🐯Chapter 47
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုသည် တုန်းဖိုအသား၏အရသာမြည်းစမ်းသည့် အဆင့်သို့သွားနေသည်။ အနီရောင်တောက်ပြောင်နေသော တုန်းဖိုအသားကို အဖြူရောင်ကြွေထည်ပေါ်တွင် တင်ထားပြီး ပဲငံပြာရည်အပျစ်ကို အသားပေါ်တွင် လောင်းချထားသည်။ သကြားညိုရည်၏ အရသာ ပေါင်းစပ်နေသည့် ဝက်ဗိုက်သားက ကြွပ်ရွ၊ ချိုမြိန်ပြီး နူးညံ့နေကြောင်းကို တွေ့နိုင်ပေသည်။
မေမေလီ အံ့ဩသွားသည်။
" တုန်းဖို အသားလား…အိုး သူက လူသားလား… "
ကမ္ဘာဂြိုလ် ပျက်စီးခဲ့စဉ်က အရာများစွာ ဆုံးရှုံးသွားခဲ့သောကြောင့် သူမတို့၏ ပရောဂျက်အဖွဲ့က လက်ရှိတွင် ရှေးဟောင်းကမ္ဘာမြေ၏ အသိပညာများကို ပြန်လည်ရှာဖွေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင် ပါဝင်နေကြသည်။ မကြာသေးမီတွင် သူတို့က အစားအသောက်ဆိုင်ရာ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ တုန်းဖိုဝက်သားက ရှေးတရုတ်ပြည်တွင် ကျော်ကြားသော ဟင်းတစ်မျိုးဖြစ်သော်လည်း သူတို့ ကိုးကားချက် အနည်းငယ်ကိုသာ တွေ့ရှိခဲ့သည်။
သီအိုရီအရဆိုပါက ထိုအရာက ပျောက်ဆုံးနေသင့်သည်။
သို့သော်လည်း အချိန်နှင့်အာကာသဖြတ်သန်းမှုဟူသည်ကို သူမ မစဉ်းစားမိခဲ့ပေ။ သိပ္ပံနှင့်နည်းပညာ၏အစွမ်းထက်ဆုံးနယ်ပယ်တွင်ပင် ကုယွီမြန်က အချိန်နှင့်အာကာသကိုဖြတ်ကျော်လာနိုင်သည်ကို သူမ မသိခဲ့ပေ။
အနည်းငယ်ခန့် တွေးလိုက်သည်နှင့် သူတို့ နားလည်လာနိုင်လိမ့်မည်ဖြစ်သည်။ အမှန်တွင် လူသားများက မျိုးသုဉ်းခြင်း မရှိသေးသော်လည်း ဤတင်ဆက်သူက လူသားဖြစ်ပြီး သိသိသာသာကိုပင် အာရှသားဖြစ်နေသည်။ မိသားစုတွင် လျှို့ဝှက်အမွေများ ရထားသည်လည်း ဖြစ်နိုင်သည်။
"ဒါကို ဘယ်မှာကြည့်လို့ရမလဲ… သမီးရဲ့ နောက်ဆုံးစာမေးပွဲစာတမ်းထက် ဘယ်အရာက ပိုဆွဲဆောင်မှု ရှိနေလဲဆိုတာ အမေကြည့်ပါရစေဦး…"
ဤ တုန်းဖိုအသားက မေမေလီ၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးခဲ့သည်။
လီယွင်၊ "………"
ကူညီကြပါဦး…နောက်ဆုံးစာမေးပွဲအတွက်တင်ရမဲ့စာတမ်းကို မေ့ထားလို့ ရမလား…
"ကြယ်တာရာကောင်းကင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာပါ တင်ဆက်သူနာမည်က 'ကုယွီမြန်' ပါ… အမေ၊ နောက်မှကြည့်တဲ့အခါ သုံးဖက်မြင်ရုပ်ကြွကိရိယာကို တပ်ဖို့ မမေ့နဲ့…"
မေမေလီ : "ကောင်းပြီ…"
နောက်တစ်နာရီခန့်ကြာသောအခါ …
လီယွင်က တိုက်ရိုက်ထုတ်လွှင့်မှုကို အားပါးတရ ကြည့်ရှုနေခဲ့သည်။ အခုက ပဲနို့သောက်ချိန်ရောက်နေပြီပင်။ ထိုအချိန်မှာပင် လက်ဆောင် ပေးသည့် မီးရှူးမီးပန်း အထူးပြုလုပ်ချက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ရုတ်တရက် သူ့မျက်လုံးများ တောက်ပလာပြီး ကျယ်ပြောလှသည့် လက်ဆောင်လှိုင်းလုံးများထဲမှ စာကြောင်းတစ်ကြောင်းကို ဖမ်းမိသွားသည်။
[ဝမ်လီကျန်း3425: သောက်စရာကောင်းတစ်ခုပဲ…မီးရှူးမီးပန်းများ ပေးပို့ခြင်း…]
ဝမ်လီကျန်းက သူ့အမေ၏နာမည်ဖြစ်သည်။
လီယွင်: “ဟမ်... “
သူမ ယမန်နေ့က စကတ်အသစ်ဝယ်ချင်သည်ဟု သူ့အမေကို ပြောခဲ့သေးသော်လည်း သူ့ အမေက "ပိုက်ဆံမရှိဘူး"ဟု ပြန်ပြောခဲ့သည်။
အခုတော့ လက်ဆောင်ပေးဖို့ ပိုက်ဆံရှိနေပြီလား… ဝှက်သယ်ဖတ်…
ဝမ်လီကျန်းက မကြာမီမှာပင် ထို စတူဒီယိုကို သူမ၏ သူငယ်ချင်းအသိုင်းအဝိုင်းထံ အကြံပြုခဲ့သည်။ သူမ၏ နေဝင်ချိန်နီနီညီအစ်မများအဖွဲ့နှင့် သိပ္ပံအကယ်ဒမီ၏ သားမြေးများစွာလည်း ရောက်ရှိလာကြသည်။
နောက်တစ်နေ့တွင်ပင် ဝမ်လီကျန်းက သူ့သမီးဖြစ်သူအား တိတ်တဆိတ်ဆွဲခေါ်ကာ မေးလိုက်သေးသည်။
"သူ့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ သိလား… ငါတို့သိပ္ပံအကယ်ဒမီက ကလေးတွေအတွက် ချက်ပြုတ်ဖို့ အဲဒီ ကုလေးကို ဖိတ်ခေါ်ချင်တယ်…"
သိပ္ပံအကယ်ဒမီ၏ မကြာသေးမီက ပရောဂျက်မှာ အရေးကြီးသော အလှည့်အပြောင်းတစ်ခုသို့ ရောက်နေခဲ့သည်။ လူသစ်များနှင့် သူတို့ သုတေသီဟောင်းများကို လေ့ကျင့်သင်ကြားရန်အတွက် များစွာမစီမံခဲ့ကြသော်လည်း လူငယ်များက အလုပ်ကြိုးစားကြသည်။ အထူးသဖြင့် သူတို့၏ အသစ်ခန့်အပ်ထားသော အငယ်ဆုံးအကြီးအကဲက မျက်တွင်းဟောက်ပက်နှင့် ဝိတ်များစွာ ကျသွားခဲ့ပြီဖြစ်သည်။
လီယွင်:"..."
လူသစ်ပြိုင်ပွဲတွင် တင်ဆက်သူအများအပြားက အချိန်ကြာမြင့်စွာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။ ပြိုင်ပွဲ၏ ပထမအကျော့က တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုမျိုးမှလွဲ၍ အခြားစည်းမျဉ်းစည်းကမ်းမရှိပေ။ - စုစုပေါင်းအဆင့်က စုစုပေါင်းလူကြိုက်များမှုကိုသာ တွက်ချက်မည်ဖြစ်သောကြောင့် ဖြစ်သည်။ သီအိုရီအရပြောရမည်ဆိုလျှင် သူတို့မှာသာ ပိုက်ဆံရှိပါက ပရိသတ်ကို ဆွဲဆောင်ရန် ပေးနိုင်ပြီး မဟုတ်ပါက ၂၄ နာရီလုံး တိုက်ရိုက်ထုတ်လွှင့်နေ၍ပင် ရသည်။
သို့သော်လည်း ကုယွီမြန်က ထိုသို့ မလုပ်ခဲ့ပေ။ ပထမဦးစွာ သူက တိုက်ရိုက်ထုတ်လွှင့်မှု၏ အရည်အသွေးကို သေချာစေလိုပြီး ရေမသွင်း(ငွေပေးပြီးလူငှါးခြင်း)ချင်ပေ။ ဒုတိယအခြေအနေကမူ သူက လုပ်နိုင်လျှင်ပင် သူ့ကလေးလေးများက သည်းမခံနိုင်ကြပေ။ ထို့ကြောင့် ည ၁၀ နာရီတွင် သူ၏ကျော်ကြားမှုက ခရိုင်လေးခုလုံးတွင် ဒုတိယအဆင့်ရှိနေသော်လည်း နောက်တစ်နေ့နံနက်တွင် ကျော်တက်ခံရလုနီးပါးဖြစ်ခဲ့သည်။ သူ အွန်လိုင်းပေါ်ရောက်သည်နှင့် သကြားခဲ သကြားခဲဆီမှ လျှို့ဝှက်စာတစ်စောင် လက်ခံရရှိခဲ့ပါသည်။
သကြားခဲသကြားခဲ- ဒုတိယတင်ဆက်သူက လိမ္မာပါးနပ်လွန်းတယ်… မိနစ် 20 တိုင်း ဆုတစ်ခုမဲဖောက်ပေးနေတယ်… ဆုတွေက အကန့်အသန်နဲ့ထုတ်တဲ့ ဖိနပ်၊ ဝိုင်နီ၊ ဖျော်ဖြေရေးလက်မှတ်တွေနဲ့ ပြီးတော့ အများကြီးပဲ စုစုပေါင်း ကြယ်ဒင်္ဂါး 20,000 ကျော်တန်ဖိုးလောက်ရှိတယ်...]
လူများက ငွေကိုနှစ်သက်ကြပြီး တိုက်ရိုက်ထုတ်လွှင့်သည့်အကြောင်းအရာကလည်း မဆိုးလှသောကြောင့် ဒုတိယတင်ဆက်သူက စုစုပေါင်းလူကြိုက်မှု များစွာ ရရှိခဲ့သည်။
ကုယွီမြန် "..."
ပိုက်ဆံရှိတဲ့ ကစားသမားတွေပဲ…
ကုယွီမြန်က သူမကို နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့ ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးတော့ အဲလိုမလုပ်နိုင်ပါဘူး…"
သကြားခဲသကြားခဲ : အမ်… ငါ့ကို နှစ်သိမ့်ပေးရတဲ့ အကြောင်းရင်းက ဘာလဲ…
-----
စနေနေ့တွင်
နှင်းကျားသစ်လေးနှင့် ပန်ဒါပေါက်လေးတို့က မနိုးကြသေးပေ။ ကုယွီမြန်က အိပ်ယာထပြီး ဆေးကြောသန့်စင်လိုက်သည်။ ကုယွီမြန်၏အနိုင်နှင့်အရှုံးကို ခံစားတတ်သည့် နှလုံးသားက လေးလံခြင်းမရှိပေ။ ထိုအချိန်တွင် သူက အလွန်တည်ငြိမ်နေသည်။ သူသတ်မှတ်ထားသော တိုက်ရိုက်ထုတ်လွှင့်မည့်အချိန်က ညဘက်ဖြစ်သည်။ ရက်သတ္တပတ်၏အဆုံးတွင်မူ သူက တစ်နေ့တာအတွက် ပြင်ဆင်ပြီး ကလေးများနှင့် ကစားရသည်က ပိုကောင်း ပေ သည်။ ထို့အပြင် သူ့၌ ထန်ယွမ်၏မိသားစုကဲ့သို့သော အခြားကိစ္စများလည်း ရှိသေးသည်။
"အခုစဉ်းစားဖို့ တစ်ခုတည်းသောနည်းလမ်းက အဲဒီအေးဂျင့်ကို ဆက်သွယ်ဖို့ပဲ…ဒါပေမဲ့ အဲ့ဒီအေးဂျင့်က ထက်မြက်ပြီး ပြေပြစ်တဲ့လူတစ်ယောက်ပဲ…"
ကုယွီမြန်က သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။
အေးဂျင့်၏ ပင်ကိုယ်စရိုက်ကို သူ သေချာ မသိသေးပဲ သူက ထိုသူအား ထန်ယွမ်လေးအကြောင်းကို မပြောနိုင်သည်မှာ သေချာသည်။ သို့သော်လည်း ကုယွီမြန်က လူများကို တော်ရုံမဆက်ဆံဖူးသောကြောင့် သူလိုချင်သည့် အချက်အလက်များကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်မည်ဆိုသည်ကို မသေချာပေ။
ထို့အပြင် အေးဂျင့်ကို ဆက်သွယ်ရသည်ကလည်း ပြဿနာတစ်ခုပင်ဖြစ်သည်။
"အိုင်း…"
သားပေါက်လေးများက အတော်လေး အိပ်နိုင်ကြသည်။နှင်းကျားသစ်လေးနှင့် ပန်ဒါလေးတို့ နိုးလာသောအခါ မွန်းတည့်ချိန်ပင် နီးပြီဖြစ်သည်။ ပန်ဒါလေးက စောင်ပေါ်တွင်ထိုင်ကာ မျက်လုံးများကို ပွတ်သပ်နေသည်။ သူ မော့ကြည့်လိုက်သောအခါ ကုယွီမြန်ကိုတွေ့လိုက်ရသောကြောင့် အလွန်ပျော်သွားပြီး အသံလေး နှစ်သံထွက်လာသည်။ နှင်းကျားသစ်လေးက ပျင်းရိစွာ လမ်းလျှောက်နေပြီး ကုယွီမြန်ကို သူ့မေးစေ့လေးမြှောက်ကာ အချက်ပြပြီး ချီခိုင်းလိုက်သည်။
"ဒီနေ့ အရသာပြောင်းကြည့်ရအောင်..."
ကုယွီမြန်က နှင်းကျားသစ်၏ မေးစေ့ကို ပွတ်ပေးလိုက်ပြီး ထန်ယွမ်၏ခေါင်းကို ထိလိုက်သည်။
"အပြင်ထွက်ပြီး ကြယ်တာရာမြို့တော်က စားဖိုမှူးတစ်ယောက်ရဲ့ အရည်အချင်းကို စမ်းကြည့်ရအောင်…"
နေ့တိုင်း သူလုပ်ထားသည့် အစားအစာများကို စားရသည်ကို ငြီးငွေ့လာသည်။ နောက်ဆုံးတွင် သူက စားဖိုမှူးတစ်ယောက်လည်း မဟုတ်ပေ။
ကုယွီမြန်က သူ့မိသားစု၏ သားပေါက်လေးများနှင့်အတူ လျှောက်လည်ချင်သည်။ မကြာသေးမီရက်များအတွင်း သူက အပြင်ဘက်တွင် မလုံခြုံမည်ကို စိုးရိမ်နေခဲ့သည်။ သူက နှင်းကျားသစ်လေးနှင့် ထန်ယွမ်ကို အိမ်တွင် လှည့်လည်သွားလာခွင့်ပြုခဲ့သော်လည်း ၎င်းက ငြီးငွေ့ဖွယ်ကောင်းသည်။ အပြင်ထွက်သောအခါ ပန်ဒါလေးများ၏ ပင်ပန်းတတ်သည့် စရိုက်လက္ခဏာ အတွက် ကုယွီမြန်က သီးသန့်အခန်းရှိသည့် စားသောက်ဆိုင်ကို တွေ့ခဲ့သည်။ထမင်းစားခန်းက သီးသန့်ဆန်ပြီး လွတ်လပ်သောကြောင့်ပြဿနာမရှိပေ။
ကလေးနှစ်ယောက်စလုံးကလည်း ပြဿနာမရှိကြပေ။ ၁၁နာရီခွဲတွင် ကုယွီမြန်က နှင်းကျားသစ်လေးနှင့် ပန်ဒါပေါက်လေးတို့နှင့်အတူ မြိုပြအထက်တန်းလွှာရပ်ကွက် ရှိ ဧရိယာ A ၏ အကျော်ကြားဆုံး စားသောက်ဆိုင်ဖြစ်သော အဲလ်ဘတ်စားသောက်ဆိုင်သို့ ရောက်ရှိခဲ့သည်။ မြို့လယ်ဧရိယာတစ်ခုလုံးရှိ အကျော်ကြားဆုံးစားသောက်ဆိုင်အနေဖြင့် အဲဘ်ဘတ်စားသောက်ဆိုင်၏ပတ်ဝန်းကျင်က မပြောနိုင်အောင်ပင် ဖြစ်စေသည်။ ရှေးကမ္ဘာမြေဇာတိသားတစ်ဦးဖြစ်သည့် ကုယွီမြန်အတွက်မူ စကားလုံးတစ်လုံး သာ ပြောစရာရှိသည်။
”အံ့ဩတုန်လှုပ်မိခြင်း”
စားသောက်ဆိုင်တစ်ခုလုံးက အဝိုင်းကြီးဖြစ်ပြီး သေးငယ်သော သီးသန့်ခန်းများက လေထဲတွင် လွင့်မျောနေပြီး ဖောက်ထွင်းမြင်ရကာ မှောင်မိုက်နေသည်။ မှောင်မိုက်သော သီးသန့်ခန်းက သီးသန့်ဖြစ်နေစေရန်အတွက်သာဖြစ်ပြီး အတွင်းရှိဖောက်သည်များက ရှုခင်းကို နှစ်သက်သူများဖြစ်လျှင်မူ ဖောက်ထွင်းမြင်ရသော သီးသန့်ခန်းက အဆင်ပြေပေသည်။ သီးသန့်ခန်း၏ နောက်ခံနံရံက ကြယ်တာရာကောင်းကင်ပေါ်ရှိ ပဲစေ့နှစ်စေ့နှင့်တူသည်။ သေးငယ်သော သီးသန့်အခန်းက ကျယ်ပြောလှသော စကြဝဠာကြီးတွင် လွင့်မျောနေပုံရပြီး မိနစ်အနည်းငယ်ကြာပြီးနောက် ၎င်းက နက်ရှိုင်းသောပင်လယ်ထဲတွင် မျောပါနေပုံရသည်။ ဆွဲဆောင်မှုရှိသည့် အတုအယောင်ရေသူမက လက်ဝှေ့ယမ်းကာ ဖောက်သည်များကို အနမ်းလှမ်းပေးနေသည်။ "ဒီလောက်စျေးကြီးတာက အဓိပ္ပါယ်ရှိပါတယ်" ဟု ကုယွီမြန်က ပြောလိုက်သည်။
"အဲဒါလှတယ်…"
အိမ်မှ ထွက်လာခြင်းကြောင့် လူသားကလေးဖြစ်လာသော ထန်ယွမ်က အိပ်ပျော်သွားပြီး ကုယွီမြန်၏လက်မောင်းကြားတွင် နှပ်ချေးများ မှုတ်ထုတ်လိုက်သည်။ နှင်းကျားသစ်လေးက ကုယွီမြန်၏ပခုံးပေါ်တွင်ထိုင်နေပြီး ခဲပြာရောင်မျက်လုံးများက သူ့ကို ပျင်းရိစွာ စိုက်ကြည့်ကာ သမ်းလိုက်သည်။
သူက ဒီနေရာကို ကြိုက်တာလား… ဒါဆို ဝယ်ပေးလိုက်မယ်...
ဧကရာဇ်၏ သီးသန့်ဘဏ္ဍာငွေက နှစ်ပေါင်းများစွာ အသုံးမဝင်ဖြစ်နေသောကြောင့် ဆန္ဒရှိသလို ဖြုန်းတီးပစ်နိုင်သည်။ ဆန္ဒရှိသလို ဆုံးဖြတ်နိုင်သည်။ ၎င်းက မျိုးဆက်ဟောင်းများ၏ စစ်ပွဲဒရာမာနှင့်ပင် တူနေသေးသည်။ ယခုအချိန်တွင်တွင်မူ ကုယွီမြန်က ဤတန်ဖိုးမြင့်စားသောက်ဆိုင်ကို ချီးကျူးသောကြောင့် ထိုဆိုင်အား တော်ဝင်မိသားစုမှ မကြာမီဝယ်ယူပြီး မဝေးတော့သောအနာဂတ်တွင် သူ၏ပိုင်ဆိုင်မှုဖြစ်လာတော့မည်ကို မသိခဲ့ပေ။
ထန်ယွမ်လေးကြောင့် သူက အလင်းရောင် အကာအရံရှိသော သီးသန့်အခန်းကို ရွေးချယ်ခဲ့ပြီး သီးသန့်ခန်းအတွင်းရှိ ပရိဘောဂများမှာ ဂျပန်တာတာမီအခန်းကဲ့သို့ အနည်းငယ်နွေးထွေးသည်။ မှာယူပြီးနောက်၊ ကုယွီမြန်က နှင်းကျားသစ်လေးနှင့် နောက်တစ်ခါ ပန်ဒါပြန်ဖြစ်နေပြန်ပြီဖြစ်သည့် ထန်ယွမ်လေးတို့ကို ခေါ်လိုက်သည်။
မှာယူထားသည်များကို ကြာမြင့်စွာစောင့်ခဲရသည်။
ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်၊ မိနစ်လေးဆယ်... တစ်နာရီ…
နှင်းကျားသစ်လေးက အိပ်ပျော်သွားပြီး ပန်ဒါလေးက ဆာလောင်မှုကြောင့် သူ့လက်ဖဝါးများကို လျက်နေသည်။ ကုယွီမြန် စိတ်ထိခိုက်သွားပြီး နို့ဘူးကို ထုတ်ယူကာ တိုက်ခဲ့သော်လည်း ဟင်းများက ရောက်မလာသေးပေ။
ကုယွီမြန် မနေနိုင်တော့ဘဲ စက်ရုပ်စားပွဲထိုးကို ခေါ်လိုက်သည်။
"ဟဲလို ငါတို့ဟင်းတွေက ဘာလို့မလာသေးတာလဲ၊ ငါတို့ တစ်နာရီလောက် စောင့်နေတာ…"
"ကျွန်တော် စိတ်မကောင်းပါဘူး…လွန်ခဲ့တဲ့တစ်နာရီက ကျွန်တော်တို့စားဖိုမှူး ဆယ့်လေးယောက်စလုံး အစာအဆိပ်သင့်ပြီး ဆေးရုံကို အမြန်ပို့ခဲ့ရတယ်… အလုပ်သင်စားဖိုမှူးတွေက ချက်ပြုတ်ဖို့ ကြိုးစားနေကြပါတယ်…"
စက်ရုပ်က ပြောလာသည်။
ကုယွီမြန် : "ဒါဆို ဘယ်လောက်ကြာဦးမှာလဲ…"
စက်ရုပ်က ရပ်ပြီးပြောသည်။
"သုံးနာရီအတွင်း ပြီးဖို့ မျှော်လင့်ထားပါတယ်…"
စားဖိုမှူးအလုပ်သင်များက အချိန်အကြာဆုံး တစ်လမျှသာ လေ့လာခဲ့သူများဖြစ်သည်။ ယခု သူတို့ အိုးကို မည်သို့ အပူပေးပြီး အသားကို ကိုင်ရမည်ကို တွေးနေကြသည်။
ကုယွီမြန်: ”……..”
ကြယ်တာရာခေတ်တွင် သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၏အာရုံမှာ အကြီးစားစက်မှုလုပ်ငန်းနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် ဖြစ်သည်။ အရန်သင့် ချက်ပြုတ်ခြင်းအတွက် မီးဖိုချောင်စနစ်များကို မကြာမီကမှ တီထွင်ခဲ့ပြီး အလိုအလျောက်ချက်ပြုတ်ခြင်းက ပို၍ပင် အကန့်အသတ်မရှိသော်လည်း အားလုံးက ချက်ပြုတ်သည့် သူများအပေါ်တွင်သာ မူတည်သည်။
ကုယွီမြန်လည်း ထိုကဲ့သို့သော စားသောက်ဆိုင်ကြီးက ဤမျှလောက် စိတ်မချရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
စားဖိုမှူးအားလုံး အစာအဆိပ်သင့်ခြင်းတာ ဘယ်လိုများ ဖြစ်နိုင်ရတာလဲ… ဒီစားသောက်ဆိုင်မှာ ဘာကိစ္စများရှိနေလို့လဲ…
အရေးပေါ်အစီအစဉ် သို့မဟုတ် လျော်ကြေးပေးခြင်းမျိုးလည်း မရှိပေ။
အားလပ်ရက်ဖြစ်သောကြောင့် သူ့ကလေးများကို စားသောက်ဆိုင်သို့ ဝမ်းသာအားရ ခေါ်လာခြင်းဖြစ်သည်။ ကုယွီမြန် ဒေါသထွက်နေသော်လည်း သူ အနည်းငယ်အကူအညီမဲ့နေသည်။
"ဒါဆို ငါ့ပိုက်ဆံကို ပြန်အမ်းလို့ရမလား...ငါ မစားတော့ဘူး…"
ကုယွီမြန်က ပြောလိုက်သည်။
စက်ရုပ် : "တောင်းပန်ပါတယ်… ချက်ပြုတ်နေတုန်း ငွေပြန်အမ်းမှာ မဟုတ်ဘူး…"
"ဘာကို ချက်နေတုန်းလဲ…"
စက်ရုပ် : "အသားတွေကို အပူပေးနေတာပါ…"
(ဒီမှာအပူပေးတာက ချက်တာမဟုတ်ဘဲ ရေခဲခန်းထဲမှာထည့်ထားလို့မာနေတဲ့အသားတွေကို အခန်းအပူချိန်ပြန်ရောက်အောင် ထားနေတာကို ပြောချင်တာပါ)
ပန်ဒါလေးက နွားနို့ကိုသာ အကြိမ်ကြိမ်သောက်ခဲ့ရသော်လည်း ကုယွီမြန်၏လက်ကို ဆုပ်ကိုင်ထားပြီး အသံနှစ်သံထွက်ကာ အစာစားရန် အချိန်အတော်ကြာ စောင့်မျှော်နေခဲ့သည်။ နှင်းကျားသစ်လေးက အိပ်ပျော်လုနီးပါးဖြစ်သော်လည်း ကုယွီမြန်က သူလည်း ဗိုက်ဆာနေလောက်ပြီဟု မှန်းဆလိုက်မိသည်။ ယခု သူ စားသောက်ဆိုင်ပြောင်းခြင်း သို့မဟုတ် ချက်ပြုတ်ရန်အတွက် အိမ်ပြန်ခဲ့မည်ဆိုလျှင်ပင် သူတို့စားရန် အချိန်မည်မျှ ကြာသွားမည်ကို မသိပေ။
"ကောင်းပြီ…မင်းတို့ရဲ့မီးဖိုချောင်ကို ငှားပြီး ပါဝင်ပစ္စည်းတွေကို ကိုယ်တိုင်ဖြေရှင်းလို့ရမလား…"
ကုယွီမြန်က ပြောလိုက်သည်။
မိနစ်နှစ်ဆယ်အကြာတွင်…
ကုယွီမြန်က အခွံခွာထားသည့် ပုဇွန်နှင့် အဖြူရောင် ဆော့စ် အပါအဝင် အခြားဟင်းလျာတချို့ကို မှာယူခဲ့သည်။ အချို့ဟင်းပွဲများက အလွန်ထူးခြားပြီး သူကလည်း ပရော်ဖက်ရှင်နယ်စားဖိုမှူးတစ်ယောက် မဟုတ်ပေ။၊
ကုယွီမြန်က ထိုအရာများကို မည်သို့ကိုင်တွယ်ရမည်ကို မသိပေ။ သို့သော်လည်း စားစရာရှိသည်နှင့်ပင် လုံလောက်နေပြီဖြစ်သည်။ ကုယွီမြန်က နှင်းကျားသစ်လေးနှင့် ထန်ယွမ်ကို သီးသန့်ခန်းထဲတွင် သူ့တို့ဘာသာ ထားခဲ့ရန် မဝံ့ရဲသောကြောင့် "မီးဖိုချောင်က လေဝင်လေထွက်ကောင်းလား၊ အနားယူစရာနေရာ ရှိလား"ဟု မေးပြီး ချီခေါ်လာခဲ့သည်။သူ လှမ်းကြည့်လိုက်သောအခါ အလုပ်သင် စားဖိုမှူး အတော်များများက သူ့ကို စိုးရိမ်တကြီး ဝိုင်းကြည့်နေကြသည်။
သူ ဝင်သွားသောအခါတွင် အလုပ်သင်စားဖိုမှူးအများအပြားက လှီးဖြတ်နည်းနှင့် ဆီမည်မျှထည့်ရမည်ကို ဆွေးနွေးရန် စိတ်လှုပ်ရှားစွာ ဝိုင်းရံနေကြသည်။ သူတို့က သူ့ ရောက်လာသည်နှင့် ကယ်တင်ရှင်အား ရှာတွေ့သွားကာ နောက်ပိုင်းတွင် သူ့အား ဆရာအဖြစ် ခိုးယူမည်ဟု မျှော်လင့်နေကြသကဲ့သို့ တူညီသော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။
သူတို့ထဲက တစ်ယောက်ကပြောလာသည်။
"အင်း ဒါက တင်ဆက်သူ မဟုတ်ဘူးလား… သူက တကယ်ကို ကြည့်ကောင်းတယ်…"
ကုယွီမြန်”…..”
လက်ရှိတွင် သူ့ဝေစုများမှာ ကြက်ဥ၊ ပုစွန်၊ ကြက်သားနှင့် အရံဟင်းလျာ မျိုးစုံဖြစ်သည်။ ကုယွီမြန် ခဏစဉ်းစားပြီး မကြာမီမှာပင် အကြံတစ်ခုရသွားသည်။ အဓိကသင်ပေးရမည်က ကြည်လင်သော ပုဇွန်ဖက်ထုပ်၊ကွန်ပေါင်ကြက်သားနှင့် အရွက်ကြော် စသည့် ဟင်းလျာများ ဖြစ်သည်။ ဤနေရာတွင် သူ ဆိုဒါအနည်းငယ်သောက်နိုင်ပြီး နုတ်နုတ်စင်းထားသော အသားများလည်း ထည့်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ချက်ပြုတ်ရမယ်ဆိုပါက ကုယွီမြန်မှာ တိုက်ရိုက်ထုတ်လွှင့်ရန်သာ ဆုံးဖြတ်ခဲ့ပြီး စားဖိုမှူများကလည်း ဆေးရုံမှာသာ ရှိနေသောကြောင့် ဟင်းချက်နည်း နည်းပညာကို ထုတ်ဖော်ပြသရန် ပြဿနာမရှိခဲ့ပေ။
မွန်းတည့်ချိန်တွင်…
ကုယွီမြန်က သူ၏တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုကိုဖွင့်လိုက်ပြီး မရေမတွက်နိုင်သောကြည့်ရှုသူများက ယခင်ကထက် ပိုမိုမြန်ဆန်စွာ တစ်ချိန်တည်းတွင် ဝင်ရောက်လာခဲ့သည်။
"အားလုံးပဲမင်္ဂလာပါ ကျွန်တော် ကုယွီမြန်ပါ…"
ကုယွီမြန်က တက်လာသည့် ပရိသတ်ကို ကြည့်ရင်း မျက်လုံးများ ကွေးညွတ်သည်အထိပြုံးကာ ပြောလိုက်သည်။
"နေ့လည်စာ မြန်မြန်လေးချက်ပြီး မြည်းကြည့်လိုက်ရအောင်…"
🐯🐯🐯