။
မည်သူမှ သူမ၏အမူအရာကို မမြင်နိုင်သော်လည်း ထန်မော့မှာ သူမသည်သူ့အား အထင်သေးသောအကြည့်များဖြင့် ကြည့်နေသည်ကို ခံစားရလေသည်။ အသေအချာကိုပင် မျက်နှာပြောင်လေးကဆိုလာခဲ့သည်။
"ခုထိ ပထမဆုံးအနမ်းရှိနေတုန်းပဲဆိုတော့ ဘယ်နှနှစ်မို့လို့လဲ...သမီးက ပထမဆုံးအနမ်းရှိနေတုန်းပဲဆိုတာ မထူးဆန်းဘူး ..ထန်မော့ရှင်က လူပျိုကြီးလား"
လူပျိုကြီး ထန်မော့"..."
ပိုင်ရို့ယောင်၏ မျက်လုံးများမှာတောက်ပသွားခဲ့သည်။
"၀ိုး...ထန်ထန် မင်းတကယ်ကြီး ပထမဆုံးအနမ်းကိုဘယ်သူ့ကိုမှမပေးရသေးတာလား"
ကလေးဘ၀မှ အရွယ်ရောက်လာသည်အထိ ထန်မော့မှာ မိဘများကိုပင် မနမ်းခဲ့ဖူးချေ။ ထန်မော့မည်သို့ဖြေရမည်မသိ။ သူ၏ရေခဲလိုအမူအရာကတစ်ချက်မှ မပြောင်းလဲပဲ ဖြေလာခဲ့သည်။
"ဟင့်အင်း"
ဖန်တောင်ပေါ်မှ ဖူ၀မ်သော်၏ ခြေလှမ်းများရပ်တန့်သွားခဲ့သည်။
စက္ကန့်ပိုင်းအတွင်း ပိုင်ရို့ယောင်၏ ပျော်ရွှင်နေသောအသံကို ကြားလိုက်ရလေသည်။
"ဟီးဟီး မင်းမျက်နှာကိုကြည့်စမ်းပါ လင်းရှန်းရှီတောင်မင်းကိုမယုံလောက်ဘူး...ဒါကတကယ်ကြီး မင်းရဲ့ ပထမဆုံးအနမ်းပေါ့လေ"
မဆိုင်ပဲဆွဲထည့်ခံလိုက်ရသော လင်းရှန်းရှီ"..."
ထန်မော့"..."
သေစမ်း ပထမဆုံးအနမ်းကဘာကြီးမို့လို့လဲ..ကလေးမလေးဆီကအနမ်းခံရရုံပဲမလား..ဘာတွေများမှားနေလို့လဲ...
ပိုင်ရို့ယောင် ခေါင်းကိုခါလိုက်သည်။
"အဲဒီကလေးမလေးကို မင်းကိုအခွင့်အရေးယူခိုင်းလို့ဘယ်ဖြစ်မလဲ...ကလေးမလေးကလည်းမနမ်းဖူးသေးဘူး ထန်မော့ကလည်း လူပျိုကြီး...ငါတို့မင်းကိုအရင်ဆုံးဖြေရှင်းမှရမယ်..အာ..ထန်ထန် မင်းလင်းရှန်းရှီကိုဘယ်လိုထင်လဲ"
လင်းရှန်းရှီမှာ ရုတ်ချည်းအေးခဲသွားခဲ့သည်။
"ငါလား"
ပိုင်ရို့ယောင် ခေါင်းကိုခါလိုက်သည်။
"ဟင့်အင်း သူ့မှာ ရည်းစားရှိတယ် မင်းရဲ့ပထမဆုံးအနမ်းကိုယူလို့မဖြစ်ဘူး"
လင်းရှန်းရှီ၏လေသံမှာ ထူးဆန်းနေခဲ့သည်။
"ငါ့မှာရည်းစားရှိတာဘယ်လိုသိတာလဲ"
ပိုင်ရို့ယောင်ကရယ်သည်။
"ငါ့ကိုကန်းနေတယ်များထင်နေလား"
ထန်မော့မှာ လင်းရှန်းရှီ၏ လက်ခလယ်တွင်၀တ်ထားသော စေ့စပ်လက်စွပ်ကိုကြည့်လျက် တိတ်ဆိတ်နေခဲ့သည်။
ပိုင်ရို့ယောင်ကဆက်ပြောလာသည်။
"လင်းရှန်းရှီကမဖြစ်နိုင်တော့ဘူး လျို၀မ်ရှန်း...အာ သူကရုပ်ဆိုးလွန်းတယ်..မျက်မှန်ကြီးကိုလည်းကြည့်ဦး ..ထန်ထန် မင်းဘယ်လိုလုပ်ငါ့ကို လှည့်စားပြီး သူ့ရဲ့ သေခြင်းအရိပ်အယောင်ကိုကြည့်ခိုင်းလိုက်တာလဲ..မင်းသူ့ကိုမနမ်းနိုင်ပါဘူး လုံး၀ပဲ ...ကဲဒါဆို လင်းရှန်းရှီရော လျို၀မ်ရှန်းရော မဖြစ်နိုင်ဘူးဆိုတော့.. "
ပိုင်ရို့ယောင်မှာ သံရှည်ဆွဲလျက် အံ့အားသင့်သွားသည့်နှယ် မျက်တောင်ခတ်လိုက်သည်။
"အာ...ထန်ထန် ငါ့ကိုနမ်းချင်လား"
ထန်မော့ ဆက်၍သည်းမခံနိုင်တော့ချေ။
"မင်းညီမကိုပဲ နမ်းမှာ"
ထန်မော့တွန့်ဆုတ်မနေတော့ချေ။ သူသည်မျက်နှာပြောင်လေးရှေ့သို့လျှောက်သွားလျက် ကလေးမလေးကို ကောက်ချီလိုက်သည်။
မျက်နှာပြောင်လေးက အော်ဟစ်လာလေသည်။
"အာ..ဘာလုပ်မလို့လဲ ထန်မော့ မရှုပ်နဲ့နော်"
ထန်မော့ခေါင်းကိုစောငိးလျက် သူ၏ ညာဘက်ပါးကို ကလေးမလေး၏ နှုတ်ခမ်းနေရာဆီ ဖိကပ်လိုက်သည်။ မျက်နှာပြောင်လေးမှာ ထိတ်လန့်သွားခဲ့သည်။
"နေဦး သမီးဒီဟာကြီးကိုတောင် မဖယ်ရသေးဘူးလို့"
သို့သော် ထန်မော့၏ လှုပ်ရှားမှုမှာ လွန်စွာမြန်ဆန်နေခဲ့သည်။ မျက်နှာပြောင်လေးမှာ ထိုမှုန်၀ါး၀ါးအလွှာကြီး၏ နှုတ်ခမ်းထောင့်နားကိုသာဖယ်ရသေးသော်လည်း ထန်မော့၏ မျက်နှာကို ထိကပ်ပြီးဖြစ်သည်။
မျက်နှာပြောင်လေးမှာ သူမ၏ပါးစပ်ကိုပွတ်လျက် ရေရွတ်လာသည်။
"အာ...ချောကျိကျိနဲ့"
ထို့နောက် သူမနောက်တစ်ကြိမ်ထပ်နမ်းလိုက်သည်။
ကလေးမလေးထံမှ အခွင့်အရေး ယူခံလိုက်ရသော ထန်မော့"..."
ထန်မော့သည် မျက်နှာပြောင်လေးအား မြေပေါ်ပြန်ချပေးလျက် သူ၏နေရာသို့ တည်ငြိမ်စွာ ပြန်လျှောက်သွားလျက် သူမနှင့် ၃မီတာ အကွာအဝေးကို ထိန်းထားခဲ့သည်။
၄င်းမှာ အလွန်လျင်မြန်စွာဖြစ်ပျက်သွားခြင်းဖြစ်ကာ ပိုင်ရို့ယောင်ပင်လျှင် ထန်မော့ဘက်မှ ထိုအနမ်းအတွက် စလှုပ်ရှားခဲ့သည်ကို အံ့အားသင့်နေခဲ့သည်။ ထို့နောက် သူစိတ်ပျက်လက်ပျက်ဖြင့်ဆိုလာလေသည်။
"အဲဒါကအနမ်းမှမဟုတ်တာ"
ထို့နောက် သူကသွားဖြဲလျက်ဆိုလာပြန်သည်။
"ထန်မော့ မင်းရဲ့ ပထမဆုံးအနမ်းကို သိမ်းမထားချင်ရင် ငါနဲ့နမ်းမလား...ငါယောကျာ်းတွေကိုမကြိုက်ပေမယ့် မင်းအတွက်ဆိုရင် ..."
"သောက်ပါးစပ်ကိုပိတ်ထားလိုက်တော့"
ထန်မော့ ညာလက်မှာလှုပ်ရှားသွားလျက် သေးငယ်သောဓါးကလေးတစ်လက် ပျံထွက်လာခဲ့ပြီး ပိုင်ရို့ယောင်၄င်းကိုအမြန်ရှောင်လိုက်ရလေသည်။
ကြက်ဆင်ဥ၏တစ်ဖက်ခြမ်းတွင်တော့ ရှောင်ဖူမှာ ရပ်တန့်သွားလျက် သူ၏အစ်ကိုဖြစ်သူကို နားမလည်စွာကြည့်လိုက်သည်။
"Ge"
ဘန်း...
ရှောင်ဖူမှာ ခုန်ထမတက်လန့်ဖြန့်သွားလျက် ကျန်သူများမှာလည်း ထိတ်လန့်သွားခဲ့သည်။
ဖူ၀မ်သော် သူ၏လက်ကိုပြန်ရုတ်လျက် တည်ငြိမ်စွာဆိုလိုက်သည်။
"သွားစို့"
ရှောင်ဖူသည် ဖန်တောင်ပေါ်မှ အပေါက်ကြီးကိုကြည့်လျက် တံတွေးအသာမြိုချကာ နောက်မှ အမြန်လိုက်သွားတော့သည်။ ပင့်ကူအိမ်လို အက်ကွဲကြောင်းများက ဖန်တောင်တစ်လျှောက်ပျံ့နှံ့သွားလျက် ကစားသမား ၃ယောက်မှာလည်း ရှေ့ဆက်သွားကြလေသည်။
မျက်နှာပြောင်လေး၏ မီးခြစ်ဆံများနှင့် အနမ်းမှာ သူထံတွင် ရှိနေပြီးဖြစ်သည်။ ထန်မော့သူ၏ပါးပြင်ကို ပွတ်လိုက်ပြီး မေးလိုက်သည်။
"မင်းရဲ့ဒီအနမ်းကဘာသက်ရောက်မှုရှိလို့လဲ"
ကလေးမလေးမှာ ပုခုံးကိုတွန့်လိုက်သည်။
"မသိဘူးလေ"
ထန်မော့မှာ ထိုအဖြေကို မမျှော်လင့်ထားခဲ့ချေ။
"မင်းမသိဘူးပေါ့"
မျက်နှာပြောင်လေးကဆိုသည်။
"အနက်ရောင်မျှော်စင်က သမီးကို အစ်ကိုကြီးကိုနမ်းစေချင်လို့ နမ်းပေးလိုက်တာလေ...ဘာသက်ရောက်မှုရှိလဲဆိုတာ ဘယ်လိုသိမှာလဲ...အရင်တစ်ခေါက်က အထင်သေးမှုကကျ သမီးဘာသာပေးချင်လို့ပေးခဲ့တာ..ဒီဟာကြောင့် ဦးစားပေးမှုနောက်ဆုံးဖြစ်သွားမယ်လို့ဘယ်လိုသိမှာလဲ...အာမဟုတ်သေးဘူး...သမီးက အစ်ကိုကြီးကို ကူညီပေးသလိုပဲဖြစ်သွားတာပဲကို"
မျက်နှာပြောင်လေးမသိသည်မှာ ထိုအထင်သေးမှုကထန်မော့ကိုကူညီပေးခဲ့သည်မှာ ပထမဆုံးအကြိမ်မဟုတ်ချေ။ ပွေးကြီးက သူ၏ကိုယ်ပေါ် အနံ့ခံပြီး ထိုအထင်သေးမှူကိုရှာတွေ့ခဲ့သောကြောင့် သူ့ကိုတိုက်ရိုက်သတ်မပစ်ခဲ့ချေ။ မျက်နှာပြောင်လေး၏ အနမ်းမှာလည်း သူ၏ကိုယ်ပိုင်သက်ရောက်မှုတစ်ခုရှိမည်သာ။
မျက်နှာပြောင်လေးမှာ မီးခြစ်ဆံကြီးကို ကိုင်လျက် နာရီစင်ကို ကြည့်လိုက်သည်။ သူမက ပူပန်စွာ အော်ဟစ်လာသည်။
"မဖြစ်ဘူး နောက်ကျတော့မှာပဲ မှော်၀င်မြက်ခင်းပြင်ကို သွားရတော့မယ်...မှော်၀င်မြက်ခင်းပြင်ကသူတွေသမီးကိုလွမ်းနေကြမှာပဲ ..အလွမ်းပြေ မီးလေးသွားရှို့ပေးရမှာပဲ"
သူမတစ်ခုခုကိုတွေးမိပုံဖြင့် လောတကြီးရေရွတ်သံနှင့်အတူ ပြေးထွက်သွားခဲ့သည်။
"သားပိုက်ကောင်လေးက သမီးကိုလွမ်းနေတော့မှာပဲ သိတယ် သိတယ် .."
အနီ၀တ်ကလေးမလေးမှာ သူမ၏ကိုယ်အရွယ်အစားနှင့် မလိုက်ဖက်သော မီးခြစ်ဆံကြီးကိုကိုင်လျက် အလျင်နှုန်းဖြင့် တက္ကသိုလ် မြောက်ဘက်ဂိတ်မှပြေးထွက်သွားခဲ့လေသည်။
အနက်ရောင်မျှော်စင်ဘော့စ်ထွက်ခွာသွားပြီးနောက် ဂိမ်းမှာ လုံး၀ပြီးသွားတော့သည်။
သို့သော် လင်းရှန်းရှီမှာ အမူအယာပျက်ယွင်းလျက်ဆိုလာသည်။
"ဘာတွေဖြစ်နေတာလဲ ကျွန်မတို့ထွက်သွားလို့မရသေးပါလား"
ထန်မော့လက်ကိုဆန့်လျက် စမ်းလိုက်လျှင်
သူတို့သည် မမြင်ရသော လှောင်အိမ်အတွင်း ပိတ်မိနေဆဲဖြစ်သည်ကိုတွေ့လိုက်ရလေသည်။ သူ၏ရင်ထဲမှမကောင်းသောခံစားချက်မျိုးပေါက်ဖွားလာပြီး သိပ်မကြာ တက္ကသိုလ်၀န်းအပြင်မှ ပျင်းရိရိအသံကိုကြားလိုက်ရသည်။
"ငါပြန်လာပြီ သောက်ကောင်မလေး စာလုပ်ရတာမကြိုက်ဘူး မကြိုက်ဘူးနဲ့ ညည်းကိုငါ"
အသံမှာ ရပ်တန့်သွားပြီး ၀ံပုလွေကြီးမှာ ဂိတ်ပေါက်၀တွင် အံ့အားသင့်စွာ ရပ်နေခဲ့လေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ကျယ်လောင်သော အော်ဟစ်သံကြီးတစ်ခုကိုကြားလိုက်ရလေသည်။
"အား...အဲဒီကောင်မလေးဘယ်ရောက်သွားတာလဲ"
သူမသည် ခေါင်းကိုလိမ်လျက် ထန်မော့ကို ချက်ချင်းကြည့်လာခဲ့သည်။
"နင့်လက်ချက်ပဲ"
သူမမှာ သူ့ထံသို့ပြေး၀င်လာခဲ့သည်။ ထန်မော့ချက်ချင်းပင် ထီးကလေးကိုဖွင့်လျက် ချွန်ထက်သော လက်သည်းများကို ကာဆီးလိုက်သည်။
လူတိုင်းမှာ ၀ံပုလွေကြီးမှ ဦးစားပေးမှု အစဥ်လိုက်အတိုင်း တိုက်ခိုက်လိမ့်မည်ဟုထင်ထားသော်လည်း ၀ံပုလွေကြီးမှာ ထန်မော့ထံမှ အနီးဆုံးရှိ လျို၀မ်ရှန်းထံ ပြေး၀င်သွားပြန်သည်။
"နင်လား အဲသောက်ကောင်မလေးကို လွှတ်လိုက်တာ"
လျို၀မ်ရှန်းမှာ ထိုလက်သည်းချက်ကို အသည်းအသန်ရှောင်လိုက်ရပြီး သူ၏လက်မောင်းတွင် ခြစ်ရာ ၃ချက် ကျန်ရစ်လေသည်။
လင်းရှန်းရှီမှာ ၀ံပုလွေကြီးထံမှ အလိုက်ခံနေရပြီး နာကျင်မှူကြောင့် အော်ဟစ်လာခဲ့သည်။
"ထန်မော့ ရှင်ပြောတော့ ၀ံပုလွေကြီးကကျွန်မတို့ကို မသတ်ဘူးဆို"
ထို့နောက် ၀ံပုလွေမှာ အဆုံးတွင် ပိုင်ရို့ယောင်ကို တိုက်ခိုက်လာသည်။
"ငါကတော့ နင့်ကို ဆရာကောင်းလို့ ထင်လိုက်ရတာ..ငတုံးကောင်..နင်သူ့ကိုလွှတ်ပေးလိုက်တယ်"
ပိုင်ရို့ယောင်မှာ မြေပေါ်တွင်လှိမ့်ချလျက် ၀ံပုလွေကြီး၏ လက်သည်းချက်ကို ရှောင်ရှားလိုက်သည်။ သူသည်လိပ်ပြာဓါးအား ၀ံပုလွေကြီး၏ လည်တိုင်ကို ပစ်လိုက်လေသည်။ ၀ံပုလွေကြီးမှာ သူမ၏ဟင်းခတ်မှုန့်များဖြင့် ပက်လျက် လိပ်ပြာဓါးကို မြေကြီးပေါ် ဆောင့်ကျသွားစေသည်။
ဒေါသထွက်နေသော ၀ံပုလွေကြီးမှာ ဟိန်းဟောက်လာခဲ့သည်။
"နင်တို့အကုန်လုံးကို စားပစ်မယ်"
ကစားသမား၄ဦးနှင့် ၀ံပုလွေတစ်ကောင်မှာ မီးဟုုန်းဟုန်းတောက်လောင်နေသော ပီကင်းတက္ကသိုလ်၀န်းအတွင်းပတ်ပြေးနေခဲ့ကြသည်။
၀ံပုလွေကြီးမှာ လင်းရှန်းရှီနှင့် လျို၀မ်ရှန်းတို့ ဆက်၍တောင့်မခံနိုင်တော့သည်ကို မြင်သော် သူမ၏ ဟင်းခတ်မှုန့်ဖြင့် လင်းရှန်းရှီ၏ ခေါင်းကို ပက်ရန်ပြင်လိုက်လေသည်။
ရုတ်တရက် တက္ကသိုလ်ဂိတ်၀မှ အထိတ်တလန့်အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"မကောင်းတော့ဘူး မကောင်းတော့ဘူး အစ်မကြီး၀ံပုလွေရေ အစ်မရဲ့ မျက်နှာပြောင်လေး မှော်၀င်မြက်ခင်းပြင်ကို မီးရှို့ဖို့သွားပြန်ပြီ"
၀ံပုလွေကြီးမှာ ရုတ်ချည်းရပ်တန့်သွားခဲ့သည်။ သူမမှာ ဖြူဖျော့သွားပြီးနောက် ရုတ်တရက်ဟိန်းဟောက်လိုက်သည်။
"အဲဒီသောက်ကောင်မလေး"
သူမလှည့်ကာ ပြေးထွက်သွားပြီး တောက်လျှောက် ကျိန်ဆဲနေခဲ့သည်။
"သတ်မှရမယ် ဒီတစ်ခါတော့ ငါသင်းကို သတ်မှရတော့မယ်"
ထို့နောက် ပီကင်းတက္ကသိုလ်ဂိတ်၀မှပြေးထွက်သွားတော့သည်။
လူလေးယောက်မှာ မြေကြီးပေါ်ထိုင်ချလျက် ၀ံပုလွေကြီး ပြန်ရောက်လာငြှား ရင်တမမနှင့်စောင့်နေခဲ့ကြသည်။
ထန်မော့ရေရွတ်လိုက်သည်။
"ဆိုတော့ ဒီလိုပေါ့...ကစားသမားတွေ အစားမခံရဘူး"
လူ၄ယောက်မှာ ထရပ်လျက် သူတို့ကိုပိတ်ထားသော မမြင်ရသော နံရံတို့မှာလည်း မရှိတော့သည်ကိုတွေ့လိုက်ရသည်။ သူတို့အဆုံးမှာတော့ ဤနေရာမှ ထွက်သွားနိုင်ပြီဖြစ်သည်။
ရှုပ်ထွေးသော ခံစားချက်မျိုးစုံက လျို၀မ်ရှန်းနှင့် လင်းရှန်းရှီတို့၏ ရင်ထဲတွင်ဖြတ်ပြေးသွားခဲ့သည်။ သူတို့သည် ပိုင်ရို့ယောင်ကိုရှောင်သလိုပင် ထန်မော့အပေါ် သဘောထားမှာလည်း ရှူပ်ထွေးလေသည်။ ကျေးဇူးတင်မှုနှင့်အတူ အခြားခံစားချက်များလည်းရောယှက်နေခဲ့သည်။ အဆုံးမှာတော့ ထန်မော့မှာ ဤဂိမ်းမှ တစ်ဦးတည်းသော အကျိုးအမြတ်ရရှိခဲ့သူဖြစ်သည်။ သူတို့တစ်ယောက်ကိုတစ်ယောက်ရှုံးနိမ့်သည်ကို လက်ခံနိုင်သော်လည်း ထန်မော့အပေါ် မတရားမှုနှင့် မနာလိုမှုတို့လည်း နက်ရှိုင်းစွာခံစားရဆဲဖြစ်သည်။
လျို၀မ်ရှန်းကအရင်ဆုံးဆိုလာသည်။
"ဒါဆို ငါသွားတော့မယ်"
လင်းရှန်ရှီကလည်းဆိုလာသည်။
"ကျွန်မလည်းသွားတော့မယ်"
လူ၂ယောက်မှာ လျှင်မြန်စွာပြေးထွက်သွားခဲ့သည်။ ၀ံပုလွေပြန်ရောက်လာမည်ကိုလည်းစိုးသလို ထန်မော့နှင့် ပိုင်ရို့ယောင်ကိုလည်းရှောင်ရှားလို၍ဖြစ်သည်၊ ဂိမ်းအဆုံးသတ်သွားပြီးနောက် ထန်မော့နှင့် ပိုင်ရို့ယောင်မှာ ရန်သူရော အသင်းဖော်ရောမဟုတ်တော့ချေ။ သူတို့မှာ သန်မာသော ကစားသမားများသာဖြစ်လေသည်။
ထန်မော့နှင့် ပိုင်ရို့ယောင်မှာ သူတို့ကို သတ်လျက် သူတို့၏ပစ္စည်းများလိုချင်မလိုချင် မသိနိုင်ချေ။
ကြီးမားသော ကျောင်း၀န်းကြီးထဲတွင် ထန်မော့နှင့် ပိုင်ရို့ယောင်သာလျှင် ကျန်ရစ်လေသည်။
မီးများမှာ တဟုန်းဟုန်းတောက်လောင်နေဆဲပင်။ ပိုင်ရို့ယောင်မှာ မြက်ခင်းပေါ်တွင်ထိုင်လျက် မေးထောက်ကာ ထိုမြင်ကွင်းကို စိတ်၀င်တစားကြည့်နေခဲ့သည်။ ထန်မော့သူ့ကိုဂရုမစိုက်ပဲ ထွက်သွားရန် ပြင်လိုက်တော့သည်။ သူသည် ပီကင်းတက္ကသိုလ်ဂိတ်၀မှ ထွက်သွားရန် ပြင်လိုက်စဥ်မှာပင် နောက်ဘက်မှ ပိုင်ရို့ယောင်၏ ရယ်သံကို ကြားလိုက်ရသည်။
"ထန်မော့ မင်း ငါ့စွမ်းရည်ကိုရသွားတာလား"
အပြုံးကိုချိတ်ဆွဲထားသည့်တိုင် သူ၏လေသံမှာတော့ အေးစက်လျက်။
ထန်မော့၏ ခြေလှမ်းတို့ရပ်တန့်သွားခဲ့သည်။ ၄င်းမှာမေးခွန်းကြောင့်မဟုတ်ပဲ ထိုငကြောင်မှာ ထန်ထန်အစား သူ့နာမည်ကိုခေါ်လာ၍ဖြစ်လေသည်။ သုသည်တဖက်လူကိုပြောပြရန် အပန်းမကြီးချေ။
"မင်းရတနာကော်ရစ်တာရဲ့ တွင်းပေါက်ကြီးထဲ ကျသွားတုန်းက"
ပိုင်ရို့ယောင် အပြုံးတို့ ရပ်တန့်သွားခဲ့သည်။
"အာ..စောလိုက်တာ..အဲလောက်အစောကြီးရသွားတာလား...ထန်ထန် ငါ့စွမ်းရည်က သုံးရလွယ်လား"
ထန်မော့ တုန့်ပြန်မနေတော့ပဲ ပီကင်းတက္ကသိုလ်၀န်းမှ ထွက်ခွာလာခဲ့တော့သည်။ ထိုစဥ်တစ်ခုခုကိုသတိရလျက် ခြေလှမ်းတို့ရပ်သွားခဲ့သည်။ သူကလှည့်မကြည့်ပဲ မေးလိုက်သည်။
"ဒီတစ်ခါလိုက်မလာတော့ဘူးလား"
ပိုင်ရို့ယောင်၏ လေသံမှာ အံ့အားသင့်မှုတို့နှင့်ပြည့်နှက်လျက်။
"ထန်ထန် မင်းငါ့ကို လိုက်လာစေချင်လို့လား"
ထန်မော့ပြန်မဖြေခဲ့ချေ။
"အိုး...ငါအရမ်းတန်ဖိုးထားခံရသလို ခံစားရတယ်ကွာ..မင်းကိုတကယ်ကြီးသတ်ချင်သွားပြီ..ဒါပေမယ့် မင်းမသေဘူးဆိုတာသိနေတယ်လေ ..ဒါကြောင့်မင်းနောက်ကိုမလိုက်တော့ဘူးနော်...အခြေအနေလေးနည်းနည်းငြိမ်သွားတော့မှ မင်းကိုလာရှာပြီး သတ်ပေးမယ်..ထန်ထန် အထီးကျန်မနေနဲ့ဦးနော်"
[နောက်တစ်ကြိမ်ဆိုတာမရှိစေရဘူး]
[နောက်တစ်ကြိမ်ကျရင် ကိုယ်သူ့ကိုသတ်မှာ]
စကားသံတစ်ခုက ထန်မော့ခေါင်းထဲမှ ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။ ထန်မော့အနည်းငယ်တန့်သွားပြီးမှ ဆိုလိုက်သည်။
[ဟင့်အင်း နောက်တစ်ကြိမ်ကျရင် ကျွန်တော်သူ့ကိုသတ်မှာ]
တချို့အရာများမှာ စတင်၍မချိုးဖောက်သင့်ချေ။ ထန်မော့မှာ ပီကင်းတက္ကသိုလ်ဂိတ်၀မှထွက်သွားချိန်တွင် ထို စိတ္တဇငကြောင်ကောင်ကိုလှည့်ကြည့်မနေခဲ့။
ညနေခင်းဖြစ်ကာ ကောင်းကင်မှာ တဖြည်းဖြည်းမှောင်မည်းလာခဲ့သည်။ အနက်ရောင်မျှော်စင်တိုက်ခိုက်ဂိမ်းကိုရှင်းလင်းထားသော ကစားသမားများမှာ ပေကျင်းတွင် တဖွဲဖွဲပေါ်လာခဲ့ကြသည်။ ထန်မော့ လမ်းကြားတစ်ခုမှ လျှောက်လာခဲ့သည်။ သူသည်ထိုပီကင်းတက္ကသိုလ်ဂိမ်းမှ အလျင်အမြန်ထွက်ခွာသွားရန်လိုအပ်လေသည်။ ဤအစစ်အမှန်ဂိမ်းမှာ သန်မာသောကစားသမားအများစု၏ အာရုံကို ဆွဲဆောင်နိုင်လေသည်။ သူသည်အနားယူရန် လုံခြုံသောနေရာတစ်ခုကိုရှာဖွေရန်လိုအပ်သည်။ ကြက်ဆင်ဥ၏သက်ရောက်မှု ကုန်ဆုံးရန် ၁၀မိနစ်ကျန်သေးကာ ထန်မော့မှာ ဖူ၀မ်သော်ဘက်မှ အခြေအနေကို တတ်နိုင်သမျှ များများ ကြားလိုသည်။
သူလမ်းကြားထဲသို့ ချိုး၀င်လိုက်သည်နှင့် ထန်မော့သည် အုတ်နံရံကို ကိုယ်ကို အမြန်ကပ်လိုက်သည်။ သူသည်သစ်ပင်များအလယ်မှ လမ်းကြားကို ချိုးရန်ပြင်လိုက်စဥ် ခြေလှမ်းတို့ ရုတ်ချည်းရပ်တန့်သွားခဲ့လေသည်။ သူသည် ထီးကလေးအား အလွန်မြန်သော အလျင်ဖြင့်ဆွဲထုတ်လျက် နောက်ဘက်သို့ ထိုးချလိုက်သည်။ ယောကျာ်းတစ်ယောက်၏ အံ့အားသင့်သံထွက်ပေါ်လာခဲ့လေသည်။ ထန်မော့မှာ ထီးကလေးအား တဖက်လူ၏ လည်တိုင်ကို ထောက်ထားခြင်းဖြစ်သည်။
ထိုငကြောင်မှာ ထပ်လိုက်လာသေးသည်။
ကျယ်လောင်သော ထိခတ်မိသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ထန်မော့၏ ညာလက်မှာ သူ၏ကိုယ်ကို ထောက်ကန်ထားပြီး ထီးကလေးအား တဖက်လူ၏ ခြေကျင်း၀တ်ကို ထိုးရန်ပြင်လိုက်သည်။ ၄င်းမှာ လူ့ခန္ဓာကိုယ်၏ အရေးအကြီးဆုံးအစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်လေသည်။ သူသာတဖက်လူ၏ အရွတ်ကြောကိုအောင်မြင်စွာ ဖြတ်နိုင်ခဲ့လျှင် အရာအားလုံးပိုမိုလွယ်ကူသွားလိမ့်မည်။
ထီးကလေးမှာ တဖက်လူ၏ ခြေကျင်း၀တ်ကို ထိုးစိုက်မိခါနီးတွင် အော်ဟစ်သံတစ်ခုကိုကြားလိုက်ရလေသည်။
"ထန် မလုပ်နဲ့ ..မလုပ်နဲ့ဟ ငါပါ"
ထီးကလေး၏ ထိပ်ဖျားမှာတဖက်လူခြေကျင်း၀တ်၏ ၅စင်တီမီတာအကွာတွင် ရပ်သွားခဲ့သည်။ ထန်မော့အံ့အားသင့်စွာမော့ကြည့်လိုက်မိသည်။ ကြီးမားသော ကိုယ်ထည်ကြီးမှာ တောင်တစ်လုံးနှယ် အလင်းရောင်ကို ကွယ်ထားခဲ့သည်။ ဖျော့ဖျော့တော့တော့လရောင်မှာ ဂျက်၏ မျက်နှာပေါ်ဖြာကျလျက် ထန်မော့မှာ ထိုသူကမည်သူဆိုသည်ကို သိသွားစေသည်။
"ဂျက်လား..."
ထန်မော့အံ့အားသင့်သွားခဲ့သည်။
"ပေကျင်းကိုလာတာလား..မင်းတစ်ယောက်တည်းလား"
ပျော်ရွှင်မှုတို့လျှံကျနေသော အသံတစ်ခုကို ဂျက်၏ နောက်မှ ကြားလိုက်ရလေသည်။
"အစ်ကိုထန်"
🌍